Saturday, April 21, 2007

ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ အပိုင်း (၅)

ဒီတပတ်တော့ ဘကြီးဘဘေနဲ့ ပြန်တွေ့ရပြန်ပါပြီ။ ဘကြီးကိုလည်း ကိုပြူးကျယ်နည်းတူ ခဏဘေးချိတ်ထားမိလို့ စိတ်မကောင်းပါဘူး။ ဘကြီးကို လွမ်းနေကြသူများ (ရှိမရှိတော့ မသိ) အတွက် ဒီကနေ့ ဘကြီးရဲ့ ဆောင်းပါးခေါင်းစဉ် တွေထဲက ကျမနှစ်ခြိုက်မိတဲ့ ဒီခေါင်းစဉ်လေးကို ၏-သည် မလွဲ၊ ဇွဲနပဲကြီးစွာ အိပ်ငိုက်ရင်း ရိုက်ပေးလိုက်ပါပြီ၊ ဖတ်ရှုကြပါကုန်။
***
ပညာနှင့် ပြင်ညာ
လွန်ခဲ့သော ရက်အနည်းငယ်က ကျောင်းဆရာတဦးနှင့် ပညာရေး ဆွေးနွေးခဲ့၏။ အဆိုပါ ကျောင်းဆရာက
“ကျွန်တော်တို့ မြန်မာပြည်တွင် ပညာသင်ကြားရေးမရှိပါ၊ ပြင်ပြီး ညာတာသာ ရှိပါသည်”
ဟု ပြောရာ ကျွန်တော်က
“ဘယ်လိုပြင်လို့ ဘယ်လိုညာပါသနည်း” ဟုမေးသောအခါ
“သင်္ခဏ်းစာများကို ခဏခဏ ပြင်ပါသည်၊ သင်နည်းကိုလည်း ခဏခဏ ပြင်ပါသည်။ သင်္ခဏ်းစာ အုပ်ချုပ်ရေး ကော်မီတီက သင်္ခဏ်းစာများကို ခဏခဏ အသစ်ထွင်၍ ပညာရေးဌာနကလည်း ခဏခဏ သင်္ခဏ်းစာများကို အသစ်ပြဋ္ဌာန်းပါသည်။ စစ်မဖြစ်မီက သင်နည်းစံနစ် တမျိုး၊ စစ်အုပ်ချုပ်ရေးတုံးက သင်နည်း စံနစ်တမျိုး၊ ယခုအစိုးရက သင်နည်းစံနစ်တမျိုး လုပ်နေပြန်ပါသည်။ သင်္ခဏ်းစာများကို ခဏခဏ ပြောင်းသဖြင့် ကျောင်းသုံးစာအုပ် ရိုက်နှိပ် ရောင်းချသူတို့မှာ အကျိုးရှိ၏။ ကျောင်းသားမိဘများမှာ စရိတ်ကုန်၏။ သင်္ခဏ်းစာကို ၎င်း၊ သင်နည်းကို၎င်း ခဏခဏပြောင်းသဖြင့် ပညာပါရဂူတို့မှာ အလုပ်ရ၏။ ကျောင်းသားများမှာ ပညာမရကြပါ၊ ဤနည်းဖြင့် ပညာသင်ကြားပေးခြင်းမဟုတ်၊ ပြင်၍ ညာနေကြခြင်းသာ ဖြစ်သည်” ဟု ဖြေဆိုလေသည်။

ပညာနှင့် သညာ
ဤကျောင်းဆရာ၏ ယူဆချက်မှာ လုံးဝမှန်သည်ဟု မဆိုနိုင်သော်လည်း၊ မြန်မာပြည်တွင် ပညာသင်ကြားရေး အစစ်အမှန် မရှိသည်ကား မှန်ပေသည်။ မြန်မာပြည်အစိုးရ၏ ပညာရေးဌာနဟု ခေါ်သော ဌာနကို အုပ်ချုပ်စီမံ ရသူအား အင်္ဂလိပ်ဘာသာဖြင့် Director of Public Instruction (ဒါရိုက်တာအော့-ပတ်ပလစ် အင်စထရတ်ရှင်း) ဟု ခေါ်၏။ ၎င်း အမည်ကို မြန်မာဘာသာသို့ ပြန်ပါလျှင်၊ သင်ကြားရေး ညွှန်ကြားဝန်ဟု အဓိပ္ပါယ်ရလေသည်။ ပညာရေးဌာနကို အုပ်စီးသူ၏ တာဝန်သည် ပညာ သင်ကြားရန်မဟုတ် သညာအတွက်သာဟု ဆိုသလို ဖြစ်နေပေသည်။ မြန်မာပြည်တွင် ပညာ ထွန်းကားသင့်သလောက် မထွန်းကားသည်ကို ထောက်လျှင် ပညာရေးဌာနမရှိ သညာရေးဌာနသာ ရှိသကဲ့သို့ပင် ဖြစ်လျက် ရှိပေသည်။

ပညာနှင့် သညာသည် အလွန်ပင် ခြားနား၏၊ ပညာတွင် ထိုးထွင်းသိနားလည်ခြင်း၊ အမှားအမှန် ဝေဘန် နိုင်ခြင်း၊ ထွင်၍ လုပ်နိုင်ခြင်း စသော အရည်အချင်းများကို ဖြစ်စေ၏။ သညာမှာ သင်ပြပေးရာ လောက်ကိုသာ အမှတ်အသားပြု၍ ဆရာမှာ-မှာသလောက်သာ တတ်မြောက်ခြင်း ဖြစ်ပေသည်။ ပညာဟူသည် ကျောင်းတွင် သင်ကြား၍ ရသလောက်နှင့် မပြီးစီး၊ မွေးသည့်အချိန်မှ သေသည့်အချိန်အထိ အစဉ် ဆည်းပူးရလေသည်။ သညာသည် ပညာဆည်းပူးရာတွင် အကူအပံ့သာ ဖြစ်၏။

ပညာရေးဌာန၏ ရည်ရွယ်ချက်
တိုင်းပြည်တပြည်တွင် ပညာသင်ကြားပေးသည် ဆိုရာ၊ ရည်ရွယ်ချက်, ရည်ရွယ်ချက် ထမြောက်အောင် သင်နည်းစံနစ် နှစ်ရပ်စလုံးကို အထူးသတိပြုအပ်၏။ မြန်မာပြည် အစိုးရ၏ ပညာရေးဌာန ခေါ် သညာရေးဌာန၏ ရည်ရွယ်ချက်နှင့် စံနစ်မှာ မြန်မာပြည်သူ ပြည်သားတို့ကို ကမ္ဘာပေါ်ရှိ တိုင်းပြည်များနှင့် အစစအရာရာ၌ ရင်ဘောင်တန်း ပညာတိုးတက်ရန် မဟုတ်၊ အစိုးရခိုင်းစေရန် နိုင်ငံခြားသားတို့အတွက် အသုံးဝင်ရန် လိုအပ်သည့် သညာများကို သင်ကြားပေးနေသည်နှင့် တူပေသည်။

ငယ်ရွယ်သူတို့နှင့် ပညာရေး
ကလေးသူငယ်များသည် ငယ်ရွယ်စဉ်အခါ၌ ရွှံ့နှင့်တူ၏။ ရွှံ့သည် ပြော့ပျောင်းသဖြင့် လိုရာ ပုံသဏ္ဌာန်ကို လုပ်၍ ဖြစ်သကဲ့သို့ ကလေးများကိုလည်း ငယ်စဉ်က လိုရာအခြေသို့ ရောက်ရှိအောင် ဖန်တီးနိုင်ပေသည်၊ ဤသို့ ဖန်တီးရာ၌ သက်ဆိုင်သူတို့မှာ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည့်အတိုင်း ပဌမ ဖန်တီးရသူတို့မှာ မိဘပင် ဖြစ်သည်၊ ထို့နောက် ကျောင်းသို့ စာသင်ရန် ရောက်ရှိသောအခါ ကျောင်းဆရာနှင့် တိုက်ရိုက် သက်ဆိုင်ပြန်၏၊ မိဘ-ကျောင်း ဆရာနှင့် မပြီးသေး၊ ပညာရေးဌာန၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးသော စံနစ်၊ တနည်းအားဖြင့် တိုင်းပြည်၏ လိုလားချက်သည် တတိယ ဖန်တီးသော အချက်ပင် ဖြစ်သည်။ ထိုမှတပါး သင်ကြားသော နေရာနှင့်ပင် သင်ကြားသူ၏ ပတ်ဝန်းကျင်ရှိ အကြောင်းအရာ တို့သည်လည်း ဖန်တီးရာတွင် အလွန်ပင် အရေးပါ အရာရောက်၏။

အုဋ္ဌ်မြစ်ခိုင်မှ
အထက်ပါ စဉ်းစားချက်တို့ကို အထောက်အထားပြု၍ မြန်မာပြည် ပညာရေး ပြဿနာကို စဉ်းစားပါလျှင်၊ ပဌမ ရည်ရွယ်ချက်သည် အလွန်ပင် အရေးကြီးကြောင်း ထင်ရှားပေလိမ့်မည်၊ ရည်ရွယ်ချက်မှာ အုဌ်မြစ်နှင့်တူ၏၊ အုဌ်မြစ်ချရာတွင် မသေချာ မခိုင်ခံ့လျှင် ထိုသို့ ချထားသော အုဌ်မြစ်ပေါ်တွင် မည်သည့် စံနစ်နှင့်ပင် တည်ဆောက် စေကာမူ တည်ဆောက်သော အဆောက်အဦသည် ခိုင်မြဲမည် မဟုတ်ပေ။ မြန်မာပြည် ကျောင်းများနှင့် တက္ကသိုလ်မှ ထွက်လာသော သူငယ်များကို အစိုးရအမှုထမ်း, ကုန်တိုက်စာရေး,ရှေ့နေ ရှေ့ရပ်, ကျောင်းဆရာ,ဆေးဆရာ လောက်သာမှန်းပါသလော၊ သို့မဟုတ် ကျောင်းက ထွက်ပြီးနောက် အလုပ်အကိုင် အမျိုးမျိုးတို့တွင် ထူးထူးချွန်ချွန် ထမ်းဆောင်နိုင်ရုံမက ထွင်၍ လုပ်နိုင် ကိုင်နိုင်သူတို့အဖြစ် လိုလားပါသလော … စသော အချက်တို့ကို သတိမူ၍ လိုရာ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရပေလိမ့်မည်။ ဤသို့ သေချာစွာ ဆုံးဖြတ်ပြီးမှ သင်နည်းစံနစ် သင်္ခဏ်းစာ စသည်တို့ကို စီမံရပေလိမ့်မည်။

ညံ့ဖျင်းသော မြန်မာပြည် ပညာရေးစံနစ်
မြန်မာပြည်တွင် ပညာသင်ကြားရေးသည် တိုးတက်နေသော နိုင်ငံများနှင့် နှိုင်းစာလျှင် အလွန်ပင် နောက်ကျလျက် ရှိ၏။ ထိုသို့ နောက်ကျ နေပါလျက်၊ မြန်မာပြည်သားထဲက ထူးချွန်သော ပုဂ္ဂိုလ်များ အနည်းငယ် ပေါ်ထွက်လျက် ရှိရာ ပညာရေး စံနစ် ညံ့ဖျင်းပါက ဤသို့ ထူးချွန်သူများ ပေါ်ထွက်မည် မဟုတ်ဟု စောဒက တက်ကောင်း တက်ပေလိမ့်မည်၊ အမှန်အားဖြင့်မှာ ပညာရေး စံနစ် ကောင်း၍ မဟုတ်၊ ပညာရေး စံနစ် ညံ့ဖျင်းသော်လည်း မြန်မာပြည်သားတို့၏ မူလအခြေခံ မညံ့ဖျင်းခြင်းကြောင့် ဖြစ်လေသည်။ အကယ်၍သာ ရည်ရွယ်ချက် ကောင်းကောင်းနှင့် မြန်မာပြည်သားတို့ ဘာသာ၊ ပညာရေးကို စီမံဖန်တီးရပါမူ၊ ယခုကဲ့သို့ အောက်ကျ နောက်ကျ အခြေတွင် ရှိမည်မဟုတ်၊ အလွန်ပင် တိုးတက်ထွန်းကားရန်သာ ရှိပေသည်။

စိတ်တိုင်းကျ စီမံနိုင်မည့် အချိန်
????
***
ဘကြီးဘဘေရဲ့ ဆောင်းပါးကတော့ ဒီမျှပါပဲ။ နောက်ဆုံး ခေါင်းစဉ် ကိုတော့ ကျမ ဆက်မရိုက်လိုတော့ပါဘူး။
ဒီဆောင်းပါဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေး မရခင်က ရေးခဲ့တာမို့ လွတ်လပ်ရေးရရင် စိတ်တိုင်းကျ စီမံနိုင်လိမ့်မယ် လို့ ဘကြီးက ထင်ခဲ့ပါတယ်။
တကယ်တမ်း ဘကြီးထင်သလို အရာရာ စိတ်တိုင်းကျ စီမံနိုင်ပါရဲ့လား။
အမှန်တကယ် စိတ်တိုင်းကျ စီမံနိုင်မယ့် အချိန် …. ဘယ်တော့လဲ …. ။
အဖြေကို ရေရေရာရာ မသိတဲ့ ကျမ ယောင်ချာချာနဲ့ တွေးလို့သာ နေမိပါတော့တယ်။
***
မေဓာဝီ
20th April, 2007
1:45 pm

(အကြောင်းအမျိုးမျိုးကြောင့် မနေ့ကရေးပြီးသော်လည်း မတင်ဖြစ်ခဲ့ပါဘူး၊ ဒါကြောင့် ၁ရက် နောက်ကျပြီး ဒီကနေ့မှ တင်လိုက်ရပါတယ်။)

2 comments:

NA said...

ဘကြီးဘဘေ ဆိုတာကတော့ သူရိယသတင်းစာတိုက်အုပ် ဦးဘဖေပါ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းမှာ ဘကြီးဦးဘဘေ အကြောင်းကို တစေ့တစောင်းမြင်နိုင်ပါတယ်။

ကလိုစေးထူး said...

ဒီစာကို ဖတ်ပြီးတော့ ဘကြီးဘဘေဟာ အနာဂတ်ကို လှမ်းမြင်ရေးသားခဲ့လေရော့သလားတောင် ထင်ရတယ်။ ပြင်ညာဆိုတဲ့ သုံးနှုံးတဲ့ ကျောင်းဆရာရဲ့ စကားကလည်း မြန်မာပြည် လက်ရှိအခြေအနေနဲ့ ထပ်တူ ထပ်မျှပါပဲလား။

ကျနော့်မေမေလည်း တခါပြောဖူးတယ်။ `ဒီခေတ် ကလေးတွေဟာ ပညာရေးပြဌာန်းချက် စမ်းသပ်ပြုပြင်ခြင်းရဲ့ အစမ်းသပ်ခံ ဓားစာခံလေးတွေ ဖြစ်နေရတယ်´ တဲ့။ အထက်တန်းအဆင့်ဆိုရင်လည်း တော်ကြာနေ ၀ိဇ္ဇာတွဲ၊ သိပ္ပံတွဲ ခွဲလိုက်၊ အခြေအနေမဟန်တော့ ပြန်ပေါင်းလိုက်၊ ပေါင်းလို့ မကောင်းတော့ တခါ ပြန်ခွဲလိုက်နဲ့ မုန့်လုံးစက္ကူကပ်သလို ပညာရေးစနစ်ကြီးထဲမှာမှ ထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်တွေ ပေါ်ထွက်လာတာကိုက သူတို့လေးတွေကို ချီးကျူးစရာ တော်တော်ကောင်းနေပါပြီ။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကထင်တယ်။ ကောင်လေးတယောက် မြန်မာပြည်က ထွက်လာခါစပေါ့..။ စကားမစပ် ပြောကြရင်းနဲ့ သူဆယ်တန်းအောင်လာတဲ့ ဘာသာတွဲက `၀ိပ္ပံ ဘာသာတွဲ´ ဆိုလို့ ကျနော် မျက်စိလည်သွားတယ်။ (အခုထိလည်း ၀ိပ္ပံဆိုတာ ဘာမှန်းကို မသိသေးဘူး) ကျနော်နားလည်ထားခဲ့တာက သိပ္ပံဆိုတာက တိကျခိုင်မာတဲ့ အကြောင်းအရာ၊ အချက်လက်တွေနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်၊ ၀ိဇ္ဇာကတော့ ဆက်စပ်စဉ်းစား တွေးခေါ်ရသော ဘာသာရပ် (အဲဒီထက် ပိုတဲ့ အဓိပ္ပာယ်တွေလည်း ရှိမှာပါ။ မှားရင်လည်း ထောက်ပြပါ)။ ၀ိပ္ပံဆိုတာကတော့ ဘယ်လို ဘာသာရပ်လဲဆိုတာ တကယ်ကို မသိဘူး။ သင်တာကတော့ သိပ္ပံတွဲက ဘာသာတချို့နဲ့ ၀ိဇ္ဇာတွဲက ဘာသာတချို့ ရောထွေး သင်တယ်သတဲ့။ အခုလဲ အဲဒီဘာသာတွဲ မြန်မာပြည်မှာ သင်နေဆဲလား မသင်တော့ဘူးလား။ မသိရ။ မမေဓာဝီ သိရင် ရှင်းပြပါအုံး။