Tuesday, April 10, 2007

ကျမနှင့် သင်္ကြန်သီချင်းများ (၂)

ကျမနဲ့ မြနန္ဒာ
***
သင်္ကြန်နဲ့ ဒီသီချင်းဟာလည်း ဒွန်တွဲနေသလိုပါပဲ။
တကယ်တမ်းတော့ ဒီသီချင်းနာမည်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသီချင်းကို အားလုံးက အလွယ် မြနန္ဒာ လို့သာ ခေါ်ကြတာမို့ ကျမရဲ့ ဆရာကြီးကလည်း “မြနန္ဒာ” လို့သာ ခေါင်းစဉ် တပ်ထားတာပါ။
ဆရာကြီးက ဒီသီချင်းနုတ်စ်ကို သင်္ကြန်မတိုင်ခင် ပေးပြီးတော့ ကျင့်ခိုင်းခဲ့ပါတယ်။ သင်္ကြန်တွင်း အတွက်ဆိုပြီးတော့ သင်္ကြန်သီချင်း တမင်ပေးခဲ့တာပါပဲ။ သင်္ကြန်အပြီး သင်တန်းပြန်ဖွင့်တော့ ပြန်တီးပြရပါတယ်။ သူကျေနပ်ပြီ ဆိုတော့မှ လက်မှတ်ထိုးပြီး နေ့စွဲတပ်ပေးပါတယ်။
တပ်ထားတဲ့နေ့စွဲကို ကြည့်တော့ 19/4/90 လို့ ရေးထားပါတယ်။ မြန်မာနှစ်ဆန်း သုံးရက်နေ့ပေါ့။



မြနန္ဒာ

ချိုပြုံးရွှင်သော နှမပျိုငယ်
တကိုယ်လုံးပင် ချော အလှပိုတယ်
မြို့မနဲ့ တမိတည်း ဖွားလို့
ဆိုတော့မယ်ကွယ် ..
အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဖူးကွယ်
ယဉ်စစနဲ့ မြင်လိုက်ရတာ
အ၀တ်အစားမှာပင် အလွန်တင့်တယ်
ထွန်းသစ်စ လရောင်နှယ်
ခိုင်ညှာတံပွင့်လန်း ပန်းလိုကွယ်
ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက အလွန်တင့်တယ်
မြနန္ဒာ ရေညိုညို ရစ်ခါသန်းတော့
ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေးသာပါဘိတယ် နိမိတ်ကောင်းယူမယ်
နှစ်ကူး သင်္ကြန်ခါဝယ်
ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်တင့်တယ်
မာလာနှယ် ခိုင်ညှာရယ် တယောက်ဆို တယောက်မို့ အောက်မေ့တယ်
ခင့်မြို့မ လာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်
ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လယ်
သြော် ..လောင်းပါစေကွယ် .. ဟင် .. ပက်လိုက်တော့မယ် ..
နှစ်ကူးတော့မယ် .. ခင်ပျိုရယ် လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်
မောင်တို့ လာချေပေါ့ကွယ် ကညာမေချောရယ်
ငွေငန်းထွက်ကာလည် …။

***
လှပယဉ်ကျေးတဲ့ စကားလုံးလေးတွေနဲ့ ဖွဲ့သီထားတဲ့ ဒီသီချင်းလေးကို နားထောင်မိတိုင်း … သင်္ကြန်နဲ့ မန္တလေး၊ မန္တလေးနဲ့ မြို့မ၊ မြို့မနဲ့ ငွေငန်း … ယှဉ်တွဲနေတဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်း ရွှေမန်းတောင်ရိပ် ခိုချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာမိပါတော့တယ်။
***
မြန်မာတို့ရဲ့ နှစ်ကူး ခါသင်္ကြန်မှာ မြန်မာပြည်သားများ အားလုံးအတွက် နိမိတ်ကောင်းတွေ ပေါ်ထွန်းပါစေလို့ ဆုတောင်းရင်း …
***
မေတ္တာဖြင့်
မေဓာဝီ
10th April, 2007
9:05 am

3 comments:

ကလိုစေးထူး said...

မမေဓာဝီ မသိလိုက်ဘူးထင်တယ်။ မြန်မာပြည်မှာ `မြနန္ဒာ´ သီချင်းကို အခုဆိုရင် သင်္ကြန်ပွဲတော်တခုတည်းတင်မှာမက ဆိုနေတယ်လေဗျာ.. :D
ဂေါက်သီးရိုက်ပြိုင်ပွဲမှာတောင် ဆိုတယ်ဆိုလား..ကြားဖူးတယ်..

Anonymous said...

ဟုတ်ပဗျာ… ဒီလူတွေလုပ်တာနဲ့ မြနန္ဒာတော့ ခပ်ပေါပေါဖြစ်တော့မှာပဲ။

Anonymous said...

အဲဒါကတော်သေးတယ်၊ မနေ့တုန်းက စုပေါင်း ဒုလ္လဘ ရဟန်းခံရှင်ပြု အလှူလှည့်တဲ့ ကားကြီးပေါ်မှာ ဖွင့်ထားတဲ့သီချင်းက “တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး …” တဲ့။ အဲဒီသီချင်းနဲ့ ယောက်ျားကြီးတွေ ကားပေါ်မှာ က-နေကြတာ မြင်လို့ ကြားလို့မှ မကောင်း။