စွန်တာက မျက်စိ၊ စိတာက သွား
သွားတာက သတ္တ၀ါ၊ ၀ါတာက ဆနွင်းမှုန့်
မှုန့်တာက မြေကြီး၊ ကြီးတာက ကြီးတော်
တော်တာက ဦးလေး၊ လေးတာက သစ်တုံး
တုံးတာက .. နင် ..။
မောင်လေးတွေ ငယ်ငယ်တုန်းက အော်ဆိုနေကြတာ ကြားဖူးခဲ့တယ်။
တုံးတာက နင် ဆိုတဲ့ နေရာရောက်တော့ တယောက်နဲ့ တယောက် လက်ညှိုးတွေ ၀ိုင်းထိုးပြီး စကြ နောက်ကြတာ မှတ်မိနေပါသေးတယ်။ ဒါ့အပြင် …
တောင်ကုန်းပေါ်မှာ
ဘုရားတဆူ၊ စူသည် စူကာသီး
တီးသည် ဘင်ဂျို၊ ကြိုသည် ဆန်ပြုတ်
ပြုတ်သည် အာလူး၊ လူးသည် ကျွဲအို
ရေအိုင်ထဲမှာ ကျွဲမြီးတို …
ဆိုတဲ့ The Ants အဖွဲ့ သီဆိုတဲ့ သီချင်းကလည်း သူတို့ ငယ်ငယ်တုန်းက အော်ခဲ့ဆိုခဲ့တာကို အမှတ်တရ ပြန်ဆိုထားတာလို့ သိရတယ်။
အခု ကျမတို့ဆီက ကျောင်းသားကလေးတွေ အဲဒီနည်းနှင်နှင် ဆင်တူယိုးမှား အော်ဟစ်ဆိုနေသံကြားလို့ နားစွင့်မိတယ်။ သူတို့ ဆိုတာ မြန်လွန်းလို့ လိုက်မမှတ်နိုင်ဘူး။ ဒါနဲ့ ကလေးတယောက်ကို ခေါ်မေးတော့ သူက တခုချင်း ရွတ်ပြတာကို ကျမစာရွက်နဲ့ ရေးပြီး လိုက်မှတ်ထားလိုက်တယ်။ သူတို့ဆိုတာက ဒီလိုပါ … ။
ဆယ့်ခြောက် တလီ ဆယ့်ခြောက်
ဆယ့်ခြောက် နှစ်လီ ပဲပြုတ်
(ဆယ့်ခြောက်နှစ်လီက ၃၂ မဖြစ်ဘဲ ဘာလို့ ပဲပြုတ်ဖြစ်တာလဲ .. ကျမက မေးတော့၊ မသိဘူး တီချယ်ရာ .. သားတို့အဲဒီလိုပဲ ဆိုနေတာပဲ လို့ပြန်ဖြေပါတယ်။)
ပြုတ်တာက ပြောင်းဖူး၊ ဖူးတာက ဘုရား
ယားတာက ၀ဲ၊ ၀ဲတာက စွန်
စွန်တာက မျက်စိ၊ စိတာက သွား
သွားတာက ခြေထောက်၊ ထောက်တာက လက်
လက်တာက ကျောက်၊ ကြောက်တာက သရဲ
ရဲတာက သွေး၊ သွေးတာက သနပ်ခါး
ခါးတာက ဆေး၊ ဆေးတာက ပန်းကန်
ကန်တာက ဘောလုံး၊ လုံးတာက ဥ
ဥတာက ကြက်၊ ကျက်တာက ထမင်း
မင်းတာက ဘုရင်၊ ယင်တာက ယင်ကောင်၊
ကောင်တာက ကောင်မလေး
ငါ့ကို ချစ်ရင် စာပြန်ပေး I love you လို့ ရေး
I love you ကို တုတ်နဲ့ ထိုး AIDS ပိုး … ။ တဲ့ …
ရယ်တော့ရယ်ရသား။
ကြည့်မယ်ဆိုရင် ဘာရယ်မဟုတ် ပေါက်ကရ လျှောက်အော်နေတာလို့ ထင်ရပေမဲ့ တကယ်တမ်း အဆက်အစပ်နဲ့ တွေးတောတတ်၊ မှတ်သားတတ်၊ တီထွင်တတ်တဲ့ ကလေးတွေပဲလို့ ကျမက ထင်မြင်ယူဆပြီး သူတို့လေးတွေကို ချီးကျူးမိပါတယ်။ ဒီလို ရွတ်ရင်း ဆိုရင်း ကလေးတွေဟာ ကာရန်ကိုသိလာမယ်၊ အသံကို နားလည်လာမယ်၊ ကဗျာဉာဏ် တိုးလာနိုင်တယ် မဟုတ်လား။
ဒါနဲ့ပတ်သက်ပြီး မကြာသေးခင်က ဖတ်ထားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို စာအုပ်ထဲက ဆောင်းပါးတပုဒ်မှာ ခုလို ရေးထားပါတယ်။
ကလေးတို့သည် ကဗျာရွတ် စာရွတ် ၀ါသနာပါကြသည်။ ကိုယ့်ရွတ်သံ ကိုယ်ကြားရ၍ ပျော်ကြသည်။ သူတပါးအား ကြားစေရ၍ ပျော်ကြသည်။ ထို့ပြင် သူတပါး ရွတ်သည်ကို ကြားရ၍လည်း ပျော်ကြသည်။ နားထောင်ရ၍လည်း ပျော်ကြသည်။
ဤမျှ မကသေးပါ။ ပျော်ပျော်ပါးပါး ရွတ်ဆိုရင်းနှင့်ပင် ဗဟုသုတ အသိ အလိမ္မာကိုလည်း အမှတ်မထင် ရယူကြသည်။ ကဗျာတို့စာတို့ မည်သည် ကောင်းသော ကဗျာမျိုး စာမျိုးဖြစ်လျှင် ကလေးတို့၏ စက္ခုအာရုံ၊ သောတအာရုံ၊ မနောအာရုံတို့ကို ထက်မြက်စေနိုင်သည်။ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ စိတ်ကူးကောင်းခြင်း တို့သည် လိုလားအပ်သော အရည်အချင်းများ ဖြစ်ကြသည်။
x x x x x x x
x x x x x x x
“ကလေးတို့သည် ကဗျာရွတ် စာရွတ် ၀ါသနာပါကြသည်” ဟု ကျွန်ုပ်ဆိုခဲ့သည်။ သို့သော် သူတို့ကို မည်သူက စနစ်တကျ သင်ပေးပါသနည်း။ ဂရုတစိုက် သင်ပေးပါသနည်း။ ဤမေးခွန်းတို့ကို ကျွန်ုပ်တို့ သားရှင် သမီးရှင်များ ရဲရဲဝံ့ဝံ့ ဖြေနိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ကလေးတို့ ဘာသာဘာဝဆော့ရင်း ကစားရင်း သွားရင်း လာရင်း လမ်းကြို လမ်းကြားမှ ကာရန်အတိုအစ၊ လင်္ကာအတိုအစ၊ ကဗျာအတိုစ ကလေးများကို ကာလ ဒေသ အားလျော်စွာ မအောင့်နိုင်၍ ကြွေးကြော် သီဆိုကြခြင်း ဖြစ်သည်။ သို့ ကြွေးကြော် သီဆိုသည်ကို ဆူသည် ညံသည်ဟု ငေါက်သူ ငမ်းသူ လူကြီးများပင် ရှိပေလိမ့်ဦးမည်။
ဆရာကြီးက သူ့ရဲ့ဆောင်းပါးထဲမှာ ကလေးတွေ ရွတ်ဆိုကစားဖို့ ကဗျာတပုဒ် ရေးပေးထားပါတယ်။ လူများများနဲ့ ရွတ်ကစားရတဲ့ ကဗျာလေးပါ။
၁။ စည်းရိုးထဲမှာ ရွာ (၂၂ယောက်ဆို)
၂။ ရွာအထဲမှာ ရပ် (၂၀ ။ ) တဖြည်းဖြည်း လူရော့သွားပါမယ်။
၃။ ရပ်အထဲမှာ လမ်း (၁၈ ။ )
၎။ လမ်းအထဲမှာ ၀င်း (၁၆ ။ )
၅။ ၀င်းအထဲမှာ အိမ် (၁၄ ။ )
၆။ အိမ်အထဲမှာ ဆောင် (၁၂ ။ )
၇။ ဆောင်အထဲမှာ ခန်း (၁၀ ။ )
၈။ ခန်းအထဲမှာ အုပ် (၈ ။ )
၉။ အုပ်အထဲမှာ အစ် (၆ ။ )
၁၀။ အစ်အထဲမှာ ဗူး (၄ ။ )
၁၁။ ဗူးအထဲမှာ နှမ်း (၂ ။ )ပြီးတော့ လူပြန်တိုးပြီး ဆိုရမယ်။
၁၂။ နှမ်းရှိတာက ဗူး (၄ ။ )
၁၃။ ဗူးရှိတာက အစ် ..
အဲဒီလို ပြောင်းပြန် ပြန်ဆိုရင်းက နောက်ဆုံး
၂၁။ ရပ်ရှိတာက ရွာ (၂၂ ။)
၂၂။ စည်းရိုးကြီးနဲ့ပါ (အားလုံး)
အဲဒီကနေ ထပ်ချဲ့ထွင်ပြီး ခုလို ကူးပြောင်းသီဆို သင့်တယ်လို့ ရေးထားပါသေးတယ်။ အဆိုင်း ၂ ဆိုင်း ခွဲပြီး မျက်နှာချင်းဆိုင် အချီအချ ဆိုရပါမယ်တဲ့။
၁။ စည်းရိုးထဲမှာ ရွာ (ပထမအဆိုင်း)
၂။ ငါတို့နေတဲ့ ရွာ (ဒု )
၃။ ရွာအထဲမှာ ရပ်
၎။ တောင်သူနေတဲ့ ရပ်
၅။ ရပ်အထဲမှာ လမ်း
၆။ ကျောက်နီခင်းတဲ့ လမ်း
၇။ လမ်းအထဲမှာ ၀င်း
၈။ ၀ါးခြမ်းကာတဲ့ ၀င်း
၉။ ၀င်းအထဲမှာ အိမ်
၁၀။ ပျဉ်ထောင်သွပ်မိုး အိမ် …
စသဖြင့်ပါ။ အရှည်ကြီးဖြစ်နေမှာစိုးလို့ ဆက်မရေးပြတော့ပါဘူး။
ဒီလို ကဗျာလေးတွေ ရွတ်ဆိုခြင်းအားဖြင့် ကလေးတွေဟာ မှတ်ဉာဏ်တိုးပြီး စိတ်တည်ငြိမ် လာတဲ့အပြင် တချိန်ထဲမှာပဲ ဗဟုသုတကိုလည်း အမှတ်မထင် ရယူနိုင်ပါလိမ့်မယ် လို့ ဆရာကြီးက ဆိုထားပါတယ်။
ကျမကတော့ … သူတို့လေးတွေရဲ့ အတွေးအခေါ် အပြောအဆို အမူအကျင့်တွေကို ကြည့်ရ နားထောင်ရတာ တော်တော်လေး သဘောကျမိသလို သူတို့နဲ့ အတူနေရတဲ့ အခိုက်မှာ စိတ်လက်လည်း ပေါ့ပါးမိတယ်။ ကလေးဆိုတာ အင်မတန်မှ ဖြူစင်ရိုးသားကြတာ ကလား။ အတုခိုးကလည်း မြန်၊ တတ်လည်း တတ်လွယ်ပါဘိသနဲ့။
သူတို့ဟာ လူကြီးတွေရဲ့ ပြုမူ ပြောဆိုပုံတွေ အတုယူသလို …
အသက်ကြီးလာလေ … ရိုးသားဖြူစင်ခြင်း လျော့နည်းလာလေ ဖြစ်တဲ့ ကျမတို့ဟာလည်း တခါတလေမှာတော့ သူတို့လေးတွေဆီက ပြန်သင်ယူစရာတွေ ရှိနေပါလား … လို့ စဉ်းစားတွေးတော နေမိပါတော့တယ်။
***
မေဓာဝီ
7th April, 2007
10:30 am
Saturday, April 07, 2007
Subscribe to:
Post Comments (Atom)
3 comments:
မမေရေ... “ကောင်တာက ကောင်မလေး
ငါ့ကို ချစ်ရင် စာပြန်ပေး I love you လို့ ရေး
I love you ကို တုတ်နဲ့ ထိုး AIDS ပိုး … ။ ” ဆိုတာ ဖတ်ပြီး ရီလိုက်ရတာ ။ အတော်ကောင်းတဲ့ ကလေးတွေပဲ ။ ကျွန်မငယ်ငယ်က ဆိုဖူးပြီး မေ့နေတဲ့ “ဆိုတာက မျက်စိ ၊ စိတာက သွား” ဆိုတဲ့ ကဗျာလေးရယ် ၊ နောက် မမေနဲ့ သူငယ်ချင်း အပြန်၂ အလှန်၂ ရေးထားတဲ့ ကဗျာတွေရယ်.. ကျွန်မဘလော့ဂ်မှာ တင်ခွင့်ပြုပါလား ။ အရမ်းကြိုက်လို့ပါ ။
ဟုတ်တယ် ဂျစ်တူး။ မမေလည်း သူတို့ဆိုတာ သဘောကျလို့ ဖြည်းဖြည်း ထပ်ဆိုခိုင်းပြီး လိုက်ရေးမှတ်ထားတာ။
ဂျစ်တူးသဘောကျတယ်ဆိုလို့ မမေလည်း ၀မ်းသာပါတယ်။ ဂျစ်တူး ကြိုက်တဲ့ကဗျာလေးတွေ ဂျစ်တူးရဲ့ ဘလော့မှာ တင်ဖို့ မမေခွင့်ပြုပါတယ်။
အစ်မရေ... အစ်မပို့ စ် လေးဖတ်ပီး ငယ်ငယ်တုံးက အကြောင်းတွေ ပြန်သတိရတယ်။ ကလေးတောင် ပြန်ဖြစ်ချင်တယ်။
Post a Comment