Friday, April 06, 2007

ကျွဲကြီးကို အီမိလေသောအခါ …

မနေ့ညက အိပ်မယ်လို့ဆိုပြီး ကွန်ပျူတာ ပိတ်မလို့ကြံခါရှိသေး ကျမကို တစုံတယောက်က ဂျီတော့ခ်မှာ စကားလာပြောပါတယ်။
အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်တော့ … MND ဆိုသူ ဖြစ်နေတယ်။
သူက … “ပြောစရာရှိလို့ …” ဆိုပြီး ကျမ ဆီ မက်ဆေ့ခ်ျလှမ်းပို့တယ်။
“ဘာလဲဟာ … ငါ အိပ်ချင်ပြီ”
“နေပါအုံး … ဟိုတနေ့က ဘလော့မှာတင်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြောချင်လို့”
ဘလော့က ပို့စ်ဆိုတော့ နည်းနည်း မျက်လုံးကျယ်သွားပါတယ်။ ဒါနဲ့ …

“အင်း …ပြော … ဘယ်ပို့စ်တုန်း”
“ဆေးမြီးတို ပို့စ်လေ … အဲဒီမှာ ရေးထားတဲ့ ဥံ ဆိုတဲ့ စာလုံး … အဲဒါကို ဘ၀င်မကျလို့ … အားလုံး ရေးနေကြတာက အက္ခရာဥ သေးသေးတင် တချောင်းငင် နဲ့ ဥုံ ကြတာကို နင့်ကျမှ … တချောင်းငင်ကြီး ဖြုတ် ဥံ တော့ ဖတ်ရတာ မျက်စိထဲ မတွေ့ဘူး”
“မတွေ့ရင် မဖတ်နဲ့ပေါ့ဟာ … ရှင်းနေတာပဲ … အဲဒီစာလုံးနဲ့ပတ်သက်ပြီး ရှင်းပြပြီးသားပဲဟာကို”
အိပ်ချင်ရတဲ့ကြားထဲ အဲဒီလိုတွေလာပြောနေလို့ ကျမက ဘုတောလိုက်တယ်။ ဒါပေမဲ့ သူနဲ့ကျမ စကားတွေ ဆက်ပြောဖြစ်ပါတယ်။ သူနဲ့ကျမ ပြောဖြစ်ခဲ့ကြတဲ့စကားတွေ အောက်မှာသာဖတ်ကြည့်ပါတော့။ MDW ဆိုတာကတော့ ကျမပေါ့။

MND : “ဥုံ ဆိုတာကို အားလုံးက ဒီလိုပဲရေးနေတာ မဟုတ်လား၊ နင့်လိုရေးတာ တခါမှ မမြင်ဖူးဘူး၊ မထွင်စမ်းပါနဲ့ဟာ”
MDW : “အံမယ် … ငါကပဲ ထွင်တာဖြစ်ရပြန်ပြီ … ငါ ပြောတာ မဟုတ်လို့လား .. ဥမ္မာ ဆိုရင် ဘယ်လိုပေါင်းလဲ၊ တချောင်းငင် ထည့်သေးလို့လား၊ အဲဒီပါဌ်ဆင့်ကို ဖြေလိုက်ရင် အုမ်မာ လို့ ဖြစ်တာပဲ မဟုတ်လား၊ နင်ပြောသလို သာဆို ဥုမ္မာ လို့ ပေါင်းနေရမှာပေါ့”

MND : “အဲဒါက ထားပါတော့ … ဥုံကို ပြောမယ်၊ အရှင်ဇနကာဘိဝံသရဲ့ ဘုရားရှိခိုးမှာ .. ‘ဥုံ … အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း…’ ဆိုတာ ဖတ်ဖူးတယ်မဟုတ်လား … ကဲ .. နင်ပြောသလိုဆို ဆရာတော်က မှားနေတာလား …”
MDW : “အံမယ် … နင်က ဆရာတော်နဲ့ ငါ့ကို လာကိုင်ပေါက်တယ်ပေါ့ …၊ အင်း ငါပြောမယ် … ဆရာတော်က အဲဒီ ဥုံ ကို အကြောင်းမဲ့ ထည့်တာ မဟုတ်ဖူးဟ၊ အဲဒီဘုရားရှိခိုးထဲမှာပါတဲ့ ရှေ့ဆက်မယ့် စာပိုဒ်တွေက အစ စာလုံးတွေကို တန်းစီဖတ်ကြည့်ရင် ဥုးဇနကဘိဝံသ ဆိုပြီးပါတယ်၊ အဲဒီ ဥုး ကိုရေးချင်လို့ ဥုံ လို့ထည့်လိုက်တာ”
MND : ….

MDW : “နေအုံး၊ ဆက်ပြောအုံးမယ် … အဲဒီမှာကြည့် ဥုး ဆိုတာကို ဆရာတော် ဘယ်လိုရေးလဲ အက္ခရာဥ လုံးကြီးတင်ဆံခတ်နဲ့ ဦး သလား၊ အက္ခရာဥကို တချောင်းငင်ပြီး ၀စ္စနှစ်လုံးပေါက်ပြီး ဥုးတယ်မဟုတ်လား။ အေး .. အဲဒါမှ အမှန်။ နောက်ထပ် မှားနေတာတွေလည်း တလက်စတည်း ပြောရအုံးမယ်။ သြော် ဆိုတာလဲ မှားတယ်ဟ၊ သြ ဆိုကတည်းက အော ဖြစ်နေပြီ အော် ဆိုရင် ဒီလို (သြ်)ရေးရုံနဲ့ လုံလောက်တယ်။ သဝေထိုးတွေ ရေးချတွေ ထပ်ထည့်ဖို့ မလိုတော့ဘူး။”
သူက တွေတွေကြီး စဉ်းစားနေချိန်မှာ ကျမလည်း ဖိနင်းပြီး ဆက်ပြောရပါတယ်။

MDW : “ပြီးတော့ …သြောင်း ဆိုလဲ အဲဒီလိုပဲ၊ သြင်း လို့ရေးရင် ရနေပြီ။ ဦး ဆိုလဲ ဥုးကမှ အမှန်။ ရှင်းပလား။”
အဲဒီလို ဆရာကြီးလေသံနဲ့ လေလုံးခပ်ထွားထွား ပြောလိုက်တော့ သူက ရယ်ပါလေရော …။
MND : “ဟားဟား… ကိုယ့်ကိုယ်ကို သိပ်တတ်လှပြီဆိုပြီး ဆရာကြီးလေသံ လာလုပ်မနေနဲ့၊ နင် အဲဒီလိုတွေ ပြင်တော့ရော ဘယ်သူက ဟုတ်သားပဲ ဆိုပြီး လိုက်ပြင်ကြမှာလဲ၊ နိုင်ငံနဲ့တ၀ှမ်း ခေတ်အဆက်ဆက် သုံးလာကြတဲ့ စာလုံးတွေကို နင်က ပြင်ချင်လို့ ရမလား၊ မှားမှားမှန်မှန် ဒီအတိုင်းက အသားကျနေပြီ၊ အရိုးစွဲနေပြီ၊ ရှည်တော်မူပြီး ပြင်ဖို့ စိတ်မကူးပါနဲ့ … ဖတ်ရတာ ကသိကအောက်နဲ့ မျက်စိနောက်လှပါတယ် ကျေးဇူးရှင်ရယ်”

ကြည့်ပါအုံး စေတနာကို နားမလည်လိုက်ပုံများ၊
MDW : “မျက်စိနောက်ရင်လည်း မဖတ်နဲ့ပေါ့ဟယ် … အမှန်ကိုရေးတဲ့ဟာကိုများ … မျက်စိနောက်သတဲ့ … အဲဒါပဲ နင်တို့ အမှန်တရားနဲ့ မထိုက်တန်တာ… ဟွန်း”
MND : “ပြောလိုက်ရင် အမှန်တရား အမှန်တရားနဲ့ … ကဲ ထားပါတော့ … နင့်အမှန်တရားကြီး၊ အမှန်တရားဆိုတာလည်း သူ့နယ်ပယ်နဲ့သူ ရှိတယ်ဟဲ့။ နင်က ဘာသာရေးက စကားလုံးတွေ သိပ်သုံးလို့ ဘာသာရေးထဲက စာလုံးနဲ့ပဲ ပြန်ပြောမှရမယ်။ ပညတ်နဲ့ ပရမတ် ဆိုတာ ရှိတယ်မဟုတ်လား”
MDW : “အင်း … အဲဒါ ဘာဖြစ်လဲ”
MND : “ပညတ်ကွယ်တော့ အပါယ်ကျ၊ ပရမတ်ကွယ်တော့ နိဗ္ဗာန်မရတဲ့ … ကြားဖူးလား”
MDW : “ထားပါတော့ … ဆက်ပြော”
MND : “အေး .. ပရမတ်ကိုမှ အမှန် ဆိုပြီး ပညတ်ကို ပစ်ပယ်လို့ မရဘူး၊ ပညတ်နယ်ပယ်မှာလည်း ပညတ်နယ်ပယ်အလျောက် မှန်တာပဲ၊ ဥပမာကွာ … ပရမတ္ထတရားမှာ ရုပ် နဲ့ နာမ်သာ ရှိတယ်ဆိုတော့ … ခွေးမှာလည်း ရုပ်နာမ်ပဲ၊ မေဓာဝီ မှာလည်း ရုပ်နာမ်ပဲ၊ ဒီတော့ ခွေး =မေဓာဝီ အဲဒီလို ပြောရင် မှန်မလား”

အဲ .. နှိပ်ပဟ၊ တတ်နိုင်ဘူး …။ ကိုယ်က စထားခဲ့တဲ့ ဇာတ်လမ်းကိုး။ စာဖတ်သူအပေါင်းကတော့ ကျမနှိပ်ကွပ်ခံနေရပြီမို့ ၀မ်းမြောက်နေမလားမသိ။

MDW : “ဒါကတော့ နင်က စကားကပ်တာပါဟာ၊ အခုငါတို့ပြောနေတာက စာလုံးပေါင်းကိစ္စ၊ ဘယ့်နှယ် ပညတ်တို့ ပရမတ်တို့ ပါလာရတာတုန်း”
MND : “ပါရမယ်လေ … ကိုယ့်စကားအနိုင်ရဖို့ ဒီလိုပဲ လိုရာဆွဲပြီး ဥပမာ ပေးရမှာပဲမဟုတ်လား။ ဆိုလိုတာက … ဥုံ တွေ သြောင်းတွေ စာလုံးပေါင်းအရ နင်က မှားတယ်ဆိုပေမဲ့ … သူ့နယ်ပယ်နဲ့သူ မှန်တယ်၊ အရာရာကို နင့်ရဲ့ စံ ဆိုတဲ့ဟာကြီးနဲ့ သွားသွားပြီးတော့ မတိုက်နဲ့။ အများက ကျွဲပါဆိုမှ .. နင်က ဤ ချင်နေလို့ မရဘူး။ ဤ နေရင်လည်း ဤ တဲ့သူ အရူးပဲ … ၊ ငါပြောချင်တာက အဲဒါပဲ .. ကဲ နင်အိပ်ချင်အိပ်တော့ …”

ဟမ် .. အနိုင်နဲ့ ပိုင်းသွားပါကလား။ မေဓာဝီတို့ ခံလိုက်ရလေပြီပေါ့။ ကိုယ်ခံရတာလေးလည်း သူများ ၀မ်းသာအားရ ဟိုဟိုဒီဒီ မတင်ခင် ကိုယ့်ဘလော့ပေါ် ကိုယ် အရင်တင်မှ ဆိုပြီး တင်လိုက်တာပါ။ ခပ်ရှက်ရှက်နဲ့ ဆိုပါတော့။

ဟုတ်တော့လည်း ဟုတ်ပါရဲ့။ (ခံရပြီးရင် အမြဲ ဟုတ်နေတော့တာပဲ) ကျမကလည်း ကျွဲကြီးကိုမှ သွားအီမိတော့တာကိုး။
မအီတော့ဘူး ကိုရွှေကျွဲရေ … ။ ကျွဲချင်သလောက်သာ ကျွဲတော့လို့ ဆိုပြီး … ကျမလည်း ဂါထာတပုဒ် ဥုံခံ စုတ်ရင်း အိပ်ရာဝင်လိုက်ပါတော့တယ်။
***
မှတ်ချက် ။ ။ ကျမကို နှိပ်ကွပ်သွားတဲ့ MND ဆိုတာ တခြားလူတော့ မဟုတ်ပါဘူး၊ မေနန္ဒာတဲ့။ သူ့ကိုတော့ ကျမ မနိုင်လို့ အလျှော့ပေးထားလေရဲ့ …။
***
မေဓာဝီ
6th April, 2007
8:45 am

3 comments:

နတ္ထိ said...

“လောကသင်္ကေတနိမ္မိတာ”လို့ ပြောတယ်ဗျ။ လောကက သတ်မှတ်ထားတဲ့ Codingတွေပါပဲ။ တစ်ခုတော့ ရှိတယ်။ စိတ်ကစဥ့်ကလျားရောဂါ“နဲ့ ဝေါဟာရကစဥ့်ကလျားဖြစ်တာ ဆက်စပ်နေမလားတော့ မသိပါဘူးဗျာ။

Unknown said...

you are right ma maydarwii. i learn it in second year. my os (oredental study) teacher say as you. its not burmese word. it comes from Hindu mandara.

နိုင်းနိုင်းစနေ said...

မေနန္ဒာ ဟာ မေဓာဝီ
မေဓာဝီ ဟာ မေနန္ဒာပဲ မဟုတ်လား မမေ
မေဓာဝီ ဟာ မေနန္ဒာရဲ့ အခွဲလေးတခု မေနန္ဒာရှိလို့ မေဓာဝီဆိုတာ ဖြစ်လာတယ်။
ဒါကြောင့် အတူတူပါပဲလို့