Monday, April 02, 2007

ပန်းကလေးတပွင့် အကြောင်း ....


အိမ်မှာ ဘုရားပန်းကပ်ရင်ဖြစ်ဖြစ် … အလှပန်းအိုးထိုးရင်ဖြစ်ဖြစ် … ပန်းကလေးတွေ နွမ်းသွား ခြောက်သွားတဲ့အခါ လဲရလှယ်ရတာ အလုပ်တခုပါပဲ။ လန်းနေတုန်းတော့ ပန်းလေးတွေက လှလို့ပေါ့။ နွမ်းသွား ခြောက်သွားတဲ့အခါ … စွန့်ပစ်လိုက်ကြတာပါပဲ။ ဒီပန်းခြောက်တွေကိုလည်း ဘယ်သူကမှ အမှိုက်ရှုပ်ခံပြီး သိမ်းမထားကြပါဘူး။

ဒါကြောင့်လည်း … ပန်းတွေ အမြဲလန်းဆန်း လှပနေစေဖို့ လူတွေက ပန်းအတုတွေ တီထွင်ကြတာ ထင်ပါရဲ့။
ပလပ်စတစ် ပန်းတုလေးတွေ၊ အ၀တ်နဲ့လုပ်တဲ့ ပန်းတုလေးတွေဟာ … တကယ့်အစစ်ပန်းလိုပဲ အလွန်လှပါတယ်။ ဒါပေမဲ့ .. ကျမ မနှစ်သက်ပါဘူး။ သဘာဝကို ချစ်မြတ်နိုးတဲ့ ကျမဟာ … အဖိုးတန် ပန်းအတု လှလှလေး တပွင့်ထက် လမ်းဘေးမှာ အလေ့ကျပေါက်တဲ့ ပန်းရိုင်းလေးတပွင့်ကို ပိုမြတ်နိုးပါတယ်။

ပန်း ဆိုတာ ပန်းရဲ့သဘာဝ ဖူး၊ ပွင့်၊ ဝေဆာပြီးရင် နွမ်း ခြောက် ကြွေလွင့်ရမှာပဲ။
ကြွေမှာစိုးလို့ ပန်းကလေးတွေကို ဖူးပွင့်ခွင့် မပေးဘူးလား … ။ မွှေးပျံ့ခွင့် မပေးဘူးလား … ။ ခူးယူခွင့် မပေးဘူးလား။
တကယ်တော့ ပန်းကလေးတွေဟာ သဘာဝရဲ့ နူးညံ့မှုကိုရော ကြမ်းတမ်းမှုဒဏ်ကိုပါ ခံရမှာပါပဲ။ ဒါကို ကြောက်နေလို့ ပဲ ဖြစ်ဖြစ် ရင်မဆိုင်ချင်လို့ပဲဖြစ်ဖြစ် ရှောင်လွှဲလို့ ရတာမှမဟုတ်ဘဲ။
ပန်းပျိုးသူ ဥယျာဉ်မှူးက ပန်းကိုချစ်တဲ့စိတ် လွန်ကဲပြီး ကြွေမှာ နွမ်းမှာစိုးလို့ … သဘာဝတွေနဲ့ ထိတွေ့ခွင့်မပေးတဲ့အခါ … ဒီပန်းကလေးရဲ့ စိတ်ထဲ ဘယ်လိုခံစားရလေမလဲ ….
ပန်းကလေးနေရာက အငှားခံစားကြည့်မိပြီး ဒီကဗျာလေးကို ရေးဖြစ်ခဲ့ပါတယ်။
ရေးခဲ့စဉ်က ဆယ်တန်းအောင်ကာစ တက္ကသိုလ်ကျောင်း မတက်ခင်ကပေါ့။ ဖတ်ကြည့်ကြပါအုံး။
***
အသွင်ပြောင်းသွားသော ပန်းကလေး

“နံနက်ခင်း၏ နှင်းနုနုများ … မခံစားရ”
“သဘာဝ ‘လေ’ မိုးရေ မိုးငွေ့ … မထိတွေ့ရ”
“နေ့နေခြည်နွေး ယုယထွေးရုံ … မခိုလှုံရ”
သဘာဝများ ဆီးတားပိတ်လှောင်
ဖန်ပေါင်းချောင် ‘နန်း’
ပွင့်သစ်လန်းစ … ပန်းဘ၀။
ပန်းဘ၀မှာ …
အလှသက်သက် ရှုမက်ကြည့်ရုံ
မွှေးထုံရနံ့ ပျံ့ခွင့်မရှိ။
ပန်း၏အလှ ယုယမြတ်နိုး
တန်ဖိုးထားသူ .. ချူခွင့်မရှိ။
ပကတိပန်း … အမြဲလန်းချင်
ပန်းဥယျာဉ်မှူး အထူးစီမံ
ဖန်ပေါင်းချောင်ထဲ
အမြဲတစေ …နေရမည် .. တဲ့။
ပန်းရဲ့ဆန္ဒ ဘာမှမသိ
ပန်း၏သခင် …
အို .. ဥယျာဉ်မှူး …
ပွင့်ဖူးပန်းငယ် လှသွေးကြွယ်လျက်
ရနံ့ပျက်ယွင်း ၀ိညာဉ်ကင်းရပ်
ပလပ်စတစ် ပန်းအဖြစ်ပင်
အစဉ်လန်းသစ်နေတော့မည် … ။ … ။
***
မေဓာဝီ
2nd April, 2007
10:25 am

2 comments:

Anonymous said...

pan lay ko tha nar tha lo khan sar mi dal byar...hote tar paw naw..arr lone har tha bar wa ye, auk hmar , tha bar wa a tai a yar arr lone har, pyit say thint par ye...ka byar pan lay.. tha bar wa ka pay te tae a tai pyaw say chin mi par bi... thanks ma gyi may..

ကလိုစေးထူး said...

ကျနော့်မေမေတော့ ခရေပန်းခြောက်တွေ သိမ်းထားတာကို ကျနော် ဟိုးငယ်ငယ်က တွေ့ဖူးတယ်ဗျ။ ဖေဖေပေးထားတာလားတော့ မသိဘူး :D အမရေးတဲ့ ပို့စ်တခုထဲမှာ ကံ့ကော်ပန်းဝတ်ဆံခြောက်လေးတွေကို သနပ်ခါးထဲ ထည့်လိမ်းတယ်လို့ ဖတ်ဖူးသေးလားလို့။ တချို့ပန်းခြောက်ကလေးတွေလည်း အကျိုးရှိပါသေးတယ်ဆိုတာ ပြောချင်လို့ စကားကပ်တာ :P။
ပလတ်စတစ်ပန်း ဆိုတာက တကယ်တော့လည်း လူတွေရဲ့ လိုလားမှုကြောင့်ပဲ ပေါ်လာရတာလေ။ သူလည်းပဲ အလှတော့ ပေးနိုင်စွမ်းသား၊ ဒါပေမယ့် သူ့အလှက ဖန်တီးယူထားတဲ့ အလှ၊ ရနံ့ကလည်း ပေးနိုင်စွမ်း မရှိတော့ တခါတလေမှာ သူလည်းလဲ အပယ်ခံရရှာတာပါပဲ။