Thursday, October 06, 2011

စတုတ္ထမြောက် ဆောင်းဦးရက်များ

သစ်ရွက်တွေက အရောင်ပြောင်းကုန်ကြပြီ။
အစိမ်းတွေကြားမှာ တချို့က ၀ါ၊ တချို့က နီ၊ တချို့က လိမ္မော်အသွေး … ။ ပန်းချီဆရာ ဆေးရေးထားသလို ညီညာတိကျ မနေဘူး … ဒါပေမဲ့ လှတယ်။

သစ်ရွက်တွေက တဖွဲဖွဲ ကြွေကျတယ်။
အညှာမခိုင်တဲ့ ရွက်ဝါတွေ၊ လေခြွေတိုင်း ကြွေကြွေကျ … လမ်းမထက်မှာ … မြက်ခင်းစိမ်းစိမ်းပေါ်မှာ … အရိုင်းဆန်ဆန် ဟိုတစ ဒီတစ။ ဒီဇိုင်းဆရာ ခြယ်သထားသလို သပ်ရပ်လှပမနေဘူး … ဒါပေမဲ့ စိတ်လှုပ်ရှားဖွယ် … ။

လေထန်တယ်၊ မိုးသည်းတယ်။
တိမ်ညိုတွေအုံ့ဆိုင်းလို့ ကောင်းကင်က မှိုင်းနေတယ်။
ဆောင်းဦးရဲ့ လက်တံက ၀န်းကျင်ကို ရစ်ပတ် ခြုံသိုင်းထားတယ်။
သြော် … ဘာလိုလိုနဲ့ ဆောင်းဦးလေးကြိမ် တိုင်ခဲ့ပါပကော … ။
***
လွန်ခဲ့တဲ့ ၄ နှစ် …
တိတိကျကျ ပြောရရင် … ၂၀၀၇ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ …
အားလုံးကို ခွဲခွါပြီး ဒီခရီးကို စတင် ထွက်လာခဲ့ရတယ် … ။

မွေးကတည်းက နေလာခဲ့တဲ့ အဲဒီအိမ် …
နှစ်ပေါင်းများစွာ နေသားကျနေတဲ့ ဒေသ …
ကူညီသူ ဖေးမသူ ချစ်ခင်သူများစွာ အနားမှာ ခြံရံနေခဲ့ရတဲ့ နေရာ …
နောက်ဆုံးမှာတော့ အခြေအနေအရ စွန့်ခွါခဲ့ရတယ် … ။

ဆိုးမလား ကောင်းမလား ကြိုတင်မမြင်နိုင်တဲ့ ကံကြမ္မာ …
ခက်ခဲမလား ကြမ်းတမ်းမလား ရေရာမှု မရှိတဲ့ ဘ၀ …
ဒုက္ခ သုခ ကြုံလာသမျှ အားလုံးကို ကျောမှာ လွယ်ပိုးဖို့ ဆုံးဖြတ်ပြီး …
ဖြောင့်ဖြူးမလား ကောက်ကွေ့မလား မသိနိုင်တဲ့ လမ်းပေါ်မှာ …
တလှမ်းချင်း လျှောက်ခဲ့ရတယ်။

အေးစက်တဲ့ ဒေသရဲ့ နွေးထွေးမှု ကင်းတဲ့ လူတွေအကြား …
ခါးသီးမှုများစွာ …
ရှုံးနိမ့်မှုများစွာ …
နာကျင်မှုများစွာ ကြုံတွေ့ခံစားရင်း
မတ်တပ်ရပ်လို့ လမ်းပေါ်မှာ ငိုခဲ့ရဖူးတယ်။

နေထွက်က နေ၀င်တဲ့အထိ
မြေပုံတချပ်နဲ့ လမ်းလျှောက်ရင်း
မျက်စိတွေမှောက်လို့
လမ်းတွေလဲ ပျောက်ခဲ့ရဖူးတယ် … ။

မပြုံးချင်ဘဲ ပြုံး …
မရယ်ချင်ဘဲ ရယ် …
နှုတ်မဆက်ချင်ဘဲ ဆက်
ထပ်ခါတလဲလဲ ကျေးဇူးစကားတွေ ဆိုပြီး
မုန်းတီးခဲ့ဖူးတဲ့ လောက၀တ်ကြီးကို မျက်နှာဖုံးတခုလို စွပ်ထားခဲ့ရတယ်။
(လောက၀ဋ်လိုပဲ)

မသိခြင်းတွေ …
မရှိခြင်းတွေ …
တဖြည်းဖြည်း များများလာတော့
ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်ချက်တွေ ကင်းမဲ့ခဲ့ရတယ်။
***
ဒီအချိန်ဆို … အိမ်ကို လွမ်းတယ် …
ဒီအချိန်ဆို … မိသားစုကို သတိရတယ် …
ဒီရက်ပိုင်း မက်တဲ့ အိပ်မက်တွေထဲမှာ …
… အဖေနဲ့ တွေ့တယ်၊
… အမေနဲ့ ဆုံတယ်၊
… မောင်နှမတွေနဲ့ ရေပက်မ၀င် စကားတွေ ပြောနေတယ်၊
တခါတုန်းက မိသားစု အတူနေခဲ့ကြဖူးတဲ့
တောရိုင်းလေးထဲက သစ်သားအိမ်ကလေးမှာ
ရယ်မောသံတွေ လွှမ်းနေသတဲ့ … ။

အိပ်ရာကနိုးတော့ မျက်ဝန်းတွေစိုစွတ်လို့ …
အဲဒီ ရယ်သံတွေကို လွမ်းရင်း မောနေမိတယ် … ။

လွမ်းတိုင်း ကောင်းကင်ကြီးကို မော့ကြည့်မိတယ်။
ကောင်းကင်ပြာပြာကြီးပေါ်မှာ …
... ဟိုးအမြင့်ကြီးထိ ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ မီးခိုးတန်း ဖြူဖြူတွေကို မြင်တိုင်း အိမ်ပြန်ချင်တယ်။
... လွတ်လပ်စွာ ပျံသန်းနေတဲ့ ငှက်ကလေးတွေကို မြင်တိုင်း အိမ်ပြန်ချင်တယ် … ။
***
သစ်ရွက်တွေ ကြွေနေကြတယ် … ။
တွယ်တာခဲ့တဲ့ သစ်ပင်ကြီးကို စွန့်ခွါပြီး
တွယ်ရာမဲ့စွာ ကြွေလွင့်လို့ပေါ့ … ။

လေဝှေ့လိုက်တိုင်း ရွက်ကြွေတွေက တလွင့်လွင့် …
ဟိုရောက် ဒီရောက် …
ကိုယ့်ဘ၀ရော ဘယ်ကိုလွင့်ရအုံးမလဲ … ဘယ်ကိုရောက်ရအုံးမလဲ။
မသေချာခြင်းတွေသာ သေချာနေတဲ့ဘ၀မှာ … ဖြစ်နိုင်ရင်တော့ အိမ်ကိုသာ ပြန်လွင့်ချင်ပါတော့တယ် … ။
***
မေဓာဝီ
၆၊ အောက်တိုဘာ၊ ၂၀၁၁
၀၀း၀၁ နာရီ
(ခွဲခွါခြင်း ၄ နှစ်ပြည့် အမှတ်တရ)

15 comments:

Nyi Linn Thit said...

ဆောင်းဦးရဲ့ ကဗျာဟာ ရင်ကို တည့်တည့်မှန်တယ် မမေရေ..၊ ဒီမှာလည်း သစ်ရွက်တွေ စ,ကြွေနေပြီ၊ ဒီလို မြင်ကွင်းမျိုးတွေ နှစ်တိုင်းမြင်တယ်၊ နှစ်တိုင်း လွမ်းတယ်၊ လူတွေ၊ လေတွေ၊ မိုးတွေ၊ နှင်းတွေ အားလုံး အေးစက်နေကြတဲ့ နေရာမှာ မမေလည်း ဘာလိုလိုနဲ့ ၄ နှစ်တောင် တိုင်ခဲ့ပြီနော်..၊ အလွမ်းတွေ ကျိတ်မှိတ် မျိုချပြီး ဒီအထိ လျှောက်လာခဲ့၊ လျှောက်နေခဲ့တဲ့ လမ်းကလေးကို အဆုံးထိ ဆက်လျှောက် နိုင်ပါစေဗျာ...။

ကိုကိုမောင်(ပန်းရနံ့) said...

စာဖတ်ပြီး လွမ်းချင်သလိုလို ရှိပေမဲ့ စာကြောင်းတွေ အတိုင်း ကျို့ တဲ့ ကျဲတဲဘဲ လွမ်းသွားတယ်။း)

ခင်မင်လျှက်

sosegado said...

တစ်ခါတစ်လေ ဘာရယ်မှန်းမသိ
အိမ်ကို သတိရလွမ်းမိ၊
ဒီနေရာမှာ ပေးစရာတွေရှိနေလို့
ဒီနေရာမှာ ရစရာတွေရှိနေလို့
ဘဝဘဝ တွေက အကြွေးတွေ……….
စိတ်ထဲမှာမှတ်ရင်း……………
အချိန်နဲ့ကုစားလိုက်ရပါသည်။

Anonymous said...

မမေဓါ ရေ

အလွမ်းတွေကို နားလည် ခံစားပေးနိုင်ပါတယ် အမြန်ဆုံး အိမ်အလွမ်းလေး ပြေပါစေလို့ ဆုတောင်းပေးပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

san htun said...

မမမေရေ စန်းထွန်းအတွက် ပထမဆုံးဆောင်းဦးဆိုတော့ အရမ်းလှနေတာပေါ့...အိမ်ကို လွမ်းနေတာ..မမမေ ပို့ စ်ကို ဖတ်ပြီးတော့ ပိုလို့  လွမ်းသွားပြီ...

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်မမရေ ဆောင်းအဝင် ရော်ဝါရွက်တွေနဲ့ အရာရာ လွမ်းမောစ၇ာ အပြည့်မို့ အိမ်ဝေးသူတွေအဖို့ လွမ်းရတာ ရင်နဲ့အပြည့်ပါပဲမမ ...
ခံစားအားပေးလျှက်ပါလို့..

seesein said...

သစ်ရွက်တွေ ကြွေရင်တော့ လွမ်းတာကြီးပ.
ဘယ်သူ့ကိုလွမ်း ဘယ်စီကိုမျှော်မှန်းပြီး လွမ်းရမှန်းတော့ မသိဘူး ကြီးမေရေ..
ရယ်မောသံတွေလွှမ်းပြီး
အလွမ်းမြန်မြန်ပြေပါစေကြီးမေ...

ခင်မင်တဲ့
စစ

mstint said...

နွေးထွေးတဲ့ရင်ခွင်နဲ့ဝေးကွာနေသူတို့ရဲ့ တူညီတဲ့ခံစားချက်လေးတွေပေါ့ မေဓာဝီရေ။ သစ်ရွက်တွေကြွေတဲ့အခါလွမ်းတတ်သလို မိုးစက်သံတွေ တစ်ဖြောက်ဖြောက် ကြားရတဲ့အခါလည်းလွမ်းနေအုံးမှာပဲလေ။
အလွမ်းတွေနဲ့စပြီး ကြည်နူးမှုများနဲ့ အမြန်ဆုံး အဆုံးသတ်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

T T Sweet said...

တစ်ခါတစ်ရံ အရမ်းလွမ်းတယ်.။ ရာသီဥတုတွေ ပန်းလေးတွေ၊ သစ်ရွက် သစ်ပင်တွေက လွမ်းအောင် ဖန်စေတယ်။ တို့တော့ လွမ်းရင် ယူကျူ့ကနေ သီချင်းတွေ လျှောက်နားထောင်တာပဲ။ တစ်ခါတစ်ခါ သီချင်းတွေကပဲ ပိုလို့တောင် လွမ်းစေတယ်။

မြစ်ကျိုးအင်း said...

ကျနော်ဆို ၅ နှစ်ရှိခဲ့ပြီ။ ထွက်ခွာစဉ်က အဖြစ်အပျက် အသေးစိတ်လေးတွေ ခုထိ မှတ်မိနေသေးတယ်။ မဝေးတော့တဲ့တနေ့မှာ ကိုယ့်ဆန္ဒတွေကို အချိုးကျကျလေး လက်သင့်ခံရင်း ပြန်ဆုံချိန်ကို ဖန်တီးရအုံးမယ်။ လိုအင်တွေများနေသ၍ ထပ်ဝေးနေရအုံးမှာပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွဲခွာခဲ့ရတဲ့ ဒီနေရာလေးကလည်း မမေကို လွမ်းနေရောပေါ့နော်။
ကျွန်မလည်း အိမ်ကနေ ၁၁နှစ်သမီးအရွယ်ကတည်းက ခွဲပြီး ကျောင်းတက်ဖို့ ထွက်ခဲ့ရတာ ခုချိန်ကျတော့ အလုပ်နဲ့မို့ အိမ်ကို တခါတလေမှ ပြန်ရတဲ့ဘဝ ဖြစ်နေတယ်။
ခွဲခွာခြင်းနဲ့ နှစ်ရှည်လများ အပေါင်းအသင်းဖြစ်နေလိုက်တာ ကိုယ့်ကိုယ်ကိုတောင် အိမ်ရဲ့ ဧည့်သည်လို့ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ရတယ်။

မဒမ်ကိုး said...

တောင့်ထားပါမမမေ ..လူဘ၀ကတော့ဒီလိုပဲသွားနေရဦးမှာပဲမို့လေ
ခင်တဲ့

မဒိုးကန်

အိမ့်ချမ်းမြေ့ said...

လေးနှစ်တောင် ရှိပြီနော်.. မမေရေ..

သီချင်းနားထောင်အပြီး.......

အားးးးးးးး လို့ ရင်ထဲက အကျယ်ကြီး အော်ပစ်လိုက်တယ်..

မလေး အနှစ်၂၀ နားကပ်လာပြီ မမေရယ်..
မလေးတို့ အပြင်တွေမှာ.. ဘာလုပ်နေကြတာလဲဟင်..

မခံစားနိုင်တော့ဘူး...

ချစ်တဲ့..
မလေး

sonata-cantata said...

အား...မခံစားနိုင်တော့ဘူး
ခြေဦးတည့်ရာ လျှောက်သွားပစ်လိုက်မှာနော်
ဒီက စိတ်ကြီးတယ်။
နောက်ဆုံးတော့လည်း... အစွဲတွေ အစွဲတွေ ပါပဲ မမေရယ်...
ဟုတ်တယ်လေ...အစွဲတွေ...ကိုယ်မှ မစွဲရင် ဘယ်သူ စွဲမလဲ...

လစ်ပြီ..မမေရေ
းP

Anonymous said...

ထွက်ခဲ့ တာ ၂၀၀၇ အောက်တိုဘာ ၁၇...

တစ်လတည်းပါလား

သတိရတိုင်း......