စီးဆင်းခဲ့တယ် …
ဘယ်သောင်မှ မရပ်
ဘယ်ကမ်းစပ်မှ မခို
ရာဇ၀င်တွေကို ထမ်းလို့
ကမ်းများစွာ ဖြတ်သန်းရင်း
သူ … စီးဆင်းခဲ့တယ်။
စီးဆင်းနေဆဲ …
သောင်ပဲထွန်းထွန်း ကျွန်းပဲခံခံ
လေထန်ထန် မိုးသည်းသည်း
နှင်းဖွဲဖွဲ နေသာသာ
ဘယ်အခါမှ ပြန်မလှည့်ဘဲ
သူ … စီးဆင်းနေဆဲ … ။
စီးဆင်းပါစေ …
အညာမှ အကြေ
ပြေမြန်မာ တ၀ှမ်း
သူထွင်တဲ့ လမ်းပေါ်မှာ
ငြိမ်းချမ်းစွာ
လွတ်လပ်စွာ
ထာဝစဉ် စီးဆင်းနိုင်ပါစေ … ။ … ။
***
မေဓာဝီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၁
၂၂း၁၉ နာရီ
ပထမပို့စ်ကို ၂၃ရက်နေ့ အမီ မတင်ဖြစ်မှာစိုးလို့ သုံးကြောင်းလေးပဲ ရေးပြီး မနက် ၄ နာရီ အိပ်ရာကအနိုး ကျောင်းမသွားခင် တင်ထားလိုက်တယ်၊ တကယ်က အရှည်ရေးဖို့ စိတ်ကူးထားပြီးသားမို့ ကျောင်းကပြန်ရောက်လို့ ကိစ္စ၀ိစ္စတွေ အားလုံး အပြီးမှာ ကဗျာလေးကို ဆက်ရေးဖြစ်တယ်။ ပြီးတော့ အမှတ်တရဖြစ်အောင် အသံပါ သွင်းလိုက်ပါတယ်။ လည်ချောင်းနာ ချောင်းဆိုး တ၀က်တပျက် နှာခေါင်းပိတ်နေတဲ့ အသံနဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကနေ့အတွက် အမှတ်တရလေးပေါ့ ... ကြားချင်ရင် နားဆင်ကြည့်နိုင်ပါတယ်။ အားလုံးကို အားနာစွာ ကျေးဇူးတင်ပါတယ် ... ။