Tuesday, October 11, 2011

ဝါကျွတ် ကန်တော့ပန်း ...

တိုးတက်လာတဲ့ နည်းပညာတွေရဲ့ အစွမ်းကြောင့် ... ကမ္ဘာတဘက်ခြမ်းစီမှာနေကြတဲ့ မိသားစုတွေ စုံစုံညီညီ စကားစမြည် ပြောနိုင်ခဲ့တယ်။ မိဘနှစ်ပါးရဲ့ ဆိုဆုံးမစကားတွေ ကြားနိုင်ခဲ့တယ်။

တခါတလေ အမေ့ရဲ့ ဆုံးမသံတွေ ... တခါတလေ အဖေ့ရဲ့ တရားသံတွေ ... နားထောင်ရသလို ... တခါတလေတော့လဲ ... ကလေးတယောက်လို အဖေ့ကို ချွဲလို့ ... အကဲပိုရန်ကောလို့ အများကပြောတာ ခံခဲ့ရသေးတယ်။

ဘာဖြစ်သေးလဲ ... ကိုယ်လဲလေ လောကီသားပေပဲ၊ ချွဲချင်လဲ ချွဲမယ် ... သဲချင်လဲ သဲမယ် ... အကဲပိုချင်လဲ ပိုမှာပေါ့ ... ချစ်တော့လဲ ဒီလိုပဲ မဟုတ်လား။

အမေ့အရယ် အဖေ့အပြုံး


"သမီးလေး" ... ဆိုတဲ့ အဖေ့ရဲ့ ခေါ်သံက ရင်ကိုအမြဲ နွေးထွေးစေတယ်။

"ကလေးလေးတွေ ရယ်နေတာမြင်တော့ သမီးလေး ငယ်ငယ်ကလိုပဲမို့ သမီးလေးကို သတိရပြီး သမီးလေး ... လို့တောင် အဖေက ခေါ်မိသွားသေးတယ်" ... တဲ့။ အဖေက အဲဒီလိုပြောတော့ ကျေနပ်ပီတိ ဖြစ်လိုက်ရတာ။ ချစ်တတ်လွန်းတဲ့ အဖေ့ကိုလဲ ပိုလို့ ပိုလို့ တိုးပြီး ချစ်မိသွားသေး ... ။ အနားမှာရှိရင် အဖေ့ရင်ခွင်ထဲဝင်ပြီး အဖေ့လည်ပင်းကို ယီးလေးခိုပြီး အဖေ့ပါးပြင်ကို မွှေးချင်သေးတယ်။

အဖေရယ် ... အမေရယ် ... အမနှစ်ယောက်နဲ့ မောင်လေးရယ် ... ဘယ်တော့တူတူ ပေါင်းစုနေကြရမလဲလို့ တွေးပြီး တခါတခါတော့လဲ ၀မ်းနည်းမိပါတယ်။ ဒါပေမဲ့လဲ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ... လာချင်ရင် အနီးလေး ... တွေ့ချင်ရင် အလွယ်လေး ... စကားပြောချင်သလား ... အနားမှာရှိသလို အရုပ်ရော အသံပါ ကြားနိုင်သေးတာပဲ ... ။ ၀မ်းနည်းစရာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းမိတယ်။

ဒီနေ့ ...
သီတင်းကျွတ်လပြည့်နေ့ ... ။
skype ကို ၀င်ပြီး အဖေနဲ့အမေ အမကြီးနဲ့ စကားပြောတယ်။ အဖေနဲ့အမေကို ၀က်ဘ်ကမ်ကနေ ကြည့်ပြီး ဦးသုံးကြိမ်ချ ရှိခိုးကန်တော့တယ်။

"အဖေနဲ့ အမေကို ကာယကံ ၀စီကံ မနောကံနဲ့ ပစ်မှားကျူးလွန်ခဲ့ရင် ခွင့်လွှတ်ဖို့ ၀န်ချတောင်းပန်ပါတယ်" ... လို့ ပြောပြီး ကန်တော့တော့ အဖေနဲ့ အမေက ခွင့်လွှတ်ပါတယ် ... လို့ ပြိုင်တူပြောပြီး ဆုတွေ အသီးသီးပေးကြတယ်။ ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်မိတယ်။ မိဘနှစ်ပါးရဲ့ ကျေးဇူးတရားက ဆပ်လို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ငယ်ငယ်ကတည်းကနေ ခုချိန်ထိ အတတ်ပညာ၊ အသိပညာ၊ ကျန်းမာရေး၊ ဘာသာရေး ... အားလုံးအားလုံး အများထက်ပိုပြီး ထူးကဲဖြည့်ဆည်းပေးခဲ့လို့ ခုလို နေနိုင်ခဲ့တာပါ။ ဒါကြောင့်လဲ အဖေနဲ့ အမေရဲ့ သမီးဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိတယ်။ ကိုယ့်အဖေ ကိုယ့်အမေကြောင့် မျက်နှာငယ်ရတာမျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး။ ကျေးဇူးကြီးလှပါတယ် အဖေနဲ့ အမေ ... ။ နောက်ဘ၀တွေဖြစ်ခဲ့ရင်လဲ ဒီမိဘနှစ်ပါးရဲ့ ရင်မှာသာ ခိုလှုံပါရစေ ... ။
***
MDW
3.10.09
17:10 pm
***
လွန်ခဲ့တဲ့ ၂ နှစ်က ရေးထားပြီး ဒီဘလော့မှာ မတင်ခဲ့သေးတဲ့ စာတပုဒ်ပါ။ နက်ဖြန်မှ သီတင်းကျွတ် လပြည့်နေ့ကို ရောက်မှာ ဖြစ်ပေမဲ့ နက်ဖြန် ကျောင်းသွားရမှာမို့ ဒီနေ့ပဲ အမေနဲ့ အဖေကို skype ကနေ ကန်တော့လိုက်တယ်။ စကားပြောခွင့် ကန်တော့ခွင့်ရအောင် ဖုန်းဆက်ခေါ်ပေးတဲ့ အရီးလေး (စစ) ကိုလဲ ကျေးဇူးတင်ပါတယ်။ စာအသစ် တပုဒ် ရေးပြီး တင်မယ် စိတ်ကူးနဲ့ ကြိုးစားရေးနေပေမဲ့ ပျက်နေတဲ့ မုဒ်ကို ပြင်မရတာကြောင့် စာတပုဒ် ဖြစ်မလာလို့ ရေးပြီးသား စာအဟောင်းလေးပဲ ပြန်ရှာတင်လိုက်တာပါ။ ဒီဘလော့မှာ မတင်ရသေးတော့ အသစ်ပဲ ဆိုပါတော့။ ဓာတ်ပုံကလဲ အဲဒီတုန်းက ၀က်ဘ်ကမ်ကတဆင့် လှမ်းရိုက်လိုက်တဲ့ ပုံတွေပါ။ ဒီနှစ်တော့ မရိုက်ဖြစ်လိုက်ဘူး။ တကယ်တမ်း အမေနဲ့ အဖေကို ကိုယ်တိုင် ကိုယ်ကျ ထိခြင်းငါးပါးနဲ့ ရှိခိုးဦးချ ကန်တော့ချင်ပေမဲ့ ရသေ့စိတ်ဖြေ ၀က်ဘ်ကမ်ကတဆင့်ပဲ ကန်တော့လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ကန်တော့ခွင့်ရတာကိုပဲ ကျေနပ်မိပါတယ်လေ ... ။
***
မေဓာဝီ
၁၁၊ ၁၀၊ ၁၁
၁၇း၂၆ နာရီ
***
သင်ဆရာ မြင်ဆရာ ကြားဆရာ များနှင့်တကွ အသက်တရက် တမနက်ကြီးသူများ၊ ကာယကံ ၀စီကံ မနောကံဖြင့် ပစ်မှားမိသူများ အားလုံးကို ဒီနေရာမှ ကန်တော့လိုက်ပါတယ်။

14 comments:

Nyi Linn Thit said...

မမေက မိဘကျေးဇူးကို အမြဲသတိရနေ တတ်တဲ့ သမီး မိန်းကလေး ဖြစ်မယ် ထင်တယ်နော်၊ အခုလို သီတင်းကျွတ်မှာ ဝေးနေပေမယ့် skype ကနေ မိဘကို ကန်တော့ခွင့် ရတယ် ကြားရလို့ တကယ်ပဲ ဝမ်းသာမိတယ်၊ မမေရဲ့ အမေရယ်နေတဲ့ ပုံက ကြည်လင်လိုက်တာ..၊ အဖေရဲ့ အပြုံးမှာတော့ သမီးအပေါ် ချစ်ခင်၊ ယုံကြည်တဲ့ အရိပ်တွေ တွေ့နေရတယ်..၊ မမေချစ်သော မိဘတွေ၊ မောင်နှမတွေနဲ့ အတူ မခွဲမကွာ ကျန်းမာချမ်းသာစွာ အမြန်ဆုံး နေနိုင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ...။

မဒမ်ကိုး said...

ဟုတ်တယ်မမမေရေ ဒိုးကန်လဲ ကန်တော့ရဦးမယ် ဒီနေ့မှကန်တော့မယ်လို့တွေးထားတာ ..
ဘာပဲပြောပြော အဲလိုယဉ်ကျေးမှု့တွေမပျောက်ကွယ်သေးတာကို ညီမတို့ လူကြီးမိဘတွေကို ကျေးဇူးတင်ရမယ်နော်

ခင်တဲ့
မဒိုးကန်

san htun said...

မမေ ပို့ စ်ကို ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်..စန်းထွန်းလည်း ဘဝတူ...

နေ၀သန် said...

ကြည်နူးမိတယ်ဗျာ... စာလေးကိုဖတ်ရင်း... မြန်မာ့ရိုးရာဓလေ့.. ဘာသာဓလေ့ကို ခံစားမိရင်း...

ခင်မင်လျက်
နေ၀သန်

Anonymous said...

စာနာစိတ်နဲ့ သာဓုခေါ်ပါတယ် ခင်ဗျ။

seesein said...

ကြီးမေ
ကမ္ဘာကြီးက ကျဉ်းလွန်းပါတယ်နော
ကန်တော့လိုက်ရတယ်ဆိုလို့ဝမ်းသာပါ၏။။။
ကြီးမေတို့ မောင်နှမတတွေ ကျန်းမာစွာနဲ့အတူတကွ နေခွင့်ရပါစေ...

မေတ္တာဖြင့်
အရီးလေး

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစရာလေးမမရယ်...skype ကနေ ကန်တော့ခွင့်ရတာလဲ မဆိုးပါဘူး... ညီမလေးတော့ ရည်မှန်းပြိးပဲ ကန်တော့လိုက်ရတယ် :(
ကောင်းသောနေ့လေး ဖြစ်ပါစေမမရေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ
ကျွန်မတို့အတွက်လည်း သီတင်းကျွတ်ဆိုတာ မိသားစုအတွင်း အမှတ်တရနေ့ပါဘဲ
မိဘတွေကို ပစ္စည်းတွေ ဝတ္ထုတွေတွေနဲ့ နှစ်စဉ်နှစ်တိုင်း ကန်တော့ဖြစ်ပါတယ်။
မောင်နှမ မစုံရင်တောင် ရှိတဲ့သူတွေက ကန်တော့ကြပါတယ် ကျွန်မတော့ အဝေးကနေ ရည်မှန်းပြီး ကန်တော့လိုက်ရတာပေါ့နော်.
ဒီအချိန်ဆို ၇ွာမှာသိပ်စည်နေပြီ။
တစ်ရွာနဲ့တစ်ရွာ တစ်မြို့နဲ့တစ်မြို့ ဘုန်းကြီးကန်တော့ လှည့်လှည်ကြတယ်
လာသမျှလူကို ထမင်းကျွေးတယ်
အုန်းအုန်းကျွတ်ကျွတ်စည်ကားတဲ့အချိန်ပေါ့
မိဘတွေနဲ့ ရွာကို လွမ်းမိတယ်

မိုးယံ said...

သီတင်းကျွတ်မှာ ဒေါ်လေးမေကို လာကန်တာ့ တာပါ။ ဘလော့ဂ်တစ်ခွင် ကျင်လည်ရင်း အစ်မကို ပြောမှားဆိုမှားများ ရှိခဲ့ပါက ခွှင့်လွတ်ပေးပါ။

ဆုံးမစကား နည်းနည်းပြောပြီး။ မုန့်ဖိုးများများပေးပါ။

သက်ဝေ said...

ဘယ်လောက် အဝေးကပဲ ဖြစ်ပစေ ကျန်းမာ ရွှင်လန်းနေတဲ့ မိဘနှစ်ပါးကို ကြည်ကြည်နူးနူး ကန်တော့ခွင့်ရတာ မင်္ဂလာတပါးပါပဲ မေ...

အမကတော့ ဒီနှစ် ဖေဖေနဲ့ မေမေ ကိုယ့်အနားမှာ ရှိနေလို့ ကိုယ်ထိလက်ရောက် ကန်တော့ခွင့် ရလိုက်လို့ ဝမ်းသာမိသလို တနှစ်ထက်တနှစ် အသက်ပိုကြီးလာတဲ့ ဖေဖေနဲ့ မေမေကိုကြည့်ရင်း ဝမ်းနည်းနေပြန်တယ်...

မြစ်ကျိုးအင်း said...

မေမေနဲ့က ဗီဒီယိုချက်နဲ့ တွေ့ဖြစ်ပေမယ့် ဖေဖေနဲ့က ခုထိ မတွေ့ဖြစ်သေးဘူး။

ပြန်ဆုံချိန်မှပဲ အားရပါးရ ပွေ့ဖက်မယ်လို့ စိတ်ထဲ အခါခါတွေးထားမိတယ်။

တောက်ပကြယ်စင် said...

ကြီးမေရဲ့ မိဘနှစ်ပါးကို မြင်ဖူးသွားပြီ ကျေးဇူးပါ။ "လာချင်ရင် အနီးလေးဆက်ဆက် ကြိုမယ်ရှင်၊ မလာချင်ရင် ခရီးဝေးသက်သက် ညိုတယ်ထင်" အယ်လ်ဆိုင်းဇီရဲ့ သီချင်းကို ဆိုပြတာနော်။ မရှိတော့ပြီဖြစ်တဲ့ မိဘနှစ်ပါးကိုတောင် သတိရသွားပြီ။

Anonymous said...

ထပ်တူထပ်မျှဝမ်းသာကြည်နှုးမိပါကြောင်းး)

မောင်ဘကြိုင်

Anonymous said...

Good blog you have here.. It's hard to find quality
writing like yours nowadays. I seriously appreciate people like you!
Take care!!

Also visit my web blog