Saturday, October 22, 2011

အားရနေလို့ ... အားကျစေဖို့ ... (အပိုင်း ၃)

အပိုင်း ၂ တင်ပြီး တလလောက်ကြာမှ အပိုင်း ၃ တင်တဲ့စခန်း ရောက်ပါတော့တယ်။ အပိုင်း ၃ ကို နောက်ဆုံးအပိုင်း အနေနဲ့ တင်ချင်တာမို့ နည်းနည်းတော့ ရှည်သွားပါတယ်။ ဒါတောင် တော်တော်များများ ချုံ့ပစ်ထားရတာပါ။ ပို့စ်က ရှည်နေတာကြောင့် အချိန်ပေးပြီး လာဖတ်သူတွေကို အားလဲနာပါတယ်။ ဖတ်ရတာ မငြီးငွေ့ဘူးလို့လဲ မျှော်လင့်ပါတယ်။
***
(အပိုင်း ၂ မှ အဆက်)

မေ - ဘာသာရေးနဲ့ ပတ်သက်လို့ ပြည့်ပြည့်ရဲ့ ခံယူချက်နဲ့ ငယ်စဉ်ကနေ ခုချိန်ထိ အမြင်ပြောင်းလဲ လာပုံ အကျဉ်းကို ပြောပြပါအုံး။
ပြည့် - ၂၀၀၄ ခုနှစ်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်ကို စတက်ပြီး ၂၀၀၅ ခုနှစ်လောက်မှာ ဆရာတော် ဦးဓမ္မသာမိကို လျှောက်ဖြစ်တယ်၊ တပည့်တော် အခုချိန်မှာ အကောင်းဆုံး တက္ကသိုလ်မှာ ၀င်ပြီးပြီ၊ အဖေတို့ကလဲ စီးပွါးရေး တော်တော်လေးကို အဆင်ပြေနေတယ်။ ဒါပေမဲ့ အတက်ရှိရင် အကျရှိမှာပဲ ဆိုတဲ့အသိဖြစ်ပေါ်လာခဲ့တယ် … လောကဓံပေါ့လေ … အဲဒါကို ခံနိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး လျှောက်ဖူးတယ်။ ဆရာတော်က တရားထိုင်ခိုင်းတာနဲ့ တပတ်တရက် တောက်လျှောက်ထိုင်ဖြစ်တယ်။ အဲဒါကြောင့် ပထမဆုံး တရားထိုင်ဖြစ်တာက အကောင်းအဆိုး လောကဓံကို ခံနိုင်ရည်ရှိအောင်ပါ။

အဲဒီနွေမှာပဲ မေမေက ကင်ဆာဖြစ်ပြီး ကုတော့ အဆင့်က လွန်နေပြီ၊ ၂၀၀၆ မှာ မေမေဆုံးပြီးတော့ ၂၀၀၇ မှာ ဖေဖေနဲ့ အစ်မက သဲအင်းဂူမှာ တရားစခန်းဝင်ကြတယ်၊ အဲဒီတုန်းကတော့ သမီးက တရားစခန်း မ၀င်သေးဘူး။ မေမေဆုံးတော့ သမီးရဲ့ ၀မ်းနည်းမှုကို ပြတာက တခြားသူတွေနဲ့မတူဘူး၊ တခြားသူတွေလို ထိုင်ငိုမနေဘူး။ သမီးရဲ့ ဝမ်းနည်းမှုကို ကိုယ်သွားချင်တာသွား လုပ်ချင်တာလုပ်ပြီး ဖုံးကွယ်ခဲ့တာပေါ့၊ အဲဒီတုန်းက တော်တော်လေးကို ဆိုးလိုက်သေးတယ်။ ဒေါသတွေကြီးပြီး ရှိသမျှ လူတွေနဲ့ ရန်ဖြစ်တယ်။ နောက်တော့မှ မဖြစ်ဘူး တရားထိုင်မှပဲ ဆိုပြီး ၂၀၀၇ သင်္ကြန်အပြီးမှာ အောင်လံ သဲအင်းဂူဆရာတော်ရဲ့ တရားစခန်းဝင်တယ်။ အဲဒီတုန်းက ဆရာတော်ဟောတဲ့ တရားတွေထဲမှာ တရားထိုင်တယ်ဆိုတာ သေတတ်အောင် လေ့ကျင့်ပေးတာတဲ့။ အဲဒီအခါကျတော့ တရားထိုင်တဲ့ ရည်ရွယ်ချက်က ပြောင်းသွားပြန်ရော၊ လောကဓံကနေ သေတတ်အောင် လေ့ကျင့်တဲ့ဆီ ရောက်သွားတယ်။


သီလရှင် ၀တ်ခဲ့စဉ်တုန်းက

၂၀၀၈ မှာ သီလရှင်ဝတ်တော့ အမြင် ထပ်ပြောင်းသွားပြန်တယ်၊ နိဗ္ဗာန်ရောက်ချင်တာပေါ့၊ ဗြဟ္မာ့ပြည်မှာတောင် ဒုက္ခရှိတယ်ဆိုတော့ ဒုက္ခအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်အောင် တရားထိုင်ရမယ် ဆိုတဲ့အသိဖြစ်လာခဲ့တယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းလောက် အင်္ဂလန် ပြန်ရောက်တာတောင် အချိန်တော်တော်များများ တရားထိုင်ဖြစ်တယ်။ တနေ့ နှစ်ကြိမ်လောက် အချိန်အကြာကြီး တရားထိုင် ဖြစ်တာပေါ့။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ တရားအလုပ်ပဲ လုပ်ချင်နေခဲ့ တော့တာ။ ဒါပေမယ့် လူ့လောကထဲမှာပဲနေ နေတုန်းဆိုတော့ တရားဘက်ကိုပဲ လိုက်စားနေလို့ မရတဲ့အခြေအနေမျိုးတွေ ဖြစ်လာခဲ့တယ်။

နောက်တော့ ဗုဒ္ဓဘာသာအကြောင်းကို လေ့လာမယ်ဆိုပြီး ကျောင်းပြန်တက်တယ်။ သမီးရဲ့ SOASက ဆရာမလဲ တော်တော်လေး ကျေးဇူးကြီးပါတယ်၊ ပရိယတ်ဘက်ကနေ လောကဓမ္မ နှစ်ခုလုံး မြင်နိုင်အောင် သင်ပေးတယ်။ အခုတော့ ဆရာတော် ဦးဓမ္မသာမိ အပါအ၀င် ဆရာတော်ကြီးတွေ ဟောပြော ဆုံးမကြသလို လောက ဓမ္မ နှစ်ခုလုံး မျှအောင် ကြည့်ဖို့နဲ့ အသေတတ် အနေတတ်ဖို့ တရားအားထုတ်ဖြစ်ပါတယ်။

မေ - MA အတွက် dissertation က ဘာခေါင်းစဉ် လုပ်ရတာလဲ။ စာလုံးရေ ဘယ်လောက်ရေးရလဲ။
ပြည့် - စီးပွါးရေးသမားကောင်း နှင့်/သို့မဟုတ် ဗုဒ္ဓဘာသာကောင်းတယောက်။ ခေတ်သစ်မြန်မာနိုင်ငံ၏ စီးပွါးရေး အလေ့အကျင့် ထုံးစံများကို သမ္မာအာဇီဝ ရှုထောင့်ဖြင့် လေ့လာခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ။ အဲဒါ စာလုံးရေ တသောင်း သတ်မှတ်ထားတယ်။ သမီးကတော့ နှစ်ထောင်ပိုသွားလို့ ၁၂၀၀၀ ဖြစ်သွားတယ်။

မေ - အဲဒါကို မြန်မာပြည်မှာ ပြန်ပြီးလုပ်ခဲ့တာလား။
ပြည့် - ဟုတ်တယ်အမ၊ မြန်မာပြည်မှာ ပြီးခဲ့တဲ့နှစ်က ဇွန် က သြဂုတ်အထိ အင်တာဗျူးမေးခွန်းတွေ လုပ်တယ်။ ဖေဖေ့စီးပွါးရေးကို အဓိကပေါ့။ နောက်ပြီး တခြား ပြည်၊ သုံးဆယ်နဲ့ ရန်ကုန်မှာရှိတဲ့ ကုန်သည်တွေကိုလဲ အင်တာဗျူးလုပ်တယ်။ ကုန်သည်တွေအပြင် နှစ်လုံးထီရောင်းတဲ့ အကိုကြီးတယောက်လဲ ပါသေးတယ်။ နောက်ပြီး မိုးဝင်းဇာတ်မှာ ဦးမိုးဝင်းတို့ တင်ဇာမိုးဝင်းတို့ကိုလဲ အင်တာဗျူးခဲ့တယ်။ နောက်ပြီး ဟိုတယ်မန်နေဂျာတယောက်ကို ဗျူးတယ်၊ အဲဒီလိုမျိုးပေါ့ အင်တာဗျူးတာ (၄၅) ယောက်လောက်ရှိမယ်။


(၁) မြန်မာပြည်မှာ fields work ဆင်းစဉ် မယ်နုအုတ်ကျောင်း၌ (၂) သံဃာတော်များအား ဆွမ်းလောင်းနေစဉ်

မေ - ပြည့်ပြည့် အဲဒီလို အင်တာဗျူးတော့ ဘယ်လိုမြင်လဲ၊ ယေဘုယျအားဖြင့်ပေါ့ သမ္မာအာဇီဝနဲ့ ညီတယ် မြင်လား မညီဘူးမြင်လား။
ပြည့် - များသောအားဖြင့် မညီဘူးလို့ပဲ ပြောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ခိုးတာ ဘာညာတွေလဲ ရှိချင် ရှိမှာပေါ့။ တချို့ကလဲ ညီတယ်လို့ ပြောကြတာပါပဲ။ ဒါပေမဲ့ သမီးကတော့ ညီတယ် မညီဘူးဆိုတာ စကော်လာတယောက် အနေနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတော့ သူတို့ပြောသလိုပဲ ရေးရတာပေါ့။

သမ္မာအာဇီဝနဲ့ ညီတယ် မညီဘူးဆိုတာထက် မြန်မာပြည်ကလူတွေက များသောအားဖြင့် စေတနာကို ဦးစားပေးတာပါပဲ။ နှစ်လုံးထီနဲ့ ဇာတ်ပွဲကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ နှစ်လုံးထီ သမားဆိုရင် သမ္မာအာဇီဝမကျဘူးလို့ အားလုံးက ပြောကြတာပဲ။ သမီးမေးတဲ့ အကိုကြီးကတော့ သူ အဲဒီအလုပ် လုပ်လာတာ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ် ၀န်းကျင်လောက်ရှိပြီ။ သူက မနက်ဆိုရင် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ တရားထိုင်၊ ရပ်ကွက်ထဲမှာလဲ အပတ်စဉ်ဆွမ်းလောင်းတဲ့ အသင်းမှာ သူက ခေါင်းဆောင်၊ သွေးလှူတာတို့ ဘာတို့လိုမျိုး လူမှုရေးတွေလဲ လုပ်တယ်၊ နောက်ပြီး သူက နေ့တိုင်း တခုခု လှူတယ်၊ ပန်းရောင်းတဲ့သူတွေ မသန်မစွမ်းသူတွေကို လှူတယ်။ ဘာလို့ ပြန်လှူလဲ မေးတော့ သူတို့ ချွေးနည်းစာလေးနဲ့ နှစ်လုံးထီလာထိုးကြတာဆိုတော့ သူက အမြတ်ကြီးစားသလို မဖြစ်ရအောင် တတ်နိုင်သလောက် ပြန်လှူတာလို့ ပြောတယ်။ အဲဒါကြောင့်လားတော့ မသိဘူး သူက နှစ်လုံးထီသာ ရောင်းတယ် သူ့ဟာနဲ့သူ လည်ပတ်နေတာပဲ။ ဆိုလိုချင်တာကတော့ စိတ်ထားကောင်းတယ်ပေါ့နော်။

ဇာတ်ပွဲလဲ အဲဒီလိုပဲ၊ အဘိဓမ္မာရှုထောင့်က ကြည့်ရင်တော့ တဏှာကို ပွါးစေတတ်တယ်ပေါ့။ သမ္မာအာဇီဝ ရှုထောင့်က ကြည့်ရင်တော့ သမ္မာအာဇီဝ ကျတယ်လို့ ပြောရင်လဲ ရပါတယ်။ ကိုယ့်ခွန်အားနဲ့ ရိုးသားစွာ အသက်မွေးကြတာပဲ။ ဦးမိုးဝင်းကလဲ ခုချိန်မှာ ဆရာကောင်းတွေနဲ့ တွေ့ပြီး တရားထိုင်တာတွေ ဘာတွေလုပ်နေပြီ။

နောက်ဆုံး conclusion ချရရင်တော့ မြန်မာဗုဒ္ဓဘာသာ တော်တော်များများက ဗုဒ္ဓတရားတော်ကို ဖြေဆေးအနေနဲ့ သုံးကြတာများတယ်။ ကောင်းတဲ့ဘက်က ပြန်တွေးပြီး ဖြေကြတာပဲ၊ နှစ်လုံးထီ သမားဆိုလဲ နှစ်လုံးထီရောင်းပေမဲ့ ကောင်းတာတွေ ပြန်လုပ်တယ်။ အဲဒါကတော့ သဘောကျဖို့ ကောင်းပါတယ်။ သမ္မာအာဇီဝ ကျတာ မကျတာကတော့ စိတ်ထားပေါ် စေတနာပေါ် မူတည်တာပါပဲ။

မေ - အဲဒီခေါင်းစဉ်က ပြည့်ပြည့် ကိုယ့်ဟာကိုယ် ရွေးတာလား။
ပြည့် - ဟုတ်တယ်၊ ဟုတ်တယ်ဆိုတာကလဲ ဆရာတော် ဦးဓမ္မသာမိတို့နဲ့ စကားပြောရင်းဆိုရင်းနဲ့ အိုင်ဒီယာရလို့။ dissertation အတွက်က ၂ လ ၃ လ လောက်ကြိုပြီးခေါင်းစဉ်ပေးရတယ်။ အဲဒါမှ သူတို့က approve လုပ်တာ။

မေ - ဒီဘာသာရပ်လေ့လာရာမှာ အထောက်အကူ ဖြစ်စေဖို့ တခြား ဘာသင်တန်းတွေ တက်ခဲ့သေးလဲ။
ပြည့် - MA မစခင် ၂၀၀၉ သြဂုတ်လတုန်းက အောက်စ်ဖို့ဒ်မှာ ပရော်ဖက်ဆာ Gombrich နဲ့ ပါဠိ intensive course ၁၁ ရက် တက်လိုက်သေးတယ်။ SOAS မှာ MA တက်နေရင်းနဲ့လဲ ပါဠိကိုတွဲတက်ရတယ်။ basic နဲ့ intermediate ဆိုပြီးရှိတာ၊ သမီးက basic ယူထားတာပေါ့။

အခု PhD တက်တော့ Research နဲ့ ဆိုင်တဲ့ သင်တန်းတွေ တက်ရတယ်။ SOAS ကပဲ provide လုပ်ပေးတယ်။ အဲဒါကတော့ ပထမနှစ် PhD တိုင်း တက်ရတယ် မတက်မနေရပေါ့။ အင်တာဗျူး skill အတွက် သင်တဲ့ course တွေလဲ တက်ရသေးတယ်။

မေ - တခြားရော ဘာသာရေးဆိုင်ရာ ဘာသင်တန်းတွေ တက်ခဲ့သေးလဲ။
ပြည့် - အဘိဓမ္မာအခြေခံကို တိပိဋက ဆရာတော် ဦးဂန္ဓမာ ဒီမှာရှိတုန်းက သင်ဖူးတယ်။ နောက်ပြီး မြန်မာပြည်မှာတော့ ဆရာတော် ဦးတိလောကနဲ့ အဘိဓမ္မာ အခြေခံ သင်တယ်။ ပဋ္ဌာန်းကို အင်းစိန်ရွာမ ဆရာတော်ဆီမှာ (၃၄) ရက် တက်ခဲ့သေးတယ်။ အဆင့်မြင့် နွေရာသီ ယမိုက် ပဋ္ဌာန်းသင်တန်းပေါ့။ သမီးက ယမိုက်တော့ မတက်ခဲ့ဘူး၊ ပဋ္ဌာန်းပဲ တက်ခဲ့တာ။ အဲဒါက သံဃာတော်တွေနဲ့ ဆရာလေးတွေကို ပထမကြီးအတွက် ပြင်ဆင်ပေးတဲ့ သင်တန်းပေါ့။ အဲဒီမှာ ပဋ္ဌာန်းက တနေ့ကို တနာရီခွဲ စာဝါလိုက်ရတယ်။ နာရီဝက်ကို ဆရာတော်က အဘိဓမ္မာအခြေခံ သင်ပေးတယ်။ သမီးက သံဃာတော်တွေ စာဝါလိုက်နည်းမျိုး လိုက်ပေမဲ့ အတွေးအခေါ်နဲ့ သင်ပုံသင်နည်းကို ယူရတာပါပဲ။

မေ - ပဋ္ဌာန်းစာဝါလိုက်ရတာရော အခက်အခဲရှိလား။
ပြည့် - တချို့နေရာတွေတော့ သိပ်နားမလည်ဘူး။ ပစ္စည်းယှဉ်တာတွေ အရကောက်နဲ့ တွဲရတာတွေကတော့ ခက်ခဲတာပေါ့။ နောက်ပြီး ပါဠိသဒ္ဒါနဲ့ ယှဉ်ပြောတာမျိုးကျတော့ ကိုယ်ကပါဠိသင်ထားပေမဲ့ သဒ္ဒါကျတော့ မရဘူး။ အနောက်နိုင်ငံမှာ ပါဠိကိုသင်တာက အတိုနည်းနဲ့ သင်တာ၊ သဒ္ဒါက ကိုယ်သုံးရမယ့် သဒ္ဒါလောက်ပဲ။ အရှေ့မှာကတော့ သဒ္ဒါကျမ်းတွေကို ကျက်ရတယ် လမ်းရှည်နည်းပေါ့။

မေ - MA တက်တုန်းက စာမေးပွဲအတွက် ပြင်ဆင်ရတာ စာတမ်းရေးရတာတို့ stress များတာမျိုးတွေ ဖြစ်လား။
ပြည့် - ဖြစ်တယ် အမ၊ အောက်စ်ဖို့ဒ်တက္ကသိုလ် တက်တုန်းကတော့ psychologically stress များတာပေါ့။ ဒီတခါကတော့ စာကို enjoy ဖြစ်တော့ stress ဖြစ်တာမျိုးမဟုတ်ဘဲ physically tired ဖြစ်တယ်။ စာမေးပွဲအတွက် စာဖတ်ရရင် စိတ်ကပျော်တယ်။ ဒါပေမဲ့ ကြာလာတော့ လူက ဇက်ကြောတက်တာမျိုးလို ပင်ပန်းလာတာပေါ့။ dissertation လုပ်တော့လဲ အဲဒီလိုပဲ၊ အာရုံစိုက်ရေးရတော့ လူပင်ပန်းတာပေါ့။ နောက်ပြီးတော့ တယောက်ထဲ စာဖတ်၊ စာရေး ဆိုတော့ lonely လဲ ဖြစ်တယ်။

ဆရာတော်ဦးဓမ္မသာမိက ပညာရေးနဲ့ ပတ်သက်လို့ တော်တော်လေးကို ကူညီပါတယ်။ တယောက်ထဲ စာရေးရတာ lonely ဖြစ်နေတော့ ဘုန်းကြီးကျောင်းမှာ လာရေးဖို့ ပြောတယ်။ အဲဒီမှာကတော့ ဘုန်းဘုန်းတွေရော ကျောင်းကို လာတဲ့ ဒကာ ဒကာမတွေနဲ့ရော အမြဲတွေ့နေတော့ သူတို့ကလဲ အားပေးတယ်။ စာအကြောင်း မပြောတောင် စကားလေးဘာလေး လာပြောကြတော့ တယောက်ထဲလို မငြီးငွေ့ဘူးပေါ့။ အဲဒီ စာတမ်း၂ ခုလုံးက အောက်စ်ဖို့ဒ် ဘုန်းကြီးကျောင်းမှာ ပြီးတာ။

(၁) ဆရာတော် ဦးဓမ္မသာမိနှင့် (၂) ဆရာတော် ဦးဂန္ဓမာလာနှင့်

မေ - PhD ဆက်လုပ်ဖို့ နဂိုထဲက ရည်ရွယ်ထားတာလား။
ပြည့် - PhD ဆက်လုပ်ဖို့က မာစတာမပြီးခင်ကတည်းကာ apply လုပ်ရတယ်။ ဆရာမကလည်း လုပ်ဖို့ အားပေးတယ်။ သမီးကလဲ နဂိုထဲက PhD လုပ်ဖို့ ရည်မှန်းချက်ရှိလို့ apply လုပ်လိုက်တာ၊ apply လုပ်တုန်းကတော့ အခုရေးနေတဲ့ ခေါင်းစဉ်နဲ့ လုပ်တာ မဟုတ်ဘူး။ အဲဒီတုန်းက meditation အကြောင်း လုပ်မလို့ စိတ်ကူးထားတာ။ မြန်မာပြည်မှာရှိတဲ့ meditation ဆိုင်ရာ tradition တွေနဲ့ business community တွေရဲ့ ဆက်စပ်ပုံပေါ့။ အဲဒါကို proposal ရေးပြီးတင်လိုက်တာ။

တင်လဲတင်လိုက်ပြီးရော တခြားသူတွေဆိုရင် conditional offer ဆိုပြီးလာတယ်။ MA မှာ ဘာရမှ PhD တက်ခွင့်ရမယ် ဆိုတာမျိုးပေါ့။ သမီးကျတော့ unconditional ဆိုပြီးလာတယ်။ သမီးတောင် အံ့သြသွားတယ်။ condition လဲ မပါဘူးပေါ့လေ၊ အဲဒါဆို တက်ရမှာတော့ သေချာနေပြီပေါ့။ တော်သေးတယ် MA မှာ အမှတ်ကောင်းကောင်း ထွက်လာလို့။

အဲဒီတုန်းက MA dissertation ပြီးချိန်နဲ့ သိပ်မကွာဘူး။ MA က စက်တင်ဘာ ၁၅ရက်နေ့ ပြီးတယ်ဆိုရင် PhD အတွက် enroll လုပ်တာက စက်တင်ဘာ ၂၅ မှာလုပ်ရတယ်၊ အောက်တိုဘာ လဆန်းမှာ PhD စတယ်။

မေ - ပြည့်ပြည့် PhD အတွက် အခုလုပ်နေတဲ့ ခေါင်းစဉ်ကို ပြောပြပါအုံး။
ပြည့် - Living tradition of Pathana … မြန်မာပြည်မှာ ပဋ္ဌာန်းတရားတော်မြတ်ကြီးကို ပူဇော်ကိုးကွယ်ကြတဲ့ ဓလေ့ထုံးစံနဲ့ပူဇော်ကိုးကွယ်ရခြင်းအကြောင်းပေါ့။ အဲဒါက စာလုံးရေ တသိန်းကို ၃ နှစ်အတွင်း ပြီးအောင်ရေးရမယ်။ အခုတော့ သုံးသောင်း ကျော်လောက်ပြီးနေပြီ။

အခုလုပ်နေတဲ့ ပဋ္ဌာန်းကိုတော့ ဆရာမက recommend လုပ်တာ၊ ဆရာမက မြန်မာပြည်မှာ ပဋ္ဌာန်းက အရေးပါတယ်ဆိုတာ သိနေတယ်၊ ဒါကြောင့် ပဋ္ဌာန်းလုပ်ဖို့ ပြောတယ်။ သမီးကလဲ အစကတော့ စဉ်းစားအုံးမယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ နောက်ပိုင်းကျတော့ သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီး ပထမဆုံး ဗုဒ္ဓဘာသာကို လေ့လာမယ်ဆိုတာက ပဋ္ဌာန်းကို လေ့လာချင်တာက စတာလေ။ ဒါပေမဲ့ သမီးက တခြားသူတွေလို အဘိဓမ္မာ အခြေခံ သေချာတက်ထားတာ မဟုတ်တော့ ကိုယ့်ကိုယ်ကိုယ် confidence မရှိဘူး။

ဆရာမကတော့ လုပ်ဖို့ အားပေးတယ်။ ဆရာတော် ဦးဓမ္မသာမိနဲ့ ဆရာတော် ဦးဂန္ဓမာတို့ကို တပည့်တော် ဖြစ်ပါ့မလားလို့ တိုင်ပင်ကြည့်တော့လဲ ဆရာတော် နှစ်ပါးလုံးက အားပေးကြတော့ သမီးလဲ လုပ်ဖြစ်သွားတာ။ သမီး ဆရာမက တော်တော် တော်ပါတယ်။ တပည့်တယောက်ကို force လုပ်တာမျိုးမဟုတ်ဘဲ တပည့်ရဲ့ အားနည်းချက် အားသာချက်ကိုသိပြီး တိုက်တွန်း အားပေးတာမျိုးပဲ လုပ်တာ။

မေ - PhD ဘွဲ့ရပြီးရင် ဘာဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။
ပြည့် - PhD ပြီးရင်တော့ စာသင်တဲ့ဘက်ကို ရောက်သွားမှာပါ၊ ပြီးတော့ research တို့ project တို့ ဆက်လုပ်မယ်။ အခုနောက်ပိုင်းက ပရိုက်ဗိတ် funding တွေနဲ့ ပရောဂျက်တခုအတွက် အလုပ်အပ်တာမျိုးရှိတယ်။ Post doc ဆိုတာလဲ ရှိတယ်။ အဲဒါကတော့ after PhD မှာ pay researcher အနေနဲ့ apply လုပ်ရမယ်။

မေ - မြန်မာပြည်အတွက်ကော ဘာတွေ ပြန်လုပ်ဖို့ အစီအစဉ်ရှိလဲ။
ပြည့် - မြန်မာပြည်ကို သမီးက နှစ်စဉ် ပြန်နေတာဆိုတော့ တတ်နိုင်သလောက်တော့ လုပ်သွားမှာပါ၊ ဥပမာ ထေရ၀ါဒတက္ကသိုလ်က လိုအပ်လို့ ကမ်းလှမ်းလာရင် အဲဒီမှာ ပြပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီး conference တို့ဘာတို့ဆိုရင်လည်း ကူညီပေးဖို့ရှိပါတယ်။

မေ - ဟိုတလောက ပြည့်ပြည့် ထိုင်းမှာ conference တခုသွားသေးတယ်နော်။
ပြည့် - ဟုတ်တယ်၊ အဲဒီဟာက မဟာချူလာလောင်ကွန် Buddhist University မှာ ဌာနတခုက International Buddhist seminar ဆိုပြီး conference လုပ်တာ အဲဒီမှာ စာတမ်းသွားဖတ်တာ။

မေ - ဘာအကြောင်း ဖတ်ခဲ့လဲ။
ပြည့် - “သုညတ” အကြောင်း၊ သုညတနဲ့ ပတ်သက်ပြီး ဖားအောက် tradition၊ နောက် သဲအင်းဂူ tradition၊ ထိုင်းမှာရှိတဲ့ ဘိက္ခူဗုဒ္ဓ ဒါသ အဲဒီဆရာတော်ရဲ့ teaching တွေပေါ့နော်။ သူတို့က သုညတကို ဘယ်လိုမြင်လဲ သူတို့အတွက်က ဘာလဲဆိုတာပေါ့။ ဘာလို့လဲဆိုတော့ မဟာယနတွေရဲ့ စာပေမှာ ရှိတဲ့ သုညတက အဘိဓမ္မာကို နည်းနည်း criticize လုပ်ထားတာလဲ ပါတာပေါ့။ ဥပမာ အဘိဓမ္မာမှာ ပရမတ္ထ တရားလေးပါး ရှိတယ်။။ ဒီပရမတ္ထလေးပါးက တကယ်ကိုရှိတယ် atomic reality ဆိုပြီး ယူဆတာလေ။ အဲဒါကို atomic reality ဆိုတာက အတ္တ၀ါဒနဲ့ ဆက်စပ်နေလား၊ အတ္တဆိုတာ မရှိဘူး ပြောပေမဲ့ နောက်ဆုံးကျတော့ atomic reality ဆိုတာ အတ္တအနေနဲ့ ဖြစ်နိုင်တယ်၊ ပရမတ္ထတရားလေးပါးကို ကိုယ်ပိုင်၊ ကိုယ်ဆိုင် အနေနဲ့ ယူဆသွားနိုင်တယ်၊ တကယ်ရှိတဲ့ အရာကြီးဆိုပြီး စွဲသွားနိုင်တယ်ဆိုပြီး မဟာယာနတို့က ထောက်ပြတယ်။

အဲဒါကို ထေရ၀ါဒက ပဋ္ဌာန်းနဲ့ ဖြေရှင်းတယ်။ ပရမတ္ထတရားလေးပါးက အကြောင်းအကျိုးနဲ့ ဆက်စပ်နေတာဆိုပြီး ပဋ္ဌာန်းက ဟောထားတာ ဆိုတော့ စွဲထားမယ်ဆို စွဲလို့ကို မရဘူးပေါ့။ အဲဒီဟာကို သမီးက ပေပါထဲမှာ debate လုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံး တကယ်တမ်း ကျင့်စဉ်ထဲမှာ သုညတကို ဘယ်လိုနားလည်လဲ … ဆရာတော်တွေက ဘယ်လို interpret လုပ်လဲပေါ့။ ဥပမာ သဲအင်းဂူဆရာတော်ကြီးက စိတ်မပေါ်တဲ့ နေရာက နိဗ္ဗာန် … ပညတ်မတပ်တော့တဲ့ နေရာက သူ့အတွက်တော့ သုညတပဲလို့ ဟောခဲ့တယ်။ ရုပ်ချုပ် နာမ်ချုပ်တဲ့ နေရာက နိဗ္ဗာန်ပဲလို့ ပြောတယ်။ အဲဒါတွေကို သမီးရဲ့ ပေပါထဲမှာ explore လုပ်ထားတာပေါ့။


ထိုင်းနိုင်ငံတွင် သုညတအကြောင်း စာတမ်းဖတ်စဉ်

မေ - အဲဒီ conference တက်ဖို့ ပြည့်ပြည့်ကို ဘယ်သူက ဖိတ်တာလဲ။
ပြည့် - ဘုန်းဘုန်းတပါးက ဖိတ်လို့ သွားရတာ။ အခုလဲ လာမယ့် နိုဝင်ဘာ ဒီဇင်ဘာအတွက် ပေပါ ၂ ခု ရေးရမယ်။

မေ - အဲဒါက …
ပြည့် - အဲဒါကလဲ ထိုင်းမှာပဲ၊ ပေပါ ၂ ခုက ဘာအကြောင်းလဲဆိုတော့ … တခုက သဲအင်းဂူနဲ့ စွန်းလွန်း tradition ပေါ့။ အဲဒီ နှစ်ခုက ပရိယတ္တိဘက်က လာတာမဟုတ်ဖူး ကျင့်စဉ်ဘက်က တက်သွားတာဆိုတော့ အဲဒီ tradition ကို လေ့လာတာ။ နောက်တခုက ပဋ္ဌာန်းနဲ့ meditation ဘယ်လိုဆက်စပ်လဲ ဆိုတာပေါ့။ အဲဒါကတော့ မိုးညှင်းဆရာတော်၊ ဖားအောက် ဆရာတော်၊ သဒ္ဓမ္မရံသီ ဆရာတော်ကြီးတွေ ဟောတဲ့တရား ဆိုရင် ပဋ္ဌာန်းနဲ့ meditation ဆက်စပ်နေတာလေ။ အဲဒီအကြောင်းပေါ့။ ဒီပေပါ နှစ်ခုက issue ကတော့ တခုပဲ။ ဒါပေမဲ့ တခုက ပရိယတ္တိ၊ တခုက ပဋိပတ္တိပေါ့ … ။ ဒါပေမဲ့ လမ်းတခုနေရာမှာတော့ ဆုံမှာပဲပေါ့။



မေ - ပြည့်ပြည့် ဒီလို စာတွေရေးဖို့က တခြားဘာစာအုပ်တွေ လေ့လာရသေးလဲ။
ပြည့် - ကံအကြောင်း ရေးတုန်းကဆိုရင် မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတွေ လေ့လာကိုးကားရတယ်။
ပဋ္ဌာန်းဆိုရင် မိုးညှင်း ဆရာတော်ရဲ့ စာအုပ်တွေ ကိုးကားရတယ်။ နောက်ပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာ ရေးပေမဲ့ တခြားဘာသာတွေရဲ့ discipline တွေကိုပါ သိထားရတယ်။ history တို့ political တို့လဲ ဖတ်ရတယ်။ မြန်မာ့သမိုင်း၊ နိုင်ငံရေး ပြောင်းလဲပုံပေါ့။ အဲဒါတွေကို ထည့်မရေးတောင်မှ ထည့်တွေးရတယ်။ ထည့်မတွေးလို့ မရဘူး။ တွေးလွန်းတော့ သမီး mind က အရမ်းကို complex ဖြစ်တယ်။

သမီးတို့ ပီအိတ်ခ်ျဒီ သမားတွေက ပထမနှစ်မှာ upgrade လုပ်ရတယ်။ စစချင်း PhD/ M.phil ဆိုပြီး လက်ခံထားတာ။ အဲဒီကနေ PhD candidate အနေနဲု့ ပြောင်းဖို့က စာလုံးပေါင်း ၂ သောင်းကျော် ရေးရတယ်။ သမီးရေးတာ ၃ သောင်းကျော်သွားတယ်။ အဲဒီဟာရေးတုန်းက တောက်လျှောက် အဲဒီအကြောင်း တလလောက် တွေးထားတော့ အတွေးက ရပ်လို့မရဘူး။ အဲဒါကို ဆရာမက သိတယ်။ ဗိုင်ဗာ လဲထိုင်ရသေးတာဆိုတော့ ဗိုင်ဗာထိုင်ခါနီး ဆရာမနဲ့ သွားတွေ့ပြီး ဘာလုပ်ရမလဲ မေးတော့ ဆရာမက ဘာမှမလုပ်နဲ့ အိပ်တဲ့ … နင် အိပ်ဖို့ပဲလိုတာတဲ့။ သူပြောတဲ့အတိုင်း ၄ ရက်လောက် တရားထိုင် အိပ် တရားထိုင် အိပ် အဲဒီလို လုပ်လိုက်တော့မှ တွေးတာတွေ ရပ်သွားတယ်။ အစက ရပ်လို့မရဘူး၊ အိပ်လဲ အိပ်မက်ထဲမှာ တွေးနေတာ။

မေ - PhD လုပ်တော့ရော ပြည့်ပြည့် အဖေက အားပေးလား။ ဆွေမျိုးသားချင်းနဲ့ မိတ်ဆွေတွေကရော ဒီဘာသာရပ် သင်ယူတာနဲ့ ပတ်သက်လို့ ဘယ်လိုပြောကြလဲ။
ပြည့် - အစတုန်းကသာ ဖေဖေက ကန့်ကွက်ပေမယ့် နောက်ပိုင်းတော့ သမီးကိုချစ်တဲ့စိတ်နဲ့ အားပေးပါတယ်။ ဆွေမျိုးသားချင်းတွေကလဲ အားပေးကြပေမဲ့ တချို့သူငယ်ချင်းတွေကတော့ ပြောကြတာပေါ့။ ဘာကြောင့် ဒါမျိုးလုပ်ရတာလဲ အောက်စ်ဖို့ဒ်မှာ စီးပွါးရေးသင်ပြီးမှ ဒီဘက်ကို ကူးတော့ ကြောင်သွားပြီလို့ ပြောကြတယ်။ များသောအားဖြင့် မြန်မာအသိုင်းအ၀ိုင်းထဲက ပြောကြတာများတယ်။ ဒီကောင်မလေး ဂေါက်များသွားပြီလားပေါ့။ တချို့ကျတော့လဲ ဘာသာရေးကို လေ့လာလိုက်စားပြီး သမီးတတ်နိုင်သလောက် ဗုဒ္ဓတရားတော်နဲ့အညီ နေဖြစ်အောင် ကြိုးစားနေထိုင်တော့ သမီးကို ရှေးရိုးကြီး၊ conservative ဖြစ်တယ်ပေါ့။ ဥပမာ သမီးက အင်္ဂလန်မှာ ၁၅ နှစ်လောက် အနေကြာတာတောင် အရက်တို့ ဝိုင်တို့ မသောက်ဘဲနေတယ်ဆိုတော့ ခေတ်မမှီဘူးပေါ့။

မေ - အဲဒီလိုပြောကြတော့ ပြည့်ပြည့် စိတ်ထဲမှာ ဘယ်လိုနေလဲ။
ပြည့် - ဘယ်လိုမှ မနေဘူး။ သမီး သီလရှင်ဝတ်ပြီးနောက်ပိုင်း စိတ်လဲ ပြောင်းတယ် ရုပ်လဲ ပြောင်းတယ်။ ရုပ်က အထူးသဖြင့် ဆံပင်ပေါ့။ အရင်တုန်းက သမီးဆံပင်က ကြမ်းပြီး ဖွါဖွါ ခြောက်ခြောက်ကြီး။ နောက်တော့ သီလရှင်ဝတ်ပြီး ပြန်ပေါက်တော့ မကြမ်းတော့ဘူး ဆံပင်က ခြောက်လဲ မခြောက်တော့ဘူး။

စိတ်ပြောင်းတာကတော့ အရင်ကဆို ဒေါသ အရမ်းထွက်တာ၊ မကျေနပ်တာ များတယ်။ အခုတော့ ဒေါသထွက်ရင်တောင် အချိန်တိုသွားတယ်။ သမီးကို တရားပြတဲ့ ဆရာလေးတပါးက သူက ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ဖြစ်နိုင်အောင် ကြိုးစားတယ်လို့ ပြောဖူးတယ်။ အဲဒီလိုမျိုး ကိုယ်လဲ ကြိုးစားတယ်။ ဖြစ်တော့ မဖြစ်သေးဘူးပေါ့လေ ကြိုးစားနေတုန်းပါပဲ။

မေ - ခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ပြည့်ပြည့်ကို ကျေးဇူးတင်ပါတယ်။
ပြည့် - သမီးလည်း ခုလို သမီးရဲ့အတွေ့အကြုံတွေကို အများနဲ့ ရှယ်ခွင့်ရတဲ့ အတွက် အမကို ကျေးဇူးတင်ပါတယ်။
***
ဒီပို့စ် ဖြစ်မြောက်ဖို့ အချိန်ပေး၍ ကူညီသူ ပြည့်ပြည့် (ပြည့်ဖြိုးကျော်)နှင့် အိမ်သားများ၊ သည်းခံပြီး စောင့်စားဖတ်ရှုကြသူများ အားလုံးကို ကျေးဇူးတင်စွာဖြင့် ... ။

မေဓာဝီ
၂၂၊ ၁၀၊ ၂၀၁၁
၂၃း၃၃ နာရီ

21 comments:

Anonymous said...

Dear Ma May and Pyit Pyit,

Thanks for your sharing and long time to wait for this final interview post :), I have never seen like Pyit Pyit since I have been living in Europe in our Burmese people. Very emulated to read about her very effort on Living tradition of Pathana.

GRATE POST!!!!!!!!!!!
Thanks Ma May and Pyit Pyit

ညိမ်းနိုင် said...

ဗုဒ္ဒဘာသာမြန်မာလူမျိုးတွေက ဗုဒ္ဒဘာသာကို ဖြေဆေး
အနေနဲ့ သုံးကြတယ်...လို့ ပြောသွားတာလေး သဘောကျ
တယ်...။ဟုတ်တယ်...၊မြန်မာပြည်စီးပွားရေးလောကမှာ
သမ္မာအာဇီဝကျဖို့ဆိုတာက နဲနဲခက်လေတော့ ဒီလိုစိတ်
ထားလေးနဲ့ ပြန်ဖြေယူမှပဲရမယ်...။ဗဟုသုတတွေ၊အားကျ
အတုယူစရာတွေရလို့ မမေကိုရော၊မပြည့်ပြည့် ကိုပါကျေးဇူး
တင်ရပါတယ်....။

Anonymous said...

"Living Tradition of Paṭṭhāna"တဲ့လား။ လန်းတယ်ဗျာ...။

mstint said...

ကိုယ့်ခံယူချက်ကို ဆုံးခန်းတိုင် တစိုက်မတ်မတ် ပြုမူဆောင်ရွက်သွားတဲ့ ပြည့်ပြည့်ကို အားကျ ချီးမွမ်းပါတယ်။ ဗဟုသုတတွေရနိုင်အောင် ပြန်လည်မျှဝေပေးတဲ့ မမေကိုလည်း ကျေးဇူးတင်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဗဟုသုတရှာမှီးသွားပါ၏
အားကျလေးစားမိပါ၏
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ဒါထက် မမေဓာဝီ သီတင်းကျွတ်လပြည့်ကျော်သွားပြီ


မောင်ဘကြိုင်

Anonymous said...

Found something really interesting and want to share. It is a film,
a documentary from BBC 4, UK, its title is "Did Jesus Die?" and
the documentary presents historical facts that he was a buddhist monk and he did not
die on the Roman cross. Desended from the cross, he went to Kashmir
and took refuge there, lived as a Buddhist monk spent last years
in Tibet and India. He was known as "St. Issa", and his tomb is
there. See below.

Was Jesus a Buddhist Monk:
A BBC 4 Documentary
http://www.youtube.com/watch?v=-YbUEZfJJaQ&feature=player_embedded#!

San San Htun said...

ဗဟုသုတတိုးတယ် မမေရေ..

မိုးမိုး said...

မမေကိုရော ပြည့်ပြည့်ကိုပါ ဒီပိုစ့်လေးအတွက် ကျေးဇူးပါနော်..
ပြည့်ပြည့်ကိုလဲ သာသနာ့ အကျိုးသယ်ပိုးနိုင်တဲ့ သူဖြစ်ပါစေလို့ ဆုတောင်းပါတယ်.
ဖြစ်နိုင်ရင် တနေ့ သူရေးမဲ့ ဘာသာ၎မျိုးကို ရှု့ထောင့်၃၊၄ခုလောက်ကနေပြီး သုတေသန လုပ်ထားတဲ့ စာအုပ်မျိုး ဖတ်ချင်ပါတယ်။

နေ၀သန် said...

ဒါလေးကို စောင့်ဖတ်နေတာ.. ကျေးဇူးပါ.. မမေဓါဝီရေ..း))

ခင်မင်လျက်
နေ၀သန်

Aung Pyae said...

really inspiring ...only gifted people can do this way....Thanks for motivating me a lot....Cheers

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာသာတရားနဲ့ ပတ်သက်ပြီး ခုလို ရဲရင့်ထက်မြက်တဲ့ မိန်းခလေးတွေ ပေါ်လာတာ တကယ်ချီးကျူးဖို့ကောင်းပါတယ်။ အားလဲအားကျမိသလို ချီးလဲချီးကျူးမိပါတယ်။
ဒီပိုစ့်လေးအတွက် မမေနဲ့ ပြည့်ပြည့်တို့ကို အထူးကျေးဇူးတင်မိပါတယ်.

ညီလင်းသစ် said...

ဒီ အပိုင်း (၃) ကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ပါတယ် မမေရေ..၊ ပြည့်ပြည့်က တကယ်တော်တာပဲ..၊ သူလေ့လာတဲ့ပုံ၊ ရွေးတဲ့ ခေါင်းစဉ်တွေ ကြည့်ရင် သိမ်မွေ့သလောက် မကိုင်တတ်ရင် ရှုပ်ထွေးသွား စေနိုင်တာတွေ ချည်းပဲ၊ စကားမစပ် မမေရဲ့ စတုတ္ထ မေးခွန်းကိုလည်း သဘောကျတယ်၊ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဒါဟာ မေးကိုမေးသင့်တဲ့ မေးခွန်းပါပဲ၊ မမေ အရင်က သတင်းထောက် လုပ်ဖူးသလား လို့တောင် တွေးနေမိတယ်၊း) အင်တာဗျူးကို အခုလို ဝေမျှတဲ့အတွက် ပြည့်ပြည့်ကိုရော၊ မမေကိုပါ ကျေးဇူး တင်ပါတယ်ဗျာ...။

Maung Myo said...

တကယ်တော့တဲ့ အစ်မပဲ ဗုဒ္ဒဘာသာ တစ်ယောက် အနေနဲ့လည်း ဂုဏ်ယူလိုက်တာ သိပ်ထက်မြက်ပြီး အဲ့လိုတော်တဲ့သူတွေ ကျနော်တို့လူမျိုးတွေဆီမှာ ရှိသေးပါလားလို့ ၀မ်းသာသွားတယ် ။


မမေကိုလည်းကျေးဇူးတင်ပါတယ် ပြည့်ပြည့်စုံစုံလေးမေးပြီး ဖော်ပြပေးတဲ့အတွက်ပါ ။

Thu said...

အဲတော့ ဘာဖြစ်လာလဲဆိုတော့ တရားအလုပ်ပဲ လုပ်ချင်နေခဲ့ တော့တာ။ A sign of good concentration, peace in mind always.
Thanks you two !

Shinlay said...

ဖတ်ခွင့်ရ၊သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

မြစ်ကျိုးအင်း said...

မေးသူကလည်း မေးခွန်းကောင်းလေးတွေ မေးသွားသလို အဖြေတွေကလည်း ကျေနပ်အားရစရာပါပဲ။ ခေတ်လူငယ်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာကို ဒီလို ထဲထဲဝင်ဝင် သင်ယူနိင်တာ ဂုဏ်ယူလိုက်တာ။ လေးစားမိပါရဲ့။

Unknown said...

မမမေ
ပြည့်ပြည့်က တကယ်တော်တဲ့ တကယ်ကောင်းတဲ့
မိန်းကလေးကလေးတစ်ယောက်ပါလား။
ပြည့်ပြည့်နဲ့ မမမေကို
နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာသာတူ တစ်ယောက်အနေနဲ့ အများကြီးကျေးဇူးတင်ပါတယ်။
နိုင်ငံအတွက် ဒီလို သားကောင်း သမီးမြတ်တွေ များများပေါ်ပေါက်စေဖို့ ဆုတောင်းမိပါတယ်။

Sint Si said...

It's very good article. Congratulation to both of you!! I admire and envy her very much. I read about Sunday School in Srilanka as well. I think, it's very good tradition. I wish such school in Myanmar. Many of us are born in Buddhist families but we didn't know the depth and detail of it.Thank you!

Nanda said...

This is a perfect work by both Ma May and Pyae Pyae.
I wish this interview appear in some popular journals and media inside Myanmar.

Anonymous said...

I do appreciate on Ma ပြည့်ပြည့် and you.
Not concern here, I thought your eloquent in Buddhist literature, could you suggest or indicate a lady name in Sutra or Zataka who is good reputation for tolerance and generosity, but her aide tested her patience several times and burst out in the end.
Thank you.
Nyo Min

အရှင်နန္ဒ said...

ပီတိတွေနဲ့စီမျေားနေတယ် အသိနောက်ကျတဲ့ အတွက် ဒေါသတောင်ထွက်မိတယ် မမေဓာဝီကိုလဲ အထူးကျေးဇူး တင်သလို ပြည့်ပြည့်ကို အတုယူစရာတွေပေးလို့ ဘယ်လိုပြောရမလဲ စကာလုံးထွက်မလာတော့ဘူး