Sunday, July 31, 2011

ဦးပုည၏ ၀တ္ထုများ ... အပိုင်း (၄)

ဆဒ္ဒန်ဆင်မင်း ၀တ္ထု
(ယခင်အပတ်မှ အဆက်)

ထိုအခါ၊ မူဆိုးပေတလူ၊ အခေါက်ထူသည်၊ သူနှင့်ဆင်မင်း၊ ရန်ဘက်ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများ ကတည့်၍၊ လွှကြီးကိုင်လျက်၊ ဖြတ်မည်ဟု တက်သော်လည်း၊ မတက်နိုင်ချေ၊ ပန်းဟိုက်၍ နေသည်တွင်၊ (ပရမေလောင်းလျာ၊ ဆင်ရာဇာလည်း) မြေမှာဝပ်ကာ၊ ဦးခေါင်းတော်ညွတ်ရှာ၍၊ ဖြတ်သာအောင် ပြုတော်မူလေ၏။ မူဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကို လှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဘွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ကို ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွှတ် ဘရဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်းကျလျက်၊ ဒုက္ခဝေဒနာ၊ ကြီးစွာဖြစ်တော်မူလေ၏။ ။ စွယ်တော်မူကား၊ ပြတ်မည်ဝေးစွ၊ အရာမျှ မထင်၊ ပင်ပန်းဖုတ်လှိုက်၊ မူဆိုးဟိုက်လှပြီ၊ သုံးတိုက်လုံးနတ်၊ ဆင်မင်းမြတ်လည်း၊ ဥပဒ်ကြီးစွာ၊ ဝေဒနာကို၊ ပညာဖြင့် သိမ်းဆည်း၍၊ သည်းညည်းတော် အတန်တန် ခံရှာပြီးလျှင်။ -

အသင်မူဆိုး၊ ငါကိုယ်တော်လည်း၊ ညှိုးလျော်နာကျည်း၊ ခွန်အားနည်းပြီ။ သင်လည်း လုံ့လ၊ ဖြတ်တိုက်၍ မရပြီ။ ငါ့အစွယ်မြတ်၊ ရိုးတော်ဓာတ်ကို၊ ငါဖြတ်၍ လှူတော်မူမည်၊ ကျူငွေတုံးလား၊ နှာမောင်းဖျားကို၊ သင်ကားကိုင်ကြွ၊ ချီပင့်မ၍၊ လွှကို ငါ့အား၊ ဆက်နှင်းပေတော့ဟု ဆိုပြီးသော်၊ လွှသံစောင်းကို၊ နှာမောင်းနှင့် ရစ်ပတ်၊ ကိုယ်တော်တိုင် တိုက်ဖြတ်လျှင်၊ စွယ်တော်မြတ်အစုံသည်၊ နိတုံရောင်စို၊ ရွှေတောင်ကြီးပြိုသကဲ့သို့၊ ပြတ်တိုတုံး၍၊ ဖုန်းဖုန်း မြေသို့ကျလေ၏။ ။ ထို့နောက်မှ၊ စွယ်တော်နှစ်ချောင်းကို၊ နှာမောင်းနှင့် ပွေ့ယူ၊ ချီတော်မူပြီးလျှင်၊ ပေးလှူအံ့သောငှာ၊ သာယာနာပျော်၊ မူဆိုးကိုခေါ်၍၊ အမိန့်တော် ဤသို့ရှိ၏။ ။

သမ္မ လုဒ္ဒပုတ္တ အဟံ ဣမေ ဒန္တေ တုယှံ ဒဒမာနော နေ၀ မယှံ အပ္ပိယာတိ ဒမ္မိ၊
န သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ သမ္ပတ္တိံ ပတ္ထေန္တော။
ဣမေဟိ ပန မေ ဒန္တေဟိ သတဂုဏေန သဟဿဂုဏေန သတသဟဿ ဂုဏေန
သဗ္ဗညုတညာဏဒန္တာဝ ပိယတရာ။
သဗ္ဗညုတညာဏပ္ပဋိဝေဓာယ ဣမံ ပုညံ ပစ္စယော ဟောတု။

၎င်းပါဌ်၏ အနက်အဓိပ္ပါယ်ကား -
သမ္မ လုဒ္ဒပုတ္တ၊ အဆွေမူဆိုးသား။ ဣမေ ဒန္တေ၊ ဤ ငါ၏အစွယ်စုံတို့ကို။ တုယှံ၊ သင့်အား။ ဒဒမာနော၊ ပေးလှူသော။ အဟံ၊ ငါသည်။ မယှံ၊ ငါ့အား။ အပ္ပိယာတိ၊ မချစ်အပ်သော ၀တ္ထုဟု၊ နှလုံးသွင်း၍။ နေ၀ဒမ္မိ၊ ငါမလှူ။ သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ၊ သိကြားမင်း၏ အဖြစ်၊ မာရ်မင်း၏ အဖြစ်၊ ဗြဟ္မာမင်း၏ အဖြစ် - အစရှိသည်တို့၏။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ ပတ္ထေန္တော၊ တောင့်တသည် ဖြစ်၍လည်း။ နဒမ္မိ၊ ငါမလှူ။ ပန၊ စင်စစ်သော်ကား။ မေ၊ ငါ၏။ ဣမေဟိ ဒန္တေဟိ၊ ဤအစွယ်တို့ထက်။ သတဂုဏေန၊ အဆအရာအားဖြင့်၎င်း။ သဟဿဂုဏေန၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿ ဂုဏေန၊ အဆအသိန်း အားဖြင့်၎င်း။ သဗ္ဗညုတညာဏ ဒန္တာဝ၊ သဗ္ဗညုတဉာဏ် တည်းဟူသော အစွယ်တို့ကိုသာလျှင်၊ ပိယတရာ၊ အလွန်တရာ သာ၍ ငါချစ်တော်မူအပ်ကုန်၏။ မေ၊ ငါ၏။ ဣဒံပုညံ၊ ဤအစွယ်ကို လှူရသော ကောင်းမှုသည်။ သဗ္ဗညုတညာဏပ္ပဋိဝေဓာယ၊ သဗ္ဗညုတဉာဏ်ကို ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်စေသတည်း။ ။

ဤသို့သော အမိန့်တော်ဖြင့်၊ သုံးဘော်ဝဋ်ဋ၊ ဘုံဘ၀ဟု၊ သင်္ခါရနယ်ဝင်၊ အပင်မဟုတ်၊ စည်းစိမ်စုတ်များကို၊ ရွှေနှုတ်မြွက်ဟ၊ မတောင့်တဘဲ၊ ဘ၀သင်္ခါရ၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းရာ အမှန်၊ နိဗ္ဗာန်ခေမာ၊ စိုးချုပ်ချာသော၊ မဟာသဗ္ဗညုတ၊ အတုလဉာဏ်တော်၊ ဆုမြတ်ကျော်ကိုသာ၊ မြွက်ဖော်သံရှင်၊ ပန်ဆင် တောင့်တတော်မူပြီး၍၊ ညီးညီးလျှံဝါ၊ ခြောက်ရောင်ဖြာသော၊ ကိုယ်အင်္ဂါမြတ်၊ စွယ်တော်ဓာတ်ကို၊ န၀ရတ်ခြယ်စီ၊ ရွှေစေတီ ကဲ့သို့၊ ပိုက်ချီယုယ၊ နှာမောင်းဖြင့် မ-ပြီးလျှင်၊ ကြောက်စရာ့သဘက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်လွယ်ကူ၊ အပ်နှင်းတော်မူသဖြင့်၊ ဘူမဏ္ဍလာ၊ စက္က၀ါရေမြေ၊ လေအဆုံးရောက်၊ ဘ၀ဂ်ပေါက်မျှ၊ လှုပ်ချောက်ဝှန်ဆူ၊ နတ်လူကောင်းချီး၊ ဆော်ပဲ့တင်တီးလျက်၊ အလှူကြီးပေးတော်မူသတည်း။

ထို့နောက်မှ၊ မူဆိုးကိုခေါ်၍၊ အဆွေတော် သောနုတ္တိုရ်၊ မောင်မင့်သခင်၊ ပလ္လင်ညာရံ၊ ရွှေဘုံပျံမှာ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်း ပြောပါလေ၊ တောဟေမ၀န်ချောင်၊ အိုင်သာခေါင်တွင်၊ ငွေတောင်ကြီ့းသွင်၊ ခင်မ-လင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေမီ ဖြတ်လှီး၍၊ သွေးစီးယိုထွက်၊ နာကျင်အောင် နှိပ်စက်ပြီးလျှင်၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို၊ ရွှေဘုံသူ့ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊ အားရ စိတ်ရွှင်၊ ကျေနပ်အောင် စီရင်၍၊ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရား ဟု၊ မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ။ ။

ထိုမှတပါးလည်း၊ မိဘုရား သုဘဒ္ဒါသည်၊ အိုင်သာဆဒ္ဒန်၊ ဤရေကန်တွင်၊ သည်ရံ မဟာ၊ သုဘဒ္ဒါနှင့်၊ ၀ဲယာရွေရံ၊ စံသည့် ကာလ၊ ဒေါသအပြစ်၊ မဖြစ်မမြောက်၊ မမုန်းလောက် သည်ကို၊ အဆောက်အဦ၊ ပြစ်ကြီးယူပြီးလျှင်၊ ငြူစူမျက်ဝင်၊ ငါချစ်လင်ကို၊ သင်မိဘုရား၊ သတ်ဖြတ်နိုင်အား ပေငဲ့၊ စိမ်းကား မျက်ငြိုး၊ သစ်ယောင်းခက် ချိုးသကဲ့သို့၊ ချစ်ကြိုးဖြတ်ဖြေ၊ သင်သတ်ရက် လေသောကြောင့်၊ သင့်သက်ဝေလင်၊ ငါဆဒ္ဒန်ဆင်သည်၊ မြေတွင်တုံးလုံး၊ မြားချက်နှင့် ဆုံးခဲ့ပြီ၊ ရွေသုံးရံချယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မ၀မ်းမြောက်တော် မူပါလေတော့ … ဟူသော စကားကိုလည်း၊ မြားဆိပ်မူး၍၊ တောင်လူးမြောက်လည်း၊ နာကျည်းဝေဒနာ၊ မချိရာက၊ မှာတော်မူလိုက်ပါသည် ဘုရားဟု၊ ခြားနားအောင် တင်ပါလေ။ ။

သင်မူဆိုးသည်၊ ကြိုးစားအားသစ်၍၊ ခုနစ်နှစ်, ခုနစ်လ၊ လာခဲ့ရသော်လည်း၊ ငါ့စွယ်တော်မြတ်၊ ဣဒ္ဓိပါဒ်ကြောင့်၊ လတ်တလောခြင်း၊ ခုနစ်ရက် အတွင်း၌၊ မောင်မင်းပြည်သို့ ရောက်လိမ့်မည်။ ဘေးရန်ကာသန်း၊ ပရိတ်ပန်းတို့ကိုလည်း၊ ငါမန်း၍ ပေးတော်မူလိုက်မည်၊ ဆဗ္ဗဏ္ဏရသ္မိံ၊ ထိန်ထိန်ကျက်သရေ၊ စွယ်တော်စုံ အမြုတေကို၊ ရိုသေစွာ သင်ထမ်း၍၊ လာလမ်းကို ပြန်ပေတော့ဟု၊ စေ့ရေ ကြောင်းလျား၊ မှာတော်ပုံ ထားပြီးလျှင်၊ မုတ္တာမူးချိန်၊ စိန်စီမြခဲ၊ ရွှေလည်ရွဲကဲ့သို့၊ မခွဲကြချင်၊ လွန်ကဲစွာ ချစ်ခင်သည့်၊ ညာတင်မဟာ၊ သုဘဒ္ဒါကိုလည်း၊ မြင်ရှာတော် မူချင်သေး၍၊ တရေးရေး ရမ်းရော်၊ လာနိုးနိုး မြှော်ဆဲတွင်၊ ကြမ်းချော် ခက်ထန်၊ မြားဆိပ်မွှန်၍၊ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းသည်၊ မယားဟောင်း လက်ချက်နှင့်၊ အသက်ဆုံးတော် မူရလေ၏။
***
ဒီတပတ် အပိုင်း (၄) ကိုတော့ ခပ်တိုတိုပဲ တင်လိုက်ပါတယ်။ အပိုင်း (၅) ဆိုရင် ဆဒ္ဒန်ဆင်မင်းဝတ္ထု အဆုံးသတ်ပါပြီ။ ဒီအပိုင်းကို ရိုက်ရတာတော့ စိတ်မကောင်းစရာပါပဲ။ ရက်စက်လိုက်တဲ့ မုဆိုး။ ဖတ်ရင်း ရိုက်ရင်း စိတ်မကောင်းတဲ့ ကြားက မှတ်မှတ်သားသား ဖြစ်ခဲ့ဖူးတဲ့ စကားလေးတွေ အထပ်ထပ် ပြန်ရေရွတ်လို့ ဦးပုညရဲ့ ထိမိတဲ့ စကားလုံး တွေရဲ့ ဖျားယောင်းမှုမှာ မျောပါသွားခဲ့တယ်။

မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ ... ဆိုတဲ့ စကားတွေ ...
ရွေသုံးရံချယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မ၀မ်းမြောက်တော် မူပါလေတော့ ... ဆိုတဲ့ စကားတွေဟာ ရသ ဂုဏ် အလင်္ကာတွေနဲ့ ပြည့်ဝလှတာကြောင့် ခေတ်အဆက်ဆက် မရိုးနိုင်အောင် သုံးစွဲခဲ့ကြရင်း ... ခုချိန်ထိ တွင်ကျန်နေဆဲပဲ ... ။ ရှေ့ဆက် တွင်ကျယ်ဖို့ အတွက်ကတော့ ဒီလိုစာတွေကို နောက်လူတွေ မြတ်နိုးတတ် တန်ဖိုးထားတတ်အောင် ကျမတို့ တတ်နိုင်သလောက် ကြိုးစားရပါအုံးမယ်။
***
မေဓာဝီ
၃၁၊ ဇူလိုင်၊ ၂၀၁၁
၂၂း၅၃ နာရီ

ရည်ညွှန်း။ ။ ဦးပုည၀တ္ထုပေါင်းချုပ် (ဟံသာဝတီ ပိဋကတ် စာပုံနှိပ်တိုက် - ၁၉၄၀)

14 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဖတ်ရင်း ကိုယ့်ခေါင်းကို ပြန်ကိုင်စမ်းကြည့်မိတယ်။ ဘယ်ညာ ချိုစောင်းလေးတွေတောင် ကျိန်းစပ်နာကျင်သလို ခံစားမိသွားရော။

စူဠသုဘဒ္ဒါလို အငြိုးကြီးတဲ့ သူတွေနဲ့ ဘ၀ဆက်တိုင်း မတွေ့ရပါလို၏ လို့ ဆုတောင်းရုံမှ တစ်ပါး။

အင်း... ဇာတ်တော်က သူ့ဖာသူ ရိုးရိုးစင်းစင်း ပါရမီဖြည့်ခဲ့တာလေး။ ဦးပုညလုပ်လိုက်မှ စာဖတ်တဲ့သူတွေ မျက်စိ ပေကလပ်ပေကလပ် ဖြစ်ကြကုန်ရော။း)))

ခင်မင်လျက်

SHWE ZIN U said...

မမေဓါ ရေ

ဖတ်သွားပါတယ် ကျေးဇူး
အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ပါစေ

မအိမ်သူ said...

ဦးပုညစာတွေဖတ်ရတာ အရေးအဖွဲ့တွေက ကျစ်ကျစ်လစ်လစ် ထိထိမိမိ အရမ်းရှိတာပဲ။ ကာရန်နဲ့ စကားလုံးအချိတ်အဆက်တွေကို အရမ်းသဘောကျတယ်။
စာဟောင်း စာကောင်းတွေကို ပြန်တင်ပေးတာ ကျေးဇူးပါ မမေရေ..

ဟန်ကြည် said...

ဒီအပိုင်းကိုတော့ ဒီဘက်ခေတ် ဆယ်တန်းစကားပြေမှာပြဌာန်းထားလို့ ဖတ်ရပါတယ်...ကြိုက်လွန်းလို့ တစ်ချို့စာသားတွေကို အလွန်ကျက်ထားပါသေးတယ်...အစ်မ ဆက်တင်မယ့် နောက်ဆုံးပိုင်းကို စောင့်မျှော်လျှက်ပါ...

နတ္ထိ said...

“သဗ္ဗညုတညာဏဒန္တာဝ ပိယတရာ”
အရမ်းကို ခမ်းနားတဲ့ အသုံးအနှုံးလေးပါ။

ဦးပုညကိုလဲ ကြိုက်တယ်။
ဇာတကအဋ္ဌကထာဆရာ ဗုဒ္ဓဃောသကိုလဲ ကြိုက်တာပဲ။

seesein said...

ကြီးမေ
ဥပဒ်ကြီးစွာ ဝေဒနာကို ပညာဖြင့် သိမ်းဆည်း၍ သည်းညည်းတော် အတန်တန် ခံရှာပြီးလျှင် ဆိုတဲ့ စာလေး ဖတ်ရတော့
သူတော်ကောင်းတွေများ ဘယ်ဘ၀ရောက်ရောက် ဘ၀ပါရမီ ဖြည့်ဆည်းခဲ့တာတွေ ဖတ်ပြီး လေးစားဖို့ကောင်းတယ်ဗျာ တန်ဖိုးရှိတဲ့ စာလေးတွေ ပြန်ဖတ်ရတဲ့အတွက် ကြီးမေရေ ကျေးဇူးပါ

သူဂျီးမင်း ဆုတောင်းမနေပါနဲ့လေ စူဠသုဘဒ္ဒါရှိလို့ ဆဒ္ဒန်ဆင်မင်းရဲ့ ခန္ဓီပါရမီမြင်ရတာ မှတ်ပါကုန်။
သူဂျီးရဲ့ သည်းခံနိုင်မှုစွမ်းအားကို စမ်းသပ်ဖို့ စူဠသုဘဒ္ဒါတော့ လိုမယ်မထင်ပါဘူး နေား)

ခင်မင်တဲ့
စစ

ညိမ်းနိုင် said...

မမေ အစိမ်းရောင်နဲ့ရေးထားတဲ့ စာေးတွေကိုတော့ ခုထိ
စိတ်ထဲစွဲနေတာအမှန်...၊ကျွန်တော်က ဖတ်ပြီး မေ့ပလိုက်
တတ်တဲ့လူစား...၊ဒါတောင် ဦးပုညရဲ့အဲဒီအရေးအသား
လေးတွေကို ခုထိအမှတ်ရနေသေးတယ်ဗျာ...။
ခုလိုအစပြန်ဖော်ပေးတာကျေးဇူးပါဗျာ....။ရေသည်ပြဇာတ်
လေးကိုလည်းမျော့နေမယ်....:)

mstint said...

ကွန်မန့်လေးတွေကလည်း ဖတ်လို့ကောင်းပါ့း))
အခုလိုစာကောင်းပေကောင်းလေးတွေ ပြန်လည်မျှဝေပေးတာ ကျေးဇူးပါ မေဓာဝီရေ။
အေးအေးဆေးဆေးပြန်လာပြီး ဖတ်စရာတွေ အများကြီး ကျန်သေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

အမှန်အတိုင်း ဆိုရရင် ဦးပုညရဲ့ စာတွေကို ၏သည်မရွေး မမှတ်မိတော့ဘူးဗျ၊ ဒါပေမယ့် နောက်ဆုံးမှာ မမေ အစိမ်းနဲ့ ရေးပေးထားတဲ့ စာကြောင်း တွေကတော့ တခါဖတ်လိုက်တာနဲ့ ချက်ချင်း ပြန်မှတ်မိသွားတယ်၊ အင်းလေ.. ဒီလောက် ကျစ်လစ်သိပ်သည်းလွန်းတဲ့ စကားတွေမို့လည်း ခေတ်အဆက်ဆက် မရိုးနိုင်အောင် သုံးခဲ့ကြတာ ဖြစ်မယ် ထင်တယ်နော်..၊

မြစ်ကျိုးအင်း said...

အရေးအသား ကောင်းလွန်းလို့ ခုထိ မမေ့နိင်တဲ့ စာသားတွေပါပဲ။ ခေတ်တွေပြောင်းတာတောင် သူ့ရဲ့ အသုံးအနှုန်းလေးတွေ ထင်ကျန်နေအုံးမှာပါ။
စာဖတ်သူတွေအတွက် တပင်တပန်းရိုက်တင်ပေးတာ ကျေးဇူးပါ။

sosegado said...

ကျောင်းတုန်းက ဦးပုညရေးသလို လိုက်ရေးတဲ့ သူငယ်ချင်း တစ်ယောက်ကို သတိရသွားတယ်၊

တန်ခူး said...

ဟိုတနေ့ကတညဖတ်ပြီး ခုမှမန့် ဖြစ်တယ် မေရေ.... မေ့ပို့ စ်တွေ ဆရာကိုဧရာပို့ စ်တွေကို ဖတ်ရတာ ဘလော့ပေါ်မယ် ကျောင်းတက်ရသလို ပါပဲ.. မျှဝေပေးတာကျေးဇူးပါညီမရေ...

sosegado said...

ဆူဆူပူပူဖြစ်နေကြတယ်ဆို၊ မီးတွေလဲလောင်လို့
အဆင်ပြေဘေးကင်းပါစေ၊

lwannaung said...

စကားလုံးတွေက ကြောက်ခမန်းလိလိပါပဲ။။။။။။

ကျေးဇူးပါအစ်မရေ....။