Monday, July 25, 2011

မင်းဂန်ရွာမှ စုပေါင်း ရှင်ပြု နားသပွဲ

မင်းဂန်ရွာရဲ့ ရွာဦးစေတီမှာ မနေ့က (၂၄ ဇူလိုင်) စုပေါင်း ရှင်ပြု နားသ အလှူပွဲလုပ်လို့ ကျမတို့ တူဝရီး သွားကြတယ်။ ကျမရဲ့ ၉ ရက်တိတိ ဥပုသ်စောင့် တရားထိုင်တဲ့ အစီအစဉ်လဲ ပြီးဆုံးသွားပြီမို့ ဥပုသ်ထွက်နဲ့ အလှူပွဲ အံကိုက်ပဲပေါ့။ ဥပုသ်ထွက် မနက်မှာ ၅ နာရီ မထိုးခင် အိပ်ရာထပြီး ခေါက်ဆွဲ ၂ ဒယ် ကြော်တယ်။ တဒယ်က မီးထွန်းဖို့ တဒယ်က ကက်ဆက်ဖွင့်ဖို့ ... မဟုတ်ပါဘူး၊ တဒယ်က အသားနဲ့ တဒယ်က သက်သတ်လွတ်ပါ။ လုပ်ရင်း ကိုင်ရင်း မနက်စာ ကော်ဖီတခွက်ကို ကမန်းကတန်း သောက်ပြီး ၉ နာရီခွဲ အိမ်က ထွက်လို့ မနက် ၁၀ နာရီ သာသာမှာ မင်းဂန်ရွာဦးစေတီကို ရောက်တယ်။ သြော် ... မင်းဂန်ရွာဆိုတာ ဘာမင်ဂန်ကို ပြောတာပါ၊ အလှူပွဲနဲ့ လိုက်အောင် မြန်မာမှု ပြုလိုက်တာ ဆိုပါတော့။ :)

ရွာဦးစေတီကြီးက ကောင်းကင်ပြာပြာ နောက်ခံနဲ့ နေရောင်အောက်မှာ ရွှေတောင်သဖွယ် သပ္ပါယ်လှပါဘိ။ အခါခါရောက် အခေါက်ခေါက် သွားတိုင်း ဓာတ်ပုံမရိုက်ရ မနေနိုင်အောင် ဆွဲဆောင်လွန်းတဲ့ စေတီကြီးတဆူမို့... ဖူးမ၀ ဦးချမိ အခါခါ ... ။

ဒီကနေ့ အလှူကတော့ ထူးခြားတယ်လို့ ဆိုရမယ်။ ဘိလပ်မှာ ကြုံတောင့် ကြုံခဲ ကြုံရတဲ့ ရှင်ပြု နားသ အလှူပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအတိုင်း အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ကြတဲ့ ပွဲ၊ ရပ်ဓလေ့ ရွာဓလေ့ကို အောက်မေ့ သတိရစေတဲ့ ပွဲ ... ။


စေတီကြီးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အလှူသီချင်းသံနဲ့ ခုလို မြင်ကွင်းကို အံ့သြ ကြည်နူးဖွယ် မြင်ရတယ်။ မြတ်စွာဘုရား ရုပ်ပွါးတော်ရှေ့မှာ ငွေပဒေသာပင်နဲ့ ပရိက္ခရာ ရှစ်ပါး။ ဒီဘက်မှာတော့ ချစ်စဖွယ် ပြင်ဆင် ၀တ်စား ထားကြတဲ့ မောင်ရင်လောင်းလေးတွေနဲ့ နားသ-မယ့် မိန်းကလေးငယ်လေးတွေ ... ။

ဒီပွဲမျိုးကို ဘိလပ်မှာ ပြုလုပ်တာ ကျမသိသလောက်တော့ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်မယ်လို့ ထင်တာပါပဲ။ ရှဖီးမြို့က မြန်မာမိသားစု ၄ စု - စုပေါင်းပြီး သူတို့ ရင်သွေးငယ်လေးတွေ ကျောင်းပိတ်ရက်မှာ ရှင်ပြု နားသ မင်္ဂလာ ပြုလုပ်တဲ့ အလှူပွဲပါ။ မြန်မာပြည်မှာ ဆိုရင် ဒီပွဲမျိုး ပြုလုပ်ဖို့ရာ သိပ်မခက်ခဲလှပေမဲ့ ဘိလပ်လို နေရာမျိုးမှာတော့ စီစဉ်ရတာ မလွယ်ကူလှပါဘူး။ ဒီပွဲ ဖြစ်မြောက်ဖို့ အစအဆုံး တာဝန်ယူစီစဉ် ပေးသူကတော့ မင်းဂန်ရွာဦး ကျောင်းက ဘုန်းဘုန်း ဦးဃောသက ပါ။


မောင်ရင်လောင်းလေးတွေ တန်းစီထွက်လာကြပြီ။ မောင်ရင်လောင်း ၅ ဦးနဲ့ နားသ-မယ့် မိန်းကလေးတွေက ၃ ဦး။ စေတီကြီးကို လက်ျာရစ် သုံးပတ် ပတ်ပြီး ရှင်လောင်း လှည့်ကြတယ်။ အလှူ့ရှင် အလှူ့အမတွေက သပိတ် သင်္ကန်းလေးတွေ ပိုက်လို့ ... ။ ဒီမြင်ကွင်းကို ကြည့်ရင်း ကျမစိတ်ထဲ သီချင်းသံလေး ပျံ့လွင့် လာတယ်။

~~~ အရှေ့ကို လျှောက်ပါလို့ ... အနောက်ကိုတဲ့ မျှော်လိုက်ရင် ~~~


"ပန်းတောင်ကိုင်လဲ သူတို့ ပါတယ် ... "

ဘိုမတွေလဲ ပန်းတောင်ကိုင်ကြတယ်။ ဒုတိယ တယောက်က ကလေးတွေရဲ့ ဆရာမလေးတဲ့။ သူ့တပည့်လေးတွေကို အားပေးတဲ့ အနေနဲ့ ပွဲအစအဆုံး နေသွားတယ်။ မြန်မာလို ဟောတဲ့ တရားကို သူနားမလည်ပေမဲ့ တရားဆုံးလို့ သာဓုခေါ်တဲ့အထိ ရိုရိုသေသေလေး ထိုင်နေပါတယ်။ မြန်မာ့ယဉ်ကျေးမှု အလှူပွဲကို သူလဲ မှတ်တမ်းတွေ တင်လို့။


ဒီပုံကတော့ မင်းဂန်ရွာနဲ့ ၀ံပုလွေရွာက အပြောချိုတဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အပျိုချော သုံးယောက်ပါ ... ။ ဒီဘက်ပုံရဲ့ ရှေ့ဆုံး သုံးယောက်ကတော့ ရွာထဲက ကာလသား သုံးယောက် ဆိုပါတော့။ ကာလသားသုံးယောက်ကတော့ တော်တော်ငယ်သေးလို့ ပုဆိုးမနိုင်သေးဘူး ထင်ပါတယ်၊ ဘောင်းဘီကြီးတွေနဲ့။ :)


တော်ရုံ သဒ္ဓါတရားနဲ့ ဒီလိုပွဲမျိုး ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ငွေကုန် လူပမ်းပြီး အချိန်အများကြီး ကြိုတင် စီစဉ် ကြရတာပါ။ ပြီးတော့ သူတို့နဲ့ သိသိမသိသိ အလှူပွဲလာဖို့ အားလုံးကို ဖိတ်ခဲ့တယ်၊ အလှူသွားတယ်ဆိုတာလဲ ၀ါးတီးမှာ စားပြီးပြန် ဆိုတာထက် အလှူရှင်တွေကို ချီးမြှောက်ဖို့ သူတို့ကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ဖို့ က ပိုအရေးကြီးပါတယ်။ ဒါမှလဲ အလှူပွဲတခု သွားရကျိုးနပ်မယ်၊ အလှူရှင်လဲပဲ အလှူပြုရကျိုးနပ်မယ် မဟုတ်လား။


မောင်ရင်လောင်းတွေနဲ့ သီလရှင်လောင်းတွေ ကိုယ်တိုင် သံဃာတော်တွေကို ဆွမ်းဆပ်ကပ်ကြတယ်။ တနင်္ဂနွေနေ့မှာ လုပ်တဲ့ အလှူအတွက် သောကြာနေ့ကတည်းက ညအိပ်ပြီး ချက်ရေး ပြုတ်ရေး စီမံကြရတယ် လို့ သိရတယ်။ အလှူရှင်တွေဟာ ခါတိုင်း အလှူပွဲတွေက အလှူရှင်တွေလို ဂုဏ်ပကာသနတွေနဲ့ ထယ်ဝါလှတဲ့ ဆရာဝန်ကြီးတွေလဲ မဟုတ်ကြ၊ အလွန်လဲ မကြွယ်ဝကြပါဘူး။ ရိုးသားတဲ့ ကရင်တိုင်းရင်းသား သာမန် လက်လုပ်လက်စားတွေပါ။ ဒါပေမဲ့ သဒ္ဓါတရားကတော့ဖြင့် အင်မတန် ကြွယ်ဝကြတာမို့ ကျမတော့ သာဓုအကြိမ်ကြိမ် ခေါ်မိတယ်။


စားသောက်ပြီးတဲ့နောက် မောင်ရင်လောင်းတွေ ဆံချကြတယ်။ တော်သေးတာက ခါတိုင်းနေ့တွေ မိုးအေးပေမဲ့ ဒီကနေ့မှာ ရာသီဥတု သာယာပြီး နေလဲပူနေတယ်။ ဆံချပေးနေတဲ့ မျက်မှန်နဲ့ ဘုန်းဘုန်းက ပွဲစီစဉ်ပေးသူ ဘုန်းဘုန်း ဦးဃောသက ပါ။ ဘုန်းဘုန်းက ဒီကလေးတွေ ကျောင်းမှာ ရှိနေခိုက် မြန်မာစာနဲ့ ဘာသာရေး အခြေခံ ဆက်လက် သင်ကြားပေးသွားမယ်လို့ ဆိုတာကြောင့် ကျမလဲ လိုအပ်တဲ့ စာလေး ကဗျာလေးတွေ ကူညီ ရှာဖွေ ပေးခဲ့ပါသေးတယ်။


ကေသာ လောမာ တစော ... အစရှိတဲ့ တစပဉ္စက ကမ္မဋ္ဌာန်း ရွတ်ဖတ် စီးဖြန်းရင်း ဘုန်းဘုန်းတွေက ဆံချပေးကြတယ်။ ကိုယ့်ရင်သွေးငယ်လေးတွေ ဆံချနေတာကို မိဘတွေက ၀မ်းမြောက် ပီတိဖြာနေကြသလို ... မောင်ရင်လောင်းလေးကလဲ အတွေ့အကြုံ အသစ်အဆန်းမို့ ပြုံးလို့ ပျော်လို့ ... ။


သီလရှင် လောင်းလေး နှစ်ဦး ဆံချနေကြတယ်။ အသက် ဆယ့်လေးငါးနှစ် အရွယ် ချစ်စဖွယ် မိန်းကလေးတွေ ... ။ သီလရှင်ထွက်ရင် ကျောင်းပြန်တက်ရမယ်တဲ့။ ဒါပေမဲ့ ကလေးမလေးတွေက ကတုံးနဲ့လဲ မရှက်ပါဘူးလို့ မိခင်လုပ်သူက ဆိုတယ်။ အားပေးတဲ့ မိဘတွေကိုရော သူတို့ရဲ့ စိတ်ဓာတ်လေးတွေကိုရော ချီးကျူးဖို့ ကောင်းလိုက်တာ ... ။


"သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ္တအနုကမ္မံ ဥပါဒါယ ... "

မောင်ရင်လောင်းလေးတွေ ဆရာတော်ထံမှာ သင်္ကန်းတောင်းကြပြီ။ သူတို့ သင်္ကန်းမတောင်းခင် အငယ်ဆုံးကလေးလေးကို လူကြီးတယောက်က မေးတယ်။ မင်း သင်္ကန်းတောင်း ရပြီလား ... ဆိုတော့ ကလေးက ရပြီ ... တဲ့။ ဒါဆို သင်္ကန်းဘယ်လို တောင်းမလဲ လို့ ထပ်မေးတော့ ကလေးလေးက တခွန်းထဲ ဖြေထည့်လိုက်တယ်။

"ပေး" ... တဲ့။
ကျမဖြင့် သူတို့ ပြောနေတာ ဘေးနားကနေ နားထောင်ပြီး ရယ်လိုက်ရတာ။


ဘုန်းဘုန်းတွေက သင်္ကန်းဝတ် ပေးကြတယ်။ သင်းပိုင်ကို ဘယ်လိုဝတ်၊ ခါးပန်းကြိုး ဘယ်လိုစည်း။ စိတ်ရှည် လက်ရှည် ပြပေးကြတယ်။ အားလုံးဝတ်ပြီးသွားတဲ့ ကိုရင်သေးသေးလေးက ကြည်ညိုစရာ ချစ်စရာလေး ... ။


ဆရာတော်ထံမှာ ဆယ်ပါးသီလ ယူပြီး အားလုံး ကိုရင်လေးတွေ ဖြစ်သွားကြပြီ။ သီလယူနေတုန်း ကိုရင် ပိစိလေးတပါးက အိပ်ပျော်ပျော်သွားလို့ အားလုံး ရယ်နေရသေးတယ်။ သူ့ခမျာ ကလေးဆိုတော့ ပင်ပန်းပြီး အိပ်ချင်ရှာမှာပေါ့။ ဘယ်လိုမှ မထိမ်းနိုင်ပဲ ငိုက်ငိုက် ကျသွားတာ။ ဒါပေမဲ့ ပါးစပ်ကတော့ အရွတ်မပျက်ဘူး။ ကိုရင်တွေကို ဆရာတော်က သူတို့ နေ့နံအလိုက် ဘွဲ့တွေပေးတယ်။ အားလုံး မြင့်မြတ်တဲ့ သာမဏေဘ၀ ရောက်သွားကြပြီပေါ့။


သီလရှင်လောင်းလေးတွေလဲ ဆရာတော့်ရှေ့မှောက်မှာ ရိုရိုသေသေ လက်အုပ်ချီလို့ သင်္ကန်းတောင်းကြတယ်။ သူတို့ကို ကြည့်ရတာ အင်မတန် ပီတိဖြစ်မိတယ်။ များသောအားဖြင့် ဒီနိုင်ငံကို ရောက်နေတဲ့ ဒီလိုအရွယ် မိန်းကလေး အတော်များများဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမဲ့ သီလရှင် ၀တ်ဖို့ ဝေးစွ၊ သံဃာတော်တွေနဲ့ စကားမပြောတတ်၊ သံဃာတော်တွေ ရှေ့မှာ မနေတတ် မထိုင်တတ်၊ အ၀တ်အစား မလုံမခြုံ အဂါရ၀ ဖြစ်လွန်းကြတယ်။ အဲဒီလို မိန်းကလေးတွေကို ခေါ်ပြီး ဒီလိုပွဲမျိုး ပြချင်လိုက်တာလို့ ကျမစိတ်ထဲ တွေးနေမိတယ်။


သီလရှင် မ၀တ်မီနဲ့ ၀တ်ပြီးပုံ။ သာသနာ့အနွယ်ဝင် သီလရှင် သင်္ကန်း ၀တ်ရုံလေးနဲ့ ကျက်သရေရှိလှတဲ့ မိန်းကလေးငယ်လေးတွေ။


ကိုရင်လေးတွေ တန်းစီနေတုန်း ဓာတ်ပုံရိုက်ယူရင်း ကိုရင်သေးသေးလေးတပါး ကို ကျမက ကိုရင့်နာမည် ဘယ်သူလဲ ဆိုတော့ မမှတ်မိတော့ဘူး ... တဲ့။ တပါးကတော့ သူ့လူနာမည်ကို ပြောပါတယ်။ လူနာမည် မဟုတ်ဘူး ကိုရင် ဘွဲ့လေ ... ဆိုတော့ သိဘူး ... ဟီးး ... တဲ့။ ကောင်းရော ... ။

အားလုံးပြီးတော့ တရားနာဖို့ စေတီထဲက ခန်းမကို သွားကြတယ်။ မြင့်မြတ်တဲ့ ရှင်သာမဏေတွေ သီလရှင်တွေဆိုတော့ အကန်တော့ခံ ဖြစ်သွားပြီပေါ့။ မိဘတွေ ဘယ်လောက် ပီတိဖြစ်ရှာ ကြမလဲ ... ။


ဆရာတော်က သီလပေး၊ သံဃာတော်အားလုံး ပရိတ်တရား ရွတ်ဆို ချီးမြှင့်ကြပြီးနောက် ဆရာတော်က တရားဟောပါတယ်။ ဆရာတော် ဟောတဲ့ တရားက တိုတိုနဲ့ ကောင်းပါတယ်၊ "စကားဆို ချိုမှ ... တရားဆို တိုမှ" ဆိုစကားကြောင့် တရား တိုလို့ ကောင်းတာ မဟုတ်ပါဘူး။ လိုရင်း တိုရှင်းနဲ့ ထိထိမိမိ ရှိလို့ပါ။

သားသမီးတွေကို သာသနာ့ဘောင် သွတ်သွင်းပေးတယ်ဆိုတာနဲ့ ပတ်သက်လို့ ဆရာတော် ဟောကြားသွားတာကို အကျဉ်းချုပ် ပြန်ပြောရရင် မြတ်စွာဘုရား လက်ထက်တော် အခါကတည်းက သားတော် ရာဟုလာကို သာသနာ့ဘောင် သွင်းပေးခဲ့တယ်။ အသောက မင်းကြီးလက်ထက်မှာ အသောက မင်းကြီးဟာ ရေတွင်း ရေကန်ပေါင်း ရှစ်သောင်း လေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် စသဖြင့် လှူခဲ့ပေမဲ့ သာသနာတော်ရဲ့ ဆွေမျိုး ရင်းချာ မဖြစ်သေးဘူး၊ မိမိရဲ့ ရင်နှစ်သည်းချာ သားသမီး ရတနာတွေကို သာသနာအမွေ ပေးလှူတဲ့ ပုဂ္ဂိုလ်မျိုးမှသာ သာသနာရဲ့ ဆွေမျိုး ရင်းချာ ဖြစ်တယ်လို့ ခေါ်နိုင်တယ် ဆိုပြီး အရှင်တိဿ မထေရ်က ဟောတော် မူတာကြောင့် အသောက မင်းကြီးဟာ သူ့သားကြီး မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ့ဘောင် သွတ်သွင်းပေးခဲ့တယ်။

ဒါကြောင့် ဗုဒ္ဓသာသနာတော်အတွက် မိမိသား သမီးကို ပေးလှူပြီး သာသနာ့အမွေ ပေးတာဟာဖြင့် နိဗ္ဗာန်ကို ရွှေလမ်းဖောက်တဲ့ ပွဲလို့ ဆိုနိုင်ပါသတဲ့ ... ။ ဒီလို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမျိုးဟာ ပြည်ပမှာ ပိုပြီး လိုအပ်တယ်၊ ပြည်ပရောက် မြန်မာများဟာ ဘာသာရေး ယဉ်ကျေးမှုနဲ့ ကင်းဝေးတဲ့အခါ မိမိရဲ့ ကိုယ်ခံအား မကောင်းဘဲ တိုင်းတပါးယဉ်ကျေးမှု လှိုင်းတံပိုးအောက် ရောက်သွားပြီး တခြားယဉ်ကျေးမှုတွေ ၀ါးမြိုခံသွား နိုင်တယ်လို့ ဆရာတော်က ပြောကြားသွားပါတယ်။

ဒါ့အပြင် အတိဇာတ၊ အနုဇာတ၊ အ၀ဇာတ ရယ်လို့ သားသမီး သုံးမျိုးရှိကြောင်း။ အတိဇာတ - မိဘထက် (သီလ၊ သမာဓိ၊ ပညာ၊ ကိုယ်ကျင့်သိက္ခာ) မြင့်မြတ်သော သားသမီး၊ အနုဇာတ - မိဘနဲ့ တန်းတူရှိသော သားသမီး၊ အ၀ဇာတ - မိဘထက် နိမ့်သော သားသမီးလို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ မိဘထက် မြတ်တဲ့ သားသမီး ဖြစ်ဖို့ အမျိုးဘာသာ သာသနာအတွက် တတ်စွမ်းသလောက် ဆောင်ရွက်ပြီး တိုင်းကျိုး ပြည်ကျိုး သာသနာကျိုးနဲ့ ဘ၀အကျိုး သံသရာအကျိုးပါ ဆောင်ရွက်ကြစေလိုကြောင်း၊ အခု သာသနာ့ဘောင် ၀င်ကြတဲ့ ကလေးတွေဟာ ဘာသာ သာသနာအတွက် တဆင့်ဖြန့်ဝေသူ၊ လမ်းညွှန်ပြသူလေးတွေ အဖြစ် ဆက်လက် ဆောင်ရွက်ကြမယ် ဆိုရင် ပြည်ပမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓသာသနာ မပျောက်မပျက် ဆက်လက် တည်တံ့သွားမှာ ဖြစ်ကြောင်း စသဖြင့် ဟောကြားသွားပြီးနောက် အလှူရှင်တွေ ရေစက်ချပြီး ပရိသတ် အားလုံးက ၀မ်းမြောက်နုမော် သာဓုခေါ်ကာ အလှူပွဲ ပြီးဆုံးသွားပါတယ်။

အလှူပွဲကအပြန် ကားပေါ်မှာ ကျမတို့ တူဝရီးနှစ်ယောက် အလှူပွဲအကြောင်း ပီတိတွေနဲ့ စားမြုံ့ပြန်ရင်း ၀မ်းမြောက်စွာ အိမ်ပြန်ခဲ့ကြတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အညီပြုလုပ်တဲ့ ဒီလိုပွဲမျိုး နောက်ထပ် နောက်ထပ် ပေါ်ပေါက် ပါစေလို့ ဆုတောင်းရင်း ဒီပို့စ်လေးကို ဖတ်မိသူများ မုဒိတာပွါးစေကြောင်း ထပ်လောင်း ကုသိုလ်ပွါးလိုက်ရပါတယ်။
***
မေဓာဝီ
၂၅၊ ဇူလိုင်၊ ၂၀၁၁
၁၀း၅၇ နာရီ

16 comments:

ဟန်ကြည် said...

ကောင်းသဗျာ ဒီကအလှူဆိုတာ မထူးဆန်းလှပေမယ့် ဘိလပ်မှာ အဲဒီလိုမျိုး ကျကျနန ရှင်ပြုကြတာ အင်မတန်မှ လေးစားဂုဏ်ယူဖို့ ကောင်းပါရဲ့...ဘယ်မှာပဲနေနေ ကိုယ့်ဘာသာ ကိုယ့်သာသနာကို ထိန်းသိမ်းကြရင်ဖြင့် ဘယ်သူမှ စိတ်ပူစရာ မလိုတော့ဘူးပေါ့...“မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောတရားနဲ့ ၀တ်စားတန်ဆာ” ဖြစ်တဲ့ သာသနာ့အရေအရောင်နဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို မြင်ရတော့ ဘယ်လိုကြည်နူးမှန်းတောင် မသိတော့ဘူး...

မိုးယံ said...

ဖတ်ရမြင်ရတာ... နှလုံးပီတိ ဂွမ်းဆီထိ ကြည်နူးနှစ်သက် မိပါ၏။

ညိမ်းနိုင် said...

ကိုရင်ငယ်ငယ်လေးက ကြည်ညိုစရာ၊ချစ်စရာလေး....။
မမေရေးထားတာလေးကလည်း ပျော်ရွင်ကြည်နူးစရာသွက်
သွက်လက်လက်လေး...၊ဘိလပ်မှာ ဒီလိုမျိုးလုပ်ဖြစ်ခဲ့တဲ့
အလှူ့ရှင်တွေကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ
တယ်ခင်ဗျာ.....သာဓု...သာဓု....သာဓုပါ....။

မောင်မျိုး said...

လေးစားစရာပဲနော့် အဲ့ဒီလိုနိုင်ငံမျိုးမှာ မြန်မာ့ ယဉ်ကျေးမှုလေး မပပျောက်ပဲ လုပ်နိုင်တာကိုက တော်တော် ချီးကျူးဖို့ကောင်းနေပြီ ။ ၀မ်းသာစရာမြင်ကွင်းလေးတွေ ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါ အစ်မရေ့ ကုသိုလ်တွေ အများကြီးရခဲ့မှာပဲ .။

မြစ်ကျိုးအင်း said...

ပီတိဖြစ်ဖို့ကောင်းလိုက်တာ။ နိင်ငံရပ်ခြားမှာ ကျင်းပတဲ့ ရှင်ပြုနားသ အလှူပွဲမို့လို့ တော်တော် ပီတိဖြစ်မိတယ်။
ထိုင်ဝမ်မှာလည်း ရှင်လောင်းလှည့်ကြတယ်။ မြန်မာတွေနေတဲ့ ရပ်ကွက် တပါတ်လှည့်ကြတာ တတန်းကြီးပဲ။ တွေ့တိုင်းလည်း ကြည်နူးရတယ်။

Nyi Linn Thit said...

ဝမ်းသာ ကြည်နူးစရာ ကောင်းလိုက်တာ မမေရေ..၊ ဟုတ်တယ်နော်..၊ ဒီလို နိုင်ငံမှာ ရှင်ပြုနားသ လုပ်ဖို့ဆိုတာ တော်ရုံအားထုတ်မှုမျိုးနဲ့ မဖြစ်နိုင်ပါဘူး၊ ဒီလို ကြုံတောင့်ကြုံခဲ ပွဲကို တက်ခဲ့ရတဲ့ မမေလည်း ကံကောင်းတာပေါ့၊ မောင်ရင်လောင်းလေးရဲ့ သင်္ကန်းတောင်း ကိုတော့ သဘောကျသွားပြီ..၊း) စကားမစပ် မမေရဲ့ (ခဏခဏ ကြော်တတ်တဲ့) ခေါက်ဆွဲကြော်ကို စိတ်ဝင်စားလာပြီ....။းD

san htun said...

နိုင်ငံခြားမှာ ဒီလိုမျိုး မြန်မာဆန်ဆန် ရှင်ပြုနားသတာကို မြင်ရတော့ ကြည်နူးစရာကောင်းလိုက်တာ။

Anonymous said...

I wonder when did you go back Myanmar at first.What a wonderful ceremony at Mingun ywar.I can't express my "piti"for it.
Gyidaw

Anonymous said...

မမေ ရေ

ရှင်ပြုပွဲလေး အကြောင်းဖတ်လိုက်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ

ရွှေစင်ဦး

နေ၀သန် said...

အရမ်းကြည်နူးမိတယ်.. နိုင်ငံရပ်ခြားမှာ ရိုးရာဓလေ့ကို ထိန်းသိမ်းပြီး လုပ်ဆောင်ကြတာ.. သာဓုဗျာ... အကြိမ်ကြိမ်ခေါ်မိတယ်...


ခင်မင်လျက်
နေ၀သန်

စော(အဝါရောင်မြေ) said...

အလှူအတွက် မုဒိတာပွှားသွားပါတယ်။

sosegado said...

ပျော်ရွှင်ပီတိဖြစ်နေသော မျက်နှာများကိုတွေ့ရ၍ ဝမ်းသာကြည်နူးမိပါသည်၊ သာဓုလည်းခေါ်မိပါသည်။

ကိုကြီးပေါ် said...

အလှူပွဲက ကြည်နူးစရာ ကောင်းပါပေတယ်။

ငွေစက္ကူတွေကို ပဒေသာပင်သီးတဲ့ ဓလေ့ကိုတော့ မထောက်ခံဘူး။ မြန်မာတွေ ပြင်သင့်ပြီ။ ပဒေသာပင်ပို ပြန်ဖျက်ပြီး သိမ်းဆည်းရတဲ့ ဒုက္ခကို ကိုယ်တိုင်ကြုံခဲ့တာမို့ခေတ်နဲ့ အံမကျတော့တဲ့ အလုပ်လို့ပဲ မြင်မိတယ်။

တောက်ပကြယ်စင် said...

ကြီးမေရေ ရုတ်တရက် ခရီးထွက်သွားလိုက်လို့ ခုမှပဲ ပြန်ရောက်တော့တယ်။ ကြီးမေရေ ပုံလေးကိုကြည့်၊ စာလေးကို ဖတ်ရင်း ပီတိမျက်ရည်တွေ ထွက်ကျမတတ်ပါပဲ။ တကယ်ပါ။ မုဒိတာပွားပါတယ် ကြီးမေရေ။

"၀မ်းမြောက်နုမော်၊ သာဓုခေါ်လျက်၊
ဒီထက်မက၊ လှူနိုင်ကြပြီး၊
ဘ၀ခရီးလမ်း၊ ငြိမ်းချမ်းပါစေ၊
အို...သူတော်ကောင်းတွေ"

ကြီးမေလည်း ကျန်းမာပျော်ရွှင်ပါစေဗျာ။

mstint said...

ကြည်နူး ပီတိဖြစ်စရာကောင်းတဲ့ မွန်မြတ်သောအလှူ အတွက် သာဓု သာဓု သာဓု ပါကွယ်။
နိုင်ငံတကာမှာ ဗုဒ္ဓသာသနာပြန့်ပွား အဓွန့်ရှည်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ရှင်လောင်းလှည့်ပွဲကို အဝေးကနေပဲ သျှိုးလိုက်ရတု အချိုးလေးနဲ့ သျှိုးထိုးလိုက်ပါတယ်.....
မယ်ယသော် ဗိမ္မာထုံးပါတဲ့
ဂမုန်းရဲ့ ဆံကေသာ။
ပွင့်အုပ်ရယ် သရဖီနဲ့
ခိုင်နှင်းဆီ စပယ်ကုံးကို
သုံးနေကြပါ။ ။
မဟေသီ ဒေ၀ီကျော့မှာလ
ဘယ်တော့မှ ရွှေမျက်နှာ
ကြည်သာ၍ မနေအား။
ဖြေမဆည်နိုင်ဘူးလေ
ရွှေသည်ဆိုင် ဗလောင်ဆန်လို့
တောင်နန်းစံ စိန်တပွင့်မှာ
(ကွယ်) မီးနှင့် မခြား။ ။
သျှိုး........