ဒီခေါင်းစဉ်ဖတ်ပြီး မေဓာဝီတယောက် ဘိလပ်တ၀ှမ်းမှာ ခုတလော ဖြစ်ပွါးနေတဲ့ ဆူပူမှုတွေထဲ ရောယောင်ပါပြီး ဆိုင်တွေဖောက် ပစ္စည်းတွေ အလစ်သုတ်နေတယ်လို့ အထင်တော် မလွဲလိုက်ကြပါနဲ့။ အလစ်သုတ်ရတယ် ဆိုတာ အလုပ်သစ်ရတာကို ဆိုလိုတာပါ။ ဟုတ်ကဲ့ မေဓာဝီ အလုပ်သစ် ရနေပါပြီ။ အသစ်ရတယ်ဆိုတော့ အဟောင်းရှိလို့လား ဆိုရင်ဖြင့် အိမ်မှုကိစ္စ ဗာဟီရနဲ့ ဘလော့ရေး ဘလော့ဖတ် စတဲ့ ကြီးစွာသော အလုပ်တွေဟာ ပိုက်ဆံမရတဲ့ ကျမရဲ့ အလုပ်ဟောင်းတွေပေါ့။ အခု အလစ်သုတ်ကတော့ ပိုက်ဆံရမယ့် အလုပ်ပါ။
ဘိလပ်ရောက်ပြီး ၄ နှစ် ပြည့်လု ပြည့်ခင်မှ အလုပ်ဆိုတာကြီးကို နဖူးနဲ့ ဒူးနဲ့ စတွေ့တာမို့ တော်တော်တော့ မလွယ်ပါဘူး။ ဖရီးရိုက်နေတာ ကြာလို့လားမသိဘူး၊ လူက ခပ်တုံးတုံး ဖြစ်နေပြီ။ ဒီအလုပ်ရတာကလဲ နည်းနည်းတော့ ထူးဆန်းသား။ ကျမ ဒီကို ရောက်စကတည်းက ကျမ အမက အလုပ်လျှောက် အလုပ်လျှောက်ဆိုပြီး ရရာ အလုပ်လုပ်ဖို့ တိုက်တွန်းလွန်းလို့ သူမေးရင် လျှောက်တယ်လို့ ဖြေနိုင်ရုံ အွန်လိုင်းကနေ စတိသဘောမျိုး လျှောက်နေခဲ့တာ ကြာပါပြီ။ အွန်လိုင်းက လျှောက်တဲ့ အလုပ်ဆိုတာက ရဖို့ရာခိုင်နှုန်းက အင်မတန် နည်းပါတယ်။ ဒါပေမဲ့လဲ မရလဲ အရေးမကြီးဘူးဆိုပြီး ၆ လကို တခုနှုန်းလောက် လျှောက်နေခဲ့တယ်။ အလုပ် လောဘကြီးပုံများ အဲဒီလို … ။
တသက်နဲ့တကိုယ် အလုပ်ဆိုတာကို အားကြိုးမာန်တက် တခါမှ မလျှောက်ဖူးခဲ့ဘဲ အလိုလို အလုပ်တွေ ရရနေခဲ့တော့ အလုပ်လျှောက်တဲ့ ကိစ္စမှာ သိပ်အားမထုတ်တတ်တာလဲ ပါတယ်။ ဒီအလုပ်ကို လျှောက်ဖြစ်တာကတော့ စာမေးပွဲပြီးရင် အိမ်မှာ ခြေချုပ်မိနေမှာ စိုးတာက တကြောင်း၊ အဲဒီအလုပ်မှာ လုပ်နေတဲ့ ညီမတယောက်က တိုက်တွန်းတာက တကြောင်း စာမေးပွဲ ဖြေနေတဲ့ ရက်အတွင်းမှာပဲ အွန်လိုင်းကနေ လျှောက်လွှာတင်လိုက်တယ်။ စာမေးပွဲပြီးတာနဲ့ အလုပ်လုပ်တော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ အလုပ်ဆိုတာ လျှောက်တိုင်းရမှာ ကျနေတာပဲ။
အဲဒီလိုနဲ့ ဇွန်လ ၁၅ ရက်မှာ စာမေးပွဲပြီးပြီး ဇူလိုင်လထဲ ရောက်လာတယ်။ အလုပ်က လှုပ်တောင် မလှုပ်ဘူး။ လျှောက်ခိုင်းတဲ့ ညီမလေးကတော့ ပြောပါတယ်၊ ခေါ်မယ်ဆိုရင် သူတို့ ဖုန်းဆက်လိမ့်မယ် … တဲ့။ မခေါ်လဲ နေပေါ့၊ နောက်အလုပ်လဲ ထပ်မလျှောက်ပါဘူး။ လျှောက်ထားတဲ့ တခုလေးကိုပဲ ထိုင်စောင့်နေတာ၊ ဇွဲကောင်းတယ်လို့ ဆိုရမလားပဲ။ ဇူလိုင် ၁၁ ရက်နေ့ ဘာမင်ဂန်ဘုရားပွဲမှာ ဓာတ်တော် စွယ်တော်တွေ ဖူးပြီးတဲ့နောက် ဆရာတော်က စွယ်တော်ထည့်ထားတဲ့ ကြုတ်ကလေးကို ကျမ ခေါင်းပေါ်တင် ရွတ်ဖတ်ပြီး သိဒ္ဓိတင်ပေးတယ်။
ထူးခြားတာက နောက်တနေ့ မနက်စောစော ကျမအိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ အလုပ်က အမျိုးသမီးက ဖုန်းခေါ်တယ်၊ ကျမက လူစည်စည် ပွဲလမ်းတခုမှာ ရောက်နေတော့ သူပြောတာလဲ သိပ်မကြားရဘူး၊ ကိုယ်ကလဲ မနည်းအော်ပြောနေရတယ်။ နောက်တော့ ကျမ အီးမေးလ်လိပ်စာ သူ့ကိုပေးပြီး ပြောစရာရှိရင် အီးမေးလ်ပို့လိုက်ပါလို့ ပြောရင်း လန့်နိုးသွားတယ်။ အဲဒီတော့မှ အင်းး အလုပ်ကလဲ ခုထိ ငါ့ဆီ ဖုန်းမဆက်သေးပါလား မခေါ်တော့ဘူး ထင်ပါရဲ့ … ဆိုတဲ့အတွေး ခေါင်းထဲ ရောက်လာပြီး ခဏအတွင်းပဲ ပြန်အိပ်ပျော်သွားတယ်။
သိပ်မကြာလိုက်ပါဘူး ဖုန်းမြည်သံနဲ့ ကျမနိုးလာပြန်ပါတယ်။ နံပါတ်ကို ကြည့်လိုက်တော့ ကိုယ်မသိတဲ့ နံပါတ်။ အိပ်ချင်မူးတူးနဲ့ ကိုင်တော့ …
“ဟယ်လို … မေလား … ငါ xxx က ထရေစီပါ … နင် အလုပ်လျှောက်ထားတာအတွက် အင်တာဗျူး ခေါ်မလို့ … xxxx”
ရုတ်တရက် ကျမ ကောင်းကောင်း အိပ်ရာက မနိုးသေးဘူး။ အိပ်မက်လား တကယ်လား ဝေေ၀၀ါးဝါးနဲ့။ သူက နှစ်ခေါက်လောက် ပြန်ပြောတယ်။ အဲဒီတော့မှ ၀ုန်းခနဲ ထထိုင်ပြီး … အင်တာဗျူးသွားရမယ့် နေ့တွေ အချိန်တွေ ကမန်းကတန်း လိုက်မှတ်ရတယ်။ ဖုန်းချပြီး နာရီကြည့်တော့ မနက် ၇ နာရီ ခွဲနေပြီမို့ ပြန်မအိပ်တော့ဘဲ အိပ်မက်အတိုင်း ချက်ချင်းကြီး ဖြစ်တာကို အံ့သြနေမိတယ်။ မနေ့က ဘုရားပွဲမှာ စွယ်တော်နဲ့ သိဒ္ဓိတင်ပေးလိုက်လို့ နတ်ကောင်းနတ်မြတ်တွေက လာလှုံ့ဆော်ကြတာလား မသိပါဘူး။ ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် မျှော်လင့်မထားချိန်မှာ အလုပ်က လှမ်းဆက်သွယ်တာပဲ လို့ တွေးမိတယ်။ အဲဒီလိုနဲ့ ချိန်းတဲ့ရက်မှာ ပထမအင်တာဗျူး ပြီးသွားတော့ ဒုတိယ အင်တာဗျူးအတွက် ထပ်ဆက်သွယ်ပါမယ်တဲ့၊ စောင့်ပေအုံးတော့ပေါ့။
အဲဒီရက်ပိုင်း ကျမက အိမ်မှာနေပြီး ၉ ရက် တရားထိုင်နေတဲ့အချိန်။ တရားထိုင်နေတုန်း ဖုန်းလာပြန်တယ်။ မကိုင်ဘူးလို့ စိတ်ကိုတင်းထားပေမဲ့ မနေနိုင်လို့ မျက်လုံးလေးခိုးဖွင့်ပြီး ချောင်းကြည့်တော့ အဲဒီအလုပ်က ဖုန်းဖြစ်နေတာနဲ့ အမြန် ကိုင်လိုက်ရတယ်။ ဒုတိယ အင်တာာဗျူးအတွက် လာခဲ့ဖို့ ထပ်ခေါ်တာပါ။ ဒါနဲ့ပဲ အဲဒီမနက်ခင်း တရားထိုင်တာ ဖျက်ပြီး အင်တာဗျူးသွားလိုက်တယ်၊ သူက မေးချင်တာမေး ကိုယ်ကလဲ ဖြေချင်တာ ဖြေလိုက်တာပဲ။ လူမစွမ်း နတ်မ-တာလားတော့ မသိပါဘူး၊ နောက်ဆုံးတော့ ကျမ အလုပ်ရခဲ့တယ်။

အလုပ်သွားရာ လမ်းကလေးနဲ့ အလုပ်နားက ရေကန်ကြီး
သြဂုတ်လ ၁ ရက်နေ့မှာ အလုပ်စဆင်းရပါတယ်။ အလုပ်က ယူနီဖောင်းပေးတယ်၊ နေ့လည်စာကျွေးတယ်၊ ကော်ဖီ အချိုရည် ကြိုက်သလောက် သောက်လို့ရတယ်၊ gym အခမဲ့ သုံးလို့ရတယ်၊ ပင်စင်အတွက် အချိုးကျ ရာခိုင်နှုန်း ထည့်ပေးတယ်၊ ကျန်းမာရေးအတွက် မျက်စိစစ်တာ ဘာညာ အခမဲ့ လုပ်ပေးတယ်၊ စသဖြင့် ၀န်ထမ်း အကျိုးခံစားခွင့်တွေ တော်တော်များများ ရပါတယ်။ သို့ပေသိ ပင်ပန်းတယ်၊ အလုပ်ချိန် ၈ နာရီကို အသွား ၂ နာရီ အပြန် ၂ နာရီ ပေါင်းလိုက်တော့ စုစုပေါင်း ၁၂ နာရီက အပြင်မှာ။
အဲဒီအဆောက်အဦးကြီးမှာ လုပ်ရတာ ...
မနက်တိုင်း ၄း၄၅ အိပ်ရာထ၊ မျက်နှာသစ်၊ ဘုရား သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ အ၀တ်အစားလဲ၊ မနက်စာစား၊ ဦးရီးတော်အတွက် မနက်စာ အသင့်ပြင်၊ ခိုစာကျွေး ခိုရေလဲ … အမလေး မောလိုက်တာ … အားလုံးပြီးတဲ့အချိန် ၅ နာရီ ၄၅ မိနစ် အိမ်က ထွက်တယ်။ အိမ်နားက ဘူတာကို ၁၅ မိနစ် လမ်းလျှောက်ပြီး ၆ နာရီ ၉မိနစ် လာတဲ့ ရထားကို စီးရပါတယ်။ ရထားကလဲ တဆင့်ထဲ မရောက်ဘူး၊ ၂ ဆင့်ပြောင်းစီးရတယ်။ ရထားပေါ်မှာ ဘုရားစာရွတ်လိုက်၊ စာဖတ်လိုက်၊ အိပ်ငိုက်လိုက်နဲ့ ဆင်းရမယ့် လမ်းဆုံးဘူတာ ရောက်တော့ မနက် ၇ နာရီ သာသာပဲရှိပါသေးတယ်။ အလုပ်စချိန်က မနက် ၈ နာရီဆိုပေမဲ့ ဒီ့ထက်နောက်ကျတဲ့ ရထားကို စီးရင် ၈ နာရီကျော်မှ ရောက်မှာမို့ အဲဒီရထားကို စီးမှ အဆင်ပြေပါတယ်။ စောနေတော့လဲ ဘူတာရုံမှာ ထိုင်ပြီး ပရိတ် ပဋ္ဌာန်း ဓမ္မစကြာ ရှိသမျှ ဘုရားစာတွေ ရွတ်နေတာပေါ့။ အကျိုးမမဲ့ပါဘူး။
အပြန်ကတော့ အလုပ်ရှိရာ မင်းဂန်ရွာ (ဘာမင်ဂန်) ကနေ ကျမနေတဲ့ ၀ံပုလွေရွာကို ရောက်တဲ့ တွေ့ရာရထား ကောက်စီးလိုက်တာပဲ၊ မြို့ထဲရောက်မှ ဘတ်စ်ကား ဂိတ်စကနေ အိမ်ရှေ့တည့်တည့် ရောက်တဲ့ ဘတ်စ်ကားစီးပြီး ပြန်တယ်။ ဂိတ်စ ဂိတ်ဆုံး နာရီဝက် နီးပါးလောက်ကို စီးရတာပါ။ ဦးရီးတော်အိမ်က ၀ံပုလွေရွာအစွန် တောင်ဘက် စတက်ဖို့ဒ်ရှားနယ်က ရွာငယ် ဇနပုဒ်မှာ ရှိတာကိုး။ အိမ်ရောက်တော့လဲ မနားရပါဘူး။ အ၀တ်အစားလဲပြီးတာနဲ့ ညစာပြင်၊ ဦးရီးတော်နဲ့ အတူ ညစာစား၊ ဦးရီးတော် နောက်နေ့ ထမင်းဗူးအတွက် ထမင်းကြော်၊ ဟင်းမရှိရင်ချက်၊ ဆေးကြော သိမ်းဆည်း၊ အားလုံးပြီးတော့ ရှစ်နာရီခွဲ ကိုးနာရီ။ တရားထိုင် မပျက်ချင်လို့ အချိန်ရသလောက်ကလေး တရားထိုင်၊ (ထိုင်ရင်း အိပ်ငိုက်တာက ခပ်များများ) မဟာသရဏဂုံတော်ကြီးကို နာရီဝက် တိတိရွတ်၊ ပြီးမှ ရေမိုးချိုးပြီး အိပ်ရာဝင်ရတယ်။ မအိပ်ခင် အိပ်ရာထဲကနေ ကွန်ပျူတာလေးဖွင့်ပြီး သတင်းပလင်းလေး ဘလော့လေးဘာလေး ဖတ်တာလဲ ပါသေးတာပေါ့။ ကွန်ပျူတာ ပိတ်ပြီး အိပ်တဲ့ အချိန်မှာ ၁၁ နာရီခွဲလောက် ရှိပါပြီ။
အလုပ်နားရက်ကတော့ အတိအကျ မရှိဘူး၊ စနေ တနင်္ဂနွေကလွဲလို့ ကြားရက်မှာ အလှည့်ကျ ပေးနားပါတယ်။ ကျမတို့က ကျောင်းသားဆိုတော့ ကျောင်းဖွင့်ရင် စနေ တနင်္ဂနွေ အဓိကထားပြီး လုပ်ရမှာမို့ ကြားရက်ပဲ ပေးနားတာပါ။ စစချင်း အပတ်မှာ ၇ ရက် ဆက်တိုက် လုပ်လိုက်ရပြီး ၈ ရက်နေ့ (တနင်္လာနေ့) မှ နားရတယ်။ အင်္ဂါနေ့ ပြန်ဆင်း၊ ဒီနေ့ ဗုဒ္ဓဟူးနေ့ တခါပြန်နားရပြန်ရော။ တမျိုးကြီးပဲ၊ ၂ ရက် ဆက်တိုက် ပေးနားတာလဲ မဟုတ်။
မနေ့ကတော့ ဘာမင်ဂန်မှာ အဓိကရုဏ်း ဖြစ်နေတာမို့ အလုပ်က စောစောပေးပြန်တယ်။ မန်နေဂျာ ထရေစီက ကျမကို …
“နင် ဘူတာကနေ အိမ်ကိုတန်းပြန်နော်၊ မြို့ထဲမသွားနဲ့” လို့ မှာတယ်။ ကျမလဲ ထုံးစံအတိုင်း ဘာမင်ဂန်ကနေ ရထားစီးပြီး ၀ံပုလွေရွာ ရောက်တော့ ဘူတာက အထွက် အိမ်ရှေ့တည့်တည့်ရောက်တဲ့ ဘတ်စ်ကားစီးဖို့ ဂိတ်ကိုအသွားမှာ ပုလိပ်ကားကြီး တစီး ရပ်ထားတာ တွေ့တယ်။ ဆက်လျှောက်တော့ လူ သုံးယောက်ကို ပုလိပ်က ဖမ်းပြီး ရှာနေတယ်။ လမ်းပေါ်မှာလဲ လူတွေက လှုပ်လှုပ်ရှားရှား၊ ပုံမှန် မဟုတ်သလိုပဲ။ လန်ဒန်က ဆူပူမှုက ဘာမင်ဂန်ရောက်၊ ဘာမင်ဂန်ကနေ ဒီကိုရောက်ပြီလား မသိဘူးလို့ တွေးနေရင်း ကားဂိတ်ရောက်တော့ national express ၀န်ထမ်းတွေက ၀င်ပေါက်ကို ပိတ်ရပ်ထားတယ်။ ဘယ်သူ့ကိုမှ ကားဂိတ်ထဲ ပေးမ၀င်ဘူး၊ ဂိတ်ကို ပိတ်ထားလိုက်ပါပြီ။ တခြားမှတ်တိုင်က သွားစီးပါတဲ့။ တခြားမှတ်တိုင်ဆိုတာက မြို့လယ်ခေါင် High Street နားမှာပါ။ လမ်းလျှောက်ရင် ၇ မိနစ် ၈ မိနစ်လောက်ပဲဆိုတော့ အဲဒီသွားမလို့လဲ ကြည့်လိုက်ရော လမ်းတဘက်မှာ ပုလိပ်တပ်သားတွေ ၀တ်စုံပြည့်နဲ့ ဒိုင်းတွေ ကိုင်ပြီး စောင့်နေတယ်။ ကျမရှိတဲ့ လမ်းဘက်မှာ လူအုပ်ကြီး၊ ဘေးနားကြည့်လိုက်တော့ ကျမနဲ့ မလှမ်းမကမ်းမှာ ခေါင်းစွပ်အမဲတွေနဲ့ လူတသိုက်။ သတင်းထဲကြည့်ရတဲ့ ဖျက်ဆီးရေးသမားတွေ ပုံစံမျိုး။ အမလေး … ကိုယ်နဲ့ သိပ်မကွာတော့ပါလား။
ကျမက လမ်းလျှောက်ရင်း အမနဲ့ဖုန်းပြောနေတာမို့ မြင်သမျှတွေ အစီရင်ခံတော့ အမက စိတ်ပူပြီး အမြန်ပြန်လှည့် ခိုင်းတယ်။ ကျမက ခပ်ကြောက်ကြောက်နဲ့ပဲ စပ်စုချင်လို့ မလှမ်းမကမ်းကနေ ရပ်ကြည့်ချင်သေးတာ။ ဒီနေ့မှ ကင်မရာ ယူမလာမိတာ နာတာပဲလို့ တဖျစ်တောက်တောက် ဖြစ်နေမိသေးတယ်။ တခုခုဖြစ်ရင် နင်က သူများတွေလိုလဲ ပြေးနိုင်တာ မဟုတ်ဘူး ရပ်ကြည့်မနေနဲ့ အမြန်ဘူတာထဲပြန်သွားလို့ ပြောတော့ သူ့အမိန့်အတိုင်း ဘူတာဆီ ပြန်လျှောက် တက်ခ်စီငှားမယ် ကြည့်တော့လဲ တက်ခ်စီတွေက တစီးမှ မရှိတော့ဘူး။ သူတို့လဲ ပြေးပြီပေါ့ … ဒီလူတွေက ကားတွေလဲ မီးရှို့ကြတာကိုး။ ဆိုးပါတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာကလဲ တော်ရုံတန်ရုံပဲ ကောင်းပါတယ်၊ လွန်ကဲအားကြီးရင် ခုလို အဖျက်သမားတွေအတွက် အခွင့်အရေးပေးသလို ဖြစ်နေတော့တာပဲ။
နောက်ဆုံးတော့ ကျမနေတဲ့ ရွာငယ် ဇနပုဒ်ကလေးကို ဖြတ်သွားတဲ့ ရထားပဲ အကြာကြီး စောင့်စီးပြီး ပြန်ခဲ့ရတယ်။ ညောင်းညာနေတဲ့ ခြေထောက်ကို မနိုင့်တနိုင် သယ်ရင်း အိမ်ရောက်တော့ ၆ နာရီ ခွဲနေပြီ။ သတင်းထဲမှာ မြင်ရကြားရတာတွေက စိတ်ဆင်းရဲစရာတွေချည်းပဲ။ လန်ဒန်က စလိုက်တဲ့ အဓိကရုဏ်းက ဘာမင်ဂန်နဲ့ West Midlands ကို ပြန့်သွားတဲ့အပြင် မန်ချက်စတာနဲ့ တခြားမြို့တွေလဲ ဆက်ပြီး ဖြစ်နေတုန်းပါပဲ။ အိမ်တွေ မီးရှို့လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သူတွေ၊ ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတာတွေ၊ လုယက်သူတွေ မလာအောင် ကိုယ့်ဆိုင်ကိုယ် စောင့်နေသူတွေကို ကားနဲ့တိုက်လို့ သေသွားတာတွေ … စုံလို့ပဲ။ ဖုန်းမက်ဆေ့ခ်ျတွေနဲ့လဲ အချင်းချင်း ခုလို သတိပေးကြတယ်။
WARNING! A group of armed thiefs targeting Asian houses at anytime of the day A white girl wearing burkha knocks on when the door opens 3 / 4 black men rush in n search 4 gold, cash and use violence. It has happened nearly 10 times in Birmingham in the last few weeks n started in Coventry and now it has started in Manchester please please be very careful and don’t open the door. Please pass on to others.
တဲ့။ မက်ဆေ့ခ်ျထဲက စာလုံးတွေ အတိုင်း ပြန်ကူးရေးထားတာပါ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ သတိဆိုတာ ပိုတယ်မရှိတော့ သတိထားရမှာပဲပေါ့။
ကျမလဲ အလုပ်သစ်ရတာမှ တပတ်လောက်ပဲ ရှိသေးတယ်၊ အလစ်သုတ်တွေနဲ့ တိုးရင်ဖြင့် ခက်ရချည်ရဲ့လို့ တွေးရင်း ဆူပူ ဖျက်ဆီး လုယက်မှုတွေ အမြန်ဆုံး ပြီးဆုံးပါစေ၊ အစိုးရလဲ ထိထိမိမိ ကိုင်တွယ် ထိမ်းသိမ်းနိုင်ပါစေ၊ အပြစ်မဲ့တဲ့ လူတွေလဲ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပြီး သတ္တ၀ါတွေကိုသာ မေတ္တာအခါခါ ပို့နေမိပါတော့တယ်။
***
မေဓာဝီ
၁၀၊ သြဂုတ်၊ ၂၀၁၁
၁၀း၄၀ နာရီ

ကျေးဇူးစကား ။ ... ။ လတ်တလော ဖြစ်ပွါးနေတဲ့ ဘိလပ် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ်မှ ကျမကို စိတ်ပူစွာနဲ့ မက်ဆေ့ခ်ျပို့ကြ၊ သတိပေးကြ၊ ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ မေဓာဝီ ဘေးရန်ကင်းစွာနဲ့ အလစ်သုတ် နေပါကြောင်း။ :)
27 comments:
ကွန်ဂရက်ကျူလေးရှင်းပါ မမေ.....၊း)
ခုတလော ပို့စ်တွေ မတက်တော့ နေပဲ မကောင်းတာလား၊ အလုပ်ပဲ ဝင်နေပြီလားလို့ ထင်တော့ ထင်မိသား..၊ တကယ် ဝမ်းသာတယ်ဗျာ၊ ၆ လ တစ်ခါလောက်မှ အလုပ်လျှောက်တဲ့လူက အခုလို အလုပ်လက်မဲ့တွေ များသထက် များလာနေတဲ့ ခေတ်ကြီးထဲမှာ သိပ်မခက်ခဲဘဲ အလုပ်ရတာ တကယ် ကံကောင်းတာပေါ့၊း) သူများတွေ အလစ်သုတ်နေ ချိန်မှာ မမေက အလုပ်သစ်နဲ့ အဆင်ပြေနေလို့ မုဒိတာ ပွားသွားပါကြောင်း....။း))
အလစ်သုတ်တာအတော်စုမိဆောင်းမိရှိပြီလားမမေ....:)
အစစအဆင်ပြေပါစေဗျာ...၊သွားတာလာတာ သတိထားဗျိုး
လန်ဒန်ရဲ့ ရှစ်လပိုင်း အတွေ့အကြူံလေးပေါ့၊
လူကြီးလူကောင်းတွေ ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရမဲ့ပွဲပါပဲ၊
အဆင်ပြေဘေးကင်းတယ်ဆိုလို့ ဝမ်းသာပါတယ်၊ သတိတော့ထားပါ။
အလုပ်သစ်အတွက် ကွန်ဂရက်ကျူလေးရှင်း မမေရေ..
ဆူပူမှုတွေကြားရတာ ကြောက်စရာကြီးပါလား။ ကြားမိတုန်းက အဲဒီလောက်လို့ မထင်မိဘူး။ တောကြောင်ဆိုတာကတော့ နေရာတကာမှာ ရှိကြတာကိုးနော်။ သွားတာလာတာတော့ သတိထားတာကောင်းပါတယ်။ လူဆိုးလူကောင်းဆိုတာ ခွဲခြားလို့ရတာမှ မဟုတ်တာ။
အလုပ်သစ်မှာ အစစအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်ရှင်။
မွေးနေ့ဆုတောင်းအတွက်လည်း ကျေးဇူးအထူးပါ မမေရေ။
အလုပ်သစ်မှာ၊ အလစ်သုတ်နှင့်
အလုပ်ပြန်မှာ၊ ဆုံခဲ့ပါသည့်
မေဓာဝီအစ်မ၊ ရွှင်ပြကြည်သာ
လန်းဖြာစွာဖြင့်၊ စတာလင်ပေါင်
သိန်းထောင်များစွာ၊ စုနိုင်ပါ၍
ယနေ့နက်ဖြန်၊ ရက်မချန်ဘဲ
ထန်းလျက်ခဲနှင့် ( ဟုတ်ပေါင်...မှားလို့ )
တစ်ရက်ထဲနှင့် ဌေးစေဗျား...
အလုပ်ဝင်နေပြီဆိုတဲ့ သတင်းကြားရလို့ ၀မ်းသာတယ် အစ်မရေ...ပင်ပန်းတာကို မစဉ်းစားပါနဲ့လေ...အဲဒီလို အပင်ပန်းခံရတာကပဲ လူကိုပိုပြီး ကျန်းမာကြံ့ခိုင်စေတာ မဟုတ်လား...ပထမဆုံး လစာထုတ်ရင်သာ ဆုတောင်းပေးခအဖြစ် ကော်ဖီလေးတစ်ခွက်တိုက်ရင် ကျေနပ်ပါပြီဗျာ...( ခရီးက ဒီလောက်ဝေးလို့ တကယ်တိုက်ရင်လည်း မသောက်နိုင်ပါဘူးဗျာ...ဦးဟန်ကြည်အတွက်ဆိုပြီး ကိုယ့်ဖာသာပဲ ဖျော်သောက်ပေးဖို့ တောင်းဆိုတာကမှ ပိုအဆင်ပြေမယ် ထင်ပါရဲ့...)
စကားမစပ်...သူရို့တိုင်းပြည်က လူတွေများကျတော့ ကလေးဆိုးတွေ ကျနေတာပါလား အစ်မရေ...သဘောကောင်းမှန်းသိတော့ ကဲချင်တိုင်းကဲ၊ ဆိုးချင်တိုင်း ဆိုးနေကြပါကလား...နောက်တစ်ခါ အလစ်သုတ်တွေနဲ့ဆုံရင်တော့ ဘလော့ဂါကနေ ရီပို့တာ လုပ်ချင်တဲ့ စိတ်ကလေး အသာဘေးချိတ်လို့ ဆေးအိပ်နဲ့မညားရအောင် အပြေးအလွှားသာ ရှောင်ဖို့ အကြံပေးလိုက်ပါရဲ့...တော်ကြာ...ဦးပုညရဲ့ စာကောင်းလေးတွေကို တင်မယ့်လူမရှိပေဘူး ဖြစ်မှာစိုးလို့ အစ်မရေ...;D
ကြီးမေ
အလုပ်လုပ်ရင်း ကုသိုလ်တွေတပုံကြီးရတာပေါ့
ဘုရားတရားမမေ့တဲ့ ကြီးမေ အန္တရယ်ကင်း ဘေးရှင်းမှာပါ။ အစစအရာရာ အဆင်ပြေပါစေ
ခင်မင်တဲ့
စစ
ခုလို ကြားရတာ ၀မ်းသာပါတယ် ကြီးမေရေ။ အလစ်သုတ်၊ အဲ ဟုတ်ပေါင် အလုပ်သစ်ရပြီဆိုတော့။ တစ်ချို့ကုသိုလ်တွေက ချက်ချင်းအကျိုးပေးတတ်တယ်နော်။ ဆရာဟန်ကြည်ပြောသလိုပါပဲလေ။ အပင်ပန်းခံတာ ကျန်းမာစေတာပဲ မဟုတ်လား။ အန္တရာယ်အပေါင်းမှ ကင်းဝေပါစေလို့ ဆုတောင်းလျက်...ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ။
(စကားမစပ် အင်္ဂလန်က သစ်ပင်တွေကလည်း မြန်မာပြည်က သစ်ပင်တွေနဲ့ အတူတူပါပဲလားနော်)
အလုပ်ရှာပုံ အမနဲ့တူလို့ သဘောကျမိတယ်...
Congratulations!
သာဓု သာဓု သာဓု မမေရေ။
အလုပ်မရှိ ဝင်ငွေမရှိလို့ ဒုက္ခရောက်နေသူ တစ်ဦးက ဝမ်းမြောက်စွာ မုဒိတာပွားသွားပါတယ်။
တိုး၍ ပျော်ရွှင်အောင်မြင်ပါစေ။
မမေ အလုပ်ရတယ် ဆိုလို့ ၀မ်းသာပါတယ်ရှင်။ အချိန်ရရင်လည်း ဘလော့ဂ်မှာ ပို့စ်လေးတွေ ရေးပါဦးနော်း)
ခင်မင်စွာ
အလုပ်တွေ ဘာတွေရပြီဆိုတော့ လာလည်ဦးမှပါ ဟိဟိ
မမေရေ တကယ်ကို ဝမ်းသာပါတယ်။ အလုပ်သစ်မှာ အစစအဆင်ပြေပါစေနော်..
ဒါပေမဲ့ အလုပ်ကိုသွားရတဲ့ ခရီးက ဝေးလိုက်တာရယ်..
ဆောင်းရာသီဆို ဒီလိုစောစောထဖို့ ခက်မယ်ထင်တယ်။။။ မှောင်လဲမှောင်.. အေးကအေးနဲ့
မမေရေ အလုပ်သွားပြန် သတိထား ဂရုစိုက်နော်..
ဘုရားတရားဂုဏ်ကြောင့် ဘေးကင်းပြီး ကံကောင်းမယ်လို့ ယုံကြည်ပါတယ်..။
မနက်ဖန်ဆို ကင်မရာယူသွား။ ဒီလို အခွင့်အရေးက ဒီလိုနိုင်ငံမျိုးမှာ ကြုံရခဲတယ်။ ဘာတဲ့။ နှစ်ပေါင်း ၁၅၀ အတွင်းမှာ အဆိုးဆုံးဆိုလားဘဲ။ ဟုတ်မဟုတ်တော့ မသိ။
ဒီနိုင်ငံက ကင်မရာကိုင်တဲ့သူကို မဖမ်းကြပါဘူး။ ရိုက်သာ ရိုက်။ ဒါပေမဲ့ ရောယောင်ပြီး အလုပ်တော့မသစ်နဲ့ပေါ့။ တော်ကြာ ယောဂီမလေးက အ၀တ်ဖြူ ၀တ်နေရဦးမယ်။း))
ခင်မင်လျက်
မမရေ ပို့စ်လေးဖတ်ရတာ အတော်လေး ကြည်နူးစရာကောင်းပ အားကျထှာနော်....:)
ဘုရားဘုရား.. မနက်ရှစ်နာရီအလုပ်ကို ၄း၄၅ ကတည်းက ထရရင်တော့ နေ၀သန်မကြာခင် သေရပါလိမ့်... :P.. ဒါနဲ့ ခိုစာကျွေး ခိုရေလဲ ဆိုတဲ့နားက ရယ်လိုက်ရတာ အူကိုတက်လို့.. ခိုမွေးထားသလား... :D
ခင်မင်လျက်
နေ၀သန်
၎ နာရီသာ အမြဲတမ်း ထရမယ် ဆိုရင်တော့ သေချင်တာပဲနော်...။
ဘုရား၊ တရား မမေ့တဲ့ သူအတွက် အမြဲတမ်း အဆင်ပြေ ကံကောင်းမှာပါ..။
အလုပ်ရသွားတော့ နောက်ဆို အလုပ်ကအကြောင်းလေးတွေပါ ဖတ်ရတာပေါ့ ၀မ်းသာပါတယ် အစ်မရေ့ ပျင်းမယ့် အချိန်မရှိတော့ဘူးပေါ့ ကောင်းတယ် ကျန်းမာရေးတော့ ဂရုစိုက်ပါ ။
မမေ..
မုန့်ဝယ်ကျွေးပါ..
အဲ.. မဟုတ်ဘူး..
မမေလက်ရာကောင်းကောင်းချက်ကျွေးပါ..
ကွန်ဂရက်ပါ မမေး))
ပိုက်ဆံ ရတဲ့ အလုပ်သစ် လေးအတွက်ဝမ်းသာတယ် မမေဓါ ရေ
မမေဓါ ပင်ပန်းနေပြီလား ပျော်စရာကြီးပါ မမေ ရဲ့ တနေ့တာခရီးစဉ်လေး ကိုမှန်းကြည့်နေတယ်
အလုပ်ပိတ်ရက်တွေက ဘယ်နေ့တွေလည်း အလုပ်ခွင် အသစ် အကြောင်းလေး လည်း ရေးအုန်းနော်
Congratulation ပါမေဓာဝီရေ။
နေ့စဉ် မနက် ၄နာရီ၄၅ ထရတယ်ဆိုတော့ ကျန်းမာရေးတော့ ဂရုစိုက်ပါနော်။
အလုပ်ကလည်း အဝေးကြီးပါလား အသွား ၂-နာရီ အပြန် ၂-နာရီဆိုတော့ ပင်ပန်းမှာ အသေအချာပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘုရားစာရွတ်လို့ ထင်တယ်။
အလစ်သုတ်တွေနှင့် တွေ့ တာတောင် ဘာမှမဖြစ်တာပဲ ကံကောင်းလှပြီး။ :D
အဲ့သာပဲ ဒီမိုက ရေစီးတာနဲ့  လူ့  အခွင့် အရေးဆိုတာ တန်ဆေးလွန်ဘေးပဲ...... ။
တရားထိုင်ရင်း ဖုန်းလှမ်းခိုးကြည့်တဲ့ ဆရာလေးကို မြင်ယောင်မိပါသေး.... ဟေးဟေး
...အလင်းစက်များ
ကွန်ဂရက်ကျူလေးရှင်း... မေ.....း)
အလုပ်တဖက်နဲ့ အချိန်တွေနည်းနေပေမယ့် အလုပ်က ရလာတဲ့ အတွေ့အကြုံတွေ ရေးပါအုံး..
အမလည်း ရွာလည်နေလို့ မရောက်တာ ကြာသွားတယ်... ဟီး...
ဖတ်ရတာနဲ့တင် ပင်ပန်းလှပြီ၊ မေ့ တနေ့တာ...။ တရားထိုင်ရင်း ဖုန်းလာတိုင်း မနေနိုင်ပဲ ချောင်းမိတာ အမနဲ့ တူတယ်တော့် ဟိဟိ။ တခါတလေတော့ မကိုင်ဘူး၊ ခုနေ မဂ်ကျရင် ဘယ်လိုလုပ်မလဲ တွေးမိသေးတာ ဟဟဟ။ အလုပ်အတွက် ဝမ်းသာပါ၏။ သွားလမ်းလာလမ်းဖြောင့်ပါစေ လည်း ဆုတောင်းတယ်။ ကင်မရာကြီးကိုင်ပြီး သွားရိုက် မနေနဲ့ဦး ကွိနေဦးမယ်
အန္တရာယ်ကင်း ဘေးရှင်းပါစေ မေ.... မေ့အိပ်မက်လေးနဲ့  အလုပ်ရပုံလေးက ထူးခြားလိုက်တာနော်... တို့ ညီမ ဘုရားတရား အရမ်းလုပ်လို့ ထင်တယ်... တနေ့ ၁၂နာရီဆိုတော့  အိပ်ရေးတော့ ဝဝအိပ် မေရေ...
အလစ်သုတ်သွားတဲ့ မမေ ဘေးကင်းတယ်ဆိုလို့  ဝမ်းသာမိပါတယ်။ အလုပ်အတွေ့ အကြုံတွေကိုလည်း ဖတ်ဖို့ စောင့်မျှော်နေပါတယ်ဗျို့ ။
မမေတစ်ယောက် အလစ်သုတ်တယ်ဆိုပြီး ခေါင်းစဉ်ကြီးတက်လာလို့ ကြက်သီးမွေးညှင်း တဖျင်းဖျင်းထသွားတယ်...
ဂလိုကိုး...
မင်းဂန်ရွာဆိုတာလည်း ရှိသကိုး..
ဂလိုတွေကိုး..
း)
အဆင်ပြေပါစေ မမေ...
Y.
တနေ့ကို ၁၂ နာရီလောက် အချိန်ပေးနေရတာဆိုတော့ အခုမှ စလုပ်သူအတွက် ပင်ပန်းမှာ အမှန်ပဲ။ အားတင်းထားရင်းနဲ့ မကြာခင်မှာ အသားကျပြီး ပုံမှန်ဖြစ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် အလုပ်သစ်ရတယ်ဆိုတာ ဝမ်းသားစရာ သတင်းပါပဲ။
Post a Comment