Wednesday, July 27, 2011

ပြီးကားပြီး၏၊ သို့သော် … မပြီးသေး …


"ပြီးကားပြီး၏၊ သို့သော် … မပြီးသေး …" ဆိုတဲ့ စာသားလေးကို ဇူလိုင် ၂၃ ရက်နေ့ရဲ့ ဒိုင်ယာရီ စာမျက်နှာမှာ ကျမ ရေးထိုးထားခဲ့တယ်။ ပြီးကားပြီး၏ ဆိုတဲ့ အဓိပ္ပါယ်က ကျမရဲ့ ၉-ရက်တာ တရားထိုင်တဲ့ အစီအစဉ်ဟာ အဲဒီနေ့က နောက်ဆုံး ပြီးဆုံးသွားခဲ့လို့ပါပဲ။ မပြီးသေး … ဆိုတာက ကျမ ဒီလောက်နဲ့ ကျေနပ်ပြီး ရပ်တံ့နေလို့ မရသေးဘူး၊ လိုချင်တဲ့ ပန်းတိုင်တခုကို မရောက်ခဲ့ သေးဘူး၊ ဒါကြောင့် ကျမ ဆက်ပြီး လျှောက်လှမ်းနေရအုံးမယ် … ကျမ ပြုလုပ်ရမယ့် တာဝန်တွေ မပြီးသေးဘူး ဆိုတဲ့ သဘောနဲ့ ဒီစာသားလေး ရေးခဲ့တာပါ။

ကျမခုလို အိမ်မှာပဲ ဥပုသ်စောင့် တရားထိုင်တယ်ဆိုတော့ ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေတွေက စိတ်ဝင်တစား မေးမြန်းကြပါတယ်၊ ရိပ်သာဝင်သလို လုပ်မယ်ဆိုတာ ဘယ်လိုလုပ်တာလဲ … ထိရောက်မှု ရှိမရှိ၊ အကျိုးရှိမရှိ စသဖြင့် မေးကြတယ်။ ကျမကလဲ ဒီအတွေ့အကြုံကို ပြောပြချင်တာနဲ့ ဒီပို့စ်လေးကို ရေးလိုက်ရခြင်းပါပဲ။

၉-ပါးသီလ ဥပုသ်နဲ့ တရားထိုင်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ကျမက တနေ့တာ အချိန်ဇယား ဆွဲလိုက်ပါတယ်။ ကိုယ့်ဘာသာ ဆွဲတဲ့ အချိန်ဇယားဆိုတော့ ရိပ်သာလိုတော့ မတင်းကျပ်ဘူး၊ ခပ်လျော့လျော့ပဲ ဆိုပါတော့။ အချိန်ဇယားက မနက် ၆ နာရီက ည ၉ နာရီ ထိပါပဲ။ မနက် ၆ နာရီ မှာ ခါတိုင်းလုပ်နေကျ ၀တ်အတိုင်း ဘုရားသောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ စတာတွေ လုပ်တယ်၊ တရားထိုင်ချိန်က ၇ နာရီက ၈ နာရီ က စပြီး တနာရီ ထိုင် တနာရီ စင်္ကြံလျှောက် မူကို ချထားလိုက်တယ်။ ဒီကြားထဲ မနက်စာစားချိန် နေ့လည်စာ စားချိန်ကို ဖယ်ရတာပေါ့၊ ပြီးတော့ ဦးရီးတော်အတွက် နေ့လည်စာ ညစာ ပြင်ပေးချိန်တွေကိုလဲ ထိုင်တဲ့ အချိန်နဲ့ မတိုက်အောင် လုပ်ထားရသေးတယ်။


ဝါဆိုလပြည့်နေ့ စစချင်း ထိုင်တဲ့ရက်မှာ တနာရီ ပြည့်အောင် မထိုင်နိုင်ပါဘူး။ ထိုင်ဖို့ အရှိန်ယူတဲ့ အနေနဲ့ စိတ်တည်ငြိမ်အောင် မထိုင်ခင် ပရိတ်တို့ ဓမ္မစကြာတို့ အရင် ရွတ်ဖတ် သရဇ္ဈာယ်ပါတယ်။ ပထမအကြိမ် မထိုင်ခင် ဓမ္မစကြာရွတ် ပြီးတော့ ၄၅ မိနစ်ထိုင်၊ နောက် ၄၅ မိနစ် စင်္ကြံလျှောက်၊ နောက်တကြိမ်မထိုင်ခင် ပဋ္ဌာန်းရွတ်၊ စသဖြင့်ပေါ့။ အရှိန်ယူတာ အတော်များသွားလားတော့ မသိဘူး။ အဲဒီနေ့က ကျမရွတ်ခဲ့တာတွေက ပရိတ်ကြီး ၁၁-သုတ် အကုန်၊ ဓမ္မစကြာ နဲ့ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ၊ အဘိဏှသုတ်နဲ့ ဗောဇ္ဈင်သုံးမျိုး၊ မဟာသရဏဂုံတော်ကြီး … တို့ပါပဲ။ အဲဒီနေ့က ၅ ကြိမ် ထိုင်ဖြစ်ပေမဲ့ တချို့အကြိမ်တွေမှာ မိနစ် ၂၀ ပဲ ထိုင်နိုင်ခဲ့တယ်။ စိတ်တွေက ဟိုရောက် ဒီရောက်နဲ့ အရမ်းပျံ့လွင့်တဲ့ အပြင် အိပ်ကလဲ ငိုက်လိုက်တာ၊ စင်္ကြံလျှောက်တာ ဘယ်လှမ်းတယ် ညာလှမ်းတယ် ၂ ချက်ပဲ အရင်ဆုံး မှတ်တာတောင် ဘယ်နဲ့ ညာ မှားကုန်သေးတယ်။ အဲဒီလောက် အထိ။

အဲဒီည ၉ နာရီ တရားဖြုတ်ပြီး တရားနာနေတုန်း အိမ်ကို ဖုန်းဝင်လာတယ်။ ဘာမင်ဂန်ဆရာတော် ဦးဥတ္တရဉာဏ ဆီကပါ။ ဆရာတော်က ဦးရီးတော်နဲ့ ပြောပြီး ကျမနဲ့ ဆက်ပြောရင်း ကျမ တရားထိုင်တဲ့ အကြောင်း မေးတယ်။ ကျမ ဘလော့မှာ ရေးထားတဲ့ ပို့စ်ကို ဖတ်ရပြီး တရားပြဆရာ မရှိ တရားစစ်မယ့်သူ မရှိလို့ ရေးထားတာ တွေ့လို့ ကျမကို နေ့တိုင်း တရားစစ်ပေးမယ် ဆိုတဲ့အကြောင်း ပြောတော့ ကျမမှာ ၀မ်းမြောက်စွာနဲ့ ဆရာတော်ကို ကျေးဇူးတင်လို့ မဆုံးဘူး။ တကယ်တမ်းက ကျမမှာ အရင်က ထိုင်ဖူးတဲ့ အတွေ့အကြုံ နည်းနည်းနဲ့ ထိုင်ချင်တဲ့ စိတ်သာပြင်းပြနေတာ ကိုယ့်ကို တရားစစ်ပေး ပြပေးမယ့်သူ မရှိတော့ အားက ခပ်ငယ်ငယ်။ ကိုယ်မှားနေရင် မှားမှန်းလဲ သိမှာ မဟုတ်ဘူး။ ဒီလမ်း လျှောက်ရမယ် ဆိုတာ သိပေမဲ့ ဘယ်လို ဘယ်လိုသွား လို့ ကိုယ့်ကို လမ်းညွှန်ပြပေးမယ့်သူ မရှိရင် လမ်းမှန် ဖြောင့်ဖြောင့် မသွားနိုင်ဘဲ လမ်းခုလတ်မှာ ရွာလည်နေတတ်တာမျိုး မဟုတ်လား။ တရားဆိုတာ အလွန်သိမ်မွေ့တာကိုး။

ဒါကြောင့် ဆရာတော်က လိုလိုလားလားနဲ့ တရားစစ်ပေးမယ် ဆိုလာတော့ ကျမသိပ်ကို အားတက်သွားတယ်။ ဆရာတော်က ကျမကို အရွတ်အဖတ်တွေ နည်းနည်းလျှော့ဖို့၊ စင်္ကြံ လျှောက်ရင် ဘယ်လိုမှတ်ရမယ်၊ ခြေဗလာနဲ့ လျှောက်တာ ပိုကောင်းတယ်ဆိုလို့ နောက်ပိုင်း မြက်ခင်းထဲမှာ ဖိနပ်ချွတ်ပြီး လမ်းလျှောက်ရင်း အဲဒီ အရသာကို သဘောကျသွားတော့တာပဲ။ ဆရာတော်က ပထမနေ့မှာ ဓာတ်ကြီးလေးပါးကို သိအောင်မှတ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းကို ပြောပြပေးပြီး နောက်နေ့မှာ ခန္ဓာငါးပါးနဲ့ ရှုမှတ်ပုံကို ရှင်းပြပေးခဲ့ပါတယ်။ (အကျယ်သိချင်ရင် ဆရာတော်ကို ဆက်သွယ်ပြီးသာ မေးမြန်းကြပါကုန်။)

စနေ တနင်္ဂနွေရက်တွေမှာ ဦးရီးတော် အလုပ်မသွားဘဲ အိမ်မှာ တနေကုန် ရှိနေတာမို့ အိမ်အလုပ် လုပ်ရတာ ပိုများတယ်။ ဟင်းချက်တာတို့ ခြံလုပ်တာတို့ လုပ်ရတဲ့အပြင် တခါတလေ သူနဲ့ အပြင်ကိုလဲ လိုက်ရသေးတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ တနေ့ သုံးကြိမ်ထိုင်ပြီး သုံးကြိမ်လျှောက်နိုင်ခဲ့ပါတယ်။ ဦးရီးတော် အလုပ်သွားတဲ့ နေ့တွေမှာ ၅ ကြိမ်စီ လုပ်နိုင်ပါတယ်။ တတိယမြောက်နေ့မှာတော့ တနာရီ ထိုင်နိုင်သွားပြီ။ စိတ်ကတော့ ပျံ့လွင့်တုန်း၊ အိပ်ကလဲ ငိုက်သေးတာပဲ။ တခါတလေ အရမ်းကို ပျင်းလာတယ်၊ ကိုယ်လုပ်ချင်လို့ လုပ်နေတာတောင် စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တာဆိုတော့ ညောင်းလိုက်တာ … ဆက်မထိုင်ချင်တော့ဘူး ဆိုတာမျိုး အပျက်စိတ်က ၀င်လာသေးတယ်။

ညဘက် တရားလျှောက်တိုင်း ဆရာတော်က ကျမကို တရားစစ်ပေးတဲ့အပြင် ဆုံးမစကားတွေ အားပေးစကားတွေ ပုံတိုပတ်စလေးတွေနဲ့ အားပေး ဆုံးမခဲ့တယ်။ ဘယ်မှာပဲထိုင်ထိုင် ကိုယ်က အဆင့်သိပ်မမြင့်သေးရင်တော့ တရားပြဆရာ လိုကို လိုအပ်ပါတယ်။ မိမိအိမ်မှာ တရားထိုင်လိုသူများ ကမ္မဋ္ဌာန စရိယ တပါးပါးနဲ့ ဆက်သွယ်ထားကြပါ။ အိမ်မှာ တရားထိုင်ခြင်းရဲ့ အဖျက်တခုကတော့ တယ်လီဖုန်းပါပဲ။ ဦးရီးတော်ရှိရင် ကျမ ဖုန်းထမကိုင်ရင် ရပေမဲ့ သူအလုပ်သွားနေချိန် ဖုန်းမြည်ရင်တော့ မကိုင်လို့ မဖြစ်ဘူး။ ဆိုတော့ တရားထိုင်ရာမှာ ကြီးစွာသော အနှောက်အယှက် ဖြစ်ရပါတယ်။ ဒါတောင် အသိမိတ်ဆွေတွေကို တရားထိုင်မှာလို့ ကြိုကြေငြာထားတာပါ။ ဒါကြောင့် အိမ်မှာ တရားထိုင်လိုသူများ တယ်လီဖုန်းကို အပြီးဖြုတ်ထားနိုင်ရင် ပိုကောင်းပါတယ်။

နောက်တခု မရှောင်မလွှဲသာကြုံရတာက အိမ်ရှိလူ (ဦးရီးတော်နဲ့) စကားပြောရခြင်းပါပဲ။ ဒါကလဲ အနှောက်အယှက် တမျိုးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ စကားပြောရင် အမှားပါတဲ့အခါ ဆူခံရလို့ စိတ်ညစ်ရတာက တမျိုး၊ ဆူမခံရရင်တောင် အဲဒီပြောခဲ့တဲ့ စကားတွေက တရားထိုင်ရင် ပြန်ပြန်ပေါ်နေလို့ စိတ်ပျံ့လွင့်ရတာက တမျိုး။ ဖြစ်နိုင်ရင် ၀စီပိတ်နေတာ အကောင်းဆုံးပါပဲ။

၅-ရက် မြောက်နေ့နဲ့ ၆-ရက် မြောက်နေ့မှာ ၂ ရက်ဆက်တိုက် အဆူချည်း ခံနေရတယ်။ ဦးရီးတော်က မာန်မဲ ဆူဆဲတာမျိုး မလုပ်တတ်ပေမဲ့ သူ့စကားတခွန်းတလေကို ကျမက အကျကောက်ပြီး စိတ်ထိခိုက်တာ ၀မ်းနည်းရတာ … အင်း … စိတ်တိုရတာလဲ ပါတာပေါ့လေ။ ကျမ အမကိုပြောပြတော့ အမက ပြေရာ ပြေကြောင်း ဖြောင်းဖျတယ်။ “သူများဆီက ဘာမှ မမျှော်လင့်နဲ့ … ကိုယ့်ကိုယ်သာ မျှော်လင့်ပါ …” တဲ့။
နောက်ပြီး သူဆိုရင် မနက်ဘုရားရှိခိုးတိုင်း “ကောင်းသောစကား ကောင်းသော တရားကိုသာ ကြားရ နာရပါလို၏ … မိမိကြောင့် မည်သူမှ စိတ်မဆင်းရဲ မထိခိုက် ပါစေနှင့်၊ သူတပါးကြောင့်လဲ မိမိ စိတ်ဆင်းရဲ ထိခိုက်ခြင်း မဖြစ်ပါစေနှင့်” လို့ ဆုတောင်းတယ် လို့ ပြောပြပြီး ကျမကိုလဲ အဲဒီလို ဆုတောင်းခိုင်းတယ်၊ မေတ္တာပို့ခိုင်းတယ်။


ကျမစင်္ကြလျှောက်တဲ့ မြက်ခင်း

ကျမလဲ စင်္ကြံလျှောက်ရင်း အားလုံးသော သတ္တ၀ါရော ပုဂ္ဂိုလ်တဦးချင်းရော စကြ၀ဠာအနန္တရော ရှိရှိသမျှ ၃၁ ဘုံ အကုန်မကျန် အနုလုံ ပဋိလုံ စိတ်ကိုနှစ်ပြီး အကြာကြီး မေတ္တာပို့လိုက်တာ တော်တော်လေး စိတ်ထဲ အေးချမ်းသွားတယ်။ စိတ်ထိခိုက် ၀မ်းနည်းတာတွေ အမြင်မကြည်လင်မှုတွေလဲ လျော့ပါးသွားတယ်။ အဲဒီနေ့ ဦးရီးတော် အလုပ်က ပြန်လာတော့ ပြုံးပြုံးရွှင်ရွှင်နဲ့။ နောက်ရက်တွေလဲ အဲဒီလိုပဲ တရားမမှတ်ခင် မေတ္တာအရင်ပို့တယ်၊ အဲဒီနေ့က စပြီး ခုထိတော့ အဆူမခံရသေးဘူး။ မေတ္တာတန်ခိုးက သိပ်အစွမ်းထက်တာနော်။

ညောင်းတာ နာတာ ကိုက်ခဲတာကတော့ တရားထိုင်သူတိုင်း ကြုံရမယ် ထင်တာပဲ။ စစချင်းကတော့ အဲဒါတွေကို သည်းမခံနိုင်ဘူး။ နောက်တော့ ညောင်းတာ နာတာ မရှိရင် အိပ်ငိုက်တတ်တာမို့ ဘယ်နေရာ နာမလဲတောင် လိုက်ရှာနေမိသေးတယ်။ ဒီလိုနဲ့ နာခြင်း ညောင်းခြင်းက ကိုယ့်မိတ်ဆွေ ဖြစ်သွားတော့တာပဲ။

၈-ရက်မြောက်နေ့မှာ နက်ဖြန်ဟာ ငါ့အတွက် ဒီတရားထိုင်ခြင်း နောက်ဆုံးနေ့ပဲ။ နောက်ဆုံးနေ့ မတိုင်ခင် တခုခုတော့ ရအောင် လုပ်မှ၊ မဟုတ်ရင် ၉-ရက် ထိုင်တာ အလဟဿ ဖြစ်မယ် … ဆိုတဲ့ အတွေးနဲ့ လေးလေးနက်နက် ရှုမှတ်တယ်။ ကျောကုန်းထဲက အောင့်တာတွေ၊ ဒူးဆစ်ထဲက နာတာတွေလဲ သည်းခံမှတ်တယ်။ တော်တော်လေး ဟုတ်နေတော့ အားတက်ပြီး ငါတော့ သောတာပန်မဖြစ်မချင်း မထဘူး ပေါ့။ ဟဲ … စိတ်က ရှိတာပါ။ လက်တွေ့ကျတော့ မှတ်ရင်း မှတ်ရင်း စိတ်ကလေးကငြိမ်ပြီး မှတ်လို့ကောင်းနေတုန်း တီခနဲ နာရီက တနာရီပြည့်ကြောင်း အချက်ပေးတယ်။ ခဏတော့ ဆက်ထိုင်လိုက်ပါသေးတယ်။ ၁၅ မိနစ်လောက် ဆက်ထိုင်လဲပြီးရော … ၀ီရိယက လျော့ချင်လာတယ်။ ဒီအချိန် ခဏလေးနဲ့ သောတာပန်ကတော့ မဖြစ်လောက်ပါဘူးလေ။ တနာရီလဲ ပြည့်ပြီ၊ ည ကိုးနာရီလဲ ထိုးပြီ။ မဟာသရဏဂုံတော်ကြီးလဲ ရွတ်ရအုံးမယ်၊ ရေလဲချိုးရအုံးမယ်၊ တော်ကြာနောက်ကျသွားလို့ ဆရာတော်က စောင့်နေရရင် အားနာစရာကြီး … စတဲ့ အကြောင်းပြချက်တွေနဲ့ အမှတ်ဖြုတ်လိုက်ရော။

၉ရက် မြောက် နောက်ဆုံးနေ့လဲ ထိုနည်းလည်းကောင်း ပါပဲ။ စထိုင်ခါစမှာကို ဆံပင်ဦးရေထဲကနေ တဖျဉ်းဖျဉ်း ခံစားရတယ်၊ နှုတ်ခမ်းတွေကို သွေးတိုးနေတာ မျက်နှာတွေ ခန္ဓာကိုယ် မွေးညင်းတွေ အားလုံး တမွမွ တရွရွ ဖြစ်နေတာ သိနေတယ်။ မှတ်လို့ သိပ်ကောင်းပေမဲ့ ၀ီရိယ နည်းပြီး တနာရီအပြင် ဆက်မမှတ်ခဲ့ဘူး။ ဆိုတော့ကာ မေဓာဝီတယောက် သောတာလဲ မပန်နိုင်ခဲ့ဘူး ဆိုပါတော့။ ဒါနဲ့ ညဘက် တရားလျှောက်တော့ ဆရာတော့်ကို အကျိုးအကြောင်း ပြောပြတဲ့အခါ ဆရာတော်က နီဝရဏတရားအကြောင်း ရှင်းပြပေးပါတယ်။ နီဝရဏဆိုတာ ဈာန်မဂ်ဖိုလ် စတဲ့ ကုသိုလ်တရားတွေကို ပိတ်ပင်တားဆီးတတ်တဲ့ တရားတွေ ဖြစ်ကြောင်း၊ နီဝရဏတရား ၆-ပါး ကတော့ …

၁) ကာမစ္ဆန္ဒ = ကာမဂုဏ် အာရုံတွေကိုသာ ခံစားလိုခြင်း (အကြိုက်)
၂) ဗျာပါဒ = အမျက်ဒေါသ ပြစ်မှားကြမ်းတမ်းခြင်း၊ (အခိုက် - ခိုက်ရန်ဒေါသ၊ စိတ်ထိခိုက်သည့် သဘော)
၃) ထိန မိဒ္ဓ = ထိုင်းမှိုင်း ငိုက်မျည်းခြင်း၊ (အငိုက်)
၎) ဥဒ္ဓစ္စ ကုက္ကုစ္စ = စိတ်မတည်ကြည် ပျံ့လွင့်ခြင်း၊ (အမှိုက် - လွင့်သည့်သဘော)
၅) ၀ိစိကိစ္ဆာ = ရတနာသုံးပါး ကံ-ကံ၏အကျိုးကို ယုံမှား သံသယဖြစ်ခြင်း၊ (အစိုက် - သံသယမြား စူးစိုက်ခြင်း သဘော)
၆) မောဟ = အမှန်မသိခြင်း အ၀ိဇ္ဇာ (အမိုက်)
တို့ပါပဲ တဲ့။ (လက်သည်းကွင်းထဲက မှတ်ရလွယ်အောင် ဆရာတော်က အတိုပြောပြထားတာတွေပါ)

အဲဒီ နီဝရဏတရားတွေကို ပယ်သတ်နိုင်မှ အမြိုက်နိဗ္ဗာန် ချမ်းသာကို ရနိုင်မယ်လို့ ဆရာတော်က မိန့်ကြားပြီး အတိုကောက် မှတ်ဖို့ ခုလို လင်္ကာလေး စီပေးပါတယ်။

ကြိုက် - ခိုက် - ငိုက်နဲ့
မှိုက် - စိုက် - မိုက်ကို ရှောင်မှ
အမြိုက်ဘောင်ကို ၀င်မည် … တဲ့။

အဲဒီ ၆ ပါးထဲက ယုံမှားသံသယ (အစိုက်) ကလွဲလို့ ကျန်တဲ့ ၅ ပါးက ကျမနဲ့ ငြိနေတဲ့အတွက် အမြိုက်ဘောင် မ၀င်နိုင်သေးတာကြောင့် ဒီပို့စ်ရဲ့ ခေါင်းစဉ်မှာ ရေးခဲ့သလို ပြီးကားပြီး၏၊ သို့သော် မပြီးသေး … နီဝရဏ တရားတွေကို ပယ်သတ်ဖို့ရာ ကျန်သေးကြောင်း ပြောရင်း ကျမရဲ့ အတွေ့အကြုံလေးကို မျှဝေလိုက်ပါတယ်။
***
မေဓာဝီ
၂၇၊ ဇူလိုင်၊ ၂၀၁၁
၀၀း၃၃ နာရီ

16 comments:

Anonymous said...

ဝမ်းသာစွာနဲ့ သာဓု ခေါ်လိုက်ပါတယ်

mstint said...

ပြုပြုသမျှ ဒါန သီလ ဘာဝနာကုသိုလ် အစုစုတို့အတွက် သာဓု သာဓု သာဓုပါ မေဓာဝီရေ။
ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်တစ်ခုက-

'ရေကြောင့် ညွန်ဖြစ်၊ ထို ညွန်ညစ်လည်း
စင်လစ် ရေကြောင့်၊ သွေမထောင့်ဘူး
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညှော်လည်း
ဆေးလျှော် စိတ်ပင်၊ စင်မစင်ကို
ကိုယ်ပင် ဖန်ပြု၊ သူ မပြုသည်
စင်မူကိုယ့်မှာ တာဝန်တည်း' တဲ့ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

အင်း..မှတ်သားစရာတွေ အများကြီးရလိုက်တယ်.. ကျေးဇူးပါ မမေဓါဝီရေ... ကျွန်တော်လည်း လုပ်ရဦးမယ်..


ခင်မင်လျက်
နေ၀သန်

Rita said...

ဖတ်ရတာ ကျေးဇူးပါပဲ မမေ

SHWE ZIN U said...

သောတာပန်မဖြစ်မချင်း မထဘူး ပေါ့။ ဆိုလို ပူလိုက်ရသေး

မမေဓါ ရေ မဟာစည် တရားပြ ဆရာမကြီး ဒီပါမာ လို အိမ်အလုပ်တွေ လုပ်ရင်းနဲ့ တရားရသွားစေဘို့ ဆုတောင်းမေတ္တာပို့သပါတယ်

ဒီပါမာ အကြောင်းကို ဆရာဝင်းမင်းထွေး ဘာသာပြန်ထားပါတယ် ရိပ်သာ မှာ တရားထိုင်မှ တရားထူး ရတာ မဟုတ်ဘဲ အိမ်မှာ လုပ်ရင်းကိုင်ရင်း လည်း တရားထူး ရနိုင်တဲ့ အကြောင်းပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

ဘုရားစင်လေးမြင်ရတာနဲ့တင်ဝေဝေဆာဆာ ရှိလှတယ်မမ အသိတွေအများကြိးတိုးလို့ ကျေးဇူးပါမမရေ..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ..

seesein said...

ကြီးမေ

အလုပ်လုပ်ရင်း တရားအားထုတ်နိုင်စေဖို့ ဆုတောင်းပါတယ်။ တဖြည်းဖြည်းခြင်းလုပ်ယူရုံပနော ကြီးမေ။ တကယ်တော့ တခါတည်း အပြတ်မလုပ်နိုင်တော့ နီဝရဏတရားတွေ ပါးသထက်ပါးအောင် လုပ်ရမယ် ပြီးတော့ တဆင်ြ့ပီး တဆင့်ပေါ့ ။ ကုသိုလ်တရားတွေ လုပ်နေတဲ့ ကြီးမေအတွက် ၀မ်းသာတယ်ဗျ။ စစတော့ မေတ္တာပို့တခုဘဲ ရွတ်ဖြစ်တယ်။

ခင်မင်စွာဖြင့်
seesein

ညိမ်းနိုင် said...

ကိုယ့်အိမ်မှာနေရင်း၊အိမ်အလုပ်တွေလုပ်ရင်း တရားအား
ထုတ်နိုင်တာ အားကျစရာပါပဲဗျာ...၊ကျွန်တော်တော့ ခုထိ
အကြောင်းပြချက်တွေပေးလို့ကောင်းတုန်း...၊အစ်မရွှေစင်
တစ်လောကပြောတုန်းကတော့ လုပ်မယ်...လုပ်မယ်..ပေါ့၊
ပြီးတောဒုံရင်းရယ်....:)၊တရားထိုင်တာနဲ့ပတ်သက်တဲ့
ဗဟုသုတလေးတွေလဲရသွားပါတယ်...၊သာဓုပါဗျာ....။

တောက်ပကြယ်စင် said...

မမေရေ အဲဒီလောက်ကြိုးစားပန်းစား အားထုတ်နိုင်တာက သာမာန်သဒ္ဓါတရားလေးနဲ့ မရဘူးဆိုတာတော့ ယုံကြည်ပါတယ်။ မမေမှာ တကယ့်ကြီးကြီးမားမား သဒ္ဓါတရားတွေ ကိန်းအောင်းနေတယ်လို့ ဆိုလိုတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ မိဘတွေက မွေးလာတဲ့သားသမီးဖြစ်တာကြောင့်လည်းပါတယ်ပေါ့လေ။ ဆက်ကြိုးစားဟေ့။ ဒီဘ၀တွင်ပဲ သောတာ ပန်သွားအောင်လို့။ သောတာ ပန်နိုင်ရင် နောက်ခုနစ်ဘ၀ပဲ နေရတော့မယ်။ ကျန်းမာလျက် ဆက်အားထုတ်နိုင်ပါစေ...

မြစ်ကျိုးအင်း said...

မပြီးသေးလည်း ခရီးတော့ ထွက်ဖြစ်ခဲ့တာပဲ။ အဲဒါကိုက တော်တော် ဟုတ်နေပါပြီ။ ကိုယ်တွေဆို ထွက်ဖို့တောင် မပြင်နိင်သေးဘူး။ အတုယူရအုံးမယ်။

ဟန်ကြည် said...

သာဓုပါ အစ်မရေ...
အစ်မရဲ့ပို့စ်တွေကို ဖတ်ပြီး သာဓုခေါ်ရပေါင်းများနေပြီဗျာ...တစ်ခါလောက်တော့ ကျွန်တော်လည်း သူများ သာဓုခေါ်ရလောက်အောင် ကြိုးစားပါဦးမယ်...

အလင်းသစ် said...

ဖတ်ရှုရုံတင်မက မှတ်သားသွားပါတယ်ဗျာ။။။။

San San Htun said...

တရားရိပ်သာမှာ မဟုတ်ဘဲ အိမ်မှာ တရားထိုင်ဖို့ ဆိုတာ အတော့်ကို မလွယ်ကူတဲ့ အလုပ်။ ဖြစ်အောင်လုပ်တဲ့ အမကို ချီးကျူးပါတယ်။

Maung Myo said...

ကျနော်လည်း ဘာသာရေးဘက် အားနည်းနေတယ် လုပ်ရအုံးမယ် ခုလပိုင်း စိတ်တွေ နောက်ကျိ မောပန်းနေတယ် ကျေးဇူးပါ အစ်မရေ ။

မအိမ်သူ said...

မမေရေ တကယ်ချီးကျူးပါတယ်။ ကိုယ့်အိမ်မှာကိုယ် လုပ်ရင်းကိုင်ရင်းနဲ့ ဥပုသ်စောင့် တရားထိုင်လုပ်နိုင်တဲ့ အရည်အချင်းက တကယ့်ကိုအားကျစရာပါဘဲ။ အလုပ်အကိုင်မပျက် ကိုယ့်တာဝန်ဝတ္တရား မပျက်ဘဲ ကုသိုလ်ရေး ဘာသာရေးကို လုပ်ခွင့်ရတာလောက် ကောင်းတာ ရှိပါ့မလားမမေရေ..အဲဒီလို လုပ်ခွင့်ရတဲ့ ပါရမီကိုက ထူးတာပေါ့။ အဓိကကတော့ စိတ်သာရှင်စော ဘုရားဟောမဟုတ်လား။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ကိုယ့်စိတ်ကသာ အဓိကကျမယ်ထင်ပါတယ်။

စော(အဝါရောင်မြေ) said...

မြင်ခြံစွန်းလွန်း ဆရာတော်ဘုရားလည်း အိမ်အလုပ်လုပ်ရင်းကနေ အနာဂန်တည်တာပါပဲ။ သူကပါရမီ ရှိတယ်ဆိုပေမယ့်၊ ကိုယ်မှာလဲ ပါရမီပါခြင် ပါမှာပေါ့လေ။ ကြိုးစားအမရေ။