Friday, July 29, 2011

အချစ်များစွာဖြင့် ...

ဇူလိုင်လ ၂၃ ရက် နံနက် နေထန်းတဖျားခန့် မရှိတရှိ အချိန် ...
မေဓာဝီတယောက် နောက်ဖေးမီးဖိုခန်းထဲ၌ အားကြိုးမာန်တက် ချစ်၍နေ၏။ ချစ်စရာတွေကလဲ များလှသည်၊ တချစ်ပြီးတော့ နောက်တချစ် ... ချစ်လို့လဲ ကုန်ပဲ မကုန်နိုင်။ ကြာလာတော့ မချစ်ချင်တော့ ... ပျင်းလာသည်၊ ငြီးငွေ့လာသည်၊ ထိုအချစ်တွေကို အဆုံးသတ်ချင်ပြီ၊ ချစ်ရတာ ပင်ပန်းလှချေပြီ။
***
ဤဇာတ်လမ်း၏ အစသည် တလောက သွားခဲ့သော ဘာမင်ဂန် ၀ါဆိုဘုရားပွဲမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထိုနေ့က ဘုရားပွဲသို့ ဧည့်ပရိသတ် အတော်များများ လာကြသည်။ ထိုအထဲတွင် နာမည်ကြီး စွယ်စုံရ ဗဟုဿုတ အိုးကွဲ ဘလော့ဂါတဦး ဖြစ်သော တုံးဖလားသူကြီးဟု အများသိသည့် ကိုကိုမောင် (ပန်းရနံ့) လည်း အထူးဧည့်သည်တော် အဖြစ် တက်ရောက်လာလေ၏။ တုံးဖလားသူကြီးက သက်ကြီးဝါကြီး (အကန်တော့ခံ အသက် ၈၀ အထက်) ပညာရှင် ဘလော့ဂါတဦးပေမင့် သူနဲ့ကိုယ်က ဘလော့ရေးဖော် ရေးဖက်ချင်းပေမို့ စိမ်းမနေ ရှိန်းမနေဘဲ တရင်းတနှီး ပြောဆိုဆက်ဆံ နေကျပင်ဖြစ်သည်။ ဘာမင်ဂန်ကျောင်းသို့ ကျမ ရောက်သွားစဉ်မှာ သူကြီးက ကျွတ်ကျွတ်အိတ်ကြီး တလုံးကို ကိုင်ဆွဲကာ အပေါ်ထပ်လှေခါးမှ မိန့်မိန့်ကြီး ဆင်းလာလေသည်။

"ဒီကနေ့ မေဓာလာမယ် ဆိုလို့ သူကြီးမင်း ခြံထွက် ပန်းသီးတွေ ခူးလာခဲ့တယ်"
ပြောပြောဆိုဆို သူလှမ်းပေးသည့် အိတ်ကြီးကို ကျမယူလိုက်တော့ အိတ်ကြီးက လက်ထဲတွင် နင့်ခနဲ ပါလာသည်။
"ပန်းသီးတွေက များလှချည်လား သူကြီးရယ်"
"တခါတုန်းက မေဓာ ဘလော့မှာ ပန်းသီးသုပ်စားတယ်လို့ ရေးဖူးတယ် မဟုတ်လား၊ အဲဒါကြောင့် သူကြီးမင်းလဲ မေဓာ ပန်းသီးသုပ်စားရအောင် အပင်ပန်းခံပြီး ပန်းသီးပင်ပေါ် ခါးတောင်းကျိုက် တက်ခူးလာခဲ့တာ၊ မြေမနင်းသားလေးတွေလေ ..."

သူ့ခြံထဲတွင် ဘယ်သူမှမစားသဖြင့် အလဟဿ ဖြစ်မည့်အတူတူ ကျမကိုပေးသော အနှီ ပန်းသီးများကို ကျမ တန်ဖိုးမထားမည် စိုးသဖြင့် ထိုသို့ ဇန်းတင်၍ ပြောကြားလေသည်။ ဘလော့တွင် ကျမ ပန်းသီးသုပ်အကြောင်း ရေးဖူးသည်မှာ တနှစ်ပင် ပြည့်လုပြီ။ အသက်ကြီးသော်လဲ အလွန် မှတ်ဉာဏ်ကောင်းသော သူကြီးမင်းပါတကား။

"ခုလို တကူးတက သယ်လာတာ အင်မတန် ကျေးဇူးတင်ပါတယ် သူကြီး"

ကျမစိတ်ထဲက ဒီပန်းသီးတွေ ကုန်အောင် ဘယ်လို သုပ်စားရပါ့မလဲဟု တွေးနေသော်ငြား နှုတ်ဖျားမှတော့ ကျေးဇူးတင်ကြောင်း ပြောလိုက်ရသေးသည်။ ဤကား ဘိလပ်၏ ယဉ်ကျေးမှုပင်တည်း။


တုံးဖလားသူကြီး၏ တော်ဝင် မဟာပန်းသီးပင်

ထိုနေ့ ၀ါဆိုပွဲမှ အပြန်တွင်တော့ သူကြီးခြံထွက် ပန်းသီးတအိတ်နှင့် ကျမ အလုပ်ရှုပ်ရချေတော့သည်။ အိမ်ရှိလူဦးရေက စုစုပေါင်းမှ ဦးရီးတော်နှင့် ကျမ နှစ်ယောက်ထဲ၊ ပေးလိုက်သည့် ပန်းသီးတွေက မနည်းမနော။ အသုပ်ကြိုက်သော ဦးရီးတော်ကို နေ့တိုင်း ပန်းသီးသုပ်ချည်း ကျွေးနေလို့ကလဲ မဖြစ်။ ကိုယ်တိုင်လဲ နေ့တိုင်း မစားချင်။ ၂ ရက် ဆက်တိုက်လောက်တော့ ပန်းသီးတွေ သုပ်ပြီး စားလိုက်သေး၏။ ၂ ရက်မှာ ၄ နပ် စားသည်မို့ ၄ နပ်ပြည့်တော့ ရိုးသွားပြီ။ အန်တီတယောက်၏ အကြံပေးချက်အရ တချို့ပန်းသီးတွေကို အ၀ကျယ်သည့် ပုလင်းကြီးကြီးဖြင့် ဆားရည်စိမ် ထားလိုက်သည်။ ဒါလဲ မကုန်သေး။

ရက်သတ္တ ၂ ပတ်ပြည့်လု ပြည့်ခင် ဖြစ်လာသည်အထိ ပန်းသီးတွေကား ကျန်သေးသည်။ အရွယ်မရောက်ခင် အပင်ပေါ်မှ ဆွတ်ခူးခြင်း ခံရရှာသော မြေမနင်းသီးတွေမို့လား မသိ။ ၂ ပတ်ပြည့်လုသည်ထိ လတ်ဆတ်နေတုန်း။ ထိုသို့ဖြင့် ဇူလိုင် ၂၃ရက်နေ့ ရောက်သောအခါ အကြံရပြီ။ နောက်တနေ့ ဆိုလျှင် ဘာမင်ဂန်သို့ အလှူပွဲသွားရမည်။ ထိုပန်းသီးများကို ပန်းသီးငပိချက် ချက်၍ ဘုန်းဘုန်းတွေကို ကပ်မည်။ ထိုအလှူပွဲကို သူကြီးလဲ လာအုံးမည်ဟု သတင်းရသဖြင့် သူ့အတွက်လဲ ချက်ပြီး ယူသွားမည်ဟု တွေးကာ မနက်ခင်းတွင် အထက်၌ ဖော်ပြခဲ့သလို မေဓာဝီတယောက် စိန်ခလုတ်ဖြင့် ပန်းသီးများကို တလုံးပြီးတလုံး ချစ် (အဲ ... ယောင်လို့) ခြစ်၍ နေရပေတော့၏။ (ဥပုသ်ကြီးနဲ့တောင် ခြစ်နေရတဲ့ဘ၀)

(အပေါ်ဆုံးက စာပိုဒ်တွင် -ျ (ယပင့်) နှင့်ြ- (ရရစ်) မှားယွင်းရေးသားမိခြင်းကို စာဖတ်သူများ မိမိဘာသာ ပြင်၍ ဖတ်ကြပါကုန်။ ဤကား စကားချပ်)


မခြစ်မီပုံ နှင့် ခြစ်ပြီးပုံ

ပန်းသီးတပုံးလုံး ခြစ်၍ ပြီးသွားသောအခါ လက်လဲ အတော်အံသေသွားပြီ။ သို့သော် မနားရသေး၊ မျက်ရည်တောက်တောက်ယိုအောင် ကြက်သွန်လှီးခြင်း၊ လက်တညောင်း ပုဇွန်ခြောက်ထောင်းခြင်း၊ ငရုတ် ကြက်သွန်ကို ငပိစိမ်းစားလေးထည့်ကာ မွှန်ထွန်နေအောင် ဆီသတ်ခြင်း စသည်စသည် အမှုကိစ္စများ စွမ်းစွမ်းတမံ ဆောင်ရွက်ကာ ပန်းသီးငပိချက်ကို ကြိုးစားပမ်းစား ချက်ရပြန်လေ၏။


ပန်းသီးငပိချက်ကို မကပ်သော အိုးကလေးဖြင့် ချက်သည်မို့ ခဏပစ်ထားပြီး တခြားကိစ္စလုပ်နေစဉ် တူးနံ့က နှာခေါင်းဝကို လာ၍ ကလူကျီစယ်သဖြင့် ကမန်းကတန်း ပြေးကြည့်တော့ အနည်းငယ် တူးနေပြီ။ မကပ်သောအိုးက အိုးမကပ်သော်လဲ တူးတတ်ပေသည်တကားဟု သင်ခန်းစာရကာ အတူးတွေ အသက်တွေကို ဖယ်ထုတ်ပစ်ရသေးသည်။ အတူးနှင့် အသက်က တွဲလျက် အမြဲရှိတတ်သည်၊ တူးလျှင် သက် (ခါး) တတ်သည် မဟုတ်ပါလား။ ပန်းသီးငပိချက် အိုးထဲမှ အတူးနှင့် အသက်ကို ဖယ်ထုတ်ပြီး အားလုံးကျက်သော် ငရုတ်သီးစိမ်းကလေး ခွဲထည့်ပြီးနောက် ပန်းသီးငပိချက် ချက်ပြုတ်ခြင်းကိစ္စ နိဋ္ဌိတံလေပြီ။ ချက်၍ ပြီးသောအခါ ဘာမင်ဂန်ကျောင်းအတွက် တဘူး၊ သူကြီးအတွက် တဘူးနှင့် အိမ်အတွက် တဘူးဟူ၍ ဘူး ၃ ခုနှင့်ခွဲထည့်ပြီးနောက် ပန်းသီးများ ကုန်သွားသည့်အတွက် စိတ်အေးလက်အေး ဖြစ်သွားလေတော့သည်။
***
နောက်တနေ့ အလှူပွဲမှာ သူကြီးနှင့်ဆုံတော့ ...
"သူကြီးပန်းသီးတွေကို ငပိချက် ချက်လာတယ်၊ ဒီမှာ သူကြီးအတွက် တဘူး ..."
"အိမ်း ... စားရသေးတာပ ... ခြံထဲက ပန်းသီးပင်လဲ အလုံးတွေ ပိုထွားလာလို့ မေဓာအတွက် ပန်းသီးတွေ ထပ်ခူးလာခဲ့သေးတယ်၊ ရော့ ... ဟောဒီမှာ ... "

ပြောပြောဆိုဆို သူကြီးက အရင်တခါထက် ပိုကြီးသော အိတ်ဖြင့် ထည့်လာသည့် ပန်းသီးအိတ်ကြီးကို ကျမလက်သို့ ပေးအပ်လိုက်လေသောအခါ ...

ဟိုက် ... ခြစ်ရပေအုံးမည် ဟု စိတ်ထဲမှ တိတ်တခိုး ရေရွတ်မိသော်လဲ နှုတ်ကမူ ...

"ကျေး ... ကျေး ဇူး တင် ပါ တယ် သူကြီး" ဟု အသံတိမ်တိမ်ဖြင့် ပြောရင်း ပန်းသီးအိတ်ကြီး မနိုင့်တနိုင်ဆွဲကာ သူကြီးရှေ့တော်မှောက်မှ အမြန်ဆုံး ခွါခဲ့ရလေတော့သတည်း။
***
မပြီးဆုံးသေးသော အခြစ်များစွာဖြင့် ...

မေဓာဝီ
၂၉ ဇူလိုင် ၂၀၁၁
၀၀း၁၃ နာရီ

(အဲ ... မေ့လို့ဗျို့ ... ခေါင်းစဉ် စာလုံးပေါင်းလဲ ပြင်ဖတ်ကြပါအုံး)

24 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အချစ် အချစ်၊ ခါခါချစ်သော်
အချစ်ကုန်ခမ်း၊ လွန်ပင်ပန်း၏။

အခြစ်အခြစ်၊ ထပ်ကာခြစ်သော်၊
အခြစ်မတတ်၊ သူ လက်ပြတ်၏။

အရစ်အရစ်၊ ဖန်ဖန်ရစ်သော်
အရစ်လွန်က၊ သူ ဒေါထ၏။

အဟွတ် အဟွတ်...
ဆိုးလိုက်တဲ့ချောင်း
ကောင်းလိုက်တဲ့ ငါးပိချက်.. အဟွတ် အဟွတ်။
အဘအသက် ရာပြည့်ပွဲမှာ ငါးပိချက် အော်ဒါ မှာဦးမယ်။ အဟွတ် အဟွတ်။ ဗိုက်ထဲကလဲ နာသလိုလို။ ဂွီ... ကျုတ် ကျုတ်။ ကလု ကလု။း)))

များများချစ် အဲ ခြစ်နိုင်ပါစေ။

ခင်မင်လျက်

san htun said...

များများ ခြစ်နိုင်ပါစေ...း)

စန္ဒကူး said...

့hahahahah.. မရီဘဲမနေနိုင်ဘူး..
မမမေဓာဝီ သနားပါတယ်.. အခြစ်ဘ၀ကနေ မတက်တော့ဘူးထင်ပါတယ်...
ဧကန္တ ပန်းသီးငပိချက်က လက်ရာကောင်းလွန်းလို့ဖြစ်မယ်။

သိင်္ဂါကျော် said...

ခြစ်နိုင်လိုက်တာနော်..
ပန်းသီး ငါးပိချက် ကောင်းမယ့်ပုံပဲ..

T T Sweet said...

ဟိုနေ့က ပန်းသီးအစိမ်းရောင်တစ်လုံး ခွဲစားတာ ချဉ်လွန်းလို့ သကြား၊ ငရုပ်သီးမှုန့် ငံပြာရည်နဲ့ နယ်စားလိုက်ရတယ်။ မေဓာဝီပြောမှအကြံရတယ်။ ဂွေးသီးငပိချက်စားချင်နေတာကြာလှပြီ။ ပန်းသီးငပိချက်စားရမယ်ကွ။

မအိမ်သူ said...

“ပန်းသီးတစ်ပင်တုံးကာမှ မမေဓာပြန်ခဲ့မယ်” ဖြစ်နေပြီထင်တယ်။ ဒါပေမယ့် သူကြီး ပန်းသီး မမေဓာ ငပိချက် ကတော့ အလှူလုပ်လိုက်ရလို့ နှစ်ယောက်လုံး ကုသိုလ်ရတာပေါ့နော်။ ဖတ်ပြီးတော့ ရီလိုက်ရတာ။ နည်းလမ်းတစ်ခုတော့ရပြန်ပြီ ပန်းသီးငပိချက် လက်တည့်စမ်းစရာ.. ဧည့်သည်တွေရောက်ပြီး မအားတာနဲ့ အိမ်မလည်ဖြစ်တာ အတော်ကြီးကြာသွားတယ် မမေရေ..

မောင်ဘကြိုင် said...

သြော်ဗျာ ချစ်ဆိုလို့ ခြစ်ဖြစ်နေတာကိုး
ထူးထူးဆန်းဆန်း အခုမှကြားဖူးတယ်ဗျာ
ပန်းသီးငါးပိချက်တဲ့
ဂလု ဂလု
အစားသောက်ဆို ဂလုပြီးသားပဲ မမေဓာဝီရေး)

မောင်ဘကြိုင်

SHWE ZIN U said...

မမေဓါ ရေ

ဖတ်ပြီးတော့ ရီလိုက်ရတာ မျက်ရည်တောင် ထွက်တယ် သကြီးမင်း ကတော်တော်ရက်စက်တာဘဲ မမေဓါ မချစ်ရ မနေနိုင်အောင် လုပ်ရက်တယ်

တော်တော် ဆိုးတဲ့ သကြီးမင်း ရွှေစင်ဦး လည်း သကြီးမင်း ပေးမဲ့ မြေမနင်း သားပန်းသီးသား လေးတွေ ကြောက်လို့ အင်္ဂလန် လာမနေတော့ဘူးနော်

်ခင်မင်စွာဖြင့်
ရွှေစင်ဦး

seesein said...

ကြီးမေ မချစ်တတ် ချစ်တတ်မို့လို့ပင်ပန်းတာနေမှာဗျ အချစ်တွေ များလွန်းရင် ၀ိုင်ဖောက်သောက်ဗျာ ပန်းသီးဝိုင် ဆိုရင် တော်တော်ကောင်းမယ် မက်မန်းဝိုင် စပျစ်ဝိုင်တွေလိုမျိုးလေ ကြီးမေ စမ်းကြည့်ပြီး အောင်မြင်ရင် သူဂျီးကို အရင်လက်ဆောင်မပေးနဲ့ စစတို့ညီအမတွေကို အရင်ပေးဗျာ အောင်မြင်ရင်တော့ အသံတိမ်တိမ်လေးနဲ့ ကျေး...ကျေး..ဇူးတင်ပါတယ် စစဆိုပြီး အရင်မစဗျာနော်။
အခုတော့ ကြီးမေရဲ့ ပန်းသီးငပိချက်လေးစားချင်တာ သရေယိုနေပြီ။
ခင်မင်တဲ့
စစ

နေ၀သန် said...

:D... ချစ်နိုင်သူတွေ ချစ်ကြပါဗျို့...း)))

ခင်မင်လျက်
နေ၀သန်

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေးဖတ်ရင်း ရီမိတယ်မမရေ...အကိုကလည်းဆိုးပ ..မချစ်ချင်တဲ့ မမကို ချစ်စရာ အဲ.. ခြစ်စရာ အလုပ်တွေပေးလို့.. ဘာပဲပြောပြော ပန်းသီး ငါးပိချက်တော့ စားချင်သား..:):) စားဘူးသေးလို့..:P

တောက်ပကြယ်စင် said...

ပို့စ်ရဲ့အကျဉ်းချုပ်ခေါင်းစဉ်ကို ကြည့်လိုက်တော့ မမေတော့ အချစ်အကြောင်းတွေ တင်ပြီပေါ့။ စစချင်း နောက်မီးဖိုခန်းထဲ၌ အားကြိုးမာန်တက် ချစ်၍နေ၏ဟု ဖတ်ရှုရသောအခါ စိတ်ထဲဝယ် ချက်သည်ကို ချစ်သည်ဟု ထင်မှတ်လေသတတ်။ ဆက်ကာဖတ်ကြည့်တော့မှဖြင့် ချစ်နဲ့ခြစ်ပါလားဟူ၍ သဘောပေါက်လေတော့သတည်း။ နောက်ထပ်သဘောပေါက်လိုက်သည်ကတော့ အင်္ဂလန်မှာ ပန်းသီးအလွန်ပေါများကြောင်းပါတည်း။ အင်္ဂလန်သွားလည်ရင်ဖြင့် ကြီးမေတို့၊ သူကြီးမင်းတို့ကပ်မည့် ပန်းသီးငပိသုပ်ကို အခုကတည်းက စိတ်မျက်စိထဲဝယ် မြင်ယောင်မိသေးသည်။ ပန်းသီးများများစားလျှင် ခန္ဓာကိုယ် ကျန်းမာလာပြီး တောင့်တင်းခိုင်မာလာသည်ဟု ပန်းသီးစားရခြင်းအကျိုးကို ဖတ်ဖူးထားလေတော့ ကြီးမေနဲ့ သူကြီးတို့ရဲ့ ခန္ဓာကိုယ်သည် ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ သန်သန်စွမ်းစွမ်းများ ဖြစ်ဟန်တူ၏ဟု စိတ်ထဲက မှန်းဆကြည့်လိုက်သေးသည်။ (သူတို့နှစ်ယောက်ရဲ့္ဓဓာတ်ပုံများ မြင်ဖူးချင်လိုက်ပါဘိနော်၊ မပြတော့လည်း စိတ်မဆိုးပါ)

(အော် ဒါနဲ့ ကြီးမေရယ် ဟ၀ှါလေ ဘုန်းဘုန်း ခရီးထွက်နေတုန်းလေ အစိမ်းရောင်ဆိုဘ်မှာ မှာတမ်းစကားလေးဘာလေး ရေးထားသေးသလား ခရီးထွက်တာတို့၊ နေမကောင်းတာတို့ပေါ့၊ အခု ဖွင့်မရဘူးနော်၊ လည်နေကျဆိုဘ်မို့ ဖွင့်မရတော့လည်း ခရီးများထွက်နေတာလား နေများမကောင်းတာလား စသည်ဖြင့် သိချင်နေမိတာ အမှန်ပါ၊ သိရင် ဖြေပေးကြပါကုန်လော့)

ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ...

mstint said...

'အချစ်'များစွာဖြင့်မှ 'အခြစ်'များစွာဖြင့်သို့ ပြောင်းပြီးဖတ်သွားတယ် မေဓာဝီရေး)။
ပန်းသီးငါးပိချက်လေးက စားချင်စဖွယ်ပဲ။ ကွန်မန့်တွေအားလုံးဖတ်ရတာလည်း စိတ်ကြည်နူးစရာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

KT said...

ကောင်းပါလေ့ဗျား...။

Nyi Linn Thit said...

မမေရဲ့ အသော့အထေ့လေးတွေကို သဘောကျလိုက်တာ၊ ရေးတတ်တယ်ဗျာ..၊းD ကြားဖူးတဲ့ "An apple a day keeps a doctor away" ဆိုတဲ့ စကားအတိုင်း ဆိုရင်တော့ မမေတို့ တူဝရီး ၂ ယောက် ဆရာဝန်ကို တော်တော်နဲ့ တွေ့စရာ မလိုတော့ ဘူးပေါ့..၊း) ငါးပိချက်ကတော့ တကယ့်ကို စားကောင်းမယ့် ပုံပဲဗျာ....။

Anonymous said...

I can't stop lol by the post and apple donar Thagyimin's comment.I do apple pickle sometime.It's the same way to do like other pickle if you like spicy mango pickle.(THADU)3 for your effort to religion.
With love,
Gyidaw

မဒမ်ကိုး said...

လျှောက်လာလည်လိုက်တာ..
မစားဖူးသောဟင်းတစ်မယ်ကိုတွေ့သွားပြီး
သားရေကျသွားပါတယ်မမေဓာရေ..

ခင်မင်လျှက်

မဒိုးကန်

မောင်မျိုး said...

အစ်မ လက်မောင်းတွေ တော်တော် တောင့်လာမှာပဲဗျး) စားဖူးချင်တယ် အဲ့တာမျိုး မစားဖူးဘူးး ။

အလင်းသစ် said...

ပန်းသီးသုတ်တဲ့ ဟီးးးးးးးးး
အခြစ်များစွာဖြင့်ကို သေသေချာချာဖတ်သွားပါသည်။။။

ဟန်ကြည် said...

ခြစ်ခြင်းများစွာ၊ ထိုချင်းရာကား
ခန္ဓာသန်စွမ်း၊ စိတ်ဓာတ်ကျန်းမာ
ကြည်သာရွှင်လန်း၊ ဘ၀င်ချမ်းမြ
ဝမ်းမြောက်ရ၍၊ အာဟာရလည်း
ပြည့်ဝနိုင်ကြောင်း၊ အကြံကောင်းပေး
ကဗျာရေးရင်း၊ ခံတွင်းချဉ်လျက်
အာရုံပျက်လာ၊ ထိုအာသာကြောင့်
စိုးနှောင့်ဗျာပါ၊ မေ့လက်ရာကို
စိတ်မှာချင့်တွေး၊ မိုင်ကွာဝေး၍
တွေ့မိတွေ့ရာ၊ ဖွေရှာမွှေနှောက်
စိတ်မနောက်ခင်၊ အလျင်တွေ့သည့်
ထိုငပိကို၊ ငန်သည်ကိုထား
လျက်မိငြား၏၊ ငပိပါသော
ပန်းသီးတောနှယ်၊ အဟောဝတ
ချမ်းသာစွ...


သရက်သီး ငပိချက်တော့ စားဖူးဘူးဗျာ...စိတ်ပေါက်ပေါက်နဲ့ တွေ့တဲ့ ငပိထောင်းဗူးပဲ လျက်ကြည့်မိတယ်...ငပိမကြိုက်တဲ့လူမို့ထင်ရဲ့ အရသာ တစ်စက်မှကို မတွေ့ဘူး...ငံစပ်စပ်နဲ့...ဒါပေမယ့် ပုံထဲက ပန်းသီးငပိထောင်းတော့ မြည်းချင်သားဗျာ...သူကြီးမင်းကုသိုလ်...အစ်မမေလက်ရာ ဖြစ်နေလို့...

မြစ်ကျိုးအင်း said...

မကုန် ကုန်အောင် ကြံဖန်မှ နောက်တအိတ်နဲ့ ထပ်တိုးနေတယ်။ ဒီတခါတော့ ငပိချက်လုပ်ပြီး နိင်ငံတကာက ဘလော့ဂ်မောင်နှမတွေဆီသာ ပို့လိုက်ပေတော့။ နောက်တခါတွေ့ရင် သူကြီးလည်း အပင်လိုက် နှုတ်လာမယ်ထင်တယ်။ ဘလော့ဂ်ဂါမိတ်ဆွေတွေ အခင်အမင်တယ်ကြီးပါ့။

ညိမ်းနိုင် said...

မမေ....အစ်မဆီဆိမ်ပေးတဲ့အကြံကို လက်တွေ့အကောင်
အထည်ဖော်စေချင်ပါသည်၊သို့မှသာ မမေလည်းခြစ်ဒုက္ခမှ
လွတ်ကင်းမှာဖြစ်လေ၏အဲ...ရလာတဲ့ ပန်းသီးဝိုင်လေးတွေ
ကိုတော့ ကျွန်တော်တို့ကိုလက်ဆောင်ပေးနော်...:D

စော(အဝါရောင်မြေ) said...

အင်း သူတို့ တွေ တော်တော်ခင်ရှာတယ်။ ပန်းသီးဟင်းချက်တာတွေ တီဗွီမှာ မြင်ဘူးတုံးက အံသြနေတာ။ ခုတော့ မြန်မာမူပြုထားတဲ့ ဟင်းတွေ့ ရတော့တယ်။

Anonymous said...

မမေ..မြန်မာပြည်ရောက်နေလို့ ဘလောက်ကို မရောက်ဖြစ်ဘူး..ပန်းသီး ငါးပိချက် မစားဘူးလို့.. သွားရေ ယိုလိုက်တာ.. အရမ်းစားချင်တာပဲ။
ချက်ပုံ ချက်နည်း တင်ပေးပါဦးနော်..

(မောင်ကြီး)