Monday, July 04, 2011

ကျမနှင့် ပါဠိစာများ ...

ခုတလော မေဓာဝီတယောက် ပါဠိစာလုံးတွေနဲ့ အလုပ်တွေ များနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်လောက်က ဓမ္မဂင်္ဂါဆရာတော်ရဲ့ ဘလော့မှာ ပါဠိသင်ခန်းစာလေးတွေ တင်ထားတာ တွေ့တာနဲ့ သဘောကျလို့ ၀မ်းသာအားရ မှတ်စုစာအုပ်ထဲ ကူးပြီး လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ဖြစ်တယ်။ ပါဠိဆိုရင် ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ ဘုရားစာလို့ပဲ အများစုက ထင်ကြပေမဲ့ တကယ်တမ်းက ဘာသာစကားတခုလို လေ့လာကြည့်တဲ့အခါ အလွန် စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ သိပ်ကို စိတ်ဝင်စားနေပြီဆိုတော့ မေဓာဝီ ပါဠိကို လေ့လာတာ တော်တော် ခရီးရောက်နေပြီလို့ မထင်လိုက်ကြပါနဲ့။ အခုမှ သင်ခန်းစာ အမှတ် (၅) ပဲ ရှိပါသေးတယ်။ (ဘုန်းဘုန်းတောက်တို့ကတော့ ရယ်ချင်နေရော့မယ်။)

ပါဠိဝေါဟာရတချို့က ကိုယ်သိထားတာတွေ ကြားဖူးနားဝ ရှိနေတာတွေ ပါနေတော့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခါတလေတော့ နည်းနည်း ဦးနှောက်စားတယ်။ တချို့ အသုံးအနှုန်းတွေကို ကျမက အတွေးခေါင်တာကိုး။ ဖူးမြော်တာရယ် ဖူးမြင်တာရယ် တူလား မတူလား တော်တော်လေး စဉ်းစားရတယ်။ နောက်ဆုံးတော့ မတူဘူးလို့ ဆုံးဖြတ်ပြီး ဖူးမြင်တယ်ဆိုတာကို မြင်တယ်လို့ အနက် ပြန်လိုက်တယ်၊ ဖူးမြော်တာကိုတော့ ရှိခိုးတယ်လို့ ပြန်လိုက်တယ်။ သြကာသ ကန်တော့ချိုးထဲမှာ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရားလို့ အမြဲဆိုနေကျ ဆိုတော့ အဲလိုတွေးလိုက်မိတာ။ တကယ်တမ်းက ဖူးမြော်က မြင်တာနဲ့ အတူတူပဲတဲ့။ ဟဲ … သိမှ မသိဘဲလေ။

လေ့ကျင့်ခန်းပေးထားတဲ့ ပါဠိဝါကျလေးတွေ လုပ်ရင်း ကိုယ်မသိသေးတဲ့ ပါဠိစာလုံးတွေ တဖြည်းဖြည်း မှတ်မိလာတယ်။ ကျမက အလွတ်မကျက်ချင်ဘူး၊ ဆင်ခြေကတော့ ... ခေတ်သစ် ပညာရေးစနစ်ဟာ အလွတ်ကျက်စရာ မလိုဘူးပေါ့၊ တကယ်တော့ ကျက်ရမှာ ပျင်းလို့ပါ။ ငယ်ငယ်က ဘာသာရေး သင်တန်းတက်တော့ ဆရာက “အာဂုံဆောင်မှ အာဂလူ၊ အူကလာမှ အာဂလူ” လို့ ပြောဖူးတယ်။ ကျမက အာဂလူလဲ မဖြစ်ချင်တော့ မကျက်ပါဘူး။ ခဏခဏ ဖတ်ရင် ရေးရင် မှတ်မိမှာပဲဆိုတဲ့ အတွေးနဲ့ မှတ်စုစာအုပ်ထဲ လက်ရေးနဲ့ ကူးရေးထည့်ပြီး လေ့ကျင့်ခန်းတွေ လုပ်တယ်၊ မသိရင် ပြန်လှန်ကြည့်လိုက်တာပဲ၊ ပြန်လှန်လေ့ကျင့်ခန်း ဆိုပါတော့။ အလွတ်မကျက်တော့ စာမကြေဘူး၊ ဒါပေမဲ့ သင်ခန်းစာ တခုပြီးတာနဲ့ အသစ်ကလဲ ထပ်တက်ချင်သေးတယ်၊ ဒီတပည့်မျိုး သင်ရတဲ့ဆရာတော့ အတော်စိတ်ညစ်မှာပဲ။ :)

ပါဠိသင်ခန်းစာတွေ ဖတ်ရင်း လေ့ကျင့်ခန်းတွေလုပ်ရင်း ကျမတို့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ ပါဠိစာလုံးတွေသုံးပြီး ပြောခဲ့ဆိုခဲ့ ရယ်မောခဲ့ကြတာလေးတွေ အမှတ်ရမိလို့ ပြောပြရအုံးမယ်။ တလက်စတည်း ပါဠိနဲ့ နီးစပ်ခဲ့ပုံက စပြောပါမယ်။
***
ကျမ သိတတ်စ အရွယ် (ကျောင်းမနေခင် စာမဖတ်တတ်ခင်) ကတည်းက အဘိုးချမှတ်ထားတဲ့ စည်းကမ်းအရ အိမ်မှာ ညစာစားပြီး လူစုံချိန်ဆိုရင် တအိမ်သားလုံး ဘုရားဝတ်တက်ရတယ်။ သတ်မှတ်ချိန်ရောက်ရင် ကြေးစည် သုံးချက်တီးပြီး လူစုတယ်။ ပထမအချက် တီးရင် ကိုယ်လုပ်လက်စတွေ လက်စသပ်၊ ဒုတိယအချက်တီးရင် အိမ်ပေါ်ထပ် ဘုရားခန်းကို အရောက်သွားကြ၊ တတိယ အချက်တီးတဲ့ အချိန်မှာ ဘုရားရှေ့မှာ အားလုံး အဆင်သင့် ဖြစ်နေရပါပြီ။ ဘုရားစာတွေ မဖတ်တတ်ခင် အလွတ်မရခင် အဒေါ်တယောက်က တိုင်ပေးပြီး ကျမတို့က လိုက်ဆိုရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဘုရားရှိခိုးတွေ တော်တော်များများ အလွတ်ရလာတော့ အားလုံးသံပြိုင် ဆိုပြီး ကန်တော့ကြရတယ်။

ကျမ အသက် ၅ နှစ် အရွယ်မှာ အဘိုးက ခဏဆိုပြီး ဒုလ္လဘ၀တ်ရာက ပြန်မထွက်တော့ဘဲ ဘုန်းကြီးအပြီးဝတ်လိုက်တယ်။ ကျမတို့ မြေးတွေက အဘိုးဘုန်းကြီးရဲ့ အနားမှာ ဝေယျာဝစ္စလုပ်ရင်း အဘိုး အမြဲဖွင့်လို့ မင်းကွန်းဆရာတော်ဦးဝိစိတ္တရဲ့ ပရိတ်ကြီး ၁၁-သုတ်ကလဲ အလွတ်မရသည့်တိုင် နားထဲစွဲလာတယ်။ ပရိတ်သာ အလွတ်မရတယ်၊ နားထောင်တာများတော့ ဘယ်လောက်တောင် စွဲလဲဆိုရင် ဘယ်နေရာမှာ နာရီကြီး မြည်မယ်၊ ဘယ်နေရာမှာ ဆရာတော် ချောင်းဟန့်မယ်ကအစ မှတ်မိနေခဲ့တာ။

နည်းနည်းကြီးလာတော့ (ရှစ်တန်း ကိုးတန်းလောက်မှာ) အဖေရဲ့ ပရိတ်ကြီး ၁၁-သုတ် အသံထွက် ရွတ်ဖတ်နည်း စာအုပ်ကလေး ထွက်လာတော့ ဘုရားဝတ်တက်တိုင်း ခါတိုင်းရွတ်နေကျ ဘုရားရှိခိုးတွေ အပြင် ပရိတ်ကြီး ၁၁-သုတ်လုံး ရွတ်ရတော့တာပဲ။ အဖေ့စာအုပ်ထဲမှာ ပါဠိတကြောင်း အသံထွက်တကြောင်း လုပ်ပေးထားတော့ ကျမတို့လို လူပြိန်းတွေအတွက် ဖတ်ရတာ အဆင်ပြေပြီး အသံထွက်တွေလဲ မမှားတော့ဘူး။ ပါဌ်ဆင့်တွေကို ဘယ်လို အသံထွက်တယ်ဆိုတာကိုလဲ ရှေ့ပိုင်းမှာ ပါဠိဖတ်နည်းကို ဇယားလေးနဲ့ လင်္ကာလေးတွေနဲ့ ရှင်းပြထားတော့ ပါဠိ စာလုံးပေါင်းပုံကအစ တဖြည်းဖြည်း သိလာပါတယ်။

အဲဒီတုန်းကတော့ အဘိုးကို ကြောက်လို့သာ ရွတ်ရတယ်၊ စိတ်က သိပ်မပါလှဘူး။ စိတ်အိုက်အိုက်နဲ့ ရွတ်ရတာပါ။ အဘိုးမသိအောင် ခက်တဲ့သုတ်တွေ ကျော်ချကြသေးတယ်။ အာဋာနာဋိယသုတ်မျိုးတွေပေါ့။ များသောအားဖြင့်တော့ ကျော်လို့မရပါဘူး၊ အဘိုးက နောက်ကနေ အသာလေး ကြည့်နေတတ်တယ်။ ဘယ်သူ အသံသိပ်မထွက်လဲ မရွတ်ဘဲ ခိုနေကပ်နေသလဲ နားထောင်ပြီး မထင်ရင် မထင်သလို ဆော်ပလော်တီးသေးတာ၊ မြေးမိန်းကလေးတွေ အရိုက်မခံရပေမဲ့ ကျမ အကိုဝမ်းကွဲတွေတော့ မကြာခဏ အဘိုးတောင်ဝှေးစာ မိကြတယ်။

ဆယ်တန်းအောင်ပြီးတော့ အဘိုး ပျံတော်မူသွားတဲ့အခါ ကျမတို့ မောင်နှမတွေအားလုံးကို အဖေက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ မြန်မာစာသင်တန်းနဲ့ တက်လို့ရသမျှ ဘာသာရေး သင်တန်းတွေ တက်ခိုင်းပါတယ်။ ဆရာကြီး ဦးမြသောင်း သင်တဲ့ ဗိုလ်တထောင်ဘုရားက မြတ်ရတနာ ဓမ္မစာပေသင်တန်းမှာပါ။ အဲဒီမှာ ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ အဘိဓမ္မာ အကုန်တက်ခဲ့ရတယ်။

ဒီလိုနဲ့ ကျမတို့ နှုတ်ထဲမှာ ပရိတ်ကြီး ၁၁-သုတ်တွေ ဘုရားစာတွေက ယဉ်ပါးနေပြီး အလကားနေရင်း ပရိတ်ထဲက ပါဠိစာသားတွေကို ရွတ်နေဆိုနေမိကြတယ်။ ဘယ်လောက်တောင်လဲ ဆိုတော့ စကားပြောတာတောင် ပါဠိစာသားတွေ ထည့်ပြောလို့။ တော်လိုက်ကြတာနော်လို့ ဖတ်ရင်းနဲ့ တွေးနေကြသလား မသိဘူး။ ခဏလေး … ဆက်ဖတ်ကြည့်ပါအုံး … ။

“ငါတို့ ပူဇာစ ပူဇနေယျာနံ* လုပ်ကြရအောင်”
လူကြီးတွေကို တခုခု ပူဆာချင်ရင် အဲဒီလိုပြောကြတာ။

ပန်းကန်တွေဆေးပြီး ရေသုတ်ခိုင်းရင် …
“ရေသုတ် ပယုတ္တာ (ယေ သုပ္ပယုတ္တာ*) လုပ်လိုက်ပါ” လို့ ပြောလေ့ရှိတယ်။

ပစ္စည်းတွေ တခုနဲ့ တခုရောထွေးနေတာကို မြင်ရင်တော့ …
“သောကောရောကော ၀ိနဿတု*” တွေ ဖြစ်နေပြီပေါ့။

ဒါတွင် မကသေးဘူး၊ ယောင်တာတောင် ပါဠိသံကလေးနဲ့။
ကြီးတော်ကြီး ယောက်ျားဟာ တရက်တော့ ဟင်းအိုးအဖုံးဖွင့်လိုက်တာ လက်ပူသွားတော့
“ဟဲ့ - ပူရင်တံ (ပူရန္တေံ)*” လို့ ယောင်တယ်။ သူယောင်နည်းကို သဘောကျလို့ ကျမတို့လဲ ပူရင်တံလို့ လိုက်ယောင်ကြတာပဲ။

အဒေါ်တယောက်ကတော့ သူ့သားသမီးတွေကို ဟိုဟာနဲ့ ဒီဟာ ရောခိုင်းရင် …
“ယောစာမနာပေါ*” လုပ်လိုက်ဆိုပဲ။

အဲဒီလိုတွေ ထည့်ပြောနေကြတာပါ။ ဘုရားစာထဲက ပါဠိတွေကို နောက်တီးနောက်တောက် ယူသုံးနေလို့ ငရဲများ ကြီးမလားတော့ မသိပါဘူး။ ကျမတို့ကတော့ ပျော်ပျော်ကြီး သုံးနေမိကြတာပဲ။ ကိုင်း ဒါလောက်ဆို ကျမတို့ ပါဠိတွေ ဘယ်လိုသုံးလဲ သိလောက်ပါပြီ။
***
ကျမ ခုနစ်တန်း ရှစ်တန်းလောက်က အဖေ့ဆီမှာ လာအလုပ်လုပ်တဲ့ လူကြီးတယောက်ရှိတယ်၊ နာမည်က ဦးဝင်းစိန်တဲ့။ သူက ဘုန်းကြီးလူထွက် - အသက်ကတော့ သိပ်မကြီးသေးပါဘူး။ သူက ဓမ္မာစရိယ အောင်ပြီးမှ ရဟန်းဘ၀ကို ငြီးငွေ့လို့ လူဝတ်လဲပြီး အလုပ်ရှာနေချိန် အဖေက အိမ်မှာ ပုံနှိပ်စက်ကလေး လုပ်နေတော့ ဘုရားစာအုပ်တွေ ရိုက်တဲ့အခါ သူ့ကို ပရုဖ်ဖတ် စာတည်း အသုံးတည့်လို တည့်ငြား အိမ်မှာ ခေါ်တင်ထားပါတယ်။ သူကလဲ အဖေနဲ့ နေရတာ ပျော်ပြီး ဈေးသွား ဘာသွား အိမ်အလုပ်တွေပါ ကူလုပ်ပေးတယ်။ ဒါပေမဲ့ ဘုန်းကြီးလူထွက်ပီပီ သူက အလုပ်လုပ်ရင် အစဉ်အတိုင်းပဲ လုပ်တယ်။ ကြားဖြတ် ကျော်ပြီးခိုင်းလို့ မရဘူး။ ပြောလိုက်ရင် ယထာက္ကမန် (အစဉ်အတိုင်း) လုပ်တာပါ ဦးရယ် … တဲ့။ ဒါကြောင့် အဖေက သူ့ကို နာမည်မခေါ်တော့ဘူး၊ ယထာက္ကမန် (ယထက်ကမန်) လို့သာ ခေါ်တော့တယ်။ တခါတလေ အတိုကောက် ခေါ်တာ “ယထက်” တဲ့။ ကျမတို့အားလုံးလဲ သူ့ကို အဖေခေါ်သလို “ယထက်ကမန်” ပဲ ခေါ်ကြတော့တာပဲ။

အဲဒီတုန်းက နေ့ခင်းနေ့လည် အလုပ်ပါးရင် အဖေက စာစီသမားကြီးတွေနဲ့ စစ်တုရင် ကစားလေ့ရှိတယ်။ အဲဒီအခါ ဘုန်းကြီးလူထွက် ယထက်ကမန်ကြီးက မကစားတတ်ပေမဲ့ ဘေးနားက ကြည့်ပြီး အားပေးနေကျပေါ့။ အဖေတို့က ကစားရင်း ကိုယ့်အရုပ် တဘက်လူက စားသွားရင် …
“ဟာ … သေရော” လို့ စိတ်ပျက်လက်ပျက် အော်တဲ့အခါ … သူက ဘေးနားကနေ
“မြတ်၏” လို့ ခပ်တိုးတိုး ဆိုတယ်။

ကစားသူတွေက “သေရော” တခါပြောတိုင်း “မြတ်၏” ပြောနေတာ ဘာကြောင့်လဲ ကျမတို့က မသိဘူး။ နောက်မှ အဖေ့ကိုမေးကြည့်တော့ …
သေယျော - ဆိုတဲ့ ပါဠိရဲ့ အဓိပ္ပါယ်က မြတ်၏တဲ့။ သူက ဘုန်းကြီးလူထွက်ဆိုတော့ အနက်ပြန်တာ အကျင့်ပါပြီး သေရောပြောတိုင်း သေယျောလို့ သဘောထားပြီး မြတ်၏လို့ ဘာသာတွေ ပြန်နေတော့တာကိုး။ နောက်ပိုင်း ကျမတို့လဲ တခုခုမှာ သေရော လို့ ပြောမိတိုင်း နောက်ဆက်တွဲ မြတ်၏ ကလေးပါ ထည့်ပြောဖြစ်ကြရင်း “သေရော - မြတ်၏” ဆိုတဲ့ စကားလေး ကျမတို့ မိသားစုထဲမှာ တွင်သွားတော့တယ်။

တလောက အဖေနဲ့ စကားပြောဖြစ်တုန်း ယထက်ကမန် တယောက် ဘယ်ရောက်နေလဲလို့ မေးမိတော့ …
“သူ့ရွာပြန်သွားပြီး မိန်းမရသွားတယ်၊ ကလေးတွေ ဘာတွေလဲ ရနေပြီ၊ ခုတော့ ရရာအလုပ် လုပ်နေသတဲ့၊ ရန်ကုန်ရောက်တုန်း အဖေ့ကို လာကန်တော့သွားသေးတယ်၊ သိပ်ပြေပြေလည်လည်တော့ ရှိပုံမပေါ်ဘူး” လို့ အဖေက ပြောပြတယ်။ အဲဒီစကားကြားတော့ သြော် … သူ့ခမျာ ဓမ္မာစရိယအောင်ပြီးခါမှ သားကျွေးမှု မယားကျွေးမှုနဲ့ ပင်ပင်ပမ်းပမ်း ဖြစ်နေရှာတယ် … လို့ ဆိုပြီး စိတ်မကောင်း ဖြစ်မိသေးတယ်။ ဒါပေမဲ့ … ပြန်စဉ်းစားလိုက်တော့လဲ သူက ယထာက္ကမန် ဆိုတဲ့အတိုင်း သူလုပ်ချင်တာ အစဉ်အတိုင်း လုပ်နေတာပဲနေမှာပါလေ … ဒီတော့လဲ သူပြောနေကျအတိုင်း ဘာပဲဖြစ်ဖြစ် သေရော (သေယျော) မြတ်၏ ပဲပေါ့လို့ … တွေးမိပြီး ဖြေသာသွားပါရောလား။

ကျောင်းပိတ်လို့ အချိန်ရခိုက် ပါဠိစာတွေ လေ့လာတုန်း ငယ်ငယ်က ကြုံခဲ့ဖူးတာလေးတွေ သတိရမိတာနဲ့ အမှတ်တရ ပြန်ရေးလိုက်တာပါ။ ဘုရားစာကို နောက်ပြောင်လို စိတ်နဲ့ မဟုတ်ပါကြောင်း … ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးတို့အား ဦးခိုက်လျက် ...
***
မေဓာဝီ
၎၊ ဇူလိုင်၊ ၂၀၁၁
၁၈း၀၄ နာရီ

၁) ပူဇာ စ ပူဇ နေယျာနံ (မင်္ဂလသုတ်မှ)
၂) ယေ သုပ္ပယုတ္တာ (ရတနသုတ်မှ)
၃) သောကော ရောကော ၀ိနဿတု (အာဋာနာဋိယသုတ်မှ)
၎) ပူရေန္တံ (မောရသုတ်မှ)
၅) ယောစာမနာပေါ (ပုဗ္ဗဏှသုတ်မှ)

15 comments:

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလည်း ငယ်ငယ်က ဦးလေးကို ကြောက်လို့ အလွတ်ကျက်ခဲ့ ဘူးတာတွေ ခုတော့ မေ့ပြိး ဟိုခွကျော် ဒီခွရောက်နဲ့ ..:):)

တောက်ပကြယ်စင် said...

ကြီးမေရေ ခပနီယံ၊ ယာပနီယံနော်။ အဓိပ္ပာယ်က ကြီးမေလည်း သိလောက်ပါတယ်။ နေကောင်းကျန်းမာလား၊ မျှတပါရဲ့လားပေါ့။

ဘုရားဝတ်တက်တဲ့အိမ်လည်း ရှိတယ်နော်။ ဘုန်းဘုန်း ခုမှပဲ ကြားဖူးတာ။ (ပါဠိစာလုံးနဲ့ ပြောရမယ်ဆိုရင် "အစ္ဆရိယံ ၀တ ဘော၊ အဗ္ဘုတံ ၀တ ဘော-အမောင်တို့ လက်ဖျောက်ခတ်တီး အံ့ချီးထိုက်ပါပေစွတကား"လို့ ပြောရတော့မယ်)

အသက်ကို ခဏမေ့ထားခဲ့ပြီး အသံထွက်အောင် တ၀ါးဝါး၊ တဟားဟားနဲ့ ရယ်လိုက်ပါတယ်။ ကိုယ်တစ်ပါး
တည်းရယ်ရတာ အားမရလို့ အခန်းဖော်သူငယ်ချင်းကို
လည်း မျှဝေလိုက်ပြီး ရယ်ဖော်ညှိရပါသေးတယ်။ ဒီလိုသာ နေ့တိုင်းရယ်ရင်တော့ အသက်ရှည်ဦးမယ် ထင်တယ် ကြီးမေရေ။ (မှတ်ချက်။ ။"အသက်ကို ခဏမေ့ထားပြီး" ဆိုသည်မှာ ခုလက်ရှိအသက်က ၃၂-နှစ်၊ ရယ်တာက ဆယ်ကျော်တုန်းက ပုံစံနဲ့ ရယ်လိုက်ခြင်းကို ဆိုလိုသည်)

အားမရသေးဘူး။ နောက်တစ်ပါးကို သွားပြောအုံးမယ်။ ပြီးရင် တစ်ခါထပ်ရယ်ဦးမယ်။ သေယျော-မြတ်၏ ကတော့ ဘုန်းဘုန်းတို့လည်း သုံးနေကျပါ။ ကျန်တာက ခုမှ ကြားဖူးလို့ အသနာကုန်ရယ်ပစ်လိုက်တယ် ကြီးမေရေ။

ခုလို အသက်ရှည်ဆေးလေး တိုက်ကျွေးတဲ့အတွက်
ကြီးမေလည်း အသက်ရာကျော်အထိ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်ပြီး သာသနာကျိုးကိုလည်း
ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ
သလိုက်တယ် ကြီးမေရေ။

(နောက်နှစ်ခေါက်သုံးခေါက်လောက်ထပ်ဖတ်ဦးမယ်)

နတ္ထိ said...

နောင်ဆို အရေးအသား ဆင်ခြင်မှ... :D

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် ယောင်တာတောင် ပါဠိလေးနဲ့ပါလား
တို့များလဲ အားကျသွားတယ်
ဒီနေ့ကစပြီး အမေကို မာတာ
အဖေကို ပီတု ဆရာကို အာစရိ ဆွေမျိုးတွေကိုတော့ ဥာတကာလို့ ခေါ်တော့မကွဲ့း)

မအိမ်သူ said...

မမေရေးထားတာဖတ်ပြီး လူကရယ်ကျဲကျဲ ပြုံးဖြီးဖြီးဖြစ်နေတယ်။ အဲဒီလိုနည်းမျိုးနဲ့ ဘာသာစကားလေ့လာရတာ အတော်ခရီးရောက်မဲ့ပုံဘဲ။ ရီစရာနဲ့တွဲမှတ်မိနေတော့ မေ့လည်းမမေ့တော့ဘူးပေါ့။ :))

SHWE ZIN U said...

မမေ ရေ

ညီမ ရေးထားတာလေး ဖတ်ရတာ ပျော်စရာကြီး

အမ လည်း ဖတ်ပြီး အမ အဖိုးကို သတိရ သွားတယ် အဲဒီလိုဘဲ တော်တော်တူတယ်

နေ၀ဿန် said...

သဘောကျတယ်.. မမေဓါဝီတို့ ငယ်ငယ်က မိသားစုကြီးကြီးနဲ့ သိပ်ပျော်ဖို့ကောင်းမယ်... :D


ခင်မင်လျက်
နေ၀ဿန်

mstint said...

ကောင်းတဲ့ အစဉ်အလာလေးပဲ ညီမရေ။ မိသားစုမှာ အဲဒီလိုချစ်စရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေဟာ တစ်သက်စာအတွက် အမှတ်တရလေးတွေပေါ့ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ယနေ့အထိ ပါဠိ လိုအသံမထွက်တတ်ပါ၊ တရားနာရင်တောင် ပါဠိတွေများနေရင် ဆက်မနာဖြစ်ပါ၊ မြန်မာလိုဟောသော တရားများကိုနာဖြစ်ပါသည်၊ မြန်မာလိုရှင်းစွာဟောသော ဘုန်းကြီးများကို ပိုသဘောကျပါသည်၊ ပေးထားသောလင့်မှ ပါဠိ ဖတ်နည်းလေ့လာကြည့်ပါမည်၊ ကျေးဇူးတင်ပါသည်။

ဝင်းပေါ်မောင် said...

ကျနော်တို့ အိမ်မှာတော့ ကိုယ်တွေ သိပ်ကြည့်မရတဲ့ သူတွေကို “ယံဒုန္နိ မိတ္တံ” လို့ သုံးတယ်။ ကိစ္စတခုခု ပစ္စည်းတခုခုကို မေ့ပစ်လိုက်ဖို့ စွန့်ပစ်လိုက်ဖို့ ဆိုရင် “နိဗ္ဗာန ပစ္စယော ဟောတု” လို့ ပြောတယ်။ လူကြီးတွေ မသိအောင် တခုခု လုပ်ပြီဆိုရင် “ကပ္ပိယံ ကရောဟိ” လို့ သုံးတယ်။ နောင်ကျတော့ “ကရောဟိ” ကို “လုပ်” ဆိုတဲ့ ကြိယာ အစား တော်တော်သုံးတယ်။ ငယ်ငယ်ကတော့ အဲလို အတော်ပြောခဲ့တာပဲ။ ပေါက်ကရတွေ ချည်းပါပဲ။ အခုခါမှာတော့ ကျနော့်ရဲ့ အာမေဋိတ်စကားက “ဒုက္ခော လောကေ” ပါ။ ဆရာတော်တပါး ကတော့ မင်းဟာ သဒ္ဒါ မှားနေတယ်လို့ မိန့်ပါတယ်။ ကိုယ်က ဟာသသဘော ပြောတာ အတည်ယူပြီး ထောက်ပြတော့ ဘာဆက်ပြောရမှန်း မသိဘူး။ ခုလဲ ပြောလိုက်ဦးမယ် … ဒုက္ခော လောကေ…

Nyi Linn Thit said...

မမေရဲ့ ပရိတ်ကြီး ၁၁ သုတ်ကို နားထောင်ဖန် များလို့ မှတ်မိနေတဲ့ နေရာတွေက တကယ့်ကို ရယ်ချင်စရာ..၊ ကလေးဆိုတော့လည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်၊ ဖူးမြော်နဲ့ ဖူးမြင်ကို ကျနော်လည်း မမေထင်ခဲ့သလိုပဲ ထင်နေခဲ့တာ၊ အခုလို သိရတော့လည်း ကျေးဇူးပါဗျို့၊ အိမ်မှာ ပါဠိလိုတွေ သုံးကြတာကိုတော့ အရမ်းသဘောကျ သွားတယ်...။း)

ဟန်ကြည် said...

အင်မတန်ကောင်းမွန်တဲ့ အကျင့်နဲ့လူလားမြောက်ခွင့်ရခဲ့တာပါလား အစ်မရေ...သာဓုခေါ်ပါရစေဗျာ...ကျွန်တော်လည်း ငယ်ငယ်ကတည်းက...ပြောရရင် နှစ်တန်းကျောင်းသားအရွယ်ကတည်းက နွေကျောင်းပိတ်ရင် ဘုန်းကြီးကျောင်းမှာ ပိဋကတ်စာပေ သွားသွားသင်ရတာ ရှစ်တန်းကျောင်းသားအရွယ်အထိပါပဲ...အဲဒီအကျိုးဆက်ကတော့ ဘာသာရေးကို မြတ်မြတ်နိုးနိုးရှိလာတဲ့အပြင်...လောကအပေါ် တော်တော်လေး အမြင်ရှင်းလာတာပါပဲ...ဒါပေမယ့် ဒေါသကြီးတဲ့ အကျင့်လေးကျတော့လည်း ဖျောက်လို့ကို မပျောက်နိုင်သေးပြန်ဘူး အစ်မရေ...

ကိုကိုမောင်(ပန်းရနံ့) said...

ဘုန်းဘုန်းတောက် ကြော်ငြာကောင်းလို့ လာဖတ်ပါတယ်။ အသက်ကြီးလာလို့လားတော့ မသိဘူး။ တစ်ယောက်ယောက်က ကလိလာထိုးသလိုမျိုးကြီးတော့ မရယ်မောလိုက်ရဘူး။ ဒါပေမဲ့ ဣနြေ္ဒကြီးစွာနဲ့တော့ ပြုံးတုံ့ပြုံးလှယ် လုပ်သွားလိုက်ပါတယ်။ ရယ်မောစရာတွေက ဆင်းရဲနေချိန်မို့လဲ ပါတာပေါ့လေ။ ဟာ ဟ။ စတာပါ။ ရယ်မောရပါတယ်။

သူကြီးမင်းတို့ ကလေးတုန်းကတော့...
ရေနွေးကျိုရင်း လက်အပူလောင်သွားရင် .. ပူဇာစ ပူဇနေယျာနံ လို့ ယောင်ရမ်းအော်ကြတယ်။ လက်ပူတာတောင် မင်္ဂလာယူလိုက်တဲ့သဘောပေါ့လေ။

ဆောင်းပိုင်းမှာ ရေချိုးတဲ့အခါ အေးလွန်းရင်... ဧတံ မင်္ဂလမုတ္တမံ လို့ လုပ်ကြပြန်ရော။

တစ်ခုခု ခပ်အိအိ အရာတစ်ခုကို ကိုင်မိပြန်ရင်လဲ.. ဣတိပိ သော ဘဂ၀ါ တဲ့။ ဖြစ်ပုံကို ပြောပါတယ်။

ငရုပ်သီးစားမိပြီး စပ်တဲ့ အခါမှာတော့... စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ တဲ့ ဗျား။ အဲဒီလို အဲဒီလို ကြံကြံဖန်ဖန် ယောင်တတ်ကြတယ်။

ဒါပေမဲ့ အဲဒီလို ယောင်တာက ကောင်းပါတယ်။ ဘုရားစာတွေကိုး။ ရွာထဲက တစ်ချို့ မိန်းမကြီးတွေဆို ယောင်လိုက်ရင် ပက်ပက်စက်စက်ဘဲ။

အမလေး... အောင်မောင်း.. နှာခေါင်းကြီး..
အမလေး... မောင်မောင်းနှင့် ငါနှင့်ရ...

အဲဒီလို အဲဒီလို အမျိုးမျိုးယောင်ကြတယ်။ ညစ်ညစ်ပတ်ပတ်တောင် ပါကြသေး။း)))

ဘာဘဲ ပြောပြော ကြီးကြီးမေရဲ့ ပို့စ်လေး ဖတ်ပြီး နောက်ထပ် ယောင်စရာ ပါဠိစကားလုံးတွေ တိုးသွားတာပေါ့။ ကျေးဇူးဥပကာရ အထူး တင်ရှိပါတယ် ကြီးကြီးမေ။

ခင်မင်လျက်
သူကြီးမင်း

မြစ်ကျိုးအင်း said...

ဒါမျိုးလေးတွေ မေးထားပြီး ဇာတ်လမ်းတစ်ပုဒ်လောက် ရေးအုံးမှပဲ။ သဘောကျတယ်း))

ဓမ္မဂင်္ဂါ said...

အိမ်း အိမ်း ကောင်းလင့်တေး ကောင်းလင့်တေးမှ တစ်ပါး...
လင့်ခ်တော့ ချိတ်ထားလိုက်ပေ၏။။