Monday, July 11, 2011

ဘုရားပွဲကို ကားနဲ့ဆို ...

ဒီကနေ့ (၁၀၊ ဇူလိုင်၊ ၂၀၁၁) မှာ ဘာမင်ဂန် ဓမ္မတဠာက ကမ္ဘာအေးစေတီ (The Dhammatalaka Peace Pagoda) ရဲ့ ၁၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကိုသွားဖို့ ကျမနဲ့ ဦးရီးတော်တို့ မနက် ဆယ်နာရီ မတ်တင်းလောက် အိမ်ကထွက်ခဲ့ကြတယ်။

ရာသီဥတုက သာသာယာယာ၊ မိုးမရွာဘဲ နေသာတယ်။ တနင်္ဂနွေနေ့မို့ တလမ်းလုံး ကားရှင်းတယ်။ ဦးရီးတော်က ခပ်မှန်မှန်ပဲ ကားကိုမောင်းရင်း ဘုရားရောက်တော့ ဆယ်နာရီ မခွဲသေးဘူး။ ဧည့်ပရိသတ်ကတော့ ဖြိုးဖြိုးဖြောက်ဖြောက် ရောက်စပြုပြီ။ အပြာရောင် ကောင်းကင် အဖြူရောင် တိမ်တိုက်တွေနောက်ခံနဲ့ စေတီတော်မြတ်ကို သပ္ပါယ် ကြည်ညိုဖွယ် ဖူးတွေ့ရတယ်။


ဒီလို စေတီ၊ ဒီလို ကျောင်းဝင်း၊ ဒီလို အခင်းအကျင်းမျိုးကို ဒီလို နေရာမျိုးမှာ အောင်မြင်စွာ တည်ထောင်နိုင်တာ အင်မတန် ချီးကျူးဂုဏ်ယူစရာပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာတို့ရဲ့ ငြိမ်းချမ်းသာယာသော နယ်မြေ ... ။ ခုဆိုရင် ... ၁၃ နှစ် တိုင်ခဲ့ပြီ ... ။


ဘုရားထဲက ဗုဒ္ဓရုပ်ပွါးတော်မြတ်ကို ရှိခိုးကန်တော့ပြီး သံဃာတော်များ အနေကဇာတင်တာကို နာယူကြတယ်။
"တဏှာယောက်ျား လက်သမား ..." လို့ ဆိုလိုက်တဲ့ ...
မြတ်စွာဘုရားရဲ့ ဥဒါန်းကျူးရင့်သံ စိတ်ထဲမှာ ကြားယောင်ရင်း ကြက်သီးများပင် ထလို့ ... ။


ဒီနောက် သံဃာတော်တွေကို ဆွမ်းဆပ်ကပ်ကြတယ်။ ကျောင်းကသံဃာ ၄-ပါး ပင့်သံဃာ ၆ ပါး၊ စုစုပေါင်း ၁၀ပါး။ အလှူရှင်က ဒေါက်တာအောင်မြင် မိသားစု။


သံဃာတော်တွေ ဘုဉ်းပေးအပြီး လူတွေ စားဖို့ တန်းစီကြတယ်။ တန်းကြီးက ရှည်လွန်းလို့ ရွေ့တယ်တောင် မထင်မိဘူး။ စားသောက်ဖွယ်တွေကတော့ အလျှံပယ်ပါပဲ၊ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ်။


စားသောက်ပြီး တနာရီထိုးတော့ တရားနာဖို့ ဘုရားထဲ သွားကြတယ်။ အခမ်းအနားအစီအစဉ်အရ သံဃာတော်တွေ ပရိတ်မရွတ်မီ၊ တရားမဟောမီ Peace Pagoda Sunday School ၀တ်အသင်းက တီးလုံးသံစဉ်လေးတွေနဲ့ မင်္ဂလသုတ်ကို ရွတ်ဖတ်ပူဇော်ကြတယ်။ သူတို့ပြီးတော့ မဟာယာနအဖွဲ့က အင်္ဂလိပ်ဘာသာ ဂါထာတွေနဲ့ ဘုရားရှင်ကို ပူဇော်ကန်တော့ကြတယ်။ သူတို့ ရွတ်ဖတ်ပူဇော်တာလဲ သာယာနာပျော်ဖွယ် ကောင်းတာမို့ စိတ်ကြည်နူးစရာပါပဲ။


သံဃာတော်တွေ ပရိတ်ရွတ်ပြီးနောက် ဆရာတော်ဦးဥတ္တရဉာဏက ၀ါဆိုလပြည့် ဓမ္မစကြာနေ့နဲ့ ဆိုင်တဲ့ သစ္စာလေးပါး တရားကို ချီးမြှင့်တော်မူပါတယ်။ တဆက်ထဲမှာပဲ ဆရာတော် ပင့်လာတဲ့ ဗုဒ္ဓစွယ်တော်ပွါး အကြောင်းနဲ့ ဒီစေတီတော်ကြီးမှာ ပူဇော်ဌာပနာထားတဲ့ ဗုဒ္ဓဓာတ်တော်တွေ အကြောင်းကို ပြောပြပါတယ်။

အဲဒီ ဗုဒ္ဓဓာတ်တော်တွေဟာ မြန်မာဘုရင် သာလွန်မင်းတရားမှ အစပြုလို့ မင်းအဆက်ဆက် ကိုးကွယ်ပူဇော်ခဲ့တဲ့ နန်းစဉ်ဓာတ်တော်တွေ ဖြစ်ပြီး သီပေါမင်း ပါတော်မူပြီးနောက် ရတနာဂီရိမှာ နေထိုင်ရင်း နတ်ရွာစံတော့ စုဖုရားလတ်ဟာ ဓာတ်တော်တွေကို အိန္ဒိယနိုင်ငံက မြန်မာဘုန်းတော်ကြီး နှစ်ပါးဖြစ်တဲ့ ဦးကိတ္တိနဲ့ ဦးအာစရကို ပေးလှူခဲ့ပါသတဲ့။ အဲဒီဘုန်းတော်ကြီးတွေကမှ ဆရာတော် ဦးရေ၀တ (ပထမ ဘာမင်ဂန်ဆရာတော်) ကို လက်ဆင့်ကမ်း လှူဒါန်းခဲ့တဲ့ ဓာတ်တော်တွေလို့ ဆိုပါတယ်။ ဘာမင်ဂန်စေတီကို အခေါက်ခေါက် ရောက်နေပေမဲ့ ဒီလို နန်းစဉ်ဓာတ်တော်တွေ ဌာပနာပူဇော်ထားမှန်း ကျမ အစက မသိခဲ့ဘူး။


ဓာတ်ပုံမှာ မြင်ရတဲ့ ဗူးအနီလေးထဲက စွယ်တော်ကတော့ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓစွယ်တော်အစစ်နဲ့အတူ ထားပြီး ပွါးယူထားတဲ့ စွယ်တော်တဆူပါ။ သီရိလင်္ကာနိုင်ငံ သာသနာပိုင်ဆရာတော်က ဗန်းမော် ဆရာတော်ကြီးကို စွယ်တော်ပွါး ၂ ဆူ ပေးလှူခဲ့တယ်၊ ဗန်းမော်ဆရာတော်ကြီးက ဘာမင်ဂန်မှာ ပူဇော်ထားဖို့အတွက် ဆရာတော် ဦးဥတ္တရဉာဏကို တဆူ ပေးလှူလိုက်တာကြောင့် ကျမတို့ ဒီကနေ့ ဖူးတွေ့နိုင်ခဲ့တာပါ။ အဲဒီအတွက် အလွန်ကို ၀မ်းမြောက် ပီတိဖြစ်ခဲ့ရပါတယ်။

စွယ်တော်မြတ် အနီးကပ်ပုံတော်


တရားနာအပြီး ၀ါဆိုသင်္ကန်းနဲ့ ၀တ္ထုငွေတွေ ဆပ်ကပ်လှူဒါန်းကြတယ်။ ရေစက်ချ အမျှဝေ စိရံတိဋ္ဌတု နဲ့ အခမ်းအနား ရုတ်သိမ်းပြီး ... ။


လူမျိုးမရွေး ဆင်နွှဲကြတဲ့ ဘုရားပွဲ ... ။ ကြည်နူး ပျော်ရွှင်စရာ အလွန်ကောင်းပါတယ်။
ဒီလိုနေရာမျိုးမှာ ခုလို ကျောင်းကန်ဘုရား တည်ထားဖို့ရာ မလွယ်ကူလှပါဘူး။ ရှေ့ရှေ့က ဆရာတော်တွေ အခက်အခဲပေါင်းများစွာနဲ့ တည်ထောင်ခဲ့ကြလို့ ကျမတို့လို နောက်လူတွေ အလွယ်တကူ ဖူးမြော်ကြည်ညိုနိုင်တာကို တန်ဖိုးထားတတ်ဖို့ အရေးကြီးတဲ့အပြင် နောက်ထပ် နောက်ထပ် မျိုးဆက်သစ်တွေကိုပါ နားလည်တတ်အောင် လက်ဆင့်ကမ်း နိုင်ဖို့၊ မြတ်နိုး ထိမ်းသိမ်းတတ်အောင် ဆွဲခေါ်နိုင်ဖို့ကလဲ လိုအပ်တယ်လို့ ကျမ တွေးနေမိတယ်။

...
အားလုံးပြီးတော့ ပြန်ရတော့မယ် ... ။
ဆည်းလည်းသံ တလွင်လွင် စေတီကြီးကတော့ လာရောက်သူများ အားလုံး ငြိမ်းချမ်းစေဖို့ မားမားမတ်မတ် သပ္ပါယ်စွာ တည်ရှိနေဆဲပါပဲ ... ။
***
မေဓာဝီ
၁၁၊ ဇူလိုင်၊ ၂၀၁၁
၀၀း၄၆ နာရီ
(စရေးတုန်းကတော့ ၁၀ ရက်နေ့ပဲ၊ ရေးပြီးချိန်က ၁၁ ရက်နေ့ ဖြစ်သွားတယ်။)
***
နောက်ဆက်တွဲ စားသောက်ဖွယ် (အရီးလေး စည်းစိမ် တောင်းဆိုချက်အရ)



ဒီဘက်က ဟင်းဘူးတွေက ကျမချက်ယူသွားတဲ့ ဟင်းတွေပါ။ အဲဒီနေ့ကတော့ အကောင်းစား ဟင်းလျာတွေများနေတာနဲ့ ကျမ ဟင်းတွေ မျက်နှာငယ်မှာစိုးလို့ မကပ်ခဲ့ပါဘူး။ နောက်ရက်တွေအတွက် ဖရီဇာထဲ ထည့်ခဲ့တယ်။ ဆွမ်းကျွေးတဲ့ ဟင်းပွဲတွေကိုတော့ လူတွေများနေလို့ မရိုက်ခဲ့ဘူး။ လူရှင်းတဲ့ အချိုပွဲတွေပဲ ရိုက်ခဲ့တယ်။ အချိုပွဲက မြန်မာမုန့်၊ ကုလားမုန့်၊ အင်္ဂလိပ်မုန့် အစုံပဲ။ ကဲ ... ဒီလောက်ဆို မုန့်ကြည့်ချင်တဲ့ အရီးလေးစစ အာသာပြေလောက်ပြီ ထင်ပါရဲ့ ... ။

19 comments:

ညီလင်းသစ် said...

အမှန်ပါပဲ မမေရေ...၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အတော်များများ ကွဲလွဲနေတဲ့ နေရာမျိုးမှာ အခုလို ဘုရားတည်ထားနိုင်တာ နည်းတဲ့ အားထုတ်မှုမျိုး မဟုတ်ပါဘူး၊ ပြီးတော့ နန်းစဉ်ဓါတ်တော်၊ မွေတော်တွေ ဆိုတော့ ပိုပြီးတော့တောင် တန်ဖိုးထား၊ ဂုဏ်ယူစရာ ကောင်းသေးတယ်၊ ဆက်ပြီးတော့ လက်ဆင့်ကမ်း သင့်တဲ့ ဝတ္တရားတစ်ခုလည်း ဖြစ်ပါတယ်၊ လူမျိုးစုံ တရားနာနေကြတာ ကြည်နူးဖို့ကောင်းတယ်...။

mstint said...

စောစောစီးစီးလေး အိမ်လည်ရင်း မင်္ဂလာကျက်သရေနဲ့ ပြည့်စုံတဲ့ ပို့စ်လေးကို ဖတ်လိုက်ရတော့ ရင်ထဲမှာ ကြည်နူးပြီး ပီတိတွေဖြစ်ခဲ့တယ် မေဓာဝီရေ။
အခုလို သုတ ရသ စုံလင်စွာနဲ့ တင်ပေးလိုက်တဲ့အတွက် သာဓု သာဓု သာဓုပါကွယ်။ စိတ်အစဉ် ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမေ..တခုလောက် မေးချင်လို့ပါ။ အင်္ဂလန်(wimbledon) ကို အချိန်တို (၃ ပတ်) လောက် လာဖို့ အစီအစဉ် ရှိနေပါတယ်။ အဲဒီမှာ Home stay တွေ ခေတ်စားတယ်လို့ သိရပါတယ်။ မြန်မာ အိမ်တွေထဲမှာ အဲလို လက်ခံတဲ့လူ ရှိပါသလား သိချင်လို့ပါ။

မသီတာ

sosegado said...

ဖတ်ရတာ မင်္ဂလာရှိပါတယ်၊ အလှုရှင် အားလုံးကို သာဓုခေါ်ပါတယ်၊ ရောင်ဝါလင်းပါစေ။

နေ၀သန် said...

ကြည်နူးလိုက်တာဗျာ... ဘိုတွေကိုလည်းတွေ့လိုက်တယ်.. သူတို့လည်း ဗုဒ္ဓဘာသာတွေလား.. ထေရ၀ါဒတွေလား... ဘာပဲပြောပြော. .တကယ်ကြည်နူးတယ်.. ကျွန်တော့်ဆီတောင် အရှေ့တိုင်းသာဆိုတယ်.. ဒီလိုစေတီမျိုးတွေ မရှိပါဘူး..... ၀ါဆိုသင်္ကန်းလည်းမကပ်နိုင်ပါဘူး.. (ကိုယ်တိုင်ကိုယ်ကျ)


ခင်မင်လျက်
နေ၀ဿန်

Khine Mye Thu said...

ဘုရားပွဲကို ကားနဲ့ ဆို
ဘာစားခဲ့သလဲ မရွှေဖဲ
ကြာဇံလက်သုတ် မုန့် ဖက်ထုတ်

မေကရော... ဘာတွေစားခဲ့သလဲ...
ဓာတ်ပုံတွေထဲ တို့ ညီမလေးကို ရှာမိသေးတယ်...
ဓာတ်ပုံလေးတွေကနေ ဘုရားပွဲဈေးလေးရောက်သွားတယ်..

ဟန်ကြည် said...

သာဓု သာဓု၊ ယခုပြုရ
ကုသလကြောင့်၊ ဘ၀များစွာ
ကျင်လည်ရာ၌၊ မေဓာဝီဟု
အမည်တွင်ကာ၊
ဘလော့ဂါပဲ ဖြစ်စေသော်ဝ်...


အဲဒီဆု မကောင်းဘူးလားဗျာ...ကျွန်တော်လိုချင်တဲ့ဆုကို အစ်မအတွက် တောင်းပေးလိုက်တာလေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ ကျေးဇူးနဲ့ အင်္ဂလန်က ဘုရားတော့ဖူးလိုက်ရပြီ။ လူကိုယ်တိုင်မရောက်နိုင်ပေမဲ့ ခုလိုဖူးခွင့်ရတာ ဘယ်လောက်ကံကောင်းသလဲနော်
ဘုရားဖူးခွင့်ရအောင် အကျိုးဆောင်ရင်း ပိုစ့်တင်ပေးတဲ့ ဂျီးဒေါ်မေလည်း ကုသိုလ်တွေ အများကြီးရပါစေလို့..။း)

seesein said...

ကြီးမေ ဘုရားဖူးရင်း...
.........
.........
သြ ဘာမုန့်များ စားခဲ့သေးလဲလို့ပါ
ဒီတခါ မုန့်တွေ ဟင်းတွေ မပြတော့ဘူးလားဗျ

ခင်မင်တဲ့
seesein
.

Maung Myo said...

ကြည်နူးစရာကောင်းလိုက်တာ မြန်မာပြည် သာသနာ့ အလံလေးတွေ တွဲလောင်းလေးတွေ ချိတ်ထားတာ မြင်ရတော့ စိတ်ထဲ ၀မ်းသာမိပါတယ် ။

သာဓုခေါ်သွားတယ် အစ်မရေ တကယ်ကို မွန်မြတ်ခြင်းတွေပါပဲ ။

ချစ်ကြည်အေး said...

သပ္ပါယ်လိုက်တာ၊ နောက်ခံ ကောင်းကင်ပြာကြီးရှေ့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီကိုမြင်ရတာ စိတ်ကြည်နူးစရာ၊ သာဓု သာဓု သာဓုပါ ညီမရေ...

မအိမ်သူ said...

မမေအတွက် စိတ်ကြည်နူးဖွယ် ဘုရားဖူးခရီးလေးကို ပိုင်ဆိုင်ခဲ့ရတယ်ဆိုတာ ပို့စ်လေးဖတ်လိုက်တာနဲ့ သိသာပါတယ်ရှင်။

တောက်ပကြယ်စင် said...

ကြီးမေရေ ကြက်သီးမွေးညင်း ထရလောက်အောင် ခံစားရပါတယ်။ အဲဒီလို နေရာမျိုးမှာ အဲဒီလို တည်ထားပြီး အဲဒီလို ပူဇော်ခွင့်ရအောင် တကယ့်တကယ် အားထုတ်ခဲ့ကြလို့ပဲနော်။ ကြီးမေပြောသလိုပါပဲလေ မျိုးဆက်သစ်တွေ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကလည်း အရေးလှပါတယ်။ ကြီးမေတို့ကတော့ ဒါန၊ သီလ၊ ဘာဝနာနဲ့ အမြဲတမ်းပဲ ကိုယ့်ဘ၀ကိုယ် အလှဆင်နိုင်ပါပေတယ်။ အဲဒီအတွက် သာဓုပါကွယ်၊ သာဓု၊ သာဓု၊ သာဓု...။

(အော် ဒါနဲ့ လေးပုံမြှောက်က အင်္ကျီအပြာရောင်နဲ့ဒကာမကြီးက ကြီးမေလားဟင်...ကြီးမေ အဲဒီလောက်ထိ ၀လိမ့်မယ်မထင်ဘူးနော်...ဒါပေမယ့် ပြောမရဘူးဟေ့...ကြီးမေက တို့ဟူးကို အမျိုးမျိုးလုပ်စားတတ်တော့ အဲဒီထက်တောင် ၀ရင်ဝနေဦးမယ်...ဟီး...အဟင့်...ဘုန်းဘုန်းကလည်း နောက်စရာရှားလို့နော်...လစ်ပီ)

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ ဒေါ်ကြီးမေ...

မေဓာဝီ said...

ကွန်မန့်များ အားလုံးအတွက် ကျေးဇူးပါရှင် ...

ကိုညီလင်း ... ဒါကြောင့် ကျမလဲ အဲဒီဘုရားကို သွားရတာ စိတ်ချမ်းသာတယ်။ လူမျိုးစုံလာကြတာ မြင်တော့ ပိုပြီး ကြည်နူးမိတယ်။

အန်တီတင့် ... ထပ်တူထပ်မျှ ကြည်နူးပီတိဖြစ်တယ်ဆိုလို့ ၀မ်းသာပါတယ်ရှင်။ ဆုတောင်းပေးတဲ့အတွက်လဲ ကျေးဇူးပါ။

မသီတာ ... မေးထားတဲ့ Home stay ၃ ပတ် နေမယ့်ကိစ္စ ကျမစုံစမ်းကြည့်ပေးပါမယ်။ ဘယ်လို အကြောင်းပြန်ပေးရပါမလဲ။

ကိုဆိုဆီ ... သာဓုခေါ်တဲ့အတွက် ထပ်တူထပ်မျှ အမျှရပါစေရှင်။

နေ၀ဿန် ... ဘိုတွေက ထေရ၀ါဒ ဗုဒ္ဓဘာသာတွေလဲ ပါတယ်၊ မဟာယာနတွေလဲ ပါတယ်။ ဒီဘုရားရဲ့ ဂေါပကအဖွဲ့ဝင်ထဲမှာတောင် ဗုဒ္ဓဘာသာဝင် အင်္ဂလိပ်လူမျိုးတွေ ပါပါတယ်။ ကြည်နူးဂုဏ်ယူစရာပါ။

မခိုင်မြဲသူ ... အလှူထမင်းဟင်းနဲ့ မုန့်တွေ စားခဲ့ပါတယ်ရှင်။

ကိုဟန်ကြည် ... တုသိတာနတ်ပြည်မှာ မေဓာဝီ အမည်တွင်တဲ့ နတ်သမီး ဘလော့ဂါဖြစ်ရရင် မကောင်းဘူးလား :))

ချောရေ ... မမေကလဲ ဘယ်နေရာသွားသွား ပို့စ်တင်ဖို့ ချောင်းနေတာ ... ကုသိုလ်လဲရ ပို့စ်လဲရ ဆိုပါတော့ ... ။ :)

အရီးလေး စည်းစိမ် ... ဘုရားလဲ ဖူးရင်း ... ဒါနလဲ ပြုရင်း .. မုန့်တွေလဲ စားရင်းပေါ့။ မုန့် အချိုပွဲတွေ နောက်ဆက်တွဲ တင်လိုက်တယ်။

မောင်မျိုးရေ ... အဲဒီသာသနာ့အလံလေးတွေ ကမ္ဘာတ၀ှမ်း လွှင့်ထူနိုင်စေချင်ပါတယ် ... ။

မချစ်ကြည် ... ထပ်တူထပ်မျှ ကုသိုလ်ရပါစေရှင် ... ။

မအိမ်သူ ... တကယ်ကို ကြည်နူးခဲ့ပါတယ်။

ဘုန်းဘုန်းတောက် ... မြင်လဲ မြင်တတ်တယ်နော်။ အပြာရောင် ၀တပတ ဒကာမကြီးဆိုလို့ ပြန်ကြည့်ရသေးတယ်။ တပည့်တော်က အဲလောက် မ၀ပါဘူးဘုရား။ လှရုံလောက်ကလေး ၀ရှာတာပါ။ ဟဲဟဲ ... ။
ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ် ဘုရား။

ကွန်မန့်များ အားလုံးအတွက် နောက်တခေါက် ကျေးဇူးတင်ပါကြောင်း :)

ကိုကိုမောင်(ပန်းရနံ့) said...

အသက်ကလေး ရလာတော့လဲ ဘုရားတရားအရိပ်လောက် ဘယ်အရိပ်ကမှ မအေးချမ်းတော့ပါလား။ မြင်ရတာနဲ့တင် စိတ်ကြည်နူးဖို့ ကောင်းလိုက်တာ။ အဟွတ် အဟွတ် အဟွတ်။

ခင်မင်လျက်

seesein said...

မုန့်တွေက လဲ စုံလို့ ဗျာ
ဘုရားလဲဖူး ဒါနလဲပြုတဲ့ ကြီးမေ သာဓုပါ
ကြီးမေ ရေ ပုံတွေ ထပ်တင်ပေးရလို့ကျေးဇူးပါ

ခင်မင်တဲ့
seesein

ညိမ်းနိုင် said...

ဘိလပ်လိုနေရာမှာ နန်းစဉ်ဓာတ်တော်၊မွေတော်တွေ၊စွယ်
တော်ပွားတွေဖူးခွင့်ရတာနည်းတဲ့ကုသိုလ်လားဗျာ....။
မမေပြောသလိုပါပဲ...ရှေးဆရာတော်ကြီးတွေကို ကျေးဇူး
တင်ရသလို၊နောက်လူတွေကလည်း ဆက်လက်ထိန်းသိမ်း
သွားနိုင်ဖို့လိုပါ့ဗျာ....။

Angelhlaing(May everybody be happy and healthy! said...

ဘုရားကျောင်းကန် ရှိတဲ့အရပ်မှာ နေထိုင်ခွင့်ရတဲ့ မမအတွက် ဝမ်းသာမိပါတယ်.... ပျော်စရာ ကြိးနော်.. ကြည့်ရတာတောင် ဒီလောက် ကြည်နူး ဖို့ကောင်းရင် မမရင်ထဲ အပျော်တွေ ကိုမြင်လိုက်ရ သလိုပဲ...:)

မြစ်ကျိုးအင်း said...

ကြည်ညိုသပ္ပါယ်ဖို့ ကောင်းလှပါတယ်။ နိင်ငံရပ်ခြားမှာ ကိုယ့်ဘာသာ သာသနာတွေ စည်ပင်တာဖြစ်ရင် ကြည်နူးရတယ်။

ကိုယ်တွေဆို အဲဒီလို မဖူးရတာ ကြာပြီ။
အဲ..
အဲဒီလို ဝါးတီးတွေလည်း မကြုံတာကြာပေါ့ကွယ်။