Wednesday, July 06, 2011

တို့ဘူး တို့ဖူး တို့ဟူး

ခေါင်းစဉ်ကြည့်ပြီး သကာလ မေဓာဝီ ဘာတွေ မတို့ချင်ဘူးဟု ငြင်းနေပါလိမ့် ဟူ၍ သိချင်စိတ်များ တဖွားဖွားပေါ်လာလျှင် ဤစာကို ဆုံးအောင် ဖတ်ကြည့်ပါကုန်။

ယနေ့ မိုးရွာသည်၊ တခါတရံ နေသာသည်။ အပူချိန်က ၁၄ ဒီဂရီ စင်တီဂရိတ်။ ဘိလပ်၏ အစိုးမရသော ရာသီဥတု အောက်တွင် မေဓာဝီတယောက် ခပ်ပျင်းပျင်းဖြင့် ဟင်းချက်ရန် အလို့ငှာ ကြံစည်၍ အအေးသေတ္တာကြီးထဲ ခေါင်းစိုက် ရှာဖွေသည်တွင် လွန်ခဲ့သော ရက်က လက်ဆောင်ရထားသည့် အ၀ါရောင် အတုံးကြီးတတုံး ပလပ်စတစ်ဘူးတခုထဲတွင် တုံးလုံးကြီး လှဲနေသည်ကို မြင်ရသတတ်။

ထိုအ၀ါရောင် အတုံးကြီးကား ကုလားပဲအနှစ်ကို ရေနည်းနည်းဖြင့် ကျို၍ အအေးခံကာ ခဲထားသော “တို့ဟူး” အမည်တွင်သည့် အတုံးကြီး ဖြစ်ပေတော့သည်။ ထိုအ၀ါရောင်တုံးကြီးကို နမ်းကြည့် ရှူကြည့် တို့ကြည့်ပြီး လူတွေက မည်သည့် အကြောင့်ကြောင့်များ ထိုအရာကို တို့ဟူးဟု ခေါ်ရပါသနည်းဟူ၍ စဉ်းစားခန်း ၀င်မိနေသေး၏။ စာဖြင့် ရေးသောအခါ၌ တို့ဟူးဟု ရေးသော်ငြား စကားပြောသောအခါ တို့ဘူးသုပ် တို့ဖူးကြော် စသည်ဖြင့် ပြောလေ့ရှိကြသည်။ ထိုသို့ဆိုလျှင် တို့ဟူးလား တို့ဘူးလား တို့ဖူးလား မည်ကဲ့သို့ စာလုံးပေါင်းက ပိုမို သင့်တော်မည်နည်းဟု ထပ်မံ စဉ်းစားမိပြန်လေသည်။

တို့ဟူးကို မည်သို့ပင်ခေါ်ခေါ် စားလိုက်လျှင် ဗိုက်ထဲရောက်ပြီး အာဟာရဖြစ်မှာပဲဟူ၍ အဓိပ္ပါယ်မရှိသည့် စဉ်းစားခန်းကို ယတိပြတ် ဖြတ်ကာ ချက်ပြုတ် ကြော်လှော်ရန် စီစဉ်လေတော့သည်။

သို့သော် မပြီးသေး၊ အတွေးက ထပ်မံ၍ ၀င်လာပြန်လေသည်။ ထို တို့ဟူးတုံးကြီးအား ချက်လျှင် ကောင်းမည်လော၊ ကြော်လျှင် အဆင်ပြေမည်လော၊ သုပ်လျှင် ခံတွင်းတွေ့မည်လော … ။ စဉ်းစားရပြန်လေ၏။

နောက်ဆုံး၌ ၃ မျိုးလုံးသာ လုပ်လိုက်ပါတော့မည်ဟု ဆုံးဖြတ်ချက်ကို ရဲရဲကြီးချလျက် ချက်ပြုတ် ကြော် သုပ်ရန် စတင် စီမံလေတော့သည်။
***
ချက်နည်း ပြုတ်နည်း နိသျည်း

တို့ဟူးသုပ်


လွယ်ပါသည်။ ကျိုပြီးသား တို့ဟူးကို လှီးကာ နှစ်သက်ရာ အဆာပလာများထည့်၍ သုပ်လိုက်လျှင် တို့ဟူးသုပ် တပွဲရလေ၏။
***
တို့ဟူးချက်


ပို၍လွယ်ပါသည်။ တို့ဟူးကို အတုံးလေးများ လှီးပြီး တခြားဟင်းများ ချက်သကဲ့သို့ အနှစ်ဆီသတ်၍ ချက်လိုက်လျှင် တို့ဟူးချက် တမျိုးရချေပြီ။
***
တို့ဟူးကြော်


အလွယ်ဆုံးပင်ဖြစ်သည်။ ခုနလှီးထားသော အတုံးလေးတွေထဲက အနည်းငယ်ကို ယူကာ ဒယ်အိုးထဲ ဆီထည့်၍ ကြော်လိုက်လျှင် တို့ဟူးကြော် တပွဲရနိုင်၏။
***
တွဲဖက် စားဖွယ် အသွယ်သွယ်

တို့ဟူးသုပ်ကို ထမင်းဖြင့် တွဲဖက်၍ လည်းကောင်း၊ သူ့ချည်းသက်သက် အဆာပြေ စား၍သော်လည်းကောင်း စားနိုင်ပါသည်။

တို့ဟူးချက်ကို ထမင်းဖြင့် တွဲဖက်၍ သက်သတ်လွတ် ဟင်းတခွက်အနေဖြင့် စားနိုင်သည်။

တို့ဟူးကြော်အား အချဉ်ရည်လေးတို့၍ ဖြစ်စေ သူ့ချည်းသက်သက် ဖြစ်စေ စားနိုင်ပါသည်။
***
အသုံးဝင်ပုံ

တို့ဟူးသည် ကုလားပဲဖြင့် ပြုလုပ်ထားသောကြောင့် စားသုံးသူအတွက် အာဟာရကို ဖြစ်စေ၍ ခွန်အားကို တိုးပွါးစေသည်။ များများစားလျှင် ခံတွင်းကို မြိန်စေသည်၊ အစာကိုကြေစေသည်၊ လေကိုသက်စေသည်၊ ၀ါယောဓာတ် အားကောင်းစေသည်။ ဤကား ယောမင်းကြီး ဦးဘိုးလှိုင်ရေးသည့် ဥတုဘောဇန သင်္ဂဟကျမ်း အလိုအရ ပြောခြင်း မဟုတ်ပါ။ ယောစာမနာပေါ မေဓာဝီ၏ သောကောရောကော ကျမ်းထုတ်၌ ရမ်းတုတ်ခြင်းမျှသာ ဖြစ်ပေသတည်း။
***
နိဂုံးချုပ် အဆုံးသတ် လင်္ကာ

တို့ဟူး တတုံး
၃မျိုးသုံး
အိုးလုံးမှောက်ကာ စားလတ္တံ့။
***
သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ ...

မေဓာဝီ
၆၊ ဇူလိုင်၊ ၂၀၁၁
၁၅း၂၈ နာရီ

21 comments:

ညိမ်းနိုင် said...

တို့ဟူးကြော်လေးစားချင်ထှာဗျာ....။နံနံပင်လေးတွေလည်း
တွေ့တယ်...၊ဘိလပ်မယ် နံနံပင်ရှိတယ်လား...။အင်း...
တို့ဟူးတစ်တုံးလုံးအသုံးချနည်းလို့ပြောရမယ်ထင်ပါ့....:)

မြစ်ကျိုးအင်း said...

တို့ဟူးကြော် စားချင်လိုက်တား)

rose said...

ခစ်ခစ်း) မမေ ရေးထားတာ ဖတ်ပြီး ပြုံးသွားတယ်။ တို့ဟူးဆိုလို့ တိုက်တိုက်ဆိုင်ဆိုင် ရို့စ်လည်း ဒီနေ့ တို့ဟူး စမ်းကြိုတာ မအောင်မြင်ဘူး။ တို့ဟူးက မခဲဘူး။ စိတ်ကိုညစ်ရော။ မမေရဲ့ တို့ဟူးသုပ်လေးပဲ မြည်းသွားမယ်နော်။

ကိုကိုမောင်(ပန်းရနံ့) said...

ကြီးမေ တစ်စတစ်စ ပေါ ပေါ လာပြီ။ အဲ.. ပေါ်လာပြီ အချက်အပြုတ်တတ်ကြောင်းးးး။

တို့ဟူးလေး စားရင်း ခပ်ငြိမ့်ငြိမ့်နားထောင်ရအောင် အဲ.. ဖတ်ကြည့်ရအောင်... ပိုင်ရှင်ထံ ပြန်ပို့ပေးလိုက်တယ်။ ဒီမှာ....


..

နမ်းချင်လျက် လွဲ

ဟောင်ဖွာဖွာ၊ ညောင်နာနာ နေရင်း
သိုင်းကွက်ရှာ အိမ်သာတက်၊ ပြိုင်းလျက်သာ ဆင်း။
ဆင်းခဲ့လဲ ဗိုက်နာ
အတုံးအဖတ်တွေ ရေပေါလော၊ ရောစုံလို့ “ပါ”

မငြင်းနဲ့ကွာ၊ လေညာက မွှေး
ပြုံးလျက်လေ သူ့နဘေး၊ ပေါက်-ခဲ့ရသေး။

ပေါက်ရလဲ မသက်သာ
နောက်တချီ၊ ဒီအလုံးက
အမုန်းပေါ့ နံတာ။

ပုပ်လေပေါ့ အတော်သာ၊ မျက်ရည်ပါ အကျ
မခံသာ အခန်းဝ၊ အော်လိုက်ပြန်ကြ။

အော်ပြန်လဲ မထွက်လာ
နှာခေါင်းတကယ်၊ ကောင်းတယ်ပဲလား
သဲချက်က သာ။

ပဲပြုတ်က မကြာမကြာ၊ ညနေစာကျ အပီဆွဲ
မနက်ဖြန် ပြန်မလို့၊
မနေသာပြန် နံလို့ပဲ၊ နမ်းချင်လျက် လွဲ …. ။


ခင်မင်လျက်...

တောက်ပကြယ်စင် said...

ဘုန်းဘုန်းသည် ပေါတိကာလေ= ငယ်ရွယ်အခါ၌ပင် တို့
ဟူးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်ဖြစ်၍ဘယ်လိုပုံစံနဲ့လာလာ
ကြော်မလား၊ ချက်မလား၊ သုပ်မလား အလုံးစုံ နှစ်သက်မိ
လေစွတကား။ တို့ဟူး၊ ခေါက်ဆွဲတို့သည် ရှမ်းစကားမှ ဆင်းသက်လာသည်ဟူ၍လည်း ကြားဖူးလေသည်။ (ဟုတ်မဟုတ် အစိမ်းရောင်ကို မေးကြည့်ကြလေကုန်)။

"ကျမနဲ့ ပါဠိစာများ"တွင် ပြောစရာတစ်ခု ကျန်ရှိနေသေး၍ ဤနေရာ၌ ပြောခွင့်ပြုပါလေကုန်။ ပြောလိုသည်မှာ ကြီးမေစာကျက်သည့်ပုံစံသည် ဘုန်းဘုန်းနဲ့ တူညီလေသည်။ ဘုန်း
ဘုန်းလည်း အလွတ်မကျက်ချင်။ ခဏခဏဖတ်၊ ရေး။ အဲဒီလိုနဲ့ စာမေးပွဲများကို အောင်မြင်ခဲ့ဖူးလေသတတ်။

ကဗျာလက်ဆောင်...
"တို့ဟူးတစ်လုံး
ပေးပါအုံး
ဘုန်းဘုန်းတို့လည်း
ချက်ကြည့်မယ်"

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ဟန်ကြည် said...

အဲဒီတိုဖူးက အမြင်လှသလောက် အကြိုခက်သဗျာ...တိုဖူးမရှိတဲ့ဒေသမှာ နေရတုန်းက အိမ်ရှင်မခမျာ စားချင်ရှာလွန်းလို့ ပဲမှုန့်နဲ့ကြိုရှာတာ...တိုမဖူးဘဲ...တိုပြဲဖြစ်ကုန်တာပဲ များတယ်...တိုဖူးဖြစ်ဦးတောင်မှ မီးပေးတဲ့ အယူအဆပေါ်မူတည်ပြီး အရသာကလည်း ကွာသေးသကိုးဗျ...တိုဖူးသုပ်ပုံကို ကြည့်ပြီး တစ်ခါသားမယ် ရန်ကုန်ရောက်တုန်းက Trader's Hotel ဘေးမှာ(အထင်မကြီးနှင့်နဲ့ဦးဗျ) အထမ်းနဲ့ရောင်းတဲ့ တိုဖူးသုပ်ကို ပြန်သတိရသေးတော့...တိုဖူးကို ရှောက်ရွက်ကလေးတွေပါ ထည့်သုပ်တားတာ ခုပြန်တွေးရင် ခုပြန်သွားရည်ကျချင်သေးတော့...အဲဒီလိုပဲ တိုဖူးကြော်ကလည်း အယူအဆလိုပြန်သကိုးဗျ...ဒီမှာဖြင့် တိုဖူးကြိုက်လွန်းလို့သာ သွားသွားစားနေရတယ်...တစ်စက်ကလေးမှ ခံတွင်းမလိုက်ချင်ဘူး...အစ်မဆီကပဲ ကပ်စားတာမှ ဟုတ်တုတ်တုတ်ရယ်...

တိုဖူးကိုကြို
ဟင်းချိုကို ပူပူမှုတ်ပါလို့
မေဓာဝီ သူချက်ပြုတ်တဲ့
နတ်သုဒ္ဓာ သည်တိုဖူးကို
မြည်းဖူးအောင် မြင်ယောင်ရေးတွက်
အိပ်မက်လေးမစပါ...။

Angelhlaing(May everybody be happy and healthy! said...

မမရေ တို့ဟူးသုတ် တစ်ပွဲပေးပါဗျို့...:):)

မေဓာဝီ said...

@ညိမ်းနိုင် ... ဘိလပ်မှာ နံနံပင် ရှိပါကြောင်း။ ၃ စည်း တပေါင် (စတာလင်ပေါင်) နှင့် ၀ယ်ယူနိုင်ပါကြောင်း။ တစည်းကို လက်တဆုပ်စာမက ပါပါကြောင်း။

@မြစ်ကျိုးအင်း ... စားလိုလျှင် စားစေသတည်း။

@rose ... မမေလဲ ကိုယ်တိုင်လုပ်တာ မခဲသဖြင့် သူများပေးသော ခဲပြီးသားတို့ဟူးကို သုပ်ခြင်း ဖြစ်ပါကြောင်း။

@ကိုကိုမောင် (ပန်းရနံ့) ... အဆိုပါကဗျာအား "၀မ်းမှန်လျက်ပဲ" ဟု အမည်ပြောင်းလိုပါကြောင်း။ သို့မှသာ "ပန်းပန်လျက်ပဲ" နှင့် ပို၍ ကာရန်ကိုက်မည် ဖြစ်ကြောင်း။

@ဘုန်းဘုန်းတောက် ... ဘိလပ်လာလျှင် တို့ဟူး ၃မျိုး ချက်သုပ်ကြော်၍ ကပ်ချင်ပါကြောင်း။ ကဗျာလက်ဆောင်အတွက် ကျေးဇူးတင် ၀မ်းသာ ပါကြောင်း။

@ဦးဟန်ကြည် ... အကျိုလွဲလို့ တိုပြဲဖြစ်သွားရင် မပူပါကုန်လင့်၊ တို့ဟူးပျော့လုပ်စား၍ ရပါသေးသည်။
ဦးဟန်ကြည်၏ ချစ်စဖွယ် ကဗျာလေးအား ကျေးဇူးတင်ပါကြောင်း။

@အိန်ဂျယ်လှိုင် ... တို့ဟူးသုပ်တွင်မက တို့ဟူးချက်လဲ အိုးလိုက်ဆွဲသွားနိုင်ပါကြောင်း ... ။

ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်ပါသည်။

ညီလင်းသစ် said...

မမေရဲ့ ဒီပို့စ်လေးက တယ်မြူးပါလား၊း) အစကနေ အဆုံးထိ ရယ်မြူးရိပ်တွေနဲ့ လန်းဆန်း သွက်လက် နေတယ်၊ ချက်နည်းပြုတ်နည်း နိသျည်းကတော့ ဦးကြီးပု ကြားရင် ဆရာတင်မှာ သေချာတယ်၊း) သုပ်၊ ကြော်၊ ချက်.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ၃ ခုစလုံးက စားကောင်းမှာ သေချာတယ်၊ မမေက ဘိလပ်ဆိုတော့ လည်း ရှိတ်စပီးယားနဲ့ပဲ အဆုံးသတ်ရတာပေါ့လေ၊ A တို့ဟူး by any other names, would remain as tasty. ဟုတ်တယ်...ဟုတ်။း))

နေ၀သန် said...

သာဓု.. ကောင်းလေစွ.. သာဓု ကောင်းလေစွ.. သာဓု.. ကောင်းလေစွ... :P


ခင်မင်လျက်
နေ၀ဿန်

mstint said...

တို့ဟူးလေးအကြောင်း ဝင်ဖတ်သွားတယ် မေဓာဝီရေ။ အလုပ်အတော်များသွားပုံရတယ်း) ကြိုပြီးတို့ဟူးတုံးလေး အဆင်သင့်ရှိနေလို့ပေါ့နော်။ အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

တော်ပြီ လာလည်တော့ဖူး တိုဟူး တမျိုးကို ဟင်းသုံးခွက်ချက်ပြီး သုံးရက်တိတိကျွေးရင် ဘယ်နှယ်လုပ်ပ

မအိမ်သူ said...

အိုးးး.. မမေက သွားရေကျအောင် လုပ်ပြန်ပေါ့
တို့ဟူးသုပ် စားချင်လိုက်တာ အရမ်းကောင်းမယ့်ပုံဘဲ။
တို့ဟူးချက်လေးကလည်း ထမင်းဖြူလေးနဲ့စားရရင် ရှယ်ဘဲ။ ဟင်းအိုးလေးမြင်တာနဲ့တောင် အနံ့လေးမွှေးလာသလို... တို့ဟူးကြော်လေးလည်း ရေနွေးကြမ်းနဲ့ မြည်းလိုက်ရရင်.. ဟင်း..ဟင်း.. စိတ်ကိုထိန်း သွားရေသိမ်းပြီး ကွန်ပျူတာကြီးထဲ ခေါင်းမ၀င်ခင် ပြန်သွားပါကြောင်း.... :)

seesein said...

တို့ဖူး ဗျာ တို့ကို မတို့ဖူး လို့ မပြောပါဘူး နေ့တိုင်းကျွေးလည်း စားမယ်ဗျို့ ဘယ်လိုကျွေးကျွေး ကြိုက်စ် သုတ် ချက် ကြော် အားလုံး ကြိုက်စ်

ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်လေစွ
အမရာမေဓာဝီလို့ နာမည်ပေးရမယ် တစ်မျိုးထဲနဲ့ သုံးမျိုးဖြစ်အောင် ချက်တတ်လို့း)
အင်း ခွန်အားတိုးပွားဖို့ ပဲများများစားမှ
များများစားပြီး များများပေါက်နေရင် ပြဿနာနော်း)

T T Sweet said...

တို့ဟူးသုတ်က စားချင်စဖွယ်လေး။ ကဗျာလေးကလဲ ကောင်းလိုက်တာ။ မနက်ဖြန် တို့ဟူးသုတ်စားဦးမယ်း))

...အလင်းစက်များ said...

ဟိုတစ်ကောင်မေးမှ သတိရတယ်...... ဟုတ်သား ဘိလပ်မှာ နံနံပင်ပေါသလားဟင်....။

ထိုင်းမှာ နံနံပင်အမြစ်ကို လွှင့်မပြစ်ကြဘူးဗျ။ သပ်သပ်တောင် ၀ယ်ယူကြသေးတယ်။ ဟင်းရည်ချက်ရင် သူ့ ကို သုံးကြတယ်ဗျာ။

တို့ ဟူး သုပ်လေး စားချင်လိုက်ထှာ

Anonymous said...

it is tofu

Anonymous said...

တို့ဟူးနွေးကြိုက်တယ်
အကြော်လည်းကြိုက်တယ်
အားလုံးကို ဂလုဂလုသွားတယ်ဗျာ

မောင်ဘကြိုင်
နေပြည်တော်မှလာသည်

မိုးယံ said...

ဒေါ်လေးမေ ရေးထားတာတွေဖတ်ပြီး ရယ်နေတုန်း တို့ဟူးသုတ်တွေလည်း မြင်ရော ဟ လျှက်သား ပါးစပ်ထဲမှာ သွားရည်များကျ တံတွေးများ သီးကုန်ပါ၍ စာမျက်နှာပိတ်ကာ မနှေးအမြန် ပြေးကာပြန်ပါပြီ။

ညယံ said...

တို့ ဟူးဆို သုပ်၊ချက်၊ကြော် အကုန်ကြိုက်တယ် ။ သုံးမျိုးလုံး ကြည့်ပြီး သားရည်တောင် ကျဒယ် :)