Thursday, December 23, 2010

နှင်းရဲ့ဂယက်

တနေ့တနေ့ သတင်းကြည့်တိုင်း မိုးလေ၀သ သတင်းကို အထူးဦးစားပေး ကြည့်ဖြစ်တယ်။ နက်ဖြန် နေသာမလား၊ နှင်းကျမလား၊ အပူချိန် သုညဒီဂရီ အထက် တက်ဦးမှာလား … စသဖြင့်ပေါ့။ တခြားသတင်းတွေမှာလဲ ရာသီဥတုဆိုးရွားခြင်းရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို နေ့စဉ်လိုလို တွေ့နေရတယ်။ နှင်းကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်လိုက်ရလို့ လေဆိပ်မှာ စုပုံနေကြတဲ့ ခရီးသည်တွေ၊ နှင်းကြောင့် ရထားတွေ မသွားနိုင်လို့ ချမ်းချမ်းစီးစီး ဘူတာမှာ စောင့်နေကြရသူတွေ၊ နှင်းကြောင့် ကားတွေ အသွားအလာခက်ပြီး ယာဉ်တိုက်မှုတွေ မတော်တဆမှုတွေ ဖြစ်ကြရတာတွေ … အအေးဒဏ် မခံနိုင်လို့ တိမ်းပါးသွားရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိမ်ယာမဲ့တွေ၊ နေထိုင်မကောင်းဖြစ်ကြ ဖျားနာကြသူတွေ … အဲဒါတွေကိုပဲ နေ့ရှိသရွေ့ မြင်နေကြားနေရတယ်။ သြော် … နှင်းရဲ့ဂယက်တွေ … ။

တောင်ဘက်ရွာက တုံးဖလားသူကြီးကတော့ မိနှင်းသို့ပေးစာဆိုပြီး စာတတန်ပေတဖွဲ့နဲ့ သူ့သဘာဝ ကျလာတဲ့ နှင်းကို ရက်စက်ယုတ်မာလှချည်ရဲ့လို့ စွပ်စွဲထားသေးတယ်။ အစကတော့ သူပဲ ဆန္ဒနှင်းဆိုပြီး မနှင်းဖြူလေး ကို တမ်းတနေသေး … ခုတော့ မိနှင်းတဲ့၊ အခေါ်အဝေါ်ကအစ မတူတော့ဘူး။ သူကြီးတို့ အပြောင်းအလဲမြန်လိုက်ပုံများ အဲဒီလို … ။

အေးလွန်းလို့ ကျမကတော့ ခိုစာ ငှက်စာ ကျွေးရုံကလွဲလို့ အိမ်ထဲက အိမ်ပြင် မထွက်တော့ နှင်းရဲ့ဂယက်ကို မနှစ်ကလောက် သိပ်မခံစားရပါဘူး။ မနှစ်ကတော့ နှင်းရဲ့ ဂယက်ကို ဒီမှာရေးခဲ့ဖူးသလို လှလှပပ ခံစားလိုက်ရတာပေါ့။ ဒါတောင် မနှစ်တုန်းက ဒီနှစ်လောက် နှင်းမကျဘူး၊ ဒီနှစ်လောက်လဲ မအေးဘူး။ ဒါပေမဲ့ မနှစ်ကကျောင်းတက်တဲ့ မြို့လေးက တောင်ကုန်းလေးတွေ ဆင်ခြေလျှောတွေနဲ့ဆိုတော့ နှင်းတွေ ခဲသွားတဲ့အခါ လမ်းလျှောက်ရ သိပ်ခက်ပါတယ်။ အေးလွန်းလို့ အပြင်မထွက်ချင်ပေမဲ့ ဈေးဝယ် ကျောင်းတက် ထွက်ရသေးတာကိုး။

မနှစ်ကဆိုပေမဲ့ တကယ်တမ်း နှင်းတွေ အများကြီး ကျတာက ဒီနှစ် ၂၀၁၀ နှစ်ဦးပိုင်းကပါ။ ဖိုင်အဟောင်းတွေ ပြန်ရှာဖတ်ရင်း မနှစ်တုန်းက ကြုံရတဲ့ နှင်းရဲ့ဂယက်ကို ပေါက်ကရကဗျာ ရေးထားတာလေး ပြန်တွေ့လို့ တင်လိုက်ပါတယ်။ ကဗျာကတော့ ... ကလာကဗျေး ကလေးကဗျာပေါ့။ ဖတ်ကြည့်ကြပါအုံး။
***
နှင်းရဲ့ ဂယက်

တနိုင်ငံလုံး နှင်းတွေဖုံး
ဖွေးဖွေးဖြူမဆုံး၊
အတုံးအရုံး ဖျားကြတာ
ရာသီအေးလို့ပါ၊
အသွားအလာ အလွန်ခက်
ငွေနှင်းရဲ့ ဂယက်။

ရထား ကားနဲ့ လေယာဉ်တွေ
သွားရခက်လို့နေ၊
ပိတ်ရက်ရှည် ဒီကာလ
ဒုက္ခတွေရောက်ကြ။

နံနက်အိပ်ရာ ထချိန်မှာ
မီးဖိုထဲကိုလာ၊
စားချင်စရာ ဘယ်မှာမရှိ
ပေါင်မုန့်က နတ္ထိ။

ကလိကလိ မြည်သံပို
ဗိုက်ထဲကလိုလို၊
ပေါင်မုန့်ကို ၀ယ်ဖို့သွား
ကိုယ်ကို ကြပ်စည်းထား။

သတိထားပြီး လမ်းလျှောက်လာ
နှင်းများဖုံးနေတာ၊
လမ်းထိပ်မှာ ကော်နာရှော့ပ်
ပေါင်မုန့်ဝယ်မယ်ပေါ့။

မော့တော့ မော့တော့ ဆိုင်ထဲမှာ
ပေါင်မုန့် မတွေ့ပါ၊
မေးကြည့်သောခါ ဆိုင်မှာပြတ်
ငွေနှင်းရဲ့ ဂယက်။

ပေါင်မုန့်ပြတ်တော့ နံပြားဝယ်
ထောပတ်သုတ်စားမယ်၊
တထုတ်ကို တကျပ်ခွဲ
ကြက်ဥတကဒ်ပါဆွဲ။

မရဲတရဲ ဟိုဒီရှာ
နွားနို့ဝယ်ဖို့ပါ၊
ကံကောင်းစွာ နွားနို့များ
ဆိုင်မှာ အရှိသား။

နွားနို့ ကြက်ဥ နံပြားဝယ်
အိမ်ပြန်လာခဲ့တယ်၊
လက်ထဲမယ် ကင်မရာနဲ့
ပုံတွေရိုက်သေးရဲ့။

ဒီလိုနဲ့ပဲ အိမ်ရှေ့မှာ
လှေခါးတက်သောခါ
စလစ်ဖြစ်ကာ ချော်လို့လဲ
ကြက်ဥခြောက်လုံးကွဲ
(ဒါလည်း) နှင်းရဲ့ ဂယက်ပဲ … ။ … ။ :(
***
မေဓာဝီ
(နှင်းများသည်းထန်စွာ ကျသော ၂၀၁၀ နှစ်ဦးပိုင်းကရေးသည်)

18 comments:

Anonymous said...

I love this poem,ama.
wanna sharing and keep my memory.

Merry Christmas!

Nyima

အိမ့်ချမ်းမြေ့ said...

ကဗျာကလေးက ချစ်စရာ
မမေ ရေးတာပါ..
မန့်ချင်တာတွေ များပေမယ့်
ဆက်ရေးရတာခက်..
ကဗျာစပ်က မတော်တာ
ဒေါ်အိမ်ချမ်းမြေ့ပါ..
မမေရေ.. တိတ်သာကဲ
ဒူးကွဲ.. ကြက်ဥကွဲ..
(မဖြစ်ပါစေနဲ့လို့)

သားသားသန့် said...

ကွဲတဲ့ကြက်ဥ နှမြောကာ..
ပြန်ကောက်ထည့်လို့ ကြော်စားမှာ..
ကြံကာတွေးလို့ ယူဆောင်သွား
မီးဖိုချောင်ထဲဗျား...

ကြက်ဥကြော်ဖို့ ကြံကာကွယ်...
ဆီနဲ့ဆားကို လိုက်ရှာတယ်...
ဘယ်နေရာမှ သူမတွေ့...
ကြော်လို့မရလို့ ငိုတယ်ဟေးးးးးး...
အင့် အင့် ဟင့်..အင့် အင့် ဟင့်...

မမမေအတွက် သားသားသန့်။။။ :P

မြူးမြူး said...

ကဗျာလေးက ချစ်စရာလေး.. ဖတ်ရင်းနဲ့ပြုံးမိတယ်..း)

~ဏီလင်းညို~ said...

မမေရဲ့ ကဗျာလေးဖတ်ပြီး.....အဆုံးနားလည်းရောက်ရော..ဟိဟိ..လို့ဖြစ်သွားတယ်.....။
ရေးတတ်ပဗျာ.....။

ကျန်းမာရေးလည်းဂရုစိုက်ပါဦးခင်ဗျာ......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မိုးယံ said...

ဝုတ်ဒယ် အစ်မ ကြက်ဥခြောက်လုံးကွာလဲ နှင်းရဲ့ ဂယက်ပဲ

ရွှေရတုမှတ်တမ်း said...

ကံကောင်းလို့မသေ..သံချောင်းတို့ အဖေ..ခနခနပါပဲ
ဟိုတနှစ်က ကြက်ဥမကဘူး နဖူးတောင်ကွဲတယ်

သိင်္ဂါကျော် said...

ရယ်စရာလေး.. ချစ်စရာလေး.. ကဗျာလေးက။ စပ်တတ်လိုက်တာ..

ကိုအောင် said...

မြန်မာပြည်မှာနေတုန်းက ကချင်ပြည်နယ်က
နှင်းတောင်တွေ ကြည့်ပြီး သွားကြည့်တာ ဒီဖက်
ရောက်တော့ နှင်းဒုက္ခနဲ့ အပြင်တခါ ထွက်ဖို့
အ၀တ်အစား သယ်ရတဲ့ မလွယ်ဘူး .... :P

Maung Myo said...

နှင်းကျတယ်ဆိုတာ မီးခိုးထွက်သလောက်ပဲမြင်ဖူးတော့ နှင်းဖြူဖြူကြီးတွေထဲ လမ်းထွက်လျှောက်ချင်တာ အနွေးထည် အထူကြီးကို ၀တ်လို့ ပြီးတော့ ချစ်သူနဲ့ လက်ချင်းချိတ်လို့ပေါ့ (မရှိတာခက်တယ် )

း)

ညိမ်းနိုင် said...

နှင်းတွေကို သိပ်သဘောကျတယ်...။ကျဆို ကိုယ်က
ဆောင်းမရှိတဲ့ တိုင်းပြည်ရောက်နေသကိုး...။အင်း...ဒီ
အတိုင်းဆို သိပ်မနိပ်လှသေးဘူးဗျနော်....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာ အဆက်...........

ကွဲသောကြက်ဥ
ပြန်ကောက်ကာ
ဆီနဲ့ကြော်စားပါ
ချမ်းတာအေးတာ ပျောက်လို့သွား
အဲဒါ ဆေးနည်းဗျား။ ။

အအေးဒဏ်ကိုကာကွယ်ဖို့ ကြက်ဥအကွဲကို ကြော်စားပါလို့ ဆေးနည်းပေးခဲ့တယ် မမေရေ.. ခိခိ
နှင်းတွေက အေးပေမဲ့ လှလိုက်တာ
ကိုင်ကြည့်ချင်တယ်
မမြင်ဖူးတော့လည်း ဒီလိုပါဘဲ လေ။
ပျော်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေ မမေရေ...

သားသားသန့် said...

မမမေရေ...
နှင်းတွေကိုကိုင်ကြည့်ချင်လို့တဲ့...
မကိုင်ကြည့်ချင်ပါနဲ့ဗျာ...
မီးဆိုတာပူမှန်း ကိုင်ကြည့်မှသိဆိုသလို...တခါကိုင်ပြီး
နောင်မကိုင်ချင်လောက်အောင်
ဖြစ်သွားပါလိမ့်မယ်... :)

rose said...

မမမေဓာဝီ... စာလာဖတ်သွားတယ်။ ရို့စ် ရောက်နေတဲ့ ဒီ Europe ဘက်မှာလည်း အရမ်းအေးတာပဲ။ ဒီမှာက ယူအက်စ်၊ အင်္ဂလန်ထက် ပိုအေးတယ် အစ်မရေ... ခိခိး) အစ်မရေးတဲ့ ကဗျာလေး ဖတ်ပြီး ရယ်မိတယ်
"ဒီလိုနဲ့ပဲ အိမ်ရှေ့မှာ
လှေခါးတက်သောခါ
စလစ်ဖြစ်ကာ ချော်လို့လဲ
ကြက်ဥခြောက်လုံးကွဲ"

Merry Christmas and Happy New Year!!

သူကြီးမင်း (တုံးဖလား) said...

ခြောက်လုံးကွဲလို့ စိတ်ညစ်ကာ
မေဓာငိုနေရှာ
ဦးရီးတော်က ငေါက်ကာဆဲ
မေဓာ မျက်ရည်ရွှဲ။

ကြက်ဥကွဲခြင်း အမှန်မှာ
နှင်းကြောင့်မဟုတ်ပါ
အတွေးများလို့ ချော်ကာလဲ
မေဓာ့အပြစ်ဘဲ။

အပြစ်တင်ဖို့ လူကိုရှာ
မေဓာမတွေ့ပါ
မြင်ရာကိုသာ ပြစ်ပုံချ
အဲဒါမေဓာ့ဘ၀။

ဟ ဟ ဟ ဟ။

ခင်မင်လျက်
ကိုကိုမောင်(တုံးဖလား)

sosegado said...

ပျော်ရွှင်စရာ ခရစ်စမတ်နေ့ဖြစ်ပါစေ၊
ကောင်းလိုက်တဲ့ ကဗျာလေး ပေါက်ကရလို့မထင်မိပါ၊

မြစ်ကျိုးအင်း said...

ပြေပြေပြစ်ပြစ်ရေးထားတဲ့ ဝတ္ထုတပုဒ် ထက်တောင် ကဗျာက ပိုပေါ်လွင်နေသေးတယ်
တော်ချက်ဗျာ..။ မြင်ကွင်းကို ရှင်းခနဲပဲ။

သက်ဝေ said...

တကယ်ပဲ မမေရဲ့ ကဗျာက ချစ်စရာ ကလေးကဗျာလေး...
အသံထွက် ရွတ်ကြည့်ရင် ပိုချစ်စရာကောင်းတယ်...း))
ကော်မန့်တွေက ကဗျာတွေပါ ရွတ်သွားတယ်...
ပျော်တယ်...း))