Wednesday, December 15, 2010

လောကန္တရိတ်နှင့် ကျိတ်ပေါင်းချိန်

မေဓာဝီတယောက် စာမေးပွဲဖြေဆိုပြီးပါသဖြင့် ကျိတ်ပေါင်းချိန် ရောက်ခဲ့ပြန်ပါပြီ။ (ဘလော့ဂါများ ဘလော့ဖတ်သူများ မျက်စိနောက်ဖို့သာ ပြင်ထားကြပေတော့) စာမေးပွဲ မဖြေဆိုခင်, ဖြေဆိုစဉ်, ဖြေဆိုပြီး အချိန်များတွင် အီးမေးလ်ဖြင့် တမျိုး, မက်ဆေ့ခ်ျဖြင့် တလီ, ဖုန်းဆက်၍တဖုံ အစုံစုံ အသွယ်သွယ် အမှန်တကယ် အားပေးကြ ဆုတောင်း မေတ္တာပို့သ ပေးကြသည့် ချစ်သော မိဘ, ဆွေမျိုး, မောင်နှမ, မိတ်ဆွေ, သင်္ဂဟ, သူငယ်ချင်း, အပေါင်းအသင်း, ရောင်းရင်း, ဘော်ဒါ, ဖော်သဟာ, ဘလော်ဂါများအား အထူးကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်အပ်ပါတယ်။

တကယ်ပါ။
မြို့မိမြို့ဖများ ပို့သတဲ့ မေတ္တာကြောင့် ဒီတခါ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။ ကျမကလဲ နည်းနည်းတော့ လွန်သလားမသိဘူး။ ကျမ စာမေးပွဲဖြေတာကို မြန်မာပြည်မှာ ရှိတဲ့ အမေနဲ့ အဖေလဲ မနေရ၊ တခြားနိုင်ငံတွေမှာရှိတဲ့ ဦးလေးတွေ အဒေါ်တွေနဲ့ မောင်နှမတွေလဲ မနေရ၊ ဘုန်းကြီးရော သီလရှင်ပါမကျန် ကျမအတွက် ၀ိုင်းဝန်း ဆုတောင်းပေးကြပါတယ်။ မန္တလေးက အရီးလေး စည်းစိမ်တောင် ဘုရားကြီးသွားပြီး ရွှေဆိုင်းကပ် ဆုတောင်းပေးခဲ့တယ်လို့ မက်ဆေ့ခ်ျပို့လာပါတယ်။ (ကျေးဇူးပါ အရီးလေး) စာမေးပွဲခန်းထဲ မ၀င်ခင် မိနစ်ပိုင်း အလိုမှာ ဖတ်ရတဲ့ ဖုန်းမက်ဆေ့ခ်ျတွေ၊ စာမေးပွဲပြီးပြီးချင်း ဖတ်ရတဲ့ မက်ဆေ့ခ်ျတွေကလဲ စိတ်ခွန်အားကို ဖြစ်စေပါတယ်။

ဟုတ်တယ်။
စိတ်ခွန်အားက ကျမအတွက် တကယ်ကို အရေးကြီးခဲ့ပါတယ်။ ကျမစိတ်က တက်လွယ် ကျလွယ်။ တက်ရင်လဲ လိုက်ဖမ်းလို့ကို မမီနိုင်သလို ကျပြီဟေ့ဆိုလဲ ကုန်းကောက်စရာ မရှိတော့ဘူး၊ ဟိုးအောက်ဆုံး ဒုတ်ဒုတ်ထိ။ ပြီးတော့ ဒီဇင်ဘာမှာ ဖြေရတဲ့ စာမေးပွဲက ဇွန်စာမေးပွဲထက် စိတ်ဖိစီးမှု ပိုပြီးများစေတယ်။ ရာသီက အေးစက်စက်၊ မနက်ဆို နေက တော်တော်နဲ့မထွက်၊ ညနေဆို ၃ နာရီ ၄ နာရီလောက်မှာ မှောင်နေပြီ။ အေးစက်စက် ညနက်နက်မှာ တယောက်ထဲ စာဖတ်ရတာ အင်မတန်မှ ငြီးငွေ့စရာပါ။ ဖြစ်ချင်တော့ စာမေးပွဲမဖြေခင် ၃ ပတ်လောက် အလိုမှာ ဦးရီးတော်က ဟောလီးဒေးဆိုပြီး ဆွေမျိုးအုပ်စုတောင့်တဲ့ အမေရိကန်ပြည်ကို လည်လည်သွားတော့ ကျမတယောက်ထဲ ကျန်ခဲ့ပါတော့တယ်။ ရိက္ခာအပြည့်အစုံနဲ့ တအိမ်လုံးမှာ ဘုန်းမေတယောက်ထဲ only the lonely ဖြစ်နေတာ သနားစဖွယ်ကလေးပေါ့။

စာတွေက များ ဖတ်လို့ မနိုင်၊ ဖတ်လိုက် မေ့လိုက်၊ သဘောမပေါက်လို့ လုံးချာလည်လိုက်နဲ့ ဖြစ်နေတော့ နောက်ဆို စာကိုနှစ်စကတည်းက သေချာဖတ်ပါတော့မယ် ပေါ့တီးပေါ့ဆ မလုပ်တော့ပါဘူးလို့ နောင်တတွေရလိုရ …
တခါတခါတော့လဲ … ငါဘာလို့ ဒါတွေ ပင်ပန်းခံ လုပ်နေရတာလဲ၊ ငါနဲ့ မကျွမ်းကျင်တာတွေ မအပ်စပ်တာတွေ လုပ်နေရလို့ သိပ်ခက်ခဲနေတာ … ဒီစာမေးပွဲအောင်တော့ ဘာဖြစ်လာမှာလဲ ဒီအရွယ်ကြီးရောက်မှ ဘာကို မျှော်လင့်ရအုံးမှာလဲ စသဖြင့် တွေးရင်း ဒေါသတွေထွက် ၀မ်းနည်းလိုနည်း … ။ တယောက်ထဲဆိုတော့ ဟိုတွေးဒီတွေးနဲ့ စိတ်က ဂနာမငြိမ်ဘူး။ စိတ်တိုတိုင်း ၀မ်းနည်းတိုင်း စိတ်အားငယ်တိုင်း ဖုန်းဆက်ပြီး ဂျီကျလို့ရမယ့်သူ မှန်သမျှကို နားဒုက္ခပေးခဲ့မိသေးတယ်။

ဒီနှစ်မှ ရာသီဥတုကလဲ အေးလိုက်ပုံ ဆိုးလိုက်ပုံများ … ကိုယ်ကဆိုးတော့ ရာသီဥတုကပါ လိုက်ဆိုးပေးရတာ ထင်ပါ့။ အနှစ် ၃၀ အတွင်းမှာ အဆိုးဆုံးတဲ့။ ကျမနေတဲ့ Midland မှာတောင် အနုတ် ၁၂၊ ၁၃ ဒီဂရီ စင်တီဂရိတ်ထိ ဖြစ်တာ … ဒီရောက်ခဲ့တဲ့ ၃ နှစ်အတွင်းလဲ ခုလောက်ထိ အေးတာ ကြုံဖူးဘူး။ နှင်းကလဲ နိုဝင်ဘာလ မကုန်ခင်ကတည်းက ကျတဲ့နှင်း။ ကိုယ့်အပူနဲ့ ကိုယ်မို့ နှင်းကိုလဲ ရင်မခုန်အားဘူး။ ဖြူဖြူလွလွ နှင်းဖွေးဖွေးလေးတွေကို အရင်က ဘယ်လိုပဲ ချစ်ခဲ့လဲ သွားရခက် လာရခက်မို့ တဖြည်းဖြည်း မုန်းလာတယ်။

အန်တီတယောက်နဲ့ ဖုန်းပြောတော့ ကျမက စိတ်ပေါက်ပေါက်နဲ့ ပြောမိတယ်။
“အန်တီရေ … ငရဲဆိုတာ အပူချည်းပဲ ရှိတာမဟုတ်ဘူး … အအေးငရဲလဲ ရှိတယ် … အခု ဒီမှာ အအေးငရဲခံနေရတာလေ” ဆိုတော့ သူက ရယ်လိုက်တာ … ။ ပြီးတော့ သူကမေးတယ် … အအေးငရဲက ဘာငရဲလဲဟင် … တဲ့။ ဒီတော့မှ ကျမလဲ တိန်တော့တာပဲ။ သိမှ မသိဘဲကိုး။ “ငရဲနာမည်တော့ မသိဘူးအန်တီ … ဟီးးး” လို့ အရှက်ပြေရယ်ပြီး စကားလွှဲလိုက်ရတယ်။ နောက်တော့ ကိုယ်တိုင်လဲ အအေးငရဲ နာမည်ကို သိထားချင်တာနဲ့ ကိုယ့်ထက် နားလည်တတ်ကျွမ်းပြီး ပညာစုံသူကြီး ကို မေးကြည့်တော့ သူက မသိဘူး … လို့သာ ဘူးခံပါတယ်၊ ပြောမပြပါဘူး။ မသိတာတော့ မဖြစ်နိုင် ဒါ ပညာလျှိုတာပဲ နေမှာလို့ တွေးမိတယ်။ ပြောမပြလဲ နေပေါ့၊ ကျမမှာ အားကိုးရတဲ့ အဘိဓာန်ရှိပါတယ်။ စာမေးပွဲပြီးသည်ထိ ခဏလေးအောင့်ထားပြီး စာမေးပွဲပြီး နောက်တရက် (ဒီကနေ့ မနက်) မှာ အဘိဓာန်ကြီးကို လှန်ရပါတော့တယ်။

ကျမ အဘိဓာန်က စာအုပ်တော့မဟုတ်ဘူး။ လူ အဘိဓာန်ပါ။ ထိုသူကတော့ ကျမ မွေးသဖခင်ကြီးပါပဲ။ အဲ လှန်တယ်ဆိုလို့ တလွဲမထင်ပါနဲ့အုံး။ အဖေ့ဦးနှောက်ထဲမှာ သိုမှီးထားသမျှတွေ လှန်လှောမေးမြန်းတာကို ဆိုလိုခြင်းပါ။ အအေးငရဲကိစ္စ အဖေ့ကို မေးတော့ အဖေက ချက်ချင်းပဲ ခုလိုရှင်းပြတယ်။

“အအေးငရဲဆိုတာ လောကန္တရိတ် ငရဲ … သမီးရဲ့။ သူက ဘယ်နားမှာရှိလဲ ဆိုတော့ … သမီး စက်ဝိုင်း ၃ ခုကို ကပ်ပြီးဆွဲလိုက်ရင် အားလုံးဆုံတဲ့နေရာမှာ အပေါက်ကြီး ဖြစ်နေတယ် မဟုတ်လား။ လောကန္တရိတ် ငရဲဆိုတာ အဲဒီလိုပဲ စကြာဝဠာကြီး သုံးခု ဆုံတဲ့နေရာမှာ တည်နေတာ။ မှောင်မည်းပြီး အေးစက်နေတာပဲ။ အဲဒီမှာ ငရဲခံနေရတဲ့သူတွေက စကြာဝဠာတံတိုင်းကို လက်နဲ့ ဆွဲကိုင်ထားရတယ်၊ လက်လွှတ်လိုက်တာနဲ့ ပြုတ်ကျသွားပြီး အမှုန်အမွှား ဖြစ်သွားရော …”

အဲဒီလို အားကိုးရတဲ့ ကျမရဲ့ အဖေပါ။ အဖေပြောနေတုန်း ကျမက လောကန္တရိတ်ကို googling လုပ်ကြည့်လိုက်တော့ ခုလို ထွက်လာပါတယ်။


ဒါနဲ့ ကျမက ထပ်မေးတယ်။
“အဖေ အဲဒါ အဇာတသတ်ကျတဲ့ ငရဲလား”
“မဟုတ်ဘူး၊ အဇာတသတ်ကျတဲ့ ငရဲက လောဟကုမ္ဘီ တဲ့”
“ဟင် … ဒါပေမဲ့ သမီး အင်တာနက်မှာရှာတာ လောကန္တရိတ်က အဇာတသတ်ကျတဲ့ ငရဲလို့ ရေးထားတယ် အဖေရ”
“မဟုတ်ဘူး သမီးရဲ့ … အဇာတသတ်ကျတဲ့ ငရဲက ဒီစကြာဝဠာထဲက ငရဲ၊ လောကန္တရိတ်က စကြာဝဠာအပြင်က … …”

အဖေဆက်ရှင်းပြနေတုန်း လောဟကုမ္ဘီကို ထပ်ပြီး ဂူးဂလင်း ပြန်တယ်။
“လောဟကုမ္ဘီက ဒု သ န သော သူဌေးသားလေးယောက် ကျတဲ့ ငရဲဆို … အဇာတသတ်နဲ့ တူတူပဲ ဟုတ်လို့လား အဖေ”
မေးနေရင်းနဲ့ပဲ အဖြေကိုတွေ့သွားတယ်။ အဖေပြောတာ မှန်ပါတယ်၊ ဘယ်လောက်တော်တဲ့ ကျမရဲ့ အဘိဓာန် ကြီးလဲ နော်။
“ဟုတ်တယ် … အဖေ … သမီးတွေ့ပြီ၊ အဖေပြောတာ ဟုတ်တယ်”
“အဖေ့ကို ယုံပြီလား သမီး …”
“အဖေ့ကို မယုံတာ မဟုတ်ဘူး … အင်တာနက်က အင်ဖိုတွေ ဘယ်လောက်မှန်လဲ မမှန်လဲ သိချင်တာ ခုဆို အမှားကြီးရေးထားတာ တန်းတွေ့တာပဲ၊ အင်တာနက်က အချက်အလက်တိုင်း ယုံကြည်လို့ မရဘူးပေါ့ အဖေရာ”

“အဲလို အမှားတွေရေးတာ ဘယ်သူမှ မပြင်ပေးကြဘူးလား”
“များသောအားဖြင့်တော့ မပြင်ကြပါဘူး၊ မသိတဲ့သူက များတာကိုး … သိတဲ့သူကတော့လဲ ဖတ်ဖြစ်အုံးမှလေ၊ ဖတ်ဖြစ်တော့လဲ အရေးလုပ်ပြီး ပြောချင်အုံးမှ၊ ပြောတာကိုလဲ မှားတဲ့သူက လက်ခံပြီး ပြင်ချင်အုံးမှ … ဆိုတော့ တချို့ကလဲ အလုပ်ရှုပ်ခံ အမုန်းခံပြီး ပြင်ပေးမနေတော့ဘူး … တလောကဆို ဗေဒါလမ်းကို မင်းသုဝဏ် ရေးတဲ့ ကဗျာလို့ ရေးထားတာ တနေရာမှာ ဖတ်လိုက်ရသေးတယ်။ အဲဒီလောက်တောင် မသိတာမျိုးကျတော့ အသည်းယားတယ် အဖေရာ”

“အဲဒါကတော့ စာပေနှံ့စပ်တဲ့သူမဟုတ်လို့ နေမှာပေါ့၊ ဒါမျိုးမှားတာကမှ တော်ပါသေးတယ်၊ ဘာသာရေးမှာ အမှားတွေရေးပြီး အမှားတွေ ယုံကြည်မိကြပြီဆိုရင်တော့ ပြင်ရခက်တယ် သမီးရဲ့”
“ဟုတ်တယ်နော် … ဒါပေမဲ့လဲ … မှားတဲ့သူကလဲ မှား၊ ယုံတဲ့သူကလဲ ယုံနေကြတာပါပဲ အဖေရယ်… သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်တော့လဲ ဟုတ်နေတာပဲကိုး”

အဖေနဲ့ စကားပြောပြီး လောကန္တရိတ် ငရဲအကြောင်း ကျမတွေးနေမိတယ်။ တကယ်ပါပဲ ကျမရောက်နေတာ ဘိလပ်မှ ဟုတ်ရဲ့လား လောကန္တရိတ်ငရဲများလား လို့ပေါ့။ ဒီလောက် အေးစက် မှောင်မိုက်တဲ့နေရာကို ဘယ်လို အကုသိုလ်နဲ့များ ရောက်လာခဲ့ရတာပါလိမ့် … အမေကတော့ ညည်းကို ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာ ဆိုပဲ … ဧကန္တ အမေတော့ ကျမကို နတ်ပြည်နဲ့ လောကန္တရိတ် မှားပို့လိုက်မိတယ် ထင်ပါ့။ နတ်ပြည်ကနေဆို လူ့ပြည်ပြန်ဆင်းချင်ရင် အလွယ်လေးပေမဲ့ လောကန္တရိတ်ကနေ လူ့ပြည်ပြန်သွားဖို့ရာ အခက်သား မဟုတ်လား။ ကြည့်လေ … အခု ကျိတ်ပေါင်း = ကျောင်းပိတ်ချိန်မှာလဲ သူငယ်ချင်းတွေ ကိုယ့်ဌာနေ ကိုယ် အသီးသီး အသက ပြန်ကြပေမဲ့ မေဓာဝီခမျာမှာ ပြန်ခွင့်မရရှာပါဘူး။

“ကျောင်းက ၃ လတောင် ပိတ်မှာ အမေ … အိမ်မှာ အမကြီးကလဲ မရှိတော့ အမေနဲ့ အဖေ နှစ်ယောက်ထဲ ဖြစ်နေတာ … အိမ်က အလုပ်ထဲမှာ သမီးလာလုပ်ပေးမယ်လေ …” လို့ အားတက်သရော ပြောပေမဲ့ မွေးသမိခင်ကြီးက ပြန်မလာရ တချက်လွှတ် အမိန့်နဲ့ အိမ်ဝင်ခွင့် ဗီဇာပိတ်လိုက်ပါတယ်။ ဒါနဲ့ စိတ်မလျှော့ဘဲ နောက်တမျိုး လှည့်ပြောကြည့်သေးတယ်။ “ဒါဆိုလဲ စာမေးပွဲအပြီး စိတ်ပြေလက်ပျောက်ဆိုသလို အမကြီးနဲ့ မောင်လေးရှိနေတဲ့ ဖလော်ရီဒါ အလည်သွားမယ်လေ … စပွန်ဆာ ဘယ်သူလုပ်မလဲ” ဆိုတော့ တယောက်မှ တုတ်တုတ်မျှ မလှုပ်ကြဘူး။ ရက်စက်လိုက်ကြပါဘိ။

ဒီလိုနဲ့ပဲ မေဓာဝီတယောက် ကျိတ်ပေါင်းချိန်မှာ စိတ်ထောင်းကိုယ်ကြေ ဘိလပ်မြေမှာပဲ လောကန္တရိတ်ငရဲရဲ့ အရသာကို အပြည့်အ၀ ခံစားပြီး ဘယ်မှ မသွားရ မလာရ စကြာဝဠာတံတိုင်းနဲ့တူသော ဦးရီးတော် အိမ်ကို ကုတ်ကပ်တွယ်ထားရပါအုံးမယ်။ လက်လွှတ်ချလိုက်ရင်လဲ အမှုန့်ဖြစ်သွားမှာစိုးရတယ် မဟုတ်လား။
သြော် … ဘွ ဘွ ဘွ … ဆိုးလှပါတကား …. ။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၁၀
၂၂း၅၇ နာရီ။

ပြင်ဆင်ချက်။ ... ။ လောကန္တရိတ် .. ဟု "တ"-သတ် ထားသည့် နေရာများကို လောကန္တရိက် ဟု "က"-သတ်ဖြင့် ပြင်ဆင်ဖတ်ရှုပေးပါရန်။ (သတ်ပုံ အမှန်ကို ကွန်မန့်ထဲတွင် ရေးထည့်ပေးသွားသည့် ကိုနတ္ထိကို ကျေးဇူးတင်ပါတယ်။)

21 comments:

baby taster said...

ဘိလပ်မြေက လောကန္တရိတ်ငရဲ ရဲ့ 
အရသာက တော်တော်ထူးတယ်ပေါ့နော်:)

rose said...

စာလာဖတ်သွားပါတယ် မမမေဓာဝီ။ ပို့စ် အသစ်တွေ ဖတ်ရတော့မယ် ဆိုတော့ ကောင်းပါတယ်။ မမ အရေးအသားက ခပ်သွက်သွက်နဲ့ ပြေပြစ်တယ်။ စကားမစပ်လေ မမ ဘလော့ဂ် လင်ခ့်ကို ရို့စ် ဘလော့ဂ်မှာ ချိတ်ထားတယ်။ ခွင့်တောင်းခဲ့တာ မသေချာလို့ ထပ်ပြောတာပါရှင့်။

မောင်မျိုး said...

ဘွ ဘွ ဘွး) ဂလိုပဲဗျ ဘ မှ ၀ မှာ မ ဘရင်တော့ ၀ မှာမဟုတ်ပါဘူး ။ စာမေးပွဲ ဖြေနိုင်တယ်ဆိုလို့ ၀မ်းသာပါတယ်ဗျာ ကျနော်ဆို စာမေးပွဲဖြေခါနီး ခေါင်းကို မလှုပ်ဘူး ရေချိုးလည်း အဲ့တိုင်းပဲ ထမင်းစားလည်း အဲ့တိုင်းပဲ သူငယ်ချင်းတွေက ဘာဖြစ်တာလဲ အုံးလွဲတာလားလို့မေးရင် ဟင်အင်း ငါကျက်ထားတာတွေ ပျောက်ကုန်မှာစိုးလို့ လို့ဖြေလိုက်တယ် အဲ့လောက်ထိ ကြောင်တာဗျး)

PAUK said...

မနှစ်က ချော်လဲတာ အမှတ်ယသွားပြီ။
သတိလဲ ထားပါအုန်း..။
ဟီးးဟီး

Soe Mya Nandar Thet Lwin (Borros Roxo) said...

နန္ဒာ့အတွက်တော့ မမေဓါဝီ စာတွေ ဖတ်ရတာ တကယ် ဗဟုသုတရသလို အသိအမြင်လဲ လင်းစေ၊ ပွင့်စေတယ်။

အခုလို မသိတာတွေ သိရလို့ အထူး ကျေးဇူးတင်ပါတယ်။

အကျိုးပြုစာတွေ ဆက်လက်ရေးသားနိုင်ပါစေ။

လေးစားလျှက်
နန္ဒာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းပြုံး.. ပြုံးရင်းဖတ်
ဖတ်လို့ကောင်းသလို အကြောင်းအရာက ဗဟုသုတရစရာလေးပါလား မမေ..
အဲဒီငရဲအေးအေးကြီးကို မကြုံဖူးတော့လည်း အေးမှန်းသိသိကြီးနဲ့ ရောက်ဖူးချင်သားနော်..
ဘယ်လိုဘဲဖြစ်ဖြစ် ကံကောင်းလို့ ရောက်ရတာဘဲမမေရယ်
တစ်ချို့များ ဒီငရဲကိုရောက်ချင်လွန်းလို့တောင် မရောက်ရ..
ကိုယ်အပါအ၀င်း)
ဘလော့လောကကြီးထဲ ပြန်လည်ခြေချတော့မယ်ဆိုတော့ ၀မ်းမြောက်စွာကြိုဆိုပါကြောင်းးးးးးးး

မင်းထက် said...

သယ် ဒီကလေးနှယ်၊ စပ်စပ်စုစု၊ ငရဲတွေ ဒီလောက်ပေါတာ၊ လောကန္တရိတ်မှ သွားရှာရတယ်လို့။ သိချင်လား အသေးစိပ်။ ကြိုဆိုလျှက်ပါ။ လောလောဆယ်တော့ ဖလူးဝင်နေတယ်နော်။ နှာရည်ယိုရွဲ နတ်တော်ထဲ ရောက်နေတယ်ဗျာ့။

ခင်သော
မင်းထက်

မောင်လေး said...

စာမေးပွဲဖြေနိုင်တယ်လား....။ဝမ်းသာတယ်ဗျိုး...။
ဘယ်မှ မသွားရတဲ့အတူတူ ပိုစ်တွေများများရေးပေါ့နော့..။

sosegado said...

သတိထားရမှာလေးတွေပြောပြတဲ့ အတွက် တန်ဘိုးရှိပါတယ်၊ ရှာလေ့ရှိလို့ပါ၊ ကျေးဇူးပါ။

Anonymous said...

မြို့မိမြို့ဖများ ပို့သတဲ့ မေတ္တာကြောင့် ဒီတခါ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။

လို့

သတင်းကောင်းကြားရတဲ့ အတွက် ဝမ်းသာပိတိ ဖြစ်မိပါကြောင်း ဖော်ပြအပ်ပါသည်။

ခင်မင်စွာဖြင့်
ရွှေစင်ဦး

pandora said...

လောကန္တရိတ်ကို အကျောမခံအံကြိတ်လိုက်ပါ။ ကျိတ်ပေါင်းချိန်မှာ စိတ်ထောင်းမနေပါနဲ့။ အိပ်ကောင်းခြင်းနဲ့အိပ်ပြီးနားလိုက်ပါဦး။ :D

ရွှေရတုမှတ်တမ်း said...

အင်း....ဒီမှာလဲ လောကန္တရိတ်ပဲ...
စာမေးပွဲဖြေနိုင်တယ်ဆိုတော့...ဝမ်းသာစရာသတင်းပါပဲ..

natthi said...

“သီတေနပိ ရုပ္ပတိ”တဲ့။
ပါဠိဝေါဟာရလေးတွေ ချစ်စရာဗျ။ ဒီစကားကို ရှင်းပြတဲ့
အဋ္ဌကထာဆရာကလဲ လောကန္တရိက်ကို နှင်းတွေဖုံးနေတဲ့ ဟိမ၀န္တာက နေရာမျိုးနဲ့ ဥပမာပေးထားသဗျာ။
ပညာရှင်များ သဘောထားချင်း အတော် နှီးနှောသကိုး။

natthi said...

“သီတေနပိ ရုပ္ပတိ”တဲ့။
ပါဠိဝေါဟာရလေးတွေ ချစ်စရာဗျ။ ဒီစကားကို ရှင်းပြတဲ့
အဋ္ဌကထာဆရာကလဲ လောကန္တရိက်ကို နှင်းတွေဖုံးနေတဲ့ ဟိမ၀န္တာက နေရာမျိုးနဲ့ ဥပမာပေးထားသဗျာ။
ပညာရှင်များ သဘောထားချင်း အတော် နှီးနှောသကိုး။

Anonymous said...

Ma May,
It's not only in U.K. It's same here in U.S. "a aye nga ye`" is a perfect way to describe these countries I think, at least for me. I also felt exactly same as you and think many times why am I here.
The funny thing is you are in U.K and you have relatives here in U.S. I am here and I have two uncles, cousins and very best friend in England. I am dying to go there but I can't.
By the way, which city you are in Midlands. My relatives are in Birmingham. May be one day if I can ever come to visit U.K I will let you know. It will be very nice to meet you in person.

~ဏီလင်းညို~ said...

စာမေးပွဲဖြေနိုင်တာဝမ်းသာပါ့ဗျား....။
စပွန်ဆာတွေမရှိမဲ့အတူတူ....အိမ်မှာပဲနေပြီး.....စာတွေ အများကြီးရေးပေါ့နော်ဗျ.....ဟိဟိ

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

အင်္ဂါဟူး said...

ဘွ ဘွ ဘွ ဒီလို အရွယ် ဒီလိုအမြဲ လောကန္တရိတ် ငရဲ.. ရပ်ပြစ်ရှစ်ပါးထဲရော ရောက်နေတာလားလို့ ပြန်စစ်ကြည့်ဦးအစ်မရေ... အော် ဘိလပ် ဘိလပ်..

မြစ်ကျိုးအင်း said...

ဒီငရဲခုမှကြားဖူးတယ်။ ရှိပြီးသားငရဲနဲ့တင် ကြောက်လှပြီ။ စကြာဝဠာအပြင်မှာဆိုတော့ avatarထဲက လူဆိုးတွေပဲ အဲဒီငရဲ ကျမယ်နဲ့တူတယ်။

ကလူသစ် said...

အာဖရိကအငတ်ဘေးကိုလဲ ငရဲလို့ ယူဆရင် ဘိလပ်ကလဲ ငရဲဖြစ်နိုင်တာပေါ့။ ဟုတ်ဘူးလား။

ကိုကိုမောင်(ပန်းရနံ့) said...

လောကန္တရိက်မှာ ကျိတ်နေရှာ
မေဓာတို့ တူဝရီး။

ဆောင်းလေအသော့မှာ
ပြုတ်ကျရှာ
နာလွန်းလို့ ညီး။ ။

ဟီး ဟီး ဟီး။ ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

လောကန္တရိက်ငရဲအကြောင်းကိုသိခွင့်ရတဲ့အတွက် မေနဲ့မေ့အဖေကိုကျေးဇူးတင်ပါတယ်.
ခင်တဲ့
မခိုင်