Sunday, December 19, 2010

ဆောင်းဘွဲ့ နောက်ဆက်တွဲ

မနေ့ကတင်တဲ့ ဆောင်းဘွဲ့ပို့စ်ရဲ့ ကွန်မန့်ထဲမှာ “ဖိုးစော်ကဲ” ကဗျာလင့်ခ်လေး ရှယ်ပေးတဲ့ ပန်ဒိုရာကို အထူး ကျေးဇူးတင်ပါတယ်။ ဒါဟာ ဘလော့ခြင်းရဲ့ အားသာချက် အကျိုးကျေးဇူး တခုပါပဲ။ ပန်ဒိုရာပေးတဲ့ လင့်ခ်ကို သွားဖတ်ရင်း “မပူပေါင် …” ကို ထပ်ပြီး ဂူးဂလင်း လုပ်ကြည့်လိုက်တော့ တခြားလင့်ခ်တွေလဲ ထွက်လာတယ်။ မူကွဲလေးတွေတော့ အနည်းအကျဉ်း ရှိတာပေါ့လေ။ ဒီထဲမှာ ကျမသဘောကျတဲ့ မူကွဲတခုကတော့ မရွှေစင်ရဲ့ ဘလော့ကပါ။ ကြယ်နီရဲ့ ကိုတံငါ ဇာတ်ဝင်ခန်းတခန်းမှာ ဒီကဗျာလေးကို တွေ့ရတယ်။

လွမ်းမပြေ မန်းမြေက တ မိပါတော့၊
ကမ်းခြေမှာ စမ်းရေကျတယ်နှင့်၊
အိုကွယ်... ဖျန်းလေက တသုန်သုန်။

တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လိုရော့သထင့်၊
ကရင်အို ယာပြင်ကြီးမှာကွယ် ...
မီးထည့်လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့သထင့်၊
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ၊
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။ ။

ဘေးအိတ်မှာလျှို၊
ဆေးလိပ်တို နားမှာ ထိုးပါလို့၊
တောင်ရိုးမှာ ဘာသာ သူတို့၊
ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့၊
အမိုးခေါ် ဖိုးစော်ကဲတို့ရယ်၊
အိုကွယ်... တဲပျက်စခန်း။ … ။
***
ရွတ်လို့ ဆိုလို့ အင်မတန်မှ အရသာရှိပါတယ်။ ဒီကဗျာကို ဖတ်ဖူးပေမဲ့ သေချာမမှတ်မိဘူး၊ မပူပေါင် … အပိုဒ်ကတော့ အမေ သီချင်းလို ဆိုညည်းတတ်လို့ မှတ်မိနေခဲ့တာပါ။ အချုပ်တန်းဆရာဖေရေးတယ်လို့ ဒီလင့်ခ်မှာ တွေ့ပါတယ်။ ဆရာဖေက ရာသီဘွဲ့တွေ တော်တော်ရေးခဲ့တာပဲ။ မနေ့ကပို့စ်မှာ ကိုပေါ တောင်းထားတဲ့ ကဗျာလဲပဲ ဆရာဖေရေးတဲ့ ဆောင်းဘွဲ့ လေးဆစ်သဖြန်လို့ ကျမမှာရှိနေတဲ့ စာအုပ်ထဲမှာ ခုလို တွေ့ရပါတယ်။

အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လဲ၊ ဖြေရင်းနှင့် ခိုက်ခိုက်တုန်။
မျက်တခပ်၊ ပြက်လျှပ်ကယ် တဗီဇနာမျှ၊ ထည်အလွှာ အကုန်ထွေးသော်လဲ၊ ကြည်အသာ မလုံသေးပါဘု၊ မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊ သွေးလန့်လို့ ခုန်။
ရမ်းရောင်ကာ တ-လျက် ညည်းမိတော့၊ သန်းခေါင်မှာ မြကြက်သီးရယ်က၊ တဘီးဘီး ပျံ့လို့ငယ်အုံ၊ ဗျာဆုံတဲ့ ရာသီဘဲ။
ငွေနှင်းငယ်မှုံ၊ လေညှင်းရယ် တသုန်သုန်နှင့်၊ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံမှာ ဟစ်ချင်တော့၊ သည်ခေတ်မှာ သည်လိုဟာဖြင့်၊ သည်ကိုယ်မှာ သေသေလုပါပေါ့၊ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်၊ ဆောင်းရတုပွဲ။ … ။
***
ကြုံတုန်း ကျန်တဲ့ ဆောင်းဘွဲ့ကဗျာတွေပါ ဝေမျှလိုက်ပါတယ်။ လိုချင်သူများ အလွယ်တကူ ရှာနိုင်စေဖို့ပါ။ ၀ါသနာပါရင် ဖတ်ကြည့်ကြပါ။

အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

သဉ္ဇာလီ ဗွေပြဒုမှာဖြင့်၊ ခင်သာကီ တမေစုကိုလ၊ ဖေယခု ပိုက်လှည့်ဆို။
မလုံသေးနိုင်ဘု၊ တုန်အေးရှာ တင်တမေငဲ့၊ ရင်ရွှေကို လေပြည်ခ-တယ်၊ သဲစိမ့်ကြွဖို။
တသန်းတန် ရတီဖို့သော်လဲ၊ ကြငှန်းပြန် ကတ္တီမို့မှာတော့၊ မဒီပျို့ ဆောင်းရိပ်ခိုငယ်၊ အချမ်းပိုပါလို့မှ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊ ချွေညှင်းငယ် တညံညံနှင့်၊ ရေကင်းသံ တဖန်ကြားရင်လ၊ လွမ်းအားတော် ပွေဗျာလှိုင်လို့၊ ကေညာခိုင် စုခင်လေးမှာ၊ (ကိုယ်တော်ရေ …) မှေးစက်နိုင်ဘဲ။
***
၎င်းဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

သနင်းဆွေ ကင်းကွေခဲ့သူမို့၊ ပြတင်းလေ နှင်းငွေသွဲ့လျှင်ဖြင့်၊ သင်းသေဟဲ့ ဆိုသလို။
တကိုယ်တည်းဟာမို့၊ ဖိုမီးလှုံလို့ ကွေးသော်လဲ၊ အေးလှလို့ငို။
စနေနံ ငွေခြင်္သေ့ရယ်နှင့်၊ ရဝေစံ မေခင်ပွေ့ပါလို့၊ ရွှေရင်ငွေ့ မတွေ့လို၊ သွေးကိုယ်ဖြင့် မရှိတောင်း။
မချင့်လေ၊ သည်ညဥ့်တာ ရှည်စေလို့၊ ဗြဟ္မာတွေ ကမ္ဘာသက်စဉ်က၊ ပြက္ခဒိန် သည်လို ရေးခဲ့တယ်၊ ဘေးသင့်တဲ့ဆောင်း။ … ။
***
တောင်တွင်းကြီး ဆရာကျော့ဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

ငွေကတန် ဝေယန်ကြွမှာလ၊ ရေမတန် ဖေစံရ၊ ဟေမန္တခါမို့ကွယ်။
လေစမြုံ့ရယ်က၊ စွေတုံ့ ဝေေ၀မှုန်လို့၊ ရွှေမေရုံ တောင်မြင့်နန်းဆီက၊ ပုလဲရီ သဲဆီဖြန်းတာမို့၊ ချမ်းလိုက်လှတယ်။
ကေပွင့်ညှာ သူမဖက်တာဖြင့်၊ ရေနှင့်သာ အတူစက်သည်သို့၊ ကြူကနက် သဉ်ရိပ်လယ်၊ ဆိတ်တယ်မျှ မပျော်ဆုံး။
လက်ဦးငယ်ရင်၊ ဖက်ဖူးဆင် မေခင်ကြိုက်ကယ်နှင့်၊ ခြုံပိုက်ကာ လာမပွေ့တာဖြင့်၊ တုန်လိုက်တာ ဘမရာမွေ့မှာ၊ ချမ်းမြေ့ရေတုံး။
***
ရွှေမန်းက ဆရာဖေကတော့ ဆောင်းကို အပီဖွဲ့ခဲ့တာပဲ။ ရွှေမန်းက မမများဖွဲ့တဲ့ ဆောင်းဘွဲ့များလဲ ဖတ်ချင်ပါဘိတော့တယ်။ မရွှေစင်ရေ ... ခေတ်သစ် ဆောင်းဘွဲ့လေး လုပ်ပါအုံး။ ကဗျာဖြစ်ဖြစ် စကားပြေ ဖြစ်ဖြစ်ပေါ့။

ကျမ ကိုးကားတဲ့ ဘုတ်အုပ်ထဲမှာပါတဲ့ ဆောင်းဘွဲ့တွေက မကုန်သေးဘူး၊ နည်းနည်း ကျန်ပါသေးတယ်၊ သို့သော်လဲ ဆောင်းဘွဲ့တွေ စာရိုက်ရင်း လက်ဖျားတွေအေးလာလို့ သူကြီးပေးတဲ့လင့်ခ်ထဲက လှိုင်ထိပ်ခေါင်တင်လို မောင်တော်ရယ် ချမ်းဆဲပါပဲ… လို့ အော်ရင်း … ဒါလောက်နဲ့ပဲ တော်ကြပါစို့။
***
မေဓာဝီ
၁၉၊ ၁၂၊ ၂၀၁၀
၂၂း၄၃ နာရီ

8 comments:

ကိုပေါ said...

အခုလို မျှဝေတဲ့အတွက် မမေဓာဝီကိုရော ပန်ဒိုရာကိုပါ ကျေးဇူးတင်ပါတယ်။

မောင်မျိုး said...

ဖိုးစော်ကဲ ကဗျာဖတ်ပြီး ရွာက ဦးလေးကြီးတွေကို သွားသတိရမိတယ် ။ ကဗျာလေးက ရွတ်လို့ကောင်းပါ့ .။

ရွှေရတုမှတ်တမ်း said...

ခရစ်စမတ်နားနီးလို့ ဆောင်းထည်တွေ ထုတ်ရောင်းနေပြီပေါ့လေ...
ကဗျာကို အဲသလို နားလည်အောင်ရေးမှ ခံစားတတ်တာ ( အဖိုးကြီးလဲ ဖြစ်တာလဲပါတာပေါ့လေ)၊ ဗမာလိုရေးပြီးနားမလည်လို့ ဘာသာပြန်ရှာဖတ်ရမဲ့ ကဗျာတွေဆို အားကြီးစိတ်ညစ်တယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆောင်းရာသီကို ချစ်သလို ဆောင်းကဗျာတွေကိုလည်း ချစ်တယ်.. ဖတ်တာနဲ့တင် ဆောင်းရဲ့ အချမ်းက ကိုယ်တိုင်ခံစားမိတယ် လို့ ထင်ရတယ်..
ငယ်တုန်းက ဆောင်းရောက်ပြီဆို မီးဖိုဘေးမှာ မိသားစုဝိုင်းထိုင်ပြီး ခေါပုတ်လေး ကင်စား.. ပေါင်းတင်း (ကောက်ညှင်းကျည်တောက်လေး ဖုတ်စား) ပျော်လိုက်တာ .. မီးလှုံရင်းဆောင်းဘွဲ့လေးတွေ ရွတ်ရရင် ပိုအရသာရှိမယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

ဆောင်းဘွဲ့ကို ပြောင်းဖွဲ့ဆို ရေးလိုက်ပါတော့၊
စောင်းအငှဲ့မှာ ထောင်းထဲ့ဖွယ်ရာ အစုံစုံရယ်နဲ့၊
ပျိုပျိုရယ်.. နှောင်းသွဲ့သွဲ့ ရင်လိုက်ခုန်။

အ၀တ်လျှော် အကျွတ်မျှော် အဟွတ် အော်ရပြီထင့်၊
အရွှတ်ပျော် မေဓာ့နှလုံးမှာကွယ်...
ဆေးထည့်လို့ အုံ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးယံ said...

ခဏခဏ နားနေတဲ့ ဘကျော်ပြောသလိုပဲ...

အဲလိုကဗျာတွေကို ခိုက်တယ်...


ဘာသာပြန်ရှာဖတ်ရမဲ့ မြန်မာကဗျာတွေကိုတော့ နားလည်မလားလို့ လိုက်ဖတ်နေဆဲပဲ..

ကိုအောင်(ပျူနိုင်ငံ) said...

ဒီဆောင်းကတော့ နှင်းကျတာ လက်ကုန်ပါပဲဗျာ ...

Anonymous said...

မမေဓါဝီ ရေ

ကဗျာ မရေးတတ်လို့ စကားပြေ လေးကို ဆောင်းနဲ့ ပတ်သက်တာလေး ရေးပေးပါမယ်နော် ခဏလေး စောင့် ပေးပါ ဆောင်းမကုန်ခင်လေး ပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး