Anonymous said …
ပုံတွေကြည့်ရုံနဲ့တင် အအေးဓါတ်က စိမ့်လာတယ် ဆရာမ။ ဆိုးရွားတဲ့ ရာသီဥတုကို အဆိုးမမြင် ချစ်ခင်စရာ စကားလုံးလေးတွေနဲ့ ကဗျာဆန်ဆန် စာကြောင်းလေးတွေဖွဲ့ နိုင်တဲ့ အတွက် အရာရာကို အကောင်းမြင်စိတ်မွေးနိုင်ဖို့ ဆရာမဆီက အများကြီး အတုယူရဦးမယ်။ အရင်က ဆရာမ ဒီလောက် အကောင်းမမြင်တတ်ပါဘူး။ မှတ်မှတ်ရရ ဆရာမင်းသိင်္ခနဲ့ ပတ်သက်တဲ့ ပိုစ့်တစ်ခုရေးတာတောင် မှတ်မိနေပါတယ်။ ဘာသာတရားလိုက်စားလွန်းတော့လည်း အကောင်းမြင်စိတ်များသွားတယ်ထင်တယ်။ ဒီရက်တွေထဲ စိတ်တိုင်းမကျစရာတွေများတယ်။ စိတ်တိုင်းကျတဲ့ ကဗျာတွေလည်း မရေးဖြစ်ဘူး။ ဘလော့မှာကဗျာတွေလာပြင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ် အခုတလော လူနဲ့အတူတူရှိမနေတဲ့အတွက် စာလုံးပေါင်း တွေမှားရင် လာပြင်ပေးပါဦး။ နှစ်သစ်မှာ ဒီထက်မက အရာရာကို အကောင်းမြင်နိုင်ပါစေ။

ခင်မင်စွာဖြင့်...
***
ပြီးခဲ့တဲ့ ပို့စ်မှာ အမည်မပါတဲ့ အထက်ပါကွန်မန့်လေး ၀င်လာတော့ ထုံးစံအတိုင်း ကျမ အတွေးနယ်ချဲ့မိတယ်။ ဟုတ်ပါတယ်၊ သူပြောသလိုပါပဲ ကျမက အကောင်းမြင်စိတ် နည်းပါးလွန်းခဲ့ပါတယ်။ ငယ်ငယ်ကတည်းက (ခုချိန်ထိ) နေရာတကာမှာ ဆန့်ကျင်တဲ့ စိတ်နဲ့တွေးပြီး ဝေဖန်ရေး မျက်စိနဲ့ ကြည့်ခဲ့မိတယ်။ စာသင်တဲ့အခါမှာ ဆန့်ကျင်ဘက်အမြင်နဲ့ စောဒက မေးခွန်းတွေ ခဏခဏ ထုတ်ခဲ့မိတော့ ဆရာ ဆရာမတွေ အပါအ၀င် လူတကာရဲ့ ငြူစူခြင်းကိုလဲ အမြဲခံခဲ့ရတယ်။ ဒါပေမဲ့ ဒီလို တွေးတတ် မြင်တတ်တဲ့ အကျင့်ကို ကိုယ့်ဟာကိုယ်တော့ “မကောင်းမြင်ခြင်း”လို့ မတွေးမိဘဲ “critical thinking” ဆိုပြီး ဆင်ခြေတက် မိပါသေးရဲ့။ ကိုယ့်ကိုယ်ကိုယ်ဆိုတော့ ခပ်ဖော့ဖော့ ဝေဖန်ရတာပေါ့လေ။
တကယ်တမ်း critical thinking က မကောင်းမြင်ခြင်းနဲ့ လားလားမှ မတူဘဲ၊ ကျမဘာသာ ရောချလိုက်တာပါ။ လတ်တလော သင်ခဲ့ရတဲ့ ကျောင်းစာမှာလဲ professional scepticism ဆိုတာကို ကျမက ခပ်ထွေးထွေး နားလည်မှု လွဲခဲ့သေးတယ်။ အမြဲ သံသယစိတ်နဲ့ ကြည့်နေရမှာလား … အဲဒါဆို ဒါဟာ မကောင်းမြင်ခြင်းပဲ လို့ ကောက်ချက်ဆွဲခဲ့မိတယ်။ ဆိုလိုတာက မကောင်းမြင်ခြင်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် ဝေဘန်ပိုင်းခြား စိစစ်ခြင်းလို့ ဆိုရလေမလား မသိ။
ဒီကနေ့ အဖေနဲ့ စကားပြောရင်း အဲဒီအကြောင်း ပြောဖြစ်တော့ အဖေက ခုလို ပြောပြပါတယ်။
“သမီး … ဗုဒ္ဓရဲ့ ၀ါဒက ၀ိဘဇ္ဇ၀ါဒပဲ၊ ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားပြီးမှ ယုံကြည်လက်ခံဖို့ ဆိုပါတော့။ နောက်ပြီး စာသင်သားတွေအတွက် အင်မတန် မှတ်သားစရာကောင်းတာ တခု ရှိသေးတယ်။ အဲဒါက …
၁။ ဥဂ္ဂဟ - သင်ယူခြင်း။
၂။ ပရိပုစ္ဆာ - မရှင်းလျှင် တဖန်ပြန်မေးခြင်း။
၃။ သ၀န - နာယူခြင်း။
၎။ ဓာရဏ - မှတ်သား ဆောင်ထားခြင်း။
၅။ ပစ္စဝေက္ခဏာ - ဆင်ခြင်သုံးသပ်ခြင်း တဲ့။
အဲဒီမှာ ပစ္စဝေက္ခဏာဆိုတာ ဉာဏ်နဲ့ အပြန်ပြန် အထပ်ထပ် ဆင်ခြင် သုံးသပ်တာကို ပြောတာ။ ဒါကြောင့် စာသင်ယူတဲ့နေရာမှာ မေးဖို့လဲ မတွန့်နဲ့၊ ဆင်ခြင်သုံးသပ်ဖို့လဲ မရွံ့နဲ့၊ မေးတယ်ဆိုရာမှာလဲ ကိုယ်နားမလည်လို့၊ ဒွိဟဖြစ်လို့ ရိုးသားစွာ မေးတာမျိုးပဲ ဖြစ်သင့်တယ်၊ ဆရာကို ပညာစမ်းတာမျိုး ကပ်သီးကပ်သပ် အတွေးနဲ့ မေးတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့”
အဖေပြောမှ … ကျမလဲ ခပ်ရှက်ရှက်နဲ့ ရယ်မိတယ်။ ကျမက စောဒက တက်ချင်စိတ်နဲ့ မေးချင် မြန်းချင် ဝေဖန်ချင်တာပဲ သိတယ်၊ သေချာလဲ ဉာဏ်နဲ့ မဆင်ခြင် မသုံးသပ်မိပါဘူး။ ဝေဖန်တယ်ဆိုတာဟာ ဉာဏ်ပါရမယ်၊ ဘာမှမသိ နားမလည်ဘဲ မဝေဖန်နိုင်ဘူး။ ဝေဖန်တာပဲ ဖြစ်ဖြစ် ချီးကျူးတာပဲ ဖြစ်ဖြစ် ကိုယ်က အဲဒီနယ်ပယ်မှာ တကယ် ကျွမ်းကျင်မှ ချီးကျူး ဝေဖန်သင့်တယ် မဟုတ်လား။ ဒါမှမဟုတ်ရင် ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မြင်းထိန်းငတာက ချီးကျူးသလို ဖြစ်နေရင် မကောင်းဘူးလေ။
***
အခု ဒီကွန်မန့်လေးရလာတော့ ကျမသေချာ ပြန်စဉ်းစားမိပါတယ်။ ခုချိန်မှာ ကျမ တကယ်ပဲ အကောင်းမြင်တတ်နေပြီလား??? ။ သိပ်တော့ မထင်မိပါဘူး။ ကျမအနေနဲ့ မိဘဘိုးဘွား ဆွေမျိုးများရဲ့ ကျေးဇူးကြောင့် မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် ဘာသာရေးမှာ သိသင့်သိထိုက်တာလေးတွေ အနည်းအကျဉ်း သိတာကလွဲလို့ လက်တွေ့ ကျင့်ကြံမှုအပိုင်းမှာ အင်မတန်မှ အားနည်းနေဆဲပါ။ ဒါကြောင့် ကျမ စာတွေထဲမှာ မကြာခဏ ထည့်ရေးခဲ့တဲ့ ယောနိသောမနသိကာရကို လက်တွေ့ကျကျ ကျင့်သုံးဖို့ရာ အလွန်ခက်ခဲနေတုန်းပါပဲ။
တကယ်က အကောင်းမြင်ခြင်းဆိုတာ “ယောနိသော မနသိကာရ” ပဲ မဟုတ်လား။ တလောက ယောနိသောမနသိကာရနဲ့ ပတ်သက်ပြီး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်တော့ သူရှင်းပြတဲ့စကားလေး မှတ်သားစဖွယ် နာယူခဲ့ရတယ်။ ယောနိသော မနသိကာရဆိုတာ “နားလည်မှုရှိခြင်း” … တဲ့။ သူက ဥပမာလေးနဲ့ ခုလို ပြောပြပါတယ်။
“မိခင်ရင်ခွင်ထဲက ကလေးဟာ ရင်ခွင်ထဲမှာပဲ ရှူးပေါက်ချတယ် ဆိုပါစို့ … မိခင်က စိတ်မဆိုးဘူး၊ အဲဒါကို မေတ္တာကြောင့်လို့ ယေဘုယျ မြင်တယ်၊ တကယ့်ယောနိသောက မေတ္တာဆိုတဲ့ အဒေါသ စေတသိက်နဲ့ တွဲပြီးပါလာလို့ ဖြစ်တာ၊ တနည်းအားဖြင့် မိခင်က သူ့ကလေးကို ခွင့်လွှတ်နားလည်ပေးနိုင်တယ်၊ သြော် … ကလေးပဲကိုး .. ဘယ်သိပါ့မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့၊ အဲဒီအတွေးကြောင့် မိခင်ဟာ စိတ်ဆိုးတော့ဘူး”
သူ့ရဲ့ ဥပမာလေးနဲ့ ရှင်းပြချက်ကို ကျမသဘောကျလို့ ဘယ်တော့မှ မမေ့တော့ပါဘူး။ နေရာတိုင်းမှာ အကောင်းမြင်တတ်ဖို့ … အရာရာကို သင့်တင့်စွာ နှလုံးသွင်းတတ်ဖို့ … လူတိုင်းအပေါ်မှာ နားလည်မှုရှိဖို့ ကျမ ကြိုးစားရပါအုံးမယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
၂၉၊ ဒီဇင်ဘာ၊ ၂၀၁၀
၁၁း၂၆ နာရီ

(ဒီပို့စ်ကို ရေးဖြစ်စေခဲ့တဲ့အတွက် အမည်မပါသော ကွန်မန့်ရှင်နှင့် ယောနိသောမနသိကာရကို စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သော ကိုမင်းထက်တို့ကို ကျေးဇူးတင်ပါတယ်။ )
16 comments:
မမေ ရေ
ဦးဦးဖျားဖျားဖတ်သွားပါတယ် စဉ်းစားစရာလေးတွေ နဲ့ သိပ်ကောင်းပါတယ်
ယောနိသော မနသိကာရဆိုတာ “နားလည်မှုရှိခြင်း” … တဲ့ ဥပမာ လေးအတွက်ကျေးဇူးတင်ပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အင်း အခုထမင်းစားပြီး ကြက်ဆင်ကြီး ပြန်ကြည့်သွားသေးတယ်
ကြီးမေ
စာတွေဖတ်သွားပြီ
ကွန့်မန့်ကနေလည်း ပို့စ်တစ်ပုဒ်ဖြစ်တာဘဲနော်
ပန်းချီဆရာတွေလို ဆေးစက်ကျရာ အရုပ်ဖြစ်
တရားလေးတွေဖတ်ရလို့ကျေးဇူးပါ
ခင်မင်တဲ့
seesein
အစ်မမေဓာဝီ... စာလာဖတ်ပါတယ်။ အကောင်းမြင်တဲ့ စိတ်လေး ဒီ့ထက် ပိုထားတတ်အောင် လှုံဆော်ပေးတဲ့ ပို့စ်လေးမို့ နှစ်သက်မိပါတယ်။
ဘာသာတရားရူဒေါင့်က ညွန်ပြတဲ့ အကောင်းမြင်မှုကတော့ ကောင်းပါတယ် မမေဓါဝီ။
ဒေါ်လေးမေရေ....
ဒို့ကတော့ ပုထုဇဉ်ဆိုတော့ မကောင်းတာကို မကောင်းဘူးပဲမြင်တယ်...ကောင်းတာကို ကောင်းတယ်လို့ မြင်တယ်...မကောင်းနေတာကြီးကို ကောင်းပါတယ်လို့ မမြင်နိုင်တာတော့ အမှန်...မြင်ပါတယ်ပြောတဲ့သူ ကတော့ အရိယာပုဂ္ဂိုလ်များ ဖြစ်နေသလား..၊ အဂုင်္လိမာလကြီး လက်ညှိးတွေလိုက်ဖြတ်နေတာ ဆရာကျေးဇူးဆပ်တဲ့ လူတော်လေးလို့ ခုထိမမြင်မိတာ အမှန်ပဲ ဒေါ်လေးမေရေ့...နှင်းကျစကို လှပါတယ်မြင်တာကအပျိုပေါက်လှသွေးကြွယ်ချိန် လှတာကိုမြင်နေတာကို ဒါကို အပုပ်ကောင် ရုပ်ဆောင်နေတာပါလို့ ပြောရင် မကောင်းမြင်လို့ ပြောမလား..နှင်းကျပြီးနောက်ရက်တွေမှာ ဗွက်တွေပေါက်ပြီး..ညစ်ပတ် နေတာမြင်ရင် နှင်းကျတာကို လှတယ်ပြောနိုင်မလား...ဗွက်ကလေးတွေ သိတ်လှတယ်ပြောတဲ့သူရှိရင်တော့ ဒီလူ တနေရာရာမှာ မှားနေပြီ...
စာလာဖတ်ဖြစ်ပေမယ့် ခြေရာမထားခဲ့မိဘူး
ခုတော့ အမြင်လေးတစ်ခု ထပ်ချပြချင်စိတ်ပေါ်လာလို့။
ကိုယ်ကတော့ ယောနိသောဆိုတာကို ဥပမာတွေအများကြီးနဲ့ တစ်နေရာရာမှာ ဖွင့်ဆိုဖူးခဲ့တယ်။
နားလည်မှုနဲ့ အကောင်းမြင်စိတ် တူ/မတူ သိပ်မတွေးမိ
ပေမယ့် ချမ်းမြေ့ဆရာတော်လောင်းငယ်ငယ်က သူချစ်မြတ်နိုးတဲ့ ရေအိုးလေးအကွဲ ဘေးလူတွေက ၀ိုင်းလှောင်ခဲ့တယ်..။ အဲဒီမှာ သူပြန်ပြောတဲ့ စကားလေး အရမ်းသဘောကျခဲ့တာ။..ဘာတဲ့..
အို...ဘာဖြစ်လဲ..အိုးကွဲတော့ ကရွတ်တောင် ရသေး..တဲ့..။ စသည်...စသည်...
တန်ဖိုးရှိတဲ့ စကားလုံးများကို မှတ်သားသွားပါတယ် မကြီးရေ....
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်...
ဘကျောက်ရေ ...
ဘကျောက်ပြောတာ ဟုတ်ပါတယ်။ ကောင်းတာကို ကောင်းတယ် မြင်ပြီး မကောင်းတာကို မကောင်းမြင်ရမှာပါပဲ။ အဲဒါကို မြတ်စွာဘုရားက သမ္မာဒိဋ္ဌိ - အမှန်မြင်ခြင်းလို့ ဟောခဲ့တာပဲလေ။
အင်္ဂုလိမာလ လက်ညှိုးတွေ ဖြတ်တဲ့အချိန်မှာ သူ့ကို လူဆိုးကြီးအနေနဲ့ မြင်တာ မမှားသလို သူအရိယာ ဖြစ်သွားချိန်မှာလဲ သူ့ကို အရိယာ သူတော်စင် အနေနဲ့သာ မြင်ရမှာပေါ့။
ဒါပေမဲ့ လက်ညှိုးတွေ ဖြတ်နေတဲ့သူ့ကို ပြစ်တင် ဆဲရေးလိုက်ရင် ကိုယ့်ဆီမှာ နေရင်းထိုင်ရင်း အကုသိုလ် ဖြစ်မယ်။ ဒီလိုမဟုတ်ဘဲ သြော် သူကတော့ ဆရာပေါင်းမှားလို့ ခုလို လူဆိုးကြီး ဖြစ်ရလေတယ် ... ဆိုတဲ့စိတ် ထားလိုက်ရင် အကုသိုလ် မဖြစ်တော့ဘူးပေါ့။
နောက်ပြီး ဘကျောက်ရဲ့ နှင်းဥပမာနဲ့ ပြောရရင် နှင်းကျလို့လှတယ်။ တဖက်မှာလဲ နှင်းကျလို့ ဒုက္ခရောက်ကြတယ်။ နှင်းကျလို့ စိတ်ပျက်တာတို့၊ ကျတဲ့ နှင်းကို စိတ်တိုတာတို့ မဖြစ်ဘဲ နှင်းကျတာဟာ သဘာဝပဲလို့ တွေးနိုင်ဖို့ကို ဆိုလိုတာပါ။
ဒါကြောင့် ဒီနေရာမှာ ပြောတဲ့ အကောင်းမြင်ခြင်း ဆိုတာက ...မကောင်းတဲ့အာရုံနဲ့ ကြုံတွေ့တဲ့အခါမှာ ငါ့နှယ် ဆိုးလိုက်တဲ့ကံ ဒီလိုဟာမျိုးနဲ့မှ ကြုံရပလေတယ် လို့ စိတ်ညစ်ညူးတာမျိုး၊ ဒါဟာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ပဲလို့ သူတပါးကို အပြစ်ပုံချပြီး စိတ်တို စိတ်ဆိုးတာမျိုး မဖြစ်ဘဲ ဒါဟာ အကုသိုလ်ရဲ့ အကျိုးဆက်ပဲဆိုပြီး စိတ်ကို ဖြေနိုင်ဖို့ပါ။
ဒါဟာ ပြောရလွယ်သလောက် လုပ်နိုင်ဖို့ အင်မတန် ခက်ပါတယ်။ အဖန်ဖန် အထပ်ထပ် လေ့ကျင့်ယူမှ ရနိုင်တာမျိုးလို့ နာယူမှတ်သားခဲ့ဖူးပါတယ်။
ယောနိသော မနသိကာရ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းဆိုတာ အာရုံတခုခုနဲ့ ကြုံလာတိုင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ တရား လေးပါးထဲက သင့်တင့်ရာ တပါးပါးနဲ့ နှလုံးသွင်းနိုင်ဖို့လို့ ယူဆပါတယ်။
ဒါကြောင့် ယောနိသော မနသိကာရဟာ အကုသိုလ်ကနေ ကုသိုလ် အဖြစ် ပြောင်းပေးတဲ့ converter တခုလို့ မြင်တာပါပဲ။
အင်း...ဒေါ်လေးမေ ပြောသလို..သောချည့်နေရတာ အကျင့်တောင်ပါလာပြီ...
မသောပြန်ရင်လဲ..စိတ်နှလုံးပူပန် ရတာကို ကိုယ့်ဖာသာပဲခံရတာ..ဒေါ်လေးမေရဲ့..
အားလုံးမှန်ကန်ပါတယ်။ အားလုံးကို ထောက်ခံပါတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ယောနိသော မနသိကာရ ဟာ အကုသိုလ်ကနေ ကုသိုလ် အဖြစ် ပြောင်းပေးတဲ့ converter တခုဆိုတာလေး ကြိုက်တယ်... တကယ်လဲ မှန်ပါတယ်...
အရာရာကို အဲဒီလို နှလုံးသွင်း ဆင်ခြင်နိုင်ဖို့ တော်တော်ကြိုးစားရအုံးမယ်...း))
အကြောင်းရာတစ်ခုကို ရှု့ထောင့်ပေါင်းစုံက လှည့်တွေးတယ်လို့ပဲ သဘောထားပါတယ် မကောင်းမြင်တာတွေ ကောင်းတာတွေ ဆိုင်မှာမဟူတ်ပါဘူးလေ ကျနော်လည်း အဲ့လိုပဲ သူများတွေ မတွေးတဲ့နေရာက လိုက်တွေးလို့ လူ့ဂွစ ကိုဖြစ်လို့း)
Kyay zue bar! Your post enlightens me.
ma may khin
အကောင်းမြင်စိတ်က တကယ်ကိုကောင်းပါတယ်...
စိတ်လဲအေးချမ်းပါတယ်.. ဒါပေမဲ့ နေရာတိုင်းကို အကောင်းမြင်နိုင်ဖို့တော့ ခက်ခဲတုန်းပါ။
အကောင်းမမြင်နိုင်တော့လဲ စိတ်တွေပူလောင်ရတုန်းပါ။
ကြိုးစားရဦးမယ် မမေရေ..
တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ။
နားလည်ပေးလို့ရနိင်တဲ့ အနေအထားကို နားလည်ပေးလိုက်တာ ကိုယ်တိုင်စိတ်ချမ်းသာ လိုက်ရတယ်။ တတ်နိင်သမျှတော့ အဖြစ်အပျက်တိုင်း ငါသာ ကာယကံရှင်နေရာမှာ ဆိုတာမျိုး တွေးတတ်အောင်တော့ ကျင့်ထားတာပဲ။ ဒါတောင် အတ္တနဲ့ယှဉ်ရင် ကိုယ်ချင်းစာစိတ် နားလည်မှုက တချက်တချက် လွတ်လွတ်သွားသေးတယ်။
ဟုတ်ပါတယ် မမေ ..
ပို့စ် တထောင်လောက်
ဖတ်ကာပြီးတဲ့နောက် မှာ
ရှိတဲ့ ရောင်ကို ပယ် ပြီး
တရား ဘောင်ကို ဝင်မလား လို့ စိတ်ကူးမိတယ်။
ယောနိသော မနသိကာရ ဖြစ်သွားမလား မသိဘူးနော်...
Post a Comment