Saturday, August 21, 2010

ဆက်လက် ရွေ့ ...

အဲဒီနေ့က
လက်ထဲမှာဗလာ
ခေါင်းထဲမှာဗလာ
ရင်ထဲမှာဗလာ
မျက်ရည်များစွာနဲ့ ငိုကြွေးရင်း
ဟင်းလင်းပြင် ချောက်ထဲ
တယောက်ထဲ ရောက်လာခဲ့တယ်။

နွေးထွေးတဲ့ လက်
အကြင်နာ မျက်လုံး
နှစ်လိုဖွယ် အပြုံးတွေက
ဆီးကြိုကြပါရဲ့
ဒီလိုနဲ့ … ။

လိုရင်ငို မြှူရင်ရယ်
လောကကြီးအလယ်မှာ
ဒေါသတခါ… သဘောကျတလှည့်
သူ… ကြီးပြင်းခဲ့ရ
အဲဒီနေ့က စလို့ပေါ့ … ။

တနေ့ပြီး တနေ့
တရွေ့ရွေ့ကျန်ရစ်
တနှစ်ပြီး တနှစ်ပြောင်း
အသစ်မှ အဟောင်းဖြစ်
ပြန်ဆန်းစစ်ကြည့်ချိန်မှာတော့
စိတ်ခန္ဓာနှစ်ခုလုံးလည်း
အပြစ်တွေဖုံးလို့ပါလား … ။

အောင်မြင်ခြင်း … ကျရှုံးခြင်းများ
ပျော်ရွှင်ခြင်း … ၀မ်းနည်းခြင်းများ
မြင့်မားခြင်း … နိမ့်ပါးခြင်းများ
အဖန်ဖန်ခံစားလျက်
အပွေးတက်နေတဲ့ နှလုံးသားမှာ
ခါးသီးမှုများစွာနဲ့ … ။

ဒါဟာ …
လောကရဲ့ ဒဏ်ရာလား
လောကရဲ့ ဓမ္မလား
မခွဲခြားတတ်သော်လည်း
ပျော်ရင်ပြုံး ရှုံးရင်မဲ့
ဒဏ်ရာတွေနဲ့ ငိုကြွေး
ကလေးလေးတယောက်အလား
တရားလက်လွတ်မိပြန်တယ် … ။

တခါတခါ
အသိခေါက်ခက် အ၀င်နက်သလို
အပြစ်တွေကို ပြုပြင်
ပြောင်းလဲခွင့်ရရင်များ
အဲဒီနေ့ကို ပြန်သွားလိုက်ချင်သားလို့
စဉ်းစားခဲ့မိသေးရဲ့ … ။

ဒါပေမဲ့ …
ခြေဗလာ … လက်ဗလာ
နှလုံးသားမှာ ဗလာနဲ့
စင်ကြယ်တဲ့ သူငယ်မ
ဒီဘ၀မှာ ဖြစ်ခွင့်က မရှိတော့ …
သင့်ခဲ့မိတဲ့အမှား
ပြုခဲ့ဖူးတဲ့ အပြစ်များစွာအတွက်
မနက်ဖြန်တိုင်းမှာ
ကောင်းမှုများစွာပွါး
အရာရာကို သတိထားလျက်
တရားလက်မလွတ်စေဖို့
ကိုယ့်ကိုယ်ကို လက်တို့ရင်း …
… … … … …
… … … … …
… … … … …
သူ … ဆက်လက် ကြီးပြင်းရဦးမယ် … ။
***
မေဓာဝီ
၁၉ သြဂုတ် ၂၀၀၈

၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ ကဗျာလေးပါ။
အဲဒီတုန်းက ကိုယ့်ဘလော့မှာ ကိုယ် တင်ဖို့ အခွင့်အရေးမရှိခဲ့လို့ ကျမမိတ်ဆွေကြီးက သူ့ဘလော့မှာ တင်ပေးခဲ့တယ်။ ဒီနှစ်တော့ အသစ်လဲ မရေးဖြစ်တာနဲ့ မတင်ရသေးတဲ့ အဲဒီကဗျာလေးကိုပဲ … … အမှတ်တရ တင်လိုက်ပါတယ်။

12 comments:

မိုးဦးစံပယ် said...

Happy Birthday Ma May!

မိုးဦးစံပယ် said...

Happy Birthday Ma May!

သူကြီးမင်း (တုံးဖလား) said...

အူဝဲ အူဝဲ
မခေါ်ဘဲနဲ့
ရဲရဲ တောက်တောက်
သူဝင်လျောက်၏။

ထူးကဲ ထူးကဲ
လောကထဲမှာ
သဲသဲ လှုပ်လှုပ်
သူဇာတ်မြှုပ်၏။

ဝင်လျောက် ဇာတ်မြှုပ်
နှောင်ကြိုးရုပ်ပြီး
မိုးချုပ် နေ၀င်
ဘ၀ခွင်မှာ
တွင်တွင်ကျယ်ကျယ်
ဇာတ်ရည်လည်အောင်
တကယ်အားထုတ်
အားမယုတ်ဘဲ
ပြုလုပ်ဖန်တီး
လောကကြီးထဲ
ထီးထီးလျောက်လှမ်း
မမောပန်းဘဲ
ဖြတ်သန်းစီးဆင်း
သိမ်မွေ့ခြင်းနှင့်
ကြီးပြင်းခဲ့ရာ
မင်္ဂလာနေ့
ယခုတွေ့ပြီ
မေမေ့ကျေးဇူး
ဖေ့ကျေးဇူးကို
အထူးသိရ
ဝိဇာတတည့်။


ကုသိုလ်ဒါန
သီလ ဘာဝနာ
မင်္ဂလာမွေးနေ့
ယခုနေ့၌
အောက်မေ့ခါသာ
ပို့မေတ္တာနဲ့
ကျန်းမာစေကြောင်း
ချမ်းသာကြောင်းဖြင့်
သောင်းသောင်းဖျဖျ
ဆုချွေသ၏။ ။


ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

phoethutaw said...

Happy Birthday Ma may dar wii. I'm glad that we are the same birthday.

Regards,
Phoe Thu Taw.

SHWE ZIN U said...

မမေဓါဝီ ရေ

ဒီနေ့ မွေးနေ့ပေါ့နော် ကျန်းမာ လန်းဖြာ ပါစေဗျာ

တနေ့ပြီး တနေ့
တရွေ့ရွေ့ကျန်ရစ်
တနှစ်ပြီး တနှစ်ပြောင်း
အသစ်မှ အဟောင်းဖြစ်
ပြန်ဆန်းစစ်ကြည့်ချိန်မှာတော့
ငါဟာ တွင်းထဲ ရောက်လု ရောက်ခင်လေးပေါ့...။

ကိုယ်ဘာသာ ပြောတာနော် မမေဓါဝီ ကဗျာလေး ဖတ်ပြီး ဆန်းစစ်ကြည့်တာ ဟားဟားးးးးးးးး

ခင်မင်စွာဖြင့်
မွေးနေ့တရာတိုင်ပါစေ
ရွှေစင်ဦး

ကိုအောင် said...

အသက်ရာကျော် ရှည်ပါစေ မမေဓါဝီ၊ မွေးနေ့
မှာ ဘာတွေ ချက်စားလဲဗျ ...း)

khin oo may said...

happy birthday ပါမေဓါဝီ

Anonymous said...

ကြီးမေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ
စာတွေ ကဗျာတွေကို နှစ်တရာတိုင် ကျန်းမာလန်းဖြာ ကောင်းမှုတွေပွားကာ ဆက်လက်ရေးသားပေးနိုင်ပါစေ
ခင်မင်စွာဖြင့်
seesein

ညိမ်းနိုင် said...

မွေးနေ့မှာ ပျော်ရွင်ပါစေ...မမေဓာဝီ....။
ကဗျာလေးဖတ်သွားပါတယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့လားဟင်
ဆုတောင်းဖို့နောက်များကျသွားသလားမသိဘူး
ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ
နေ့ရက်တိုင်း အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်းများဖြင့် ဘ၀ကို ကျော်ဖြတ်နိုင်ပါစေ..
ရည်မှန်းချက်အားလုံး ပိုင်ဆိုင်နိုင်ပါစေနော်..

မြတ်နိုး said...

မွေးနေ့မှာပျော်ရွှင်ခဲ့သလို ..အဲ့မွေးနေ့ကစပီး တောက်လျှောက် ပျော်ရွှင်ခြင်းကျန်းမာခြင်းတွေပြည့်စုံပါစေလို့..

pandora said...

မနှစ်ကမွေးနေ့မှာ ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ကဗျာလေး မတင်နိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ ကိုယ့်ဘလော့ဂ်မှာကိုယ် တင်ဖြစ်တာ ၀မ်းသာစရာပေါ့။ မမေရဲ့မိတ်ဆွေကြီးကတော့ ဒီနှစ်မှာ ပျောက်ချက်သားကောင်းနေ။