Thursday, June 30, 2011

ပိုင်ရှင်မဲ့ ဦးထုပ်လေးအကြောင်း ...

မနှစ်က အောက်တိုဘာလရဲ့ တခုသော ညနေခင်းမှာ ကျမရဲ့ ဦးထုပ်ကလေး ပျောက်ဆုံးသွားခဲ့တယ်။ အဲဒီအကြောင်းကို ဘလော့မှာရေးဖြစ်တော့ ရင်းနှီးခဲ့ဖူးသူ ပုဂ္ဂိုလ်တဦးက ဦးထုပ်တလုံး ၀ယ်ပြီး ကျမကို လက်ဆောင်ပေးပါတယ်။ ကျမကပဲ အစွဲအလမ်း ကြီးလွန်းလို့လား … ၊ သူပေးတဲ့ ဦးထုပ်က ကျမရဲ့ ဦးထုပ်လေးထက် တန်ဖိုးပိုကြီးပြီး ပိုလှပပေမဲ့ ပျောက်ဆုံးသွားတဲ့ ဦးထုပ်လေးနေရာမှာ ကျမ အစားမထိုးနိုင်ခဲ့ဘူး။ ဟုတ်တယ်လေ … ပစ္စည်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ်စွဲလမ်းမိရင် သံယောဇဉ်တွယ်မိရင် တခြားသော အသစ်အသစ်တွေနဲ့ ဘယ်လိုမှ အစားထိုးလို့ မရဘူးမဟုတ်လား။

ပျောက်သွားတဲ့ ဦးထုပ်လေးက သိုးမွှေးချည်နဲ့ ကိုယ်တိုင်ထိုးတဲ့ နှစ်ချောင်းထိုး ဦးထုပ်လေးမို့ တကယ်ဆို အသစ်တလုံး ထပ်ထိုးရင် ဖြစ်တာပါပဲ။ ဒါပေမဲ့ အဲဒီလိုတောင် အသစ်တလုံး ကျမ ထပ်မထိုးခဲ့ပါဘူး။ ကိုယ့်အတွက်ကိုယ် အသစ်တလုံး ထပ်မထိုးခဲ့ပေမဲ့ တခြားသော သူတွေအတွက်တော့ ထိုးပေးမယ်လို့ စိတ်ကူးခဲ့တယ်။ ဦးထုပ်ကလေး ပျောက်သွားလို့ ၀မ်းနည်းခဲ့ရတဲ့ ခံစားမှုကို ကျမထိုးပေးလိုက်လို့ ဦးထုပ်ရသွားမယ့် သူတွေရဲ့ ၀မ်းသာမှုနဲ့ ပြန်ဖြေသိမ့်တဲ့ သဘောဆိုပါတော့ … ။

ဒါနဲ့ … ဘယ်သူ့အတွက် ထိုးပေးရင် ကောင်းမလဲ စဉ်းစားတော့ ကျမရဲ့ အနီးဆုံးက ဦးရီးတော်ပေါ့၊ ဒါပေမဲ့ သူက အဲဒီလို ဦးထုပ်တွေ ဆောင်းလေ့မရှိဘူး … ဒါကြောင့် သူ့ကို ပယ်လိုက်တယ်။ နောက်တယောက် … ကျမကို ကိုယ့်သမီးလို တူမလို ချစ်ခင် စောင့်ရှောက်တဲ့ အန်တီ၊ သူက ဦးထုပ်ဆောင်းတာမို့ သူ့အတွက် ထိုးပေးဖို့ စိတ်ကူးလိုက်တယ်။ နောက်ပြီး လန်ဒန်မှာနေတဲ့ မောင်ဝမ်းကွဲရဲ့မိန်းမ သမီးလေးမွေးတာမို့ တူမအသစ်လေး အတွက်လဲ တလုံး … ။ ဒီလိုနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်မှာ သူတို့နဲ့ လိုက်ဖက်ရာရာ ချည်ခင်လေးတွေ ၀ယ်ပြီး ဦးထုပ်လေးတွေ ထိုးဖြစ်ခဲ့တယ်။



ရန်ကုန်က သူငယ်ချင်းတယောက် မန်ယူဦးထုပ် လိုချင်တယ်ဆိုလို့ သူ့အတွက်တော့ မန်ယူဦးထုပ်လေး ၀ယ်ပြီး လူကြုံနဲ့ ပို့လိုက်တယ်။ သူတို့ ဦးထုပ်လေးတွေရလို့ ပျော်နေတာ သိရတော့ ကျမ သိပ်ဝမ်းသာတာပဲ။ ကိုယ်ပျောက်သွားတဲ့ ဦးထုပ်လေးကိုတောင် အဲဒီအချိန်မှာ ခဏတဖြုတ် မေ့လို့ … ။

ဒါနဲ့ နောက်ထပ်ဘယ်သူ့ကို ပေးရမလဲ စဉ်းစားတော့ ဘကျောက်ကို သွားသတိရတယ်။ ဘကျောက်က ဦးထုပ်လေးတွေ ဆောင်းတတ်တယ်လေ။ အဲဒီအချိန်မှာ ကျောင်းဖွင့်ခါနီးပြီ၊ ဆောင်းလဲ ကုန်လုပြီ၊ အအေးဓာတ်လဲ လျော့စပြုနေပြီ။ ဘကျောက်ကို မပြောဘဲ surprise လုပ်မယ်လို့ စိတ်ကူးနဲ့ သိုးမွှေးချည်ခင်လေးဝယ်ပြီး ဘကျောက်အတွက် ဦးထုပ်စထိုးတယ်။


ထိုးလို့ မပီးခင်တရက်မှာ ဘကျောက်နဲ့ အွန်လိုင်းမှာတွေ့တုန်း ဦးထုပ်အရွယ် သေးနေမှာစိုးလို့ ခုလိုမေးမိတယ်။
============================
me: ဘကျောက်ကို မပြောဘဲနေမလို့ မနေနိုင်လို့ပြောပြတော့မယ်
8:37 PM အရင်မေးအုံးမယ်
ဘကျောက်ခေါင်း လုံးပတ် ဘယ်လောက်ရှိလဲ
Nai: ဦးထုပ်က မီဒီယမ်ပဲ
me: ဦးထုပ်ထိုးနေတာ ဘကျောက်အတွက်
8:38 PM ဟဲ တော်လိုက်တာ
ချက်ဆို တန်းပီး ဗိုက်ကပ်တော့တာပဲ
အစကပီးမှပြောမလို့
8:39 PM Nai: ဆောင်းကုန်တော့မယ်..နွေကြရင် ဆောင်းပြီးကြွားလိုက်မယ်
me: ဟီးးး အစက အကြံမရလို့
ဆောင်းကုန်ခါနီးမှ အကြံပေါ်တယ်
8:40 PM Nai: အို..ဘာဖြစ်လဲ ..ဒီမှာက ဧပြီလကို အေးတုန်း
me: လူကြီးဆိုတော့ အညိုရောင်ချည်လေး နဲထိုးနေတယ်
8:41 PM ယောဂီရောင်လေးပေါ့ ဟိဟိ
Nai: မှားပါတယ်..ဒီက ယင်မမသန်းဘူးတဲ့ လူပျိုလေး
8:42 PM me: ဟားဟား ဘကျောက်ကတော့
ယင်မမဲရိုင်းတွေအုံးနေတာ ဟုတ်ဖူးလား
အုံ*
8:43 PM Nai: အနံ့ထွက်နေလို့..ရေမချိုးတာကြာပြီ
me: အယ် ညတ်ပစ်လိုက်တာ
ဒါကြောင့်ဒီကတောင် အနံ့ရတယ် ဟိ
Nai: ဖက်နမ်းသူမှမရှိတာ..ညစ်ပတ်ပလေ့စေ
8:44 PM me: ဒါလဲဟုတ်တာပဲ :P
ဘကျောက် ဒီကို လာမှာသေချာတယ်နော်
8:45 PM Nai: ဒါပေမဲ့လဲ..ဗာဂျီးနီးယားက အပျိုကြီးတွေနဲ့တွေ့ရင်တော့ ရေမွှေးတွေမူးနောက်နေအောင်ဆွတ်ပလိုက်တာ
8:46 PM me: ခုထိ ဘကျောက်က စွံတုန်းနော်
Nai: NIC က trial စောင့်နေလို့
me: သြော်
Nai: ထင်လို့ပါ ပါးပါးလေးပါ
me: ကြာမှာလားဟင် အဲဒါက
8:47 PM Nai: မသိဘူး..ဒီနေ့ mail ပို့လိုက်ဦးမယ်
8:48 PM me: ဟုတ်
8:49 PM Nai: ဗမာပြည်ပြန်ရင်း အဲဒီကို ဝင်မလားလို့..swiss ကဘော်ဘော်တွေကလဲ ခနလာဖို့ အော်နေကြတယ်..ဒီကြားထဲ အဆင်ပြေရင်လာခဲ့မယ်
me: ဟုတ် ဘကျောက်
ဗမာပြည်က ခဏပြန်တာမဟုတ်လား
8:51 PM Nai: ခနပေါ့..ကျန်းမာကြောင်းပြချင်သေးတာ..ဗမာပြည်က နှမတွေက ငိုနေကြလို့
me: သြော် ကောင်းပါတယ် ဘကျောက်
ဘကျောက်ရေ တရားထိုင်ချိန်ရောက်ပီမို့ တာ့တာနော်
8:52 PM ဦးထုပ်လေးပီးရင် ပို့လိုက်မယ်
8:53 PM Nai: ကျေးဇူး ပဲဒေါ်လေးမေရေ့ ဒါပေမဲ့ တန်ဖိုးထက်လက်ခကြီးနေမယ်..ပို့ခက ဈေးကြီးမယ်..
==========================
ဒီလိုနဲ့ … မတ်လ ၈ ရက်နေ့မှာ ဦးထုပ်လေး ထိုးလို့ပြီးသွားတယ်၊ ၁၁ ရက်နေ့မှာတော့ ဦးထုပ်လေးကို ဘကျောက်ဆီ စာတိုက်ကနေ ပို့လိုက်တယ်။ ပို့လိုက်ကြောင်း ဘကျောက်ဆီ အီးမေးလ်ပို့ခဲ့တယ်။

From: May Darwii
Date: 2011/3/11
Subject: ဦးထုပ်လေး ပို့လိုက်ပြီ ...
To: Nai Pe

ချစ်သော ဘကျောက်ရေ ...

ဦးထုပ်လေး ဒီနေ့ပဲ ပို့လိုက်တယ် သိလား။
ရေစစ္စရီနဲ့ဆို ၈ ပေါင်ကျော်ဆိုလို့ ရိုးရိုးပဲ ပို့လိုက်တယ်။ ဟီးးး
ကတ်ရယ် ဦးထုပ်ရယ် ပို့လိုက်တာ။
တခါထဲလဲ ပေါင်းမထည့်ရဘူးတဲ့။ ဒါနဲ့ ကတ်ကသပ်သပ်၊ ဦးထုပ်လေးက သပ်သပ် ပို့လိုက်တယ်။

ရောက်ရင် အကြောင်းကြားပါအုံးနော် ဘကျောက် ... ။
ပြီးတော့ ဦးထုပ်လေးဆောင်းထားတဲ့ ဘကျောက်ပုံလဲ လိုချင်တယ်။
အမှတ်တရပေါ့ ... ။

ဘကျောက် ကျန်းမာရွှင်လန်းပြီး အစစ အဆင်ပြေပါစေ ...
ဒေါ်လေးမေ
=================
ဘကျောက်က ခုလို စာပြန်တယ်။

ဦးထုပ်နဲ့ အလန်းလေးကိုစောင့်စား ကြည့်ရှု အားပေးကြမည့် ပရိဿတ်များအတွက်...
မကြာမီ လာမည်.....မျှော်.......

ကျောက်လန်းလေး
=================
ရိုးရိုးပို့တာမို့ ဦးထုပ်လေးက ဘကျောက်ဆီ တော်တော်နဲ့ ရောက်မသွားဘူး။ ကျမက ရောက်ပြီလား တဂျီဂျီမေးနေတော့ ဘကျောက်ခမျာလည်း ကြောင့်ကြစိုက်ပြီး မျှော်ရရှာတယ်။ ဦးထုပ်ထိုးပုံ အဆင့်ဆင့်ကို ဓာတ်ပုံ ရိုက်ထားတာလေး ဘကျောက်ကြည့်ရအောင် ပို့ပေးလိုက်သေးတယ်။



From: Nai Pe
Date: 2011/3/20
Subject: Re: pic
To: May Darwii

ဒီနေ့လဲ စာတိုက်ကားအိမ်ရှေ့ရပ်လို့ ဦးထုပ်လားဆိုပြီး
ဝမ်းသာအားရပြေးထွက်တာ..ဟင်း..နံဘေးအိမ်အတွက်ဖြစ်နေတယ်..တကယ်ပါပဲ အဲဒီကားကိုတောင် စိတ်တိုလိုက်တာ..
အရောင်လေးက လှပါတယ်..ခွက်ထဲက ကော်ဖီနဲ့ တရောင်ထဲပဲ...
မနေ့က DC မြို့ထဲသွားရင် ဆောင်းပြီး ဓါတ်ပုံရိုက်မလို့ စိတ်ကူးယဉ်နေတာ..
ကျောင်းဖွင့်လို့ အလုပ်တွေ ရှုတ်နေပြီလား..
ဘကျောက်လဲ..အင်္ဂါနေ့ ဆေးရုံတက်ရမလားမသိဘူး..ဆရာဝန်တွေကတော့ အဲဒီနေ့မှာ စုပေါင်းတိုင်ပင်ကြမယ်ပြောတယ်

ဘကျောက်
==================
ဘကျောက်ဆေးရုံတက်မယ်ဆိုတဲ့ရက်က မတ်လ ၂၂၊ အဲဒီရက် မတိုင်ခင် ဦးထုပ်လေးကို ရောက်စေချင်ခဲ့တာ။ နောက်ဆုံးတော့ မတ်လ ၂၅ ရက် သောကြာနေ့မှာမှ ဘကျောက်ဆီ ဦးထုတ်လေး ရောက်သွားတယ်။ ဘကျောက်က စာနဲ့ ဓာတ်ပုံပို့လာပါတယ်။

From: Nai Pe
Date: 2011/3/25
Subject: ဦးထုပ်ရပြီ
To: May Darwii

ရာသီဥတု ပြန်အေးလာတာနဲ့ ဦးထုပ်လေးရောက်လာတာ အတော်ပဲ ဒေါ်လေးမေရေ့..
ဓါတ်ပုံလည်းရိုက်ပို့လိုက်တယ်..
ကိုယ့်ဖာသာ timer နဲ့ရိုက်လို့ ဦးထုပ်ပုံ ပေါ်တော့ပေါ်တယ်..လှလှပပ အိုက်တင်မခံလိုက်ရဘူး..
အရာင်လေးက မဆိုးပါဘူး..ဘကျောက်ဆီမှာရှိတာတွေက အဲဒီထက်တောင် အရောင်ရင့်သေး
ကျေးဇူးပဲ ငါ့နှမရေ့
ဘကျောက်
==================
ဦးထုပ်လေးရောက်သွားပြီမို့ ကျမ အရမ်းပျော်နေခဲ့မိတယ်။ ကျမလက်ရာ ဦးထုပ်လေးက အကောင်းကြီး မဟုတ်ပေမဲ့ ဘကျောက်က ပေးတဲ့သူ စိတ်ချမ်းသာအောင် ပြောပေးခဲ့လို့ ပိုဝမ်းသာရတယ်။

ဧပြီလ ၂ ရက်နေ့မှာ ဘကျောက်နဲ့ အွန်လိုင်းမှာ နောက်ဆုံးတွေ့ဖြစ်ခဲ့တယ်။ သူ့ရောဂါ ကင်ဆာမဟုတ်တော့ဘူး … တဲ့လေ။

Sat, Apr 2, 2011 at 12:45 AM
Chat with Nai Pe

12:40 AM Nai: အိပ်သေးဘူးလား
me: အိပ်သေးဘူး
ဘကျောက်နေကောင်းလား
Nai: စာကြည့်နေသလား
me: ပူပီလား ခု
ကြည့်ဘူး
ပျင်းလို့
Nai: ကောင်းတယ်..အေးတုန်း
12:41 AM me: သြော် ဒါဆို ဦးထုပ်လေး အသုံးဝင်သေးတယ် :P
12:42 AM Nai: biopsy လုပ်တော့ ကင်ဆာမဟုတ်ဘူးတဲ့..နဂိုကတော့ က်ငဆာလို့ အားလုံးကပြောနေပြီး..မနေ့က ဆေးရုံသွားတော့ ဆောင်းသွားသေးတယ်
me: ဟယ် ၀မ်းသာလိုက်တာ
ကင်ဆာမဟုတ်တော့ဘူး
Nai: မသေနိုင်သေးဘူး..
12:43 AM me: အင်းပေါ့ ဘကျောက် တကယ်ဝမ်းသာတယ်
Nai: အားလုံးက မေတ္တာခံယူရတာကိုး
me: ထင်တော့ထင်သား နော်
ဘကျောက်ဘုရားတရား တန်ခိုးလဲပါပါတယ်
Nai: အကုန်လုံးကို ကျေးဇူးတင်တယ်
me: တိုင်းရင်းဆေးရောပေါ့
12:44 AM Nai: ဗမာဆေးကို တောင်းထားလို့ နောက်တပတ် ဓါတ်ခွဲဖို့ ပေးရအုန်းမယ်
me: ဟုတ်လား
တပင်တိုင်မြနန်းလား
12:45 AM Nai: ဟုတ်တယ်..ခန ဒေါ်လေးမေရေ..ဧည့်သည်ကို ဘူတာသွားကြိုဖို့ ဖုန်းခေါ်နေလို့ သွားလိုက်အုန်းမယ်
me: ဟုတ် ဘကျောက်
========================
အဲဒီနောက်ပိုင်း ကျောင်းစာတွေနဲ့ ရှုပ်နေပြီး ကိုယ့်စိတ်ကိုယ် မနိုင်မှာစိုးလို့ ဘလော့ကို ပိတ်ခဲ့တာကြောင့် ဘကျောက်နဲ့လဲ မဆက်သွယ်ဖြစ်တော့ဘူး။ တကယ်ပဲ ဘကျောက် မသေနိုင်တော့ဘူးလို့လဲ ထင်ခဲ့မိတယ်လေ။ တကယ်တော့ ဘကျောက်သိနေမှာပါ။ အားလုံးကို စိတ်ချမ်းသာအောင် ဒီလိုပြောခဲ့တာဆိုတာကို သိရတော့ ပိုပြီးဝမ်းနည်းမိတယ်။ သူ့အတွက်နဲ့ ဘယ်သူ့ကိုမှ စိတ်မထိခိုက်စေချင်တာ … မပူပန်စေချင်တာ။ သြော် … ဘကျောက်ရယ် … ဒီစာရေးနေရင်း ဒေါ်လေးမေ ငိုနေရပါပြီ။

ခုတော့လေ … ဦးထုပ်ကလေးက ပိုင်ရှင်မဲ့သွားပြီ … ။
သူ့ပိုင်ရှင်က ဦးထုပ်ကလေးကို ထားခဲ့ပြီး ပြန်မလာနိုင်တော့တဲ့ သံသရာ ခရီးကို အပြီးထွက်ခွါသွားပြီ။
***
ကျမဘ၀မှာ ... ... ...
ဦးထုပ်လေးတလုံး ပျောက်ဆုံးသွားခဲ့ဖူးတယ်။
ဦးထုပ်ပိုင်ရှင်တယောက်လဲ ပျောက်ဆုံးသွားခဲ့ပြန်ပြီ။
ဆုံးရှုံးမှုတွေဟာ ဘာနဲ့မှ အစားမထိုးနိုင်သလို ဘာနဲ့မှ အစားမထိုးရက်ပါဘူး။ ဘ၀တွေက သိပ်ကို တိုတောင်းကြပါတယ်။ ဒီခရီးကို လူတိုင်းသွားရမှာ သိနေပေမဲ့ … အရင်သွားသူအတွက် ကျန်ခဲ့သူတွေက တသသ လွမ်းနေကြရအုံးမှာပဲ … ။

ဘကျောက်ရေ …
ဒီနေ့ နယုန်လကွယ်နေ့ ဥပုသ်နေ့မို့ ဒေါ်လေးမေ ၉ ပါးသီလယူပြီး ဥပုသ်စောင့်ပါတယ်။ ပြုခဲ့သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အားလုံးအတွက် လွန်ခဲ့တဲ့ ၂-လ (ဧပြီ ၃၀ ရက်) က ဘ၀တပါးကို ပြောင်းသွားတဲ့ ဘကျောက်ကို အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘ၀က သာဓုခေါ်နိုင်ပါစေ … ။
မြင့်မြတ်ရာဘုံဘ၀မှာ တရားဓမ္မနဲ့ မွေ့လျော်ရင်း ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ … ။

ဧပြီ (၃၀) ရက်တွင် ကွယ်လွန်သွားခဲ့သော ဘကျောက် … အမှတ်တရ … ။
***
မေဓာဝီ
၃၀၊ ဇွန်၊ ၂၀၁၁
၁၃၇၃ ခုနှစ် နယုန်လကွယ်နေ့
နံနက် ၉း၀၅ နာရီ

17 comments:

Anonymous said...

သတိယရလိုက်တာ ဘကျောက်ရာ...

Anonymous said...

Whenever i read new post about ko gyi kyauk,my eyes are always wet.He promised and tried to visit to us.But.....:( He let us know it wasn't cancer.
I do the same like you on the black moon day of NAYONE.
The "miss"is only for the left.
Gyidaw

seesein said...

ကြီးမေ
ဘကျောက် အကြောင်းတခါဖတ်ရပြန်ပြီ စိတ်မကောင်းဘူး ကြီးမေရေ။ အခုတော့ ဘ၀အသစ်စနေပြီထင်ပါရဲ့။ ဘကျောက်က ကင်ဆာနဲ့ ဟုတ်ဘူးတဲ့ ရေချိုးခန်းထဲမှာ ချော်လဲရင်းဖြစ်သွားတာဆိုဘဲ အမှန်တရားကတော့ ဘကျောက်ကိုယ်တိုင်ကလွဲပြီး ဘယ်သူများ ပိုသိနိုင်မလဲနော။ ဦးထုတ်ပိုင်ရှင်ပျောက်လိုက် ဦးထုတ်ပျောက်လိုက် သံသရာထဲမှာ နောက်ဆုံးတော့လဲ.......
.......ဦးထုတ်ကလေး ဖန်းတီးပေးတဲ့သူကရော.....

ခင်မင်တဲ့
seesein

မအိမ်သူ said...

မမေရေးခဲ့ဖူးတဲ့ ဦးထုပ်လေးပျောက်သွားတဲ့ အကြောင်းကို အရင်ကဖတ်ခဲ့ဖူးတယ်။ ဘကျောက်ကို လူကိုယ်တိုင်မသိပေမဲ့လည်း သူ့ရဲ့ ရွှေရတုမှတ်တမ်း ဘလော့ဂ်လေးကို အမြဲသွားသွားဖတ်နေကျ ပရိသတ်တစ်ယောက်မို့လို့ သူ့စာတွေကနေတစ်ဆင့် သူ့ကို စိတ်ထဲကနေ ရင်းနှီးနေမိပါတယ်။ သူဆုံးသွားကြောင်းကို ဘလော့ဂ်တွေမှာ တွေ့လိုက်ရတုံးက တော်တော်လေးကို စိတ်မကောင်း ဖြစ်သွားခဲ့မိတယ် နှမြောလည်း အရမ်းနှမြောမိတယ် နေမယ်ဆို နေနိုင်သေးတဲ့အရွယ်မှာ စောစောစီးစီး ထွက်ခွာသွားခဲ့ရတာကိုး။ ဒါပေမယ့်လည်း ဘယ်သူမှ မရှောင်နိုင်တဲ့လမ်းဆိုတော့ စိတ်မကောင်းရုံ ကုသိုလ်ကောင်းမှုလုပ်ပေးရုံ ဆုတောင်းပေးရုံကလွဲလို့ ဘာများတတ်နိုင်မှာလဲနော်။ ဘာဘဲဖြစ်ဖြစ် မမေကိုယ်တိုင်ကိုယ်ကျ ထိုးပေးခဲ့တဲ့ ဦးထုပ်ကလေးကို ဆောင်းခွင့်ရသွားခဲ့တာကိုဘဲ ၀မ်းသာလိုက်ပါရှင်။

SHWE ZIN U said...

မမေ ရေ

၂လတောင်ပြည့်သွားပြီနော် အင်း ပြန်လည် ခံစားရပြန်ပြီ မမေ ဦးထုပ်လေး တောင် ကောင်းကောင်း ဆောင်းမသွားရရှာဘူး

မောင်မျိုး said...

တကယ့် အမှတ်တရတွေပဲ မမေရဲ့ စိတ်လေးကို လေးစားမိသလို ဘကျောက်ကို သတိရ စိတ်မကောင်းဖြစ်မိပါတယ်း(

ဟန်ကြည် said...

သြော်...နှစ်လတောင် ပြည့်ပါပကောလားဗျာ...ကိုကြီးကျောက်က တကယ့်ရှာမှရှားတဲ့သူပါ...ဘလော့လောက တစ်ခုလုံးကို ပျော်ရွှင်စေတဲ့သူ...သူ့မှာရှိတဲ့အကောင်းဆုံးတွေကိုပဲ သူများကို ရစေချင်တဲ့သူ...သူများကို စိတ်ချမ်းသာစေချင်တဲ့ တကယ့်စေတနာကောင်းရှိတဲ့သူပါ အစ်မရေ...အစ်မရဲ့စေတနာနဲ့ ကိုကြီးကျောက်ရဲ့ တစ်ဖက်သားကို စာနာနားလည်မှု၊ စေတနာကို အသိအမှတ်ပြုမှုကို ဖတ်ရလို့ ကြည်နူးဝမ်းနည်းဖြစ်မိပါရဲ့...ကိုကြီးကျောက်အကြောင်းကတော့ သတိရတိုင်း ပြန်ပြောဖြစ်နေမယ့် သမိုင်းကြောင်းတစ်ခုဖြစ်ကျန်ရစ်ပြီကောဗျာ...ဘာဖြစ်လို့လဲဆိုတော့ ကိုကြီးကျောက်က ဘလော့ရွာရဲ့သူရဲကောင်းမဟုတ်လား...တစ်နည်းအားဖြင့် ကျွန်တော်တို့တွေကို ဘ၀နေနည်း သင်ပေးခဲ့တဲ့ အာဇာနည်ဆိုရင်လည်း မမှားပါဘူးလေ...

Nyi Linn Thit said...

ဟုတ်တယ်နော်၊ ဘာလိုလိုနဲ့ ၂ လတောင် ပြည့်သွားခဲ့ပြီ၊ ကိုကြီးကျောက် အကြောင်း ဘလော့ဂ်တွေမှာ ဟိုနားဒီနား တင်ကြတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်၊ နှမြောတဲ့စိတ်လည်း အမြဲဖြစ်မိတယ်၊ ဦးထုပ်လေးကို အချိန်မီထိုးပေး လိုက်နိုင်တာကိုပဲ စိတ်ဖြေရမယ် ထင်ပါရဲ့ မမေရေ..၊ ကိုကြီးကျောက်ကလည်း နေမကောင်းတဲ့ကြားက ဓါတ်ပုံလေး ကြိုးစားပို့ပေးခဲ့တော့ အမှတ်ရစရာပါပဲ၊ လူက ဦးထုပ်ကိုပျောက်လိုက်၊ ဦးထုပ်က လူကိုပျောက်လိုက်နဲ့ မဆုံးတဲ့ သံသရာပါပဲဗျာ...။

ညိမ်းနိုင် said...

အင်း....၂လပြည့်ပြီနော်.....တွေးမိတိုင်း စိတ်မကောင်းဖြစ်
ရတယ်...၊ခုလည်းမမေပို့စ်လေးဖတ်ရတော့ ပိုပြီးသတိတရ
ဖြစ်မိတယ်....ဘာပဲဖြစ်ဖြစ် ဦးထုတ်လေးပေးဖြစ်တာ...၊
ကိုကြီးကျောက်ဆောင်းသွားဖြစ်တာ...ကိုပဲစိတ်ဖြေရတာ
ပေါ့မမေရာ....:(

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
ဖတ်ရင်းနဲ့ ပုံတွေကြည့်ရင်းနဲ့ ၀မ်းနည်းစိတ်က လှိုက်ခနဲတက်လာတယ်။ ဘာရေးရမှန်းမသိအောင်ကို အကြာကြီး ငြိမ်နေမိတယ်။
တကယ်ကို ၀မ်းနည်းပါတယ်

Angelhlaing(May everybody be happy and healthy! said...

မမရေ အမြဲပြန်လည် အမှတ်ရနေကြတဲ့ မောင်နှမတွေကြောင့် ကိုကြိးကျောက်သိရင် အတိုင်မသိ ဝမ်းသာကြည်နူးနေမှာ..နော်..
ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါမမရေ...

တောက်ပကြယ်စင် said...

ကြီးမေရေ နေ့ခင်းတုန်းက တစ်ခါလာဖတ်သေးတယ်။ ခမန့်ရေးမယ်လုပ်တော့ Bad Request Error 400 ဆိုပြီး တက်လာတာနဲ့ ပေးမရဘူး။ ခုတစ်ခါ ထပ်ဖတ်တယ်။ ဘုန်းဘုန်းက ဘကြီးကျောက်နဲ့ မဆက်စပ်မိပေမယ့် သူများတွေ ပြောတဲ့ပုံအရဆိုရင်တော့ ဘကြီးကျောက်ဟာ တကယ်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှာ သေချာပါတယ်။ ဖတ်ရင်းနဲ့ ၀မ်းနည်းလာမိတယ် ကြီးမေရေ။ အော်...သေမင်းကလည်း ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ချိန်ခါမရွေး လာခေါ်တတ်တာပါပဲလားနော်။

အော် ဒါနဲ့ ကြီးမေရ ဘုန်းဘုန်းက တစ်ခုစိုးရိမ်မိတယ်၊ သိလား။ ဘယ်သိသေးမှာလည်း ပြောမှ မပြောရသေးတာ။ ဘုန်းဘုန်းလည်း ဘကျောက်လို အချိန်မတန်သေးဘဲနဲ့ သွားရမယ်ဆိုရင် ၀မ်းနည်းမယ့်လူ မရှိမှာ စိုးရိမ်မိတယ်။ ကိုယ့်ကိုယ်ကို အဲဒီလောက်ထိ ယုံကြည်တာ။ ဟိ။

မမေရေ ဘုန်းဘုန်းကိုလည်း ဦးထုပ်တစ်လုံးထိုးပီး ပို့ပေးလိုက်ပါဦးနော်။ ကြီးမေကြိုက်တဲ့ အညိုရောင်လေးပဲလေ။ ဟေ့ ဟေ့ နောက်တာနော်။ တကယ်မပို့လိုက်နဲ့ဦး။ စာလည်းရှည်သွားပြီ။ လစ်ဦးမှ...

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

သက်ဝေ said...

မေ့လက်ရာ ဦးထုပ်လေး ဘကျောက်ဆီ အချိန်မီမှ ရောက်ပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်လာတာ... တော်ပါသေးရဲ့နော်... အကြာကြီး မဆောင်းလိုက်ရပေမယ့်လည်း အနည်းဆုံးတော့ တလကျော်ကျော် ဆောင်းရသေးတာပေါ့...

ကိုကြီးကျောက်အကြောင်းကတော့ ဘယ်နေရာမှာ ဖတ်လိုက်ရ ဖတ်လိုက်ရ သတိတရနဲ့ ဝမ်းနည်းနေသေးတာပါပဲ မေရယ်... စစပြောတာ ရေချိုးခန်းထဲ ချော်လဲတာဆို... ဘာပဲ ဖြစ်ဖြစ် စိတ်မကောင်းဘူး... ငိုချင်တယ်...း((

rose said...

မမေ ရေးထားတဲ့ ကိုကြီးကျောက် အကြောင်းလေး ဖတ်ရင်း စိတ်မကောင်းဖြစ်မိတယ်။ ရို့စ် ဘလော့ဂ် ဖွင့်ခါစကလည်း ဘလော့ဂ်ဂါ အသစ်ဖြစ်တဲ့ ရို့စ် ဆီမှာ ရယ်မောစရာ နောက်နောက်ပြောင်ပြောင် ကွန်မန့်တွေ အမြဲ လာပေးတယ်။ သတင်း ကြားတော့ တော်တော် ၀မ်းနည်းမိတယ်။ မမေ ထိုးပေးတဲ့ ဦးထုပ် အညိုလေး ကိုကြီးကျောက် အချိန်မီ လက်ခံ ရရှိတာ တော်သေးတာပေါ့နော်။

mstint said...

အွန်လိုင်းဘလော့ဂ်ဂါများ အချင်းချင်းအတော်လေး သွေးစည်းကြတယ်နော် အန်တီက မနေ့တစ်နေ့ကမှ ဘလော့ဂ်ဂါဘဝရောက်ခဲ့တော့ ကိုကြီးကျောက်ဆိုသူနဲ့ မဆုံဖူးလိုက်ဘူး ပို့စ်လေးတွေဖတ်ရင်း ကွန်မန့်လေးတွေ ဖတ်ရင်း တစ်ဦးအပေါ် တစ်ဦးထားကြတဲ့ သံယောဇဉ်လေးတွေ ချစ်ဖို့အတော်ကောင်းတယ် ဒီကနေ့ မေဓာဝီရဲ့ ဘလော့ဂ်လေးမှာ အန်တီတော်တော်များများ ဖတ်ခဲ့တယ်နော်။ ဘလော့ဂ်ဂါ ဘဝရောက်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေနပ်မိတာတော့ အမှန်ပါ။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

ဘကျောက်အကြောင်းလေး ပြန်ဖတ်ရတာ စိတ်မကောင်း ဖြစ်မိတယ်။ သူ့ကို ဘယ်သူမှ တော်တော်နဲ့ မေ့နိင်မှာ မဟုတ်တော့ပါဘူး။
အားလုံးကို ပျော်ရွှင်စေချင်တဲ့ သူ့စိတ်ထားလေးကို အတုယူလေးစားမိပါတယ်။

Kay said...

မမေ..
ကျမလည်း အသံမပြု ဖြစ်တာ ကြာပေါ့..
တလောက..ဆေးရုံ တက်ရ်တော့.. ဘကျောက်ကို သတိတွေ ရပြန်..
ခု ဒီစာလေး တွေ ဖတ်တော့..
သနားသလို စိတ်မကောင်းပြန်..
း(