Thursday, June 16, 2011

မေဓာဝီ ပြန်လာပြီ

ဒါရိုက်တာကြီး ရွှေဒုံးဘီအောင်ရဲ့ ဗိုလ်အောင်ဒင် ပြန်လာပြီကို အတုခိုးပြီး မေဓာဝီပြန်လာပြီလို့ ခေါင်းစဉ်တပ်လိုက်တာပါ။

မေဓာဝီ ပြန်လာပါပြီ။

အများပြောလေ့ရှိကြတဲ့ အပျော်ဆုံးနေ့တွေက ထောင်ကထွက်တဲ့နေ့ ရှင်လိင်ပြန်တဲ့နေ့ မိန်းမရတဲ့နေ့ ... တဲ့။ အဲဒါကတော့ ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တာမို့ ကိုယ့်အတွက်ကိုယ် ဆိုရင် စာမေးပွဲပြီးတဲ့နေ့ပါ ထပ်ထည့်ချင်တာပါပဲ။

ဟုတ်ကဲ့ ... မနေ့ကပဲ ကျမ စာမေးပွဲ ပြီးသွားပါပြီ။ အရမ်းကာရော ပျော်လှချည်ရဲ့မဟုတ်ပေမဲ့ သုံးလလောက် ခေါင်းပေါ်ရွက်ထားတဲ့ ၀န်ထုပ်ဝန်ပိုးကြီး ကျသွားတာမို့ တော်တော်လေး ပေါ့ပါး လွတ်လပ်သွားတယ်။ ဒါကြောင့် ပျော်တယ်ပဲ ဆိုကြပါစို့။ စာမေးပွဲ မပြီးမချင်း လူက ထောင်ကျနေသလိုပဲ။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ၊ တီဗီကြည့်ချင်လဲ မကြည့်ရ၊ ကြိုးတွေ အထပ်ထပ်နဲ့ နှောင်တည်းထားသလို စိတ်ရော လူရော သိပ်ကို ကျဉ်းကျပ်လွန်းလှတယ်။ ပိုဆိုးတာက ခါတိုင်း စာမေးပွဲတခါဖြေရင် ၂ ဘာသာ ၃ ဘာသာလောက်ပဲ အေးအေးလူလူ ဖြေခဲ့ပေမဲ့ အခု ၄ ဘာသာ ဖြေဖို့ စာရင်းသွင်းခဲ့လိုက်တာ ကိုယ့်သေတွင်း ကိုယ်တူးလိုက်မိတာပဲ။ (မသေလို့ ပြန်တွေ့ရတယ်သာ မှတ်ကြပါတော့။)

သူငယ်ချင်းတွေက ပေါ့ပေါ့ပါးပါး ၃ ဘာသာပဲ ဖတ်နေချိန်မှာ ကျမက မနိုင်ဝန်ထမ်းပြီး ၄ ဘာသာကို ယက်ကန်ယက်ကန် ဖတ်ခဲ့ရတယ်။ ငါဘာလို့များ ဒါတွေလုပ်နေရပါလိမ့်လို့ စာဖတ်နေရင်း စဉ်းစားမိတာလဲ အကြိမ်ကြိမ်၊ “လေးဆယ်ကျော် အရွယ်နှောင်းခါမှ သူကြွယ်လောင်း လုပ်ချင်၊ နွားအိုကြီး အမော့သင်သလို …” ဆိုတဲ့ လယ်တီဆရာတော် တေးထပ်ကလေး ခပ်တိုးတိုးရွတ်ရင်း လောကီစာတွေ သင်ရတာ ငြီးငွေ့စိတ်ပျက်မိလာတယ်။ (လောကုတ္တရာဘက် နီးစပ်လာပြီဆိုတဲ့ သဘောပေါ့လေ အဟမ်းးး)

စာမေးပွဲအချိန်စာရင်းကို ကြည့်တော့ ခက်တဲ့ဘာသာ ၃ ခုက ၁၃၊ ၁၄၊ ၁၅ ရက်နေ့တွေမှာ ဆက်တိုက် ကပ်လျက် ဖြစ်နေတယ်။ ခါတိုင်းနှစ်တွေမှာ ကြားထဲက ရက်ကလေးတွေ ခြားသေးတယ်။ ဒီတခေါက်ကတော့ တကယ်ကို ပင်ပန်းတဲ့ စာမေးပွဲပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထုတ်တဲ့အနေနဲ့ (အပြစ်ပေးတာလဲ ပါတာပေါ့လေ) ဘလော့ကို ပိတ်ထားလိုက်တာပါ။ ဘလော့ကို ဘာကြောင့်ပိတ်တာလဲ သို့လော သို့လော ဖြစ်နေသူတွေကို ပြောချင်တာကတော့ ဘာကြောင့်မှ မဟုတ်ပါဘူး။ မေးလ်တွေ မက်ဆေ့ခ်ျတွေ ဖုန်းတွေ ဆက်မေးတဲ့သူတွေ … အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ (အဟဲ တယောက်တလေ မေးတာကို အများကြီးရှိတာ ကျနေတာပဲ)

ပြောရရင်တော့ စာမေးပွဲနဲ့ ဘလော့ ခဏ လဲလိုက်တယ် ဆိုရမလားပဲ။ သိပ်တွယ်ငြိတတ်လွန်းတဲ့ သံယောဇဉ်ကို အစမ်းဖြတ်ကြည့်တာလဲ ပါပါတယ်။ ပြတ်သလား ဆိုတော့ အင်း … လုံးလုံးလျားလျားကြီးလဲ မပြတ်နိုင်ပါဘူး။ ပုထုဇဉ်ဟာကိုး … ။ ကိုယ့်ဘလော့ ပိတ်ထားပေမဲ့ နှစ်သက်ရာရာ စာတွေကို ရီဒါထဲကနေ ဖတ်နေမိသေးတယ်။ စိတ်မကောင်းစရာ ဘကျောက်ဆုံးတဲ့ သတင်းတွေ့ရတော့ အရမ်းဝမ်းနည်းလွန်းလို့ ငိုခဲ့ရတယ်။ ဘလော့ပိတ်ထားပြီး နောက်ပိုင်း အွန်လိုင်းမှာလဲ ဘယ်သူနဲ့မှ မပြောဖြစ်တာမို့ ဘကျောက်နဲ့ နောက်ဆုံး စကားမပြောဖြစ်ခဲ့ရဘူး။ တော်တော်လေး ၀မ်းနည်းမိပါတယ်။ အဲဒီရက်ပိုင်း စာတောင် ကောင်းကောင်း မကြည့်နိုင်ဘူး။ နောက်တော့လဲ ကိုယ်စိတ်ကိုယ် တရားနဲ့ပဲ ဖြေခဲ့ရတယ်။ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့တဲ့ ဘကျောက်ကိုလဲ ချီးကျူးလေးစားမိတယ်။ (နောက်မှပဲ ဘကျောက်နဲ့ပတ်သက်တာ ပို့စ်တခု တင်ပါအုံးမယ်)

စာမေးပွဲတွင်းမှာ စိတ်ကျဉ်းကျပ်ခဲ့သမျှ ခုတော့ အေးဆေးပေါ့ပါးသွားပြီမို့ ဘလော့ကိုလဲ ပြန်ဖွင့်လိုက်ပါပြီ။ ကျောင်းပိတ်ရက် ၃ လမှာ လုပ်ချင်တာတွေက ခပ်များများ။ ရေးချင်တဲ့စာတွေလဲ စိတ်ကူးထဲမှာ တသီကြီး၊ စာဖတ်နေရတဲ့ အတောအတွင်း အချိန်ကုန်သက်သာအောင် ဖွယ်ဖွယ်ရာရာ ချက်မစားဘဲ ဖြစ်သလိုပဲ စားနေခဲ့ရတာမို့ ချက်စားမယ်တေးထားတဲ့ အစားအစာတွေကလဲ တပုံကြီး။ အခန်းကလဲ ကြွက်သိုက်က အရှုံးပေးရမလောက် ဖြစ်နေတာမို့ ရှင်းလင်းရေး လုပ်ရအုံးမယ်။ အိမ်ကိုလဲ တံမြက်စည်းမလှဲ၊ ဖုန်မစုပ်၊ မြက်မရိတ်ဘဲ ဦးရီးတော် သူ့ဟာသူ လုပ်ပါစေလေလို့ စာမေးပွဲအကြောင်းပြချက်နဲ့ မသိချင်ယောင်ဆောင်ပြီး နေနေခဲ့တာ ခုတော့ အိမ်သန့်ရှင်းရေး မြက်ရိတ်ပေါင်းနှုတ် ဗာဟီရအလုပ်လဲ လုပ်ရအုံးမယ်။ ရာသီဥတု ကောင်းတုန်းလေး ဦးရီးတော်ကို ပူဆာပြီး ဟိုဟိုဒီဒီ တနေ့တာ ခရီးတိုလေးတွေ သွားချင်သေးတယ်။ အလုပ်မလုပ်ဘဲ ထိုင်စားနေတာ ကြာပြီမို့ ပိုက်ဆံရမယ့် အလုပ်လေးဘာလေးလဲ ထွက်လုပ်ချင်သေးတယ်။

အဓိက လုပ်ချင်တဲ့ အရေးအကြီးဆုံးတခုကတော့ …
စိတ်လေ့ကျင့်ခန်းပါပဲ … ။
ကျမက တခုခုဆို သိပ်ခံစားလွန်းတယ်။ သိပ်ဝမ်းနည်းတတ်တယ်။ ကိုယ်စိတ်ညစ်ရင် စိတ်ပင်ပန်းရင်လဲ အနားက လူတယောက်ယောက်ကို ဂျီတိုက်တတ်တယ်။ (ဦးရီးတော်ကလွဲလို့ပေါ့၊ သူ့တော့ကြောက်တယ်) ကိုယ့်ကိုယ်ကိုယ် ဇာတ်မနာနာအောင် တွေးပြီး စိတ်ပင်ပန်းခံတတ်တယ်။ အကြောင်းသိတဲ့ ကျမအမကတော့ နင်က မြို့မေတ္တာခံချင်နေတာတဲ့။ ဘာပဲဖြစ်ဖြစ်ပါ … ကိုယ့်အခြေအနေ ကိုယ်သိတာမို့ အဲဒါတွေ လျော့နည်းအောင် စိတ်လေ့ကျင့်ခန်း လုပ်ဖို့ ကျမစိတ်ကူးနေပါတယ်။ ကိုယ့်အမလို ချစ်ခင်ရတဲ့ မရွှေစင်နဲ့ အရီးလေးစစတို့ ရိပ်သာဝင်ကြတယ်ဆိုတော့ စိတ်ထဲကနေ သာဓုခေါ်မိတယ်။ ချီးကျူး အားကျမိတယ်။ ဒါကြောင့် ကျောင်းပိတ်ရက်မှာ အခြေအနေပေးရင် ကျမ စိတ်လေ့ကျင့်ခန်းလုပ်ဖို့ ဒီက တရားရိပ်သာတခုခု သွားနိုင်အောင် ကြိုးစားမယ် စိတ်ကူးထားတယ်။

လောလောဆယ်တော့ မေဓာဝီ ပြန်လာပြီ ဆိုတဲ့အကြောင်း အားလုံးကို အသိပေးပါတယ်။ အခြေအနေအရ ဘလော့ပိတ်ထားခဲ့တာကိုလဲ နားလည်ပေးကြစေချင်ပါတယ်။ အခု ပြန်လာပြီဆိုတော့ စာတွေ တတ်အားသမျှ ပြန်ဖတ်အုံး ရေးအုံးမှာမို့ လူကြီးမင်းများ မျက်စိနောက်ရင် တာဝန်မယူပါကြောင်းလဲ ကြိုတင်အသိပေးအပ်ပါတယ်ရှင် … … ။
***
မေဓာဝီ
၁၆၊ ၆၊ ၂၀၁၁
၂၁း၁၈ နာရီ

27 comments:

rose said...

sis, welcome back. I'm happy to see you and read your posts. :))

mi mi said...

Glad to see your post again. I was just thinking a few days ago that it's summer and your exams must be over. Hope you did well in all of them.
Looking forward to reading your new posts.

seesein said...

ဟေးးးးးးးးးးးးးးကြီးမေ ပြန်လာပြီကွ၊
အန်တီမာအေးလို ပြောပြစရာတွေ တပုံကြီးရှိသေးတယ်
ကြီးမေလဲ ရေးပြစရာတွေ တပုံကြီးရှိတယ်ပေါ့နော
စာတွေ ရေးပေးအုံးမယ်ဆိုလို့ ၀မ်းသာပါတယ်
ရိပ်သာဝင်အုံးမယ်ဆိုလို့ ပိုဝမ်းသာပါတယ်



ခင်မင်တဲ့
seesein

ညိမ်းနိုင် said...

ဝိုး.....ရီတန်းအော့ မေဓာဝီ ပေါ့လေ....:)))
လှိုက်လှဲစွာကြိုဆိုပါတယ် မမေ....:)))

နေ၀ဿန် said...

မမေဓါဝီတို့ပြန်လာတာ ပျော်စရာကြီး... ဖတ်ရင်းဖတ်ရင်းနဲ့ ပြုံးနေရတယ်.. ကျွန်တော့်မျက်နှာကြီးဆို ဖြီးလို့...း)).. စာမေးပွဲ အားလုံးအိုကေတယ်ဟုတ်... ဟဲ


ခင်မင်လျက်
နေ၀ဿန်

Anonymous said...

မျှော်လိုက်ရတာ...

Anonymous said...

မမေ...
အစားအသောက်တွေ တင်အုန်းနော်..။

(((((ကျမက တခုခုဆို သိပ်ခံစားလွန်းတယ်။ သိပ်ဝမ်းနည်းတတ်တယ်။ ကိုယ်စိတ်ညစ်ရင် စိတ်ပင်ပန်းရင်လဲ အနားက လူတယောက်ယောက်ကို ဂျီတိုက်တတ်တယ်။ကိုယ့်ကိုယ်ကိုယ် ဇာတ်မနာနာအောင် တွေးပြီး စိတ်ပင်ပန်းခံတတ်တယ်။)))))
ဒါဖတ်ပြီး ပြုံးမိနေတယ်..။
ကျနော်လဲ အဲ့လိုပဲ..။

ပေါက်

Phyoe Phyoe said...

Ma Ma May ,

I am very happy to read your blog again. I am always proud of you.
Phyoe Phyoe

မြေလတ်မောင်မြင့်မိုရ် said...

အမရေ...သူငယ်ချင်းတစ်ယောက်ကညွှန်းလို့ဝင်ကြည့်ကာမှဘလော့ပိတ်ထားတာနဲ့ကြုံခဲ့ရတယ်။ဒီမနက်လမ်းလျောက်ထွက်ရင်းနဲ့မမေပြန်လာပြီဆိုတာတွေ့လို့သူငယ်ချင်းကိုလဲအသိပေးပြီးပြီ။သူလည်းပျော်နေတယ်။အမလည်းပျော်ရွှင်ချမ်းမြေ့ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြိုဆိုပါ၏
ကြိုဆိုပါ၏
း)

မမေရဲ့ ပိုစ့်လေးတွေ မျှော်နေပါတယ်
သတိတရနဲ့ပေါ့
ဘလောဂ်ပင်လယ်ပြင်ကျယ်ကြီးမှာဆက်လက်ကူးခတ်ကြတာပေါ့နော်း)

SHWE ZIN U said...

return of မေဓါဝီ ပေါ့

ဒါနဲ့ ချစ်ချစ်ကြီး က ပြောတာတော့ အပျော်ဆုံး နေ့တွေ ထဲမှာ ရိပ်သာ ထွက်တဲ့ နေ့ ရောပါတယ် တဲ့နော်

အပျော်ဆုံး ရက် တွေ များနေမှာစိုးလို့ပါ

ခင်မင်ရတဲ့
ရွှေစင်ဦး

natthi said...

ပြန်လာ...ပြန်လာ... ဒေါ်မေဓာ...။

မောင်မျိုး said...

ဝဲကမ်းတူ အာဝါ ဘကုန်းရပ်ကွက်း))))

စုချစ် said...

တော်သေးတာပေါ့... မမေရယ်... တို့လည်း မမေဆီ မေးလ်ပို့တော့မလို့... စာမေးပွဲကြောင့် ဆိုတာတော့ ရိပ်မိတယ်... အပြီးပိတ်ပြီး ပြန်မဖွင့်တော့မှာ စိုးလို့... မန့်သာ မမန့်ဖြစ်တာ... တိတ်တိတ်ကလေးတော့ အလည် လာမြဲပါပဲ...မမေရေ...
ချစ်ခင်စွာ..စုချစ်

သက်ဝေ said...

Welcome back မေ...
စာတွေ ဖတ်ဖို့ စောင့်နေမယ်...
နောက်ကို မအားရင် စာမရေးပဲနေချင် နေပါ... ဘလော့ဂ်တော့ ပိတ်မသွားပါနဲ့လား...း))

တောက်ပကြယ်စင် said...

ကြိုဆိုပါသည်။ ဘကျော်နဲ့ပတ်သက်တဲ့ပိုစ်ကိုလည်း မျှော်နေမယ်နော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Nyi Linn Thit said...

Wow...Welcome back ပါ မမေဓာဝီရေ...၊

ပြန်လာတာ တကယ်ပဲ ဝမ်းသာပါတယ်၊ စာမေးပွဲပြီးတော့ ဘယ်လောက်ပေါ့ပါး သွားမလဲ ဆိုတာလည်း နားလည်ပေးလို့ ရတယ်ဗျ၊ ကျနော်လည်း အခုမှ ကျန်သေးတဲ့ အက်ဆေး အကြွေးတွေ ပြန်ဖတ်ရ ဦးမှာပေါ့လေ..။း)

Anonymous said...

Bienvenu May!
Welcome back May!
Part of my mind went to you just last week.Hope to read your stored thinking.
Gyidaw

Nge Naing said...

ပြန်လာတာ ၀မ်းသာပါတယ်။

မေဓာဝီ said...

အားပေးကြိုဆိုကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ...
လုပ်ချင်တာတွေများပြီး ဘယ်ကစလုပ်ရမှန်းမသိတော့လို့ လောလောဆယ် ဘာမှမလုပ်ဘဲ ထိုင်စဉ်းစားလိုက်အုံးမယ် :))

မြစ်ကျိုးအင်း said...

ကြိုဆိုပါတယ်။ ပို့စ်ပေါင်း များစွာ များစွာကို စောင့်နေပါတယ်။

Angelhlaing(May everybody be happy and healthy! said...

မမရေ..ဝမ်းသာအားရ ကြိုဆိုပါတယ်လို့...
ကောင်းသောနေ့လေး ဖြစ်ပါစေ..မမ။

ကိုကိုမောင်(ပန်းရနံ့) said...

အင်းးး.... တစ်ခုခုလုပ်ပြီး လမ်းလျောက်စဉ်းစားတာနဲ့စာရင်တော့ ဘာမှ မလုပ်ဘဲ ထိုင်စဉ်းစားတာက ပိုကောင်းပါတယ်။ ဒါမှ အန္တရာယ်ကင်းမှာ။ ဆက်စဉ်းစားပါ မမမေဓာဝီ။ အားပေးသူတွေက ချောင်းချောင်း အဟွတ် အဟွတ်။ အဲလေ... ချောင်းချောင်း ကြည့်နေကြပြီ။

ခင်မင်လျက်

ဟန်ကြည် said...

welcome back! မေဓာဝီလေး ရသေ့နဲ့နေဖို့ ပြန်လာပြီကိုးဗျ...ရသစာပေအရေးကောင်းတဲ့ သူတစ်ယောက် ဘလော့ရွာထဲပြန်ရောက်လာတာ လှိုက်လှိုက်လှဲလှဲကြိုဆိုပါသဗျာ...ရသကဗျာ စစ်စစ်(ကိုယ်ကလဲ conservative ဖြစ်နေတော့ လေးချိုးလေးတွေ၊ တေးထပ်လေးတွေ ချဉ်ခြင်းတပ်တာလဲ ပါသပေါ့လေ) လေးတွေ ပြန်ဖတ်ရဦးတော့မှာမို့ အတိုင်းမသိ ပီတိဖြစ်ရပါတယ်...စကားမစပ် စာမေးပွဲတွေက ပင်ပန်းတာမှန်ပေမယ့် လူ့အရည်အသွေးနဲ့ စိတ်ဓာတ်ခွန်အားကို တိုးတက်စေတာမို့ အင်မတန်ဘဘောကျပါတယ်...သူများတွေ ဖြေဖို့ ပြင်ဆင်ပေးရင်း နတ်ကရာ ကျီးမောလုပ်နေရတာ ပင်ပန်းလွန်းလို့ ကိုယ်တိုင်ဖြေချင်စိတ်တောင်ပေါက်လာတယ်...တစ်နေ့နေ့တော့ စာမေးပွဲတစ်ခုခုလောက် ၀င်ကိုဖြေဦးမယ် မေဓာဝီရေ...

khin oo may said...

တို့လဲအရမ်းခံစားတတ်တယ်။

ချစ်ကြည်အေး said...

ညီမမေရေ.....ပြန်လာတာ မသိလိုက်ဆို မဲလဝဲတုန်းက လင့်ခ်တွေ ဖြုတ်ချပြီး ဟိုမေ့ ဒီမေ့ရယ်လေ...။ ခု ပြန်လာယူသွားတယ်။ ကြိုဆိုပါတယ်ရှင် ဘလော့ဂ်ရွာမှ ဝဲလ်ကမ်းပါ... :))

အိမ့်ချမ်းမြေ့ said...

မလေးလည်း မချစ်ကြည်အေးလိုပဲ.. ဟိုတစ်နေ့က မမေရဲ့ အရိပ်အရောင်လေးတွေ့မှ..
သြော်...........
သူပြန်လာပြီပဲ...
အဲသလိုထင်တယ်..

ဒါကြောင့်လာကြည့်တော့ သူက ရောက်နေတာ ကြာလှကိုး .. ;))
ဖြည်းဖြည်းချင်း အကုန်ဖတ်ပါမည် မမေ..

ခင်တဲ့
မလေး