Monday, June 27, 2011

ဒီစနေ ဒီဂနွေ ...

ဒီတပတ် စနေ တနင်္ဂနွေကတော့ ကျမအတွက် အိမ်မကပ်ရတဲ့ နေ့တွေပါပဲ။ ပျော်လဲပျော် မောလဲမော ပီတိလဲဖြစ် ကုသိုလ်တွေလဲ အများကြီးရခဲ့တဲ့ ဒီနှစ်ရက် ... ။
***
၂၅၊ ဇွန်၊ ၂၀၁၁ (စနေနေ့)

ဝေလနယ်တောင်ဘက် Abergaveny မြို့မှာနေတဲ့ ဒေါက်တာဦးလှဘူးမိသားစုက ဆွမ်းကျွေးဖိတ်ထားလို့ မနက် ၄း၄၅ မိနစ် အိပ်ရာထ၊ ထုံးစံအတိုင်း ခေါက်ဆွဲကြော်နဲ့ ကျောက်ပွင့်သုပ်တယ်။ သောကြာနေ့ကတည်းက တခြားဟင်းလျာတွေကို ချက်ထားပြီးမို့ ဗူးတွေနဲ့ ထည့်ပြီး မနက် ၈ နာရီ ၁၅ မှာ ကျမတို့ တူဝရီးနှစ်ယောက် အိမ်ကထွက်ကြတယ်။ ရာသီဥတုက ခပ်အုံ့ပျပျ။ Wales ကို သွားရတာ ရှုခင်းတွေလှလို့ သိပ်သဘောကျတယ်။ ဆွမ်းကျွေးသွားတာမို့ အချိန်မီအောင် မောင်းရတော့ ဘယ်မှာမှ ကားမရပ်ဘဲ တောက်လျှောက် မောင်းခဲ့ပြီး ၁၀ နာရီ ခွဲမှာ အဲဒီမြို့ကို ရောက်သွားပါတယ်။ ရောက်တာနဲ့ ဆွမ်းပွဲပြင်တာတွေ ၀ိုင်းဝန်းကူလုပ်ပြီး ၁၁ နာရီမှာ ဆရာတော်ကို ဆွမ်းကပ်ကြတယ်။


အလှူ့ရှင် အလှူ့အမတို့ ဆွမ်းကပ်နေကြစဉ်

ဆရာတော်က အရင်က မန်ချက်စတာမှာ သီတင်းသုံးတဲ့ ဆရာတော်လို့ ပြောပါတယ်။ ကျမ တခါမှ မဖူးဘူးပါဘူး။ ဆရာတော်က ပရိတ်တရားချီးမြှင့်ပြီး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တရားကို ဟောကြားသွားပါတယ်။


ပရိတ်တရားရွတ်ပွါးနေစဉ်

တရားနာပြီးတော့ ညနေ ၃ နာရီ ကျော်ပြီ။ ကူညီညာ သိမ်းဆည်းပေး၊ ခဏတဖြုတ် စကားပြောပြီး ပြန်ခဲ့ကြတယ်။ အပြန်လမ်းမှာတော့ ကျမလဲ မောမောနဲ့ တလမ်းလုံး အိပ်ပြီး လိုက်လာတော့တာပဲ။
***
၂၆၊ ဇွန်၊ ၂၀၁၁ (တနင်္ဂနွေ)

ဒီနေ့ကလဲ ဆွမ်းကျွေးပါပဲ။ ဦးရီးတော် မိတ်ဆွေ ဒေါက်တာဦးတင်ထွဋ် ဖိတ်တာပါ။ သူ့အမျိုးသမီး ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အတွက် ကျွေးတာလို့ ဆိုပါတယ်။ ဒီဆွမ်းကျွေးကတော့ Warwickshire နယ်က The Forest Hermitage ဘုန်းကြီးကျောင်းမှာပါ။ ကျမတို့မြို့နဲ့က သိပ်မဝေးဘူး၊ ၁ နာရီသာသာပဲ မောင်းရတာမို့ အစောကြီးထဖို့ မလိုပါဘူး။ မနက် ၇ နာရီမတ်တင်းလောက်မှ ထပြီး ခေါက်ဆွဲကြော်ပါတယ်။ ခေါက်ဆွဲချည်း ကြော်နေတာပဲလို့ အပြစ်မတင်ပါနဲ့၊ demand အရ ကြော်ရတာပါ။ ဒီတခါတော့ သတ်သက်လွတ် ခေါက်ဆွဲကြော်ပါ။ အဲဒီကျောင်းက ဘုန်းကြီးတွေက သတ်သက်လွတ်သာ ဘုဉ်းပေးကြပါတယ်။ အသားမထည့်ရလို့ မကောင်းမှာ မစိုးရိမ်ပါနဲ့၊ အသားအစား အဖိုးကြီးနားရွက်ထည့်ပါတယ်။ (တကယ့်နားရွက်မဟုတ်ပါဘူး၊ မှိုခြောက်ကိုပြောတာပါ) တယောက်ထဲ ကမန်းကတန်း အပြေးအလွှား လုပ်ရတာမို့ ခါတိုင်းလို ကင်မရာကြီး တကားကား မလုပ်နိုင်တဲ့အတွက် အလွန်အရသာရှိသော သတ်သက်လွတ် ခေါက်ဆွဲကြော်ကို မှတ်တမ်း မတင်လိုက်နိုင်တာ ၀မ်းနည်းပါတယ်။

ဒီနေ့ကတော့ အတော်လေးကို နေပူတဲ့ နေ့တနေ့ပါပဲ။ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် ၀န်းကျင်မို့ ဒီနိုင်ငံအတွက်တော့ တော်တော်ပူတဲ့နေ့ပေါ့။ ရှားတောင့်ရှားပါး နေသာပြီး ရာသီဥတု ပူတဲ့နေ့မှာ ခုလို ခရီးသွားရတာ ကံကောင်းတယ် ဆိုရလေမလား။ မိုတိုဝေးကနေ ဆင်းလိုက်တော့ ဘုန်းကြီးကျောင်း သွားရာလမ်းကလေးက ကားတစီးစာပဲ သွားလို့ရတဲ့ တောလမ်းကလေးအတိုင်း သွားရတယ်။ ဘေးတဘက်တချက်က စိုက်ခင်းတွေနဲ့ သာသာယာယာ... ။

ဟော ... ရောက်ပါပြီ။

မြန်မာပြည်က တောရဘုန်းကြီးကျောင်းလေးကို ရောက်သွားသလိုပဲ အေးချမ်းတဲ့အရသာ ခံစားလိုက်ရတယ်။


သစ်ရိပ်ဝါးရိပ်က အေးချမ်းတယ်။ သစ်ရိပ်ဝါးရိပ်ထက် ဓမ္မအရိပ်က ပိုအေးချမ်းတယ်။

ရောက်ရောက်ချင်း ဘုရားခန်းထဲမှာ ဘုရားဝတ်ပြုပြီးတာနဲ့ ဓာတ်ပုံတွေလျှောက်ရိုက်တယ်။


ကျောင်းထဲက ဗုဒ္ဓရုပ်ပွါးတော်များ ...

ကျောင်းအနောက်ဘက်ကို ဆင်းလိုက်တော့ မတ်ရပ် ရုပ်ပွါးတော်တဆူကို သပ္ပါယ်စွာ ဖူးမြင်ရတယ်။ ဆက်လျှောက်သွားတော့ စေတီငယ်တဆူ။ စေတီကို The English Shwe Dagon Pagoda လို့ အမည်တပ်ထားပြီး ၁၉၈၈ ခုနှစ်က တည်ထားတယ်လို့ ကမ္ဗည်းထိုးထားပါတယ်။


ကျောင်းနောက်ဘက်က စေတီငယ်နဲ့ မတ်ရပ်ဗုဒ္ဓရုပ်ပွါးတော်

အဲဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဦးခေမာဓမ္မော ဘွဲ့အမည်ရှိ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး ဖြစ်ပါတယ်။ နောက်ထပ် အင်္ဂလိပ်လူမျိုးဖြစ်ပုံရတဲ့ ဘုန်းကြီး နှစ်ပါးလဲ ရှိပါတယ်။ ဘွဲ့အမည်မသိပါ။ အဲဒီဘုန်းကြီးတွေဟာ ၀ိနည်းကို အလွန်စောင့်စည်း လိုက်နာ ထိမ်းသိမ်းကြပါတယ်။ သပိတ်နဲ့သာ ဆွမ်းဘုဉ်းပေးပြီး ၀တ္ထုငွေကို လုံးဝ လက်နဲ့ မထိပါဘူး။ သစ်သီး ဘုဉ်းပေးရင်လဲ ကပ္ပိယတဦးက ကပ္ပိယံကရောဟိ ပြီးမှ ဘုဉ်းပေးတယ်။ အင်မတန် လေးစားစရာ ကောင်းပါတယ်။


သံဃာတော်များ ဆွမ်းဘုဉ်းမပေးမီ

ဆရာတော် ဦးခေမာဓမ္မောက သီလပေး၊ ဘ၀တုသဗ္ဗမင်္ဂလံ ရွတ်ပြီး တရားဟောတယ်။


သီလပေး၊ တရားချီးမြှင့်

ကျောင်းဝင်းကြီးက တော်တော်လေးကျယ်ပြီး သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အင်မတန် သာယာပါတယ်။ ကျောင်းဝင်းထဲမှာလဲ ဗုဒ္ဓရုပ်ပွါးတော်တွေကို ခုလိုပူဇော်ထားတာတွေ့ရတယ်။


ကျောင်းဝင်းထဲက ဗုဒ္ဓရုပ်ပွါးတော်များ

မြန်မာပြည်ဖြစ် အရုပ်လေးတွေနဲ့ ကစားနေကြတဲ့ ကလေးတွေကို ကြည့်ပြီး သဘောကျလို့ ဓာတ်ပုံရိုက်ယူလိုက်တယ်။ ငယ်ငယ်က ကစားခဲ့ဖူးတဲ့ အရုပ်ကလေးတွေ အလွမ်းပြေပေါ့။ ဘုရားဈေးမှာ ရောင်းတဲ့ စက္ကူဂျပ်ထူနဲ့ လုပ်တဲ့ အရုပ်ကလေးတွေကို ဘိလပ်မှာမွေးတဲ့ ကလေးတွေက စိတ်ဝင်တစား ဆော့ကစားနေကြတာ ... ။ ကလေးဆိုတာမျိုးကတော့ ကစားစရာရရင် ပျော်နေတာပါပဲ၊ လူကြီးတွေလို မိတ်အင် ဘာလဲ ညာလဲ လှန်လှော ကြည့်မနေဘူး။


ဆင်၊ ကျား၊ နွား၊ ခွေး၊ မြင်းကျား နဲ့ ပစ်တိုင်းထောင် ... ၊ ပုသိမ်ထီးလေးကို စိတ်ဝင်စားနေတဲ့ ထိုင်းကလေးငယ်

ပစ်ကနစ်ထွက်သလိုပဲ၊ လူကြီးတွေက အရိပ်အောက် အေးအေးလူလူ ထိုင်ကြ၊ နားကြ၊ စားသောက်ကြတယ်။ ကလေးတွေကတော့ နေပူထဲမှာ ကစားနေကြတာပဲ။


နားလဲနား၊ စားလဲစား၊ သွားလဲသွား

ကျောင်းဝင်းထဲမှာ တရားအားထုတ်တဲ့ အဆောင်ငယ်ကလေးတွေကို ခုလိုတွေ့ရတယ်။ တကယ်ကို ဆိတ်ငြိမ်ပြီး အေးချမ်းတာကြောင့် တရားအားထုတ်လို့ သင့်တော်တဲ့ နေရာပဲလို့ တွေးမိတယ်။ သူတော်ကောင်းတွေဟာ ဆိတ်ငြိမ်ရာကို နှစ်သက်ကြတာပဲ ... ။


တကိုယ်တည်း တရားအားထုတ်ရာ အဆောင်ကလေးများ

နောက်တနေရာ ဆက်ရဦးမှာမို့ အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။


ပြန်တော့မယ် ...

သာယာလှပ အေးချမ်းတဲ့နေရာလေးကို ကျောခိုင်းပြီး ဆက်သွားဖြစ်တဲ့ နောက်တနေရာကတော့ .... ။
(အရမ်းအိပ်ချင်လို့ နောက်နေ့မှ ဆက်တင်ပါတော့မယ်၊ ဓာတ်ပုံတွေတင်ရတာ သိပ်ကြာလို့ မနက် တနာရီတောင် ကျော်သွားပြီ အိပ်မှ ...)
***
မေဓာဝီ
၂၇၊ ဇွန်၊ ၂၀၁၁
၀၁း၁၈ နာရီ

(မှတ်ချက်။ The Forest Hermitage အကြောင်း သိချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်။ ဘိလပ်နေသူများ မရောက်ဖူးရင် အရောက်သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျမလဲ ခုမှရောက်ဖူးတာ၊ ကြုံရင် ထပ်သွားချင်ပါသေးတယ်။)

12 comments:

seesein said...

ဘယ်နေရာဖြစ်ဖြစ် ဘုရားရိပ် တရားရိပ်က အေးချမ်းတာပါဘဲ ကြီးမေရာ
တရားအလုပ် အားထုတ်ပွားများနိုင်ပါစေ

ခင်မင်တဲ့
seesein

နေ၀ဿန် said...

သာဓုပါဗျာ...း)

SHWE ZIN U said...

မမေဓါဝီ ရေ

The Forest Hermitage က ဘုန်းဘုန်း သုံးပါး ဟာ ကြည်ညိုစရာကောင်းလိုက်တာနော်

တကိုယ်တည်း တရားအားထုတ် တဲ့ အဆောင်လေး တွေကလည်း အေးချမ်းလိုက်တာ

တန်ခူး said...

ကျောင်းလေးက အေးချမ်းလိုက်တာမေ... ကျောင်းလေးမြင်တာနဲ့ တရားထိုင်ချင်စရာနော်...
သားမှာလဲ အဲဒီအရုပ်လေးတွေရှိတယ်မေ... ကျောင်းပိတ်ပြီဆိုတော့ မေ့စာလေးတွေ ဖတ်ရဦးမှာပေါ့...

တောက်ပကြယ်စင် said...

သစ်ပင်အောက်မှာ ရွှေရောင်တဖိတ်ဖိတ်နဲ့ ဗုဒ္ဓရုပ်ပွားတော်ကိုရော...ဘုန်းဘုန်းသုံးပါးကိုပါ...ဖူးရတာ တကယ်စိတ်ချမ်းမြေ့သွားတာပဲ...ပြီးတော့ ကျောင်းပုံစံကော...ကျောင်းပရိဝုဏ်ရော...တည်ရှိတဲ့နေရာကော...တကယ်စိတ်အေးချမ်းစေပါတယ်...(ဘုန်းဘုန်းတို့က အဲဒီလို မနေနိုင်သေးဘူး...မျှော်လင့်နေဆဲပါပဲ...)မမေလည်း ကုသိုလ်တွေ အများကြီး အများကြီးရမှာနော်...အဲဒီအတွက် သာဓုပါဗျာ...သာဓု...သာဓု...သာဓု...
ကျန်းမာကြည်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Nyi Linn Thit said...

ဒီစနေ၊ တနင်္ဂနွေမှာ ကုသိုလ်တွေ အများကြီးနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတော့ ဝမ်းသာပါတယ် မမေရေ၊ တောရ ကျောင်းလေးက အေးချမ်းလိုက်တာ..၊ ဓါတ်ပုံတွေကြည့်၊ စာတွေဖတ်ပြီး တခါလောက်တောင် အရောက်သွားချင်မိတယ်၊ ဆရာတော်တွေကလည်း တကယ့်ကို ကြည်ညိုစရာပါပဲ၊ ဒီပို့စ်လေးကို ဖတ်ရတာနဲ့ တင် ရေးတဲ့လူက (နဲနဲ အိပ်ချင်နေပေမယ့်) ကြည်လင် အေးချမ်းတဲ့ စိတ်နဲ့ရေးမှန်း ခံစားလို့ရတယ်...။

ဟန်ကြည် said...

သာဓုခေါ်ပါတယ်ဗျာ တကယ်ပါ...လောကရဲ့ အမောတွေ သောကတွေကနေ ကင်းဝေးစေတဲ့ ရှင်တော်ဘုရားရဲ့ အရိပ်အာဝါသဟာ တကယ်ပဲ အေးချမ်းလှပါတယ်...ကျွန်တော်တို့လည်း ဖြည်းဖြည်းချင်း ကြိုးစားယူနေရတုန်းပါ အစ်မရေ...

စကားမစပ်...ယိုးဒယားမကလေးက ပုသိမ်ထီးကိုကြည့်နေတာ မမြင်ဖူးလို့တော့ ဟုတ်မယ်မထင်ဘူးအစ်မရေ...သူတို့ဆီမှာလည်း ပုသိမ်ထီးတွေ လုပ်နေကြပြီလေ...ကြာရင် မြန်မာ့ယဉ်ကျေးမှုလည်း သူတို့ဆီ အကုန်ရောက်ကုန်တော့မယ်ထင်ပါတယ်...ဘာပဲပြောပြော သူတို့ထိန်းသိမ်းပေးတာပဲ ကျေးဇူးတင်ရဦးမယ်ထင်ပါရဲ့နော်...

မောင်မျိုး said...

ဘုန်းကြီးကျောင်းဝန်းလေးက အေးချမ်းနေတာပဲနော့် စိတ်အေးချမ်းစရာလေး။

မအိမ်သူ said...

စနေကော တနင်္ဂနွေကော အားရက်နားရက်ကလေးမှာ စိတ်ကြည်နူးစွာနဲ့ ကုသိုလ်တွေယူနိုင်ခဲ့တယ်ဆိုလို့ ၀မ်းသာပါတယ်ရှင်။ တောရကျောင်းလေး မြင်ရတာကိုက အင်မတန်အေးချမ်းမဲ့ ပုံလေးမှန်း သိသာပါရဲ့။ စိတ်ချမ်းမြေ့စွာ တရားအားထုတ်နိုင်မဲ့ နေရာကောင်းလေး ဖြစ်မှာပါ။
မမေရဲ့ ကွန်မန့်အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်ရှင်။

Angelhlaing(May everybody be happy and healthy! said...

မမရေ ကြည်နုးစရာ မြင်ကွင်းလေးမို့ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါ ..ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါ စေလို့ ဆန္ဒပြုလျှက်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီတစ်ပတ်တော့ ကုသိုလ်တွေ အများကြီးရပြီပေါ့..
သက်သပ်လွတ်ခေါက်ဆွဲကြော်ပုံမမြင်ရတာစိတ်မကောင်းစရာကြီး ။ စားချင်မှာစိုးလို့ မရိုက်ထားတာ ဖြစ်မယ်း)
ဘုရားရိပ်တရားရိပ် တောရိပ်တောင်ရိပ်တို့ကတော့ တကယ်ကို အေးချမ်းတဲ့နေရာတွေပါဘဲနော်။
ဒီတစ်ခါတော့ ပုံတွေ တော်တော်များပါလား ခုလိုများများသွားနိုင်ပါစေး)

သက်ဝေ said...

ကြည်နူး ပီတိဖြစ်စရာနေ့လေးအကြောင်းနဲပ သာယာလှတဲ့ အဝန်းအဝိုင်းလေးအကြောင်းကို မျှဝေပေးတာ ကျေးဇူး မေ ရေ...း))