Tuesday, June 28, 2011

ရဲတိုက်ဆီသို့ ...

The Forest Hermitage တောရကျောင်းလေးကအပြန် ကျမက ဦးရီးတော်တို့နဲ့ အတူမလိုက်ဘဲ တခြားတနေရာကို ဆက်ဖို့ ညီမလေး တယောက်နဲ့အတူ လိုက်သွားပါတယ်။ Warwick မြို့က နာမည်ကျော် ရဲတိုက်ကြီး (Warwick Castle) ဆီကိုပါ။ တခါတုန်းက သွားမယ်ဆိုပြီး မသွားဖြစ်ဘဲ အဝေးကပဲ လှမ်းမျှော်ခဲ့ရတဲ့ Warwick Castle အခုတော့ တကယ်သွားခွင့်ရခဲ့ပြီ။

ကားပါကင်မှာ ကားတွေအပြည့်၊ အတော်ဝေးဝေးမှာ သွားရပ်ပြီး လမ်းလျှောက်ရတယ်၊ ဘာကြောင့်များ လူတွေ ဒီလောက်များနေပါလိမ့် ... ရာသီဥတု ကောင်းလို့ တခုတည်းကြောင့်တော့ ဟုတ်မယ်မထင်၊ လက်မှတ်ရောင်းတဲ့နေရာ ရောက်တော့ လက်မှတ်က လူကြီးတယောက်ကို စတာလင်ပေါင် ၂၁ ပေါင် နဲ့ ၀ယ်ရတယ်။ မာလင်ရှိုးလဲ ရှိတယ်၊ (ဒါကြောင့်လူများနေတာကိုး) မာလင်ရှိုးကြည့်မယ်ဆိုရင် ၂၉ ပေါင်တဲ့၊ ကျောင်းသား ဒစ်စကောင့်လဲ မရှိဘူး။ ဈေးများလိုက်တာ မာလင်တော့ မရှိုးတော့ပါဘူး၊ ၂၁ ပေါင်နဲ့ပဲ ၀င်လိုက်တယ်၊ ၂၁ ပေါင်တောင် အတော်များလှပြီ၊ ဒါပေမဲ့ ကိုယ်မရောက်ဖူးသေးတော့လဲ ... တန်တယ်ပဲဆိုကြပါစို့။ :)

...
အ၀င်ဆိုင်းဘုတ်နဲ့ ၀င်ပေါက်နေရာ (လက်မှတ်ကို စကန်လုပ်ပြီး အဲဒီအပေါက်က ၀င်ရတယ်။)


အထဲဝင်ပြီ ... တွေ့ရာကို လှမ်းရိုက်လိုက်တာပဲ။ လှတ ၀တလေး ပါသွားတာတော့ တတ်နိုင်ဘူးရယ် ...


ကောင်းကင်ပြာပြာအောက်က ရဲတိုက်ကြီး ...


ဒီရဲတိုက်ကြီးက Avon မြစ်ကမ်းနဘေးမှာ တည်ရှိပါတယ်။ ရေထဲမှာ ကြာရွက်လေးတွေနဲ့ စိမ်းစိမ်းစိုစို၊ ငါးကလေးတွေလဲ ကူးခတ်လို့။ ဒါဟာမြစ်တဲ့လား ... အဲဒါ မြစ်ပဲလား ... သြော် ... ချောင်းမှတ်လို့ပါ။ အေဗွန်ကို ဧရာဝတီက သနားလိမ့်မယ် ... ။


ရဲတိုက်ကြီးကတော့ ထုကြီးထည်ကြီးနဲ့ ကြီးကျယ်ပါတယ်၊ ခမ်းနားပါတယ်။ ရာဇ၀င်မှတ်တမ်းရဲ့ ခိုင်မာတဲ့ သက်သေပြယုဂ်တခုပေါ့ ... ။ Warwick Castle သမိုင်းကြောင်းသိချင်ရင်တော့ ၀ီကီမှာသာ ရှာဖတ်လိုက်ကြပါတော့။ (ရှင်းပြနေရင် လွဲနေမှာစိုးလို့)


ဒါက သစ်သားနဲ့ လုပ်ထားတဲ့ ရှေးခေတ်က အမြှောက်တဲ့၊ ဘယ်လိုများ ပစ်ကြလဲတော့မသိ။


ရှေးခေတ် စစ်သားတွေ စခန်းချတဲ့ တဲငယ်ပုံစံလေး။ အထဲတော့ ၀င်ကြည့်လို့မရဘူး၊ စည်းသားထားတယ်။


စည်းအပြင်ကနေ ဓာတ်ပုံလှမ်းရိုက်တော့ တဲကလေး အတွင်းကို ခုလို မြင်ရတယ်။


အဲဒီနေ့မှာ ရာသီဥတုက တော်တော်လေးပူပါတယ်။ ၃၀ စင်တီကျော်မယ်ထင်တယ်။ မျက်စိမှိတ်ထားရင် မြန်မာပြည် ပြန်ရောက်နေသလိုပဲ နေကလဲပူ၊ လေကလဲပူ ဘိလပ်နဲ့တောင် မတူဘူး။


သွားရင်းလာရင်း အသံတမျိုးကြားလို့ လှမ်းကြည့်လိုက်တော့ ဒေါင်းကလေးတကောင်။ ဒေါင်းတွန်လိုက်တဲ့ အသံ ... ။ သူတွန်တဲ့ အသံက အိုးဝေတော့ မဟုတ်ဘူး၊ အင်္ဂလိပ်လို တွန်ပုံရတယ်၊ ကျမ နားမလည်လိုက်ဘူး။ ဒေါင်းတွန်သံကြားပြီး စာရေးဆရာ ငြိမ်းကျော်ရဲ့ "ဒေါင်းတတွန် စွန်တ၀ဲ ဝေးသည်ကိုမျှ" ဆိုတဲ့ ၀တ္ထုခေါင်းစဉ်လေး သတိရမိတယ်။ ၀တ္ထုကိုပြန်စဉ်းစားကြည့်တာ မမှတ်မိတော့ဘူး။ ဒေါင်းတတွန် စွန်တ၀ဲဆိုတဲ့ တခဏ အခိုက်အတန့်လေး ဝေးရတာတောင် လွမ်းနေရတယ် ဆိုတဲ့သဘော ထင်ရဲ့ ... ။ ကိုယ်တွေကတော့ ဒေါင်းဘယ်လောက် တွန်တွန် စွန်ဘယ်လောက်ဝဲ၀ဲ လွဲရတာတွေများပြီး လွမ်းမယ်ဆိုရင် ဘယ်နှစ်သက် ဆက်လွမ်းရမလဲ မသိဘူး၊ ဒီတသက်နဲ့တောင် မလောက်နိုင်လို့ပါ၊ သြော် ... ဒေါင်းကိုကြည့်ပြီးတောင် လွမ်းဖြစ်အောင် လွမ်းသွားမိသေး ... မေဓာဝီ ... ။


သူတို့ မြားပစ်နေကြတယ်။ ရော်ဘင်ဟုနဲ့ နင်လားငါလားပေါ့။ ကျမကတော့ လေးတော်မတင်နိုင်လို့ အဝေးကပဲ ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ ခေတ်သစ်ရော်ဘင်ဟုတွေကို ကြည့်ပြီး ရာမဇာတ်ထဲက ရာမ လက္ခဏ မင်းသားနှစ်ဖော်ကို သတိရမိသေး ... ။ ကိုယ်သန်ရာ သန်ရာပေါ့လေ ... ။


ကြည့်ပါအုံး များလိုက်တဲ့ လူတွေ ... ၊ သူတို့ ဘာလုပ်နေကြတာလဲ၊ မျက်လှည့်လား ဆေးရောင်းတာလား စပ်စုချင်တာနဲ့ သွားကြည့်လိုက်တော့ ငှက်တကောင်နဲ့ သရုပ်ပြနေတာပါ။ ရုပ်ဆိုးဆိုး ငှက်ကြီး တကောင်ပဲ၊ သိန်းငှက်လား လဒလား ကျမကတော့ မခွဲခြားတတ်ဘူး၊ သိပ်လဲ မထူးဆန်းပေမဲ့ လူတွေကတော့ အုံနေတာပဲ။


နောက်ထပ် ဒေါင်းတကောင် ... သူက အမြီးပိုရှည်တယ်။ ဒေါင်းတွေကို ဘယ်သူကမှလဲ ရန်မပြုတော့ ဒီလိုပဲ လျှောက်သွား လျှောက်စားနေကြလေရဲ့။ သြော် ... သူတို့ကတော့ လွတ်လပ်တဲ့ ဒေါင်းကလေးတွေပါလား ... ။ ဒီဒေါင်းကိုမြင်ပြန်တော့ ညွတ်မိတဲ့ဒေါင်းကို သတိရတာနဲ့ ဥဒေတယံဂါထာကို စိတ်ထဲက ရွတ်မိလိုက်သေးတယ်။


ရဲတိုက်ထဲ ၀င်ပြီ၊ ဒါက မြင်းစီးသူရဲကောင်းတဲ့။ ဒီဘက်ကတော့ ပန်းချီကားချပ်ကြီးတွေနဲ့ ရှေးဟောင်း ရုပ်ထုတွေ ... ။


ဘုရင်မကြီးလဲ မတ်တပ်ရပ်နေရတာ ကြာတော့ ညောင်းရှာရော့မယ်။ ဟိုလူကြီးကတော့ အာဘောင်အာရင်း သန်သန် ရှင်းပြနေတယ်။ ခပ်တည်တည်နဲ့ လူအုပ်ကြားထဲ ရောပြီး နားထောင်လိုက်တယ်၊ ဘာတွေပြောနေတာလဲတော့ မသိဘူး။ :D


ဟန်နရီနဲ့ ကြင်ယာတော် ခြောက်ပါး။ သိပ်မများပါဘူး၊ သူ့လောက်ကတော့ မင်းတုန်းမင်းက ပျင်းအုံးမယ်။ ဘေးက ပုံကလေးက ရဲတိုက်ပရ၀ုဏ် နမူနာ ပုံစံငယ်ကလေး။


ဒါက အတွင်းပိုင်းကနေ လှည့်ပတ်ရိုက်ထားတာ။ အဲဒီ အစိမ်းရောင်လွင်ပြင်ကြီး မြင်တော့ ချောကိုတောင် သတိရမိသေး။ မုန့်ဆိုင်၊ အအေးဆိုင်၊ ရေခဲမုန့်ဆိုင်၊ ကော်ဖီဆိုင်၊ အသားကင်ဆိုင်၊ လက်ဆောင်ပစ္စည်း အမှတ်တရ ရောင်းတဲ့ဆိုင်၊ ပတ်ပတ်လည်မှာ တဲငယ်ကလေးတွေနဲ့။ ကိုယ့်အနေနဲ့ကြည့်ရင် ဈေးကြီးပေမဲ့ လူတွေကတော့ ၀ယ်စားနေကြတာပဲ။ ဘာရမလဲ အားကျမခံ ၀ယ်လိုက်တာပေါ့။ half liter ရေသန့်တဗူး နဲ့ အအေးတခွက်၊ ၃ ပေါင်ကျော် ... ။


ကင်မရာဘက်ထရီ မကုန်မချင်း ရိုက်နေတော့တာပဲ၊ ပိုက်ဆံပေးရတာမှတ်လို့။ ရိုက်လာပြီးမှလဲ ဘလော့မှာ မတင်ရရင် မတန်မှာစိုးလို့ ပုံတွေ ဖောချင်းသောချင်း တင်လိုက်ပါတယ်။ မကြည့်ချင်ရင် ကျော်သွားကြပါ။ ကြည့်ရခက်ရင် ခွင့်လွှတ်တော်မူကြပါ။


ကဲ ... ရဲတိုက်ပေါ် တက်ကြစို့၊ တက်မယ့် လူတွေများလွန်းလို့ တန်းစီရတယ်၊ ဖြည်းဖြည်းတက်၊ နားနားပြီးတက် ... အတက်မတော်ရင် ချော်ကျတတ်တယ်။ အမြင့်ရောက်တော့ အောက်ကိုပြန်ကြည့်ဖြစ်တယ်။ ငါတော်တော် မြင့်ပါလားပေါ့ ... ။



ထပ်တက်ရပြန်တယ်။ တဖြည်းဖြည်း မြင့်မြင့်လာတယ်၊ တဆင့်ချင်း တဆင့်ချင်း၊ ခြေထောက်တော့ အတော်ညောင်းသား၊ အမြင့်ရောက်ချင်တော့လဲ ခြေညောင်းတော့ ခံရမှာပေါ့လေ ... ။


အမြင့်ရောက်ပြန်တော့ ကိုယ်ဘယ်လောက် မြင့်သလဲ သိချင်လို့ အောက်ပဲ ပြန်ပြန်ငုံ့ကြည့်နေမိတော့တာ။ အပေါ်စီးက ကြည့်တယ်ဆိုတာ ဒါမျိုးပေါ့။


ထပ်တက်ရပြန်တယ်၊ ထိပ်ဆုံးမရောက်မချင်း ... ။ နောက်ပြန်ဆုတ်လို့မရဘူး၊ လမ်းတ၀က်ကနေ ပြန်ဆင်းချင်လို့ မရဘူး၊ တက်ပြီးရင် ထိပ်ဆုံးရောက်အောင် ဆက်တက်ရတယ်။ တက်ရတာ မောတော့မောတယ်။ ဒါပေမဲ့လဲ အများနဲ့ အတူတူ တပျော်ကြီး တက်ကြတော့ ပျော်စရာပေါ့။ အဖော်ကောင်းရင် မေဓာဝီက တာဝတိံသာလဲ တက်ရဲပါတယ်။ ခေါ်ချင်တဲ့သူများ ပြောကြပါ :)

...
ထိပ်ဆုံးရောက်ပြီ။ အမြင့်ဆုံး နေရာကနေ ငုံ့ကြည့်ဖြစ်သေးတယ်။ မေဓာဝီတယောက် အောက်ချည်းငုံကြည့်နေတယ် ပြောခံရမှာစိုးလို့ အပေါ်လဲ မော့ကြည့်ပါသေးတယ်။ ကိုယ့်ထက်မြင့်တာ ဘာရှိသေးလဲဆိုတော့ တလူလူလွင့်နေတဲ့ ဗြိတိသျှ အလံရယ် ကောင်းကင်ကြီးရယ် တိမ်တွေရယ် ... ။


အရိပ်၊ အဲဒီထိပ်ဆုံးမှာ မေဓာဝီရှိတယ်။ ကိုယ်က အမြင့်ကြီးပေမဲ့ အရိပ်ကျတော့ မြေပေါ်မှာ ပြားပြားဝပ်လို့။ မြင်မြင်သမျှ အကုန်ရိုက်၊ ဆံပင်မပါတဲ့ ဦးလေးကြီးလဲ ရိုက်၊ လုံချည်မပါတဲ့ အမကြီးလဲ ရိုက်။ :)

...
ပြန်ဆင်းရတော့မယ်။ တချို့က တက်တုံးက ပျော်ပျော်ကြီး တက်ခဲ့ပြီး ပြန်ဆင်းရမှာ ကြောက်နေကြတယ်။ အပေါက်ကျဉ်းကျဉ်း၊ မှောင်မှောင်မဲမဲ၊ လှေခါး ကွေ့ကောက်၊ မကြောက်ပါနဲ့ ရဲရဲသာဆင်း၊ အောက်မှာ သူများတွေကိုတော့ မနင်းမိစေနဲ့ပေါ့။


အောက်ရောက်တော့ တော်တော်လေး မောသွားပြီ။ ခြေထောက်တွေလဲ ကျိန်းလို့၊ သစ်ပင်ရိပ်မှာ ခဏအမောဖြေ။ အရိပ်ထဲမှာတောင် သိပ်မအေးချင်ဘူး။ ပူလိုက်တဲ့နေ ... ။


ရောက်တဲ့လက်စနဲ့ ဘယ်မှ မကျန်အောင် အကုန်သွားတယ်။ ခြေထောက်ကျိန်းလဲ အိမ်ရောက်မှ ဆေးလိမ်းမယ်ပေါ့။ ဇွဲကောင်းတယ် ဒါမျိုးဆိုရင် ... ။


ကဲ ... ပြန်တော့မယ် ... ပြန်အထွက်မှာ ဓာတ်ပုံရိုက်တော့ ၀တ ပတကြီးက ပါလာပြန်တယ်။ ၀တာတွေချည်း ရွေးရိုက်နေတာ မဟုတ်ရပါဘူး။ သူတို့ကိုက ကိုယ့်ရိုက်ကွင်းထဲ ၀င်ဝင်လာတာ။
***
အိမ်ပြန်ရောက်တော့ ခြောက်နာရီ ကျော်ပြီ။ ပျော်လဲပျော် မောလဲမောတဲ့ ဒီရက်ကလေးကို အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။ ရောက်ဖြစ်အောင် ခေါ်သွားပေးတဲ့ ညီမငယ် သုသုကိုလဲ ကျေးဇူးအထူး ... ။
***
မေဓာဝီ
၂၈၊ ဇွန်၊ ၂၀၁၁
၁၅း၂၂ နာရီ

18 comments:

မောင်မျိုး said...

ဘာမှ သဘောမကျဘူး မင်းတုန်းမင်း က ပျင်းတောင် ပျင်းသေးဆိုတာပဲ သဘောကျတယ်း)

ဟန်ကြည် said...

ကျေးဇူးပဲ အစ်မရေ...ရဲတိုက်ကို အတူလိုက်ခဲ့ဖြစ်ပါတယ်...ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့မို့ ကိုယ်တိုင်ရောက်ရသလို ခံစားရပါရဲ့ဗျာ...သူရို့ဆီက ဒေါင်းကလည်း ဒီကဒေါင်းနဲ့ သိပ်မကွာဘဲကိုး...ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတဲ့ အမြောက်ကြီးတွေလည်း မြင်ရလို့ ၀မ်းသာလိုက်တာ...ရုပ်ရှင်ထဲမှာတော့ အမြောက်ကြီးရဲ့လက်တံထဲမှာ ခဲလုံးတွေ၊ မီးကျီးခဲတွေထည့်ပြီး ပစ်တာတွေ့ဖူးတာပါပဲ...ထဘီမပါတဲ့ မမကြီးကိုရိုက်ခဲ့တာတော့ မကောင်းပါဘူးဗျာ...ခမျာ ရှက်ရှာပေမပေါ့...ဟုတ်ဘူးလားဗျာ...အင်း ကိုယ့်ဖာသာကို ဘိလပ်ရောက်လို့ ၀င်ကြည့်မယ်ဆိုရင်တောင် ၂၁ပေါင်ကို နှမြောတာနဲ့ ကြည့်ုဖြစ်မှာမဟုတ်ဘူး...အမ ခရီးများများသွားနိုင်ပါစေဗျာ...ဒါမှ ကျွန်တော်တို့ပါ ရောက်ဖူးသွားမှာလေ...

ဟန်ကြည် said...

ဟ...စောစောက ပထမပါ...မြန်လိုက်တဲ့ ကိုမောင်မျိုးပါလား...

မိုးယံ said...

ဒေါင်းကိုမြင်ပြီးလွမ်းတဲ့ ဒေါ်လေးမေရေ.. အမြင့်ရောက်ချင်ရင် ခြေညောင်းခံရမတဲ့လား။ မှတ်သားသွားပါတယ်ဗျာ...

တာဝတိသာ တော့မသိဘူး... အာလိန်ငါဆင့် တက်ရင် လာခေါ်မယ်.. လိုက်မလားဟင်။


မရောက်ဖူးတဲ့ ရဲတိုက်ကြီးကို ဝေေ၀ဆာဆာ ရိုက်ပြပေးလို့ ကျေးဇူးပါ အစ်မရေ။

ငြိမ်းချမ်းပါစေ။

mstint said...

အိပ်မက်ထဲက အထင်ကရ ရဲတိုက်ကြီးဆီကို အလည်ပို့ပေးလိုက်တဲ့အတွက် ကျေးဇူးပါ မေဓာဝီရေ။
အဲဒီလိုနေရာမျိုးတွေကို အလည်ရောက်ဖူးချင်တယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အော်...မမေ က အကုန်လုံးကိုအထက်စီးကနေ ကြည့်ပ
လိုက်တယ်ပေါ့လေ....:))) ရဲတိုက်ကြီးက မိုက်တယ်ဗျာ...။
ဈေးတွေကကြီးထှာနော်...။ဒါနဲ့စကားမစပ် တာဝတိံသာ
ကိုအဖော်ကောင်းလို့သွားရင်ပြောပါဦးဗျာ...ကျွန်တော်
လည်းကပ်လိုက်ချင်လို့....:)

မော်ကွန်းသစ် said...

ရဲရဲချီ။

Angelhlaing(May everybody be happy and healthy! said...

မမရေ ကျေးဇူးပါလို့ ... မရောက်ဖူးသေးတဲ့ ဒေသကို ကိုယ်တိုင်ရောက် သွားသလိုပဲ...ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါလို့..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝေး.
နာ့ကို သတိရဒယ်တဲ့ ဟိဟိ
ပျော်လိုက်တာ.. ဒီလိုဆို မြက်ခင်းစိမ်းစိမ်းတွေတွေ့တိုင်း သတိရမှာပေါ့နော် ...း)
မင်းတုန်းမင်းကြီးလည်း ရှိသမျှ မိဖုရားတွေနဲ့ ဓာတ်ပုံလေး ဘာလေး မှတ်တမ်းအနေနဲ့ ရိုက်ခံခဲ့ရမှာနော်။
ဒါဆို ကမ္ဘာမကျော်ဘူးလို့ မပြောနိုင်ဘူးလေ
ဒါနဲ့ စကားမစပ် အင်္ဂလန်မှာ လူဝတွေ များတယ်ထင်တယ် ခိခိ

တောက်ပကြယ်စင် said...

ရဲတိုက်ဆိုလို့ မြန်မာပြည်မှာ အခု နာမည်ကြီးနေတဲ့ မင်းသားရဲတိုက်ကိုတောင် သွားသတိရမိပါသေးတယ်။ မမေကလည်း ၂၁-ပေါင်လေးများနော်။ ဘုန်းဘုန်းမှာတောင် ပေါင် ၁၅၀-လောက်ရှိတယ်။ စုထားတာလေ။

အော်...ပိုက်ဆံပေါင်နဲ့ ခန္ဓာကိုယ်အလေးချိန်ပေါင်နဲ့ လွဲသွားလို့ ဟီး။
မမေရေ အင်္ဂလန်မှာ ရဲတိုက်ဆို နာမည်ကြီးပဲနော်။ ရောက်ဖူးချင်လိုက်တာ။ မမေတင်ပေးတာကို ကြည့်ရတာနဲ့တင် တစ်ဝက်လောက်ရောက်ဖူးသွားသလို ခံစားရတယ် မမေရဲ့။

ဓာတ်ပုံကို မိတ်ဆက်ပေးတဲ့ စာတွေကို တကယ်ဖတ်လို့ကောင်းတယ်။ ရေးတတ်ပါ့ဗျာ။ မြှောက်တာမဟုတ်ဘူးနော်။ ချီးကျူးနေတာ။

မမေက တာဝတိံသာကို တကယ်လိုက်မှာလား။ ဘုန်းဘုန်းက စာရင်းလိုက်ကောက်နေတာ မပြည့်သေးလို့တော်သေးတယ်။ ဟီး။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

နေ၀ဿန် said...

း).. အလည်ရောက်သွားသလိုပဲ....

Nyi Linn Thit said...

မမေကတော့ ကြံကြံဖန်ဖန်..၊ အင်္ဂလိပ်လို တွန်တဲ့ဒေါင်း ဆိုလို့ ရယ်ရသေးတယ်၊း) Documentary တွေထဲမှာ တော့ အဲဒီလို အမြောက်ကြီးတွေကို တွေ့ဖူးတယ်၊ လေးခွအကြီးစားကို မြေပေါ်မှာ လှဲထားတာနဲ့ တူတယ်၊ သားရေအိတ်ထဲ ကျောက်တုံးကြီးတွေ ထည့်၊ မောင်းတံကို ဖြုတ်ချပြီး ပစ်တာလို့ မှတ်မိတာပါပဲ၊

ရဲတိုက်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်၊ အုပ်ချုပ်သူ လူတန်းစား အဆက်ဆက်၊ သူတို့ရဲ့ ဇီဇာ ကြောင်မှုတွေ၊ ပြီးတော့ မကျွတ်မလွတ်သေးတဲ့ ဝိညာဉ် တွေ...၊ အမြဲတမ်း အဲဒီလိုဟာတွေ ရောပြွမ်းနေတတ် တယ်နော်၊ ၂၁ ပေါင်က များတယ်ဆိုပေမယ့် အခုခေတ် မှာဆိုတော့ ပေးနိုင်ရင် ဝင်လို့ရသေးတယ်၊ ရဲတိုက်ကြီးမှာ မြို့စားတွေ နေတုန်းကဆို ပေါင် ၂၁၀ ပေးလည်း ဝင်ခွင့်ရနိုင်မယ် မထင်ဘူး၊ လုပ်ကြံမှုတွေ များလှတဲ့ ခေတ်ကြီးမှာ မမေက ကလောင်ပဲကိုင်တဲ့ ဘလော့ဂါပါ ဆိုလည်း ယုံကြည်မှာတော့ မဟုတ်ဘူး....နော့။း))

seesein said...

ကြီးမေ အင်္ဂလိပ်လို တွန်တဲ့ဒေါင်း အသံတော့ ကြားဖူးချင်သား ဗမာပြည်လဲ ဒေါင်းမျိုးတုန်းပြီလား မသိဘူး မမြင်ဖူးတာ အတော်ကြာပြီ။ ပိုက်ဆံမပေးရတိုင်း ရိုက်ခဲ့တာတွေကို မတန်မှာစိုးလို့ အားရပါးရ ကြည့်သွားပါတယ်။ အခုတော့ ခြေထောက်တွေ ကျိန်းနေပြီလား ဆေးလိမ်းထား နောက်တနေရာသွားရအောင်လို့။ ဘာဖြစ်ဖြစ် တန်သွားပြီ အားလုံးကြည့်ရလို့။။
ခင်မင်တဲ့
seesein

SHWE ZIN U said...

ရဲတိုက်ကြီး ကတော့ မိုက်တာ မမေဓါဝီ ဒေါ်လာ အကုန်ခံ ရတာ တန်ပါတယ် အားလုံးကြည့်ရတယ်

ဝတပတ ကြီးပါ ပါ နေတာရိုးရဲ့လားလို့ လည်း စဉ်းစားနေတယ် စိတ်ကူးမလွဲနဲ့နော် ဟားးးးးးးး


ရွှေစင်ဦး

SHWE ZIN U said...

အမယ်လေး ရေးပြီးသားလေး ပျောက်သွားပြန်ပြီ မမေ ရေ ဒေါ်လာအကုန်ခံရကျိုးနပ်ပါတယ် အားလုံးကြည့်ရတယ်နော်

ဝတပတ ကြီးပါ ပါနေတာတော့ သိပ်မရိုးဘူးထင်တယ်နော်

မအိမ်သူ said...

အင်္ဂလန် မရောက်ဖူးပေမဲ့ အင်္ဂလန်က ရဲတိုက်တော့ မမေကျေးဇူးနဲ့ ရောက်ဖူးသွားပြီ .. :)
ဒေါင်းတွေကို သဘောကျတယ်။ ကိုင်လို့မရဘူးလားဟင်။ သူတို့အမွေးတွေကို ကိုင်ကြည့်ချင်တယ်။
အဲဒီလို ရှေးဟောင်း အဆောက်အဦးကြီးတွေကို အရမ်းစိတ်ဝင်စားတယ်။ အဲဒီလို အဆောက်အဦးတွေထဲကို ၀င်လိုက်ရင် စိတ်ထဲမှာ တစ်မျိုးဘဲ ထူးဆန်းတဲ့ ဖီလင်တစ်မျိုးကို ခံစားရတယ်။ ဘာရယ်လို့တော့ ပြောမပြတတ်ဘူး။

မြစ်ကျိုးအင်း said...

ဘာဖြစ်လဲ ပုံတွေကြည့်ရတာ စာဖတ်ရတာမှ မဟုတ်ဘဲ ဟဲဟဲ စတား)

ကျွန်တော်တော့ အဲဒီလို မရောက်ဖူးတဲ့နေရာတွေကို သေသေချာချာ မြင်ခွင့်ရတာ သိပ်သဘောကျတယ်။

မင်းတုန်းမင်းကြီးကိုလည်း သားသမီးဇနီး မောင်းမ ချွေရံတွေနဲ့ ဓါတ်ပုံရိုက်ထားလိုက်ရရင် ရှယ်ပဲနေမယ်။ ဒါပေမယ့် ခပ်ဝေးဝေးက ရိုက်ရမယ်ထင်တယ်။

သက်ဝေ said...

မမေနဲ့အတူ ရဲတိုက်လိုက်လည်ရတာ ပျော်စရာကြီး... မမေက သွားသမျှနေရာလေးတွေကို ရယ်စရာလေးတွေနဲ့ ပြောပြသွားတော့ ခရီးစဉ်အစအဆုံး မောရမှန်းမသိ ပန်းရမှန်းမသိ...
နောက်ကိုလည်း မမေသွားလေရာ ခေါ်ပါနော်... နော်... နော်...

မြက်ခင်းစိမ်းစိမ်းတွေတွေ့လို့ ချောကို သတိရသလို ကော်ဖီဆိုင်လေးတွေကို တွေ့ရင် ဒီက ကော်ဖီသရဲ သက်ဝေကို သတိရပါလို့ (မနာလို တိုရှည်နဲ့) မှာထားပါရစေ...း))))