Thursday, October 14, 2010

ပျောက်ဆုံးသွားသော ...

အဲဒီအေးစက်စက် ညနေတခင်းဟာ သူနဲ့ကျမကို ထာဝရ ဝေးကြစေဖို့ ဖန်လာခဲ့တယ်။
သူ … ကျမကို ခွဲသွားတာလား …
ကျမက သူ့ကို ထားရစ်ခဲ့တာလား … ကျမ မပြောတတ်ပါဘူး။
သေချာတာတခုကတော့ …
ကျမတို့ နောက်တခါ ပြန်ဆုံနိုင်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပြီလေ။
***
တဖြည်းဖြည်း ဝေးဝေးပြီး ထွက်ခွါသွားတဲ့ ဓာတ်ရထားကြီးကို မျက်စိတဆုံး ငေးကြည့်ရင်း ရင်ဘတ်ထဲမှာ စူးစူးနင့်နင့်ဖြစ်လာတယ်၊ ဝေ့၀ဲလာတဲ့ မျက်ရည်စတွေကို မျက်တောင် တဖျတ်ဖျတ် ပုတ်ခတ်ရင်း မြင်ကွင်းက တစစ ပျောက်ကွယ်သွားတဲ့ ရထားကြီးကို ကျောခိုင်းလိုက်တယ်။
ဝမ်းနည်းဖို့ကောင်းလိုက်တာ …
အေးစက်မှုန်မှိုင်းနေတဲ့ အဲဒီညနေ နေ၀င်ရီတရောအချိန်လေးမှာ စီးနေကျ ဓာတ်ရထား မှတ်တိုင်လေးကို ကျောခိုင်းခဲ့ရတာလောက် ရင်ထဲ ကြေကွဲတာ မရှိတော့ဘူး။
………………………………………………
………………………………………………
………………………………………………
***
လူတကာ လစ်လျူရှုထားခံရတဲ့ သူ့ကိုမှ ကျမက ရွေးချယ်ခဲ့တယ်။ အရိုင်းဆန်တဲ့သူ့ကို ယဉ်ပါးအောင် အသုံးကျအောင် ၀င်ဆန့်အောင် အချိန်ရယ် အားထုတ်မှုရယ် စိတ်အားထက်သန်မှုရယ် ရောယှက်ပြီး ကျမဘ၀ထဲ ကြိုးစားခေါ်ဆောင်ခဲ့တယ်။ ကျမလုပ်ရပ်ကို တချို့က အားပေးပေမဲ့ တချို့ကတော့ စကားတင်းဆိုကြ ပြစ်တင်ဝေဖန်ကြ လှောင်ပြောင်ရယ်မောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမက ဂရုမစိုက်ခဲ့ဘူး။ နေ့ရှိသ၍ သူ့ကို တသသလုပ်ရင်း သူနဲ့ အချိန်ကုန်ခဲ့တယ်။ နောက်ဆုံးတော့ ကျမ သူ့ကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူ့ကိုမြတ်နိုးစိတ်နဲ့ ဦးထိပ်မှာ တမြတ်တနိုးထားခဲ့တယ်။ အပြင်သွားလဲ အတူတူ၊ ဟင်းချက် မြက်ရိတ် အိမ်အလုပ်တွေ လုပ်လဲ တူတူ၊ ညအိပ်တောင်မှ မခွဲကြဘူး … အဲဒီလောက်ထိ ရူးသွပ်စွာ သူ့ကို စွဲလမ်းခဲ့မိတယ်။ ကျမ ချမ်းအေးနေချိန်မှာ သူ့ဆီက အနွေးဓာတ်နဲ့ ကျမလုံခြုံခဲ့တယ်၊ သူ့ အုပ်မိုးမှု အောက်မှာ အလိုလို အင်အားတွေ ရှိနေခဲ့တယ်။

သူ … … …
သူဟာ … သံယောဇဉ် ချည်မျှင်ကြိုးလေးတွေနဲ့ တမျှင်ချင်း သွယ်ယှက် ယက်လုပ်ခဲ့ရတဲ့ ကျမ ချစ်သော ကျမရဲ့ ဦးထုပ်ကလေးပါပဲ။
***


ကျမဒီကိုရောက်ခါစ ဗိုလန်တီယာ ကျောင်းသူဘ၀မှာ ဒီသိုးမွှေးချည်ခင်လေးကို ကျောင်းစတိုခန်းတခုရဲ့ ဂျပ်စက္ကူပုံးထဲက ရခဲ့တယ်။ မြန်မာပြည်ကနေ နှစ်ချောင်းထိုးအပ် တစုံယူလာခဲ့တာနဲ့ အတော်ပဲမို့ ချည်ခင်လေးကို ဦးထုပ်လေးတလုံးဖြစ်အောင် ပုံဖော်ခဲ့တယ်။ ဘာမဟုတ်တဲ့ ဦးထုပ်တလုံးကို အချိန်ကုန်ခံ ထိုးနေလို့ သူငယ်ချင်းတွေက စကြ နောက်ကြလေရဲ့။ pound land မှာ တပေါင်တန် ဦးထုပ်တလုံး ၀ယ်လိုက်ရင် မြန်တာပေါ့တဲ့ ပင်ပန်းခံမနေနဲ့ … ဆိုပဲ။


သူတို့ဘာပြောပြော ကျမအားလပ်ချိန်လေးတွေမှာ ဖြည်းဖြည်းချင်းထိုးယူရင်း ဦးထုပ်ကလေး ပုံပေါ်လာခဲ့တယ်။


မီးခိုးရောင်ချည်ခင် ခပ်ညစ်ညစ်လေးနဲ့ ထိုးထားတဲ့ ဦးထုပ်ကလေးက သစ်လွင်လှပ မနေပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ချည်မျှင် တမျှင်ချင်းကို စိတ်ရှည်လက်ရှည် ထိုးယူထားခဲ့တာမို့ တန်ဖိုးထားခဲ့တယ်။

အရင်ကလဲ အဖေ အမေနဲ့ မောင်လေးအပါအ၀င် ကျမချစ်ခင်သူတွေကို ဦးထုပ်ကလေးတွေထိုးပြီး လက်ဆောင်ပေးဖူးတယ်။ သူတို့ကြိုက်မကြိုက်တော့ မသိဘူး၊ ကျမကတော့ ကိုယ်ပေးလိုက်တဲ့ ဦးထုပ်လေးဟာ ဦးထုပ်သက်သက်မဟုတ်ဘူး၊ ဒီထဲမှာ စေတနာ မေတ္တာ ချစ်ခြင်းတရားတွေနဲ့ သုံးလွန်းတင်ပေါင်းစပ်ထားတဲ့ သံယောဇဉ်ကြိုးကလေးတွေနဲ့ ယက်လုပ်ထားတာမို့ တန်ဖိုးသတ်မှတ်လို့ မရနိုင်ဘူးဆိုပြီး ကိုယ့်ဦးထုပ်ကိုယ် ဇန်းတင်ခဲ့ဖူးပါသေးတယ်။

အမနဲ့ ဦးရီးတော်က ဒီ့ပြင်ဦးထုပ်တွေ ၀ယ်ပေးကြပေမဲ့ ကျမက ကိုယ့်လက်ရာ ဦးထုပ်ကလေးကိုသာ တစိုက်မတ်မတ် ဆောင်းခဲ့တယ်။ ကိုယ်တိုင်ထိုးတာလို့ လူတကာကို ကြွားရတာလဲ အမောပါပဲ။

ဒီမနက် ကျောင်းသွားဖို့ပြင်တော့ ရာသီဥတု နည်းနည်းစအေးနေပြီမို့ ဦးထုပ်ကလေး ဆောင်းသွားခဲ့တယ်။ ကျောင်းအဆင်း အိမ်အပြန်မှာလဲ အေးလို့ ဦးထုပ်လေး ဆောင်းလာခဲ့ပြီးမှ ဓာတ်ရထားပေါ်ရောက်တော့ နွေးနေတာနဲ့ ဦးထုပ်ကိုချွတ် ကျောပိုးအိတ်ပေါ်တင်ထားလိုက်ပြီး သတင်းစာတစောင်ကို ကြော်ငြာကအစ စာလုံးပေါင်းပြီး အကုန်ဖတ်နေလိုက်တယ်။ ကိုယ်ဆင်းရမယ့်မှတ်တိုင် ဂိတ်ဆုံးခါနီးမှာ ဖုန်းမြည်လာလို့ကိုင်ပြီး ပြောရင်း ဓာတ်ရထားပေါ်ကဆင်းတော့ ဦးထုပ်ကလေးကို သတိမရမိဘူး။

လမ်းကူးအပြီး ဖုန်းချလိုက်မှ …
ဟင် ဦးထုပ် ...... ဆိုပြီး သတိရလိုက်တာနဲ့ ပြန်မထွက်သေးတဲ့ ဓာတ်ရထားပေါ် အပြေးအလွှား သွားရှာတော့ … ဘယ်လိုမှ ရှာမတွေ့တော့ဘူး။ ထိုင်နေတဲ့လူတွေလဲ ထပြီးရှာပေးကြတယ်၊ ကိုယ်တိုင်လဲ ထိုင်ခုံတွေအောက်ပါ ငုံ့ကြည့်ရှာတာပဲ၊ ဓာတ်ရထားကြီးက အချိန်စေ့လို့ ပြန်ထွက်တော့ တမှတ်တိုင် ပြန်ပါသွားသေးတယ်။ ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံး အဲဒီ ရထားပေါ်ကပြန်ဆင်း၊ နောက်လာတဲ့ ရထားထပ်စောင့်စီးပြီး အိမ်ပြန်ခဲ့ရတယ်။

စိတ်မကောင်းဖြစ်လိုက်ပုံများ မပြောပါနဲ့တော့။ ဆင်းခါနီးဖုန်းဆက်တဲ့ ကောင်မလေးကိုလဲ အလိုလို စိတ်တိုနေမိတယ်။ သူ့ကြောင့် ဦးထုပ်ကို သတိမရတာဆိုပြီးပေါ့။ တကယ်တော့ မေ့လျော့ပေါ့ဆမိတဲ့ ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ။ အဲဒီလို သူများကို အပြစ်တင်လိုက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက် ပျောက်ဆုံးသွားတဲ့ အရာလေးကို တသသ နှမြောလိုက်နဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။

နှောင်ဖွဲ့တတ်တဲ့ ကြိုးမျှင်တွေနဲ့ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဘ၀လေးတခု ပျောက်ဆုံးသွားသလိုပါပဲ …
ရင်ထဲမှာတော့ ... လပ်ဟာ … လို့။
…………………………………
…………………………………
…………………………………
***
တကယ်လို့များ … သွားရင်း လာရင်းဖြစ်ဖြစ်ပေါ့လေ … ၀ံပုလွေရွာနဲ့ မင်းဂန်ရွာကို စုန်ဆန် ပြေးဆွဲနေတဲ့ ဓာတ်ရထား တစင်းစင်းပေါ်မှာ မီးခိုးရောင် ညစ်စုတ်စုတ် ဦးထုပ်ကလေး တလုံး တွေ့ခဲ့ရင် 075*****62 ကို ဆက်သွယ်ပြောပေးကြပါ ... ... ။ ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၁၄၊ အောက်တိုဘာ၊ ၂၀၁၀
၂၃း၂၆ နာရီ

19 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

အိပ်ခါနီး စာအသစ်တက်နေလို့ လာဖတ်တာ ဝမ်းနဲသလို ခံစားလိုက်ရတယ်။

ရေးလိုက်တဲ့ စာတိုင်း ရသစုံရအောင် စာရေးတတ်တဲ့ ပညာကို လေးစားအားကျမိပါတယ်။ တကယ်။

ခင်တဲ့
နန္ဒာ

ကိုကိုမောင်(ပန်းရနံ့) said...

ဦးထုပ်ကလေးက သူ့ကို အရေးမစိုက်တော့မှန်းသိလို့ တမင်ခုန်ချနေလိုက်တာတဲ့။ သနားပါတယ်။ တစ်နေရာရာမှာ သူရှိနေတယ်တဲ့။ လိုချင်သူ ဂရုစိုက်သူနောက်ကိုဘဲ လိုက်တော့မယ်ဆိုဘဲ။ တကယ်လို့ ပြန်တွေ့ရင် ပြန်ချော့လိုက်ဦးနော်။ ပြီးတော့ ဂရုလဲ စိုက်လိုက်ဦး။ ပိုင်ရှင်ကဘယ်သူ့ကို မျက်နှာသာပေးနေမှန်းမသိ။ သူ့ခမျာ သနားစရာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေရတုမှတ်တမ်း said...

အစွဲအလန်းထားမနေပါနဲ့ ဒေါ်လေးမေရယ်..
စိတ်ပင်ပန်းပါတယ်..ဘကျောက်တို့တော့ ခနခနမေ့၊ ခနခနပျောက်..၊ ကြာတော့ ဘာမှတောင် အာရုံထဲ မထားတော့ဘူး..ခုလဲ ဘကျောက်ကို သေတော့မယ်ပြောလဲ ..ပျော်ပျော်ပဲ

ကိုအောင်(ပျူနိုင်ငံ) said...

ဦးထုပ်တစ်လုံးတင် မကဘူး ပျောက်ဆုံးသွားတဲ့
သက်ရှိသက်မဲ့အားလုံးကို ပြန်တွေ့အောင်
ရှာပေးနိုင်ပါတယ်၊ အေးဂျင့်ခတော့ ရှိတယ်လေ
ဆရာ ...း)၊ ဆရာမြသန်းတင့် ရေးခဲ့တဲ့ “ညှင်း
၁၀ ဖဲချပ်” ဇာတ်လမ်းထဲကလို စုံထောက်
လုပ်ရတာကို သဘောကျလို့၊ ဒါပေမယ့်လည်း
တခါတလေကြတော့ လူတွေဟာ ပျောက်သွား
မှ ပိုပြီး တသ တတ်ကြတယ်၊ ဒါကြောင့်
ပျောက်သွားတာ ဝေးသွားတာကို ဖြေးတွေး
တွေးပေါ့ ဆရာရယ် ... ဟဲဟဲ ...း)

sosegado said...

ပျောက်သွားတာ ဦးထုပ်စြေ်နေတော့ ပြန်ရဘို့ရာနူံး နည်းနေပြီ၊ ဘာပဲဖြစ်ဖြစ်ဆောင်းရောက်တော့မယ်ဆိုတော့ နောက်တစ်လုံးလိုနေပြီ၊ ဆက်ထိုး၊

Anonymous said...

မမေဓါဝီ ရေ

ဦးထုပ် လေးမို့ တော်တော့တာပေါ့နော်.. လူ တယောက် (ချစ်သူ) သာအဲလို ပျောက်သွားခဲ့ ရင် ပိုခံစားရမှာနော် ဦးထုပ် ပျောက်တာလေး ကိုက လွမ်းစရာ ကောင်းလှပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မိုးယံ said...

ဦးထုပ်တစ်လုံးအကြောင်းရေးတာကိုး။ထင်တော့ ထင်သားပဲ။ ဟာဟ

ငြိမ်းချမ်းပါစေ

natthi said...

တပိုင်းတစ ဦးထုပ်လေးနဲ့
ရွတ်လက်စ ၀တ်ရွတ်စဉ်စာအုပ်လေးနဲ့
....

Anonymous said...

ကြီးမေရေ
ဦးထုပ်လေးပျောက်သွားတာလား
ပူမနေနဲ့နော အသစ်ရချင်လို့ဖြစ်မှာပေါ့ နောက်တစ်လုံးလောက် ထပ်လုပ်လိုက်အုံးလေ စည်းစိမ်ကတော့ ပျောက်သွားရင် တစ်ယောက်ယောက်စီမှာ အသုံးတည့်နေမှာလိုတွေးလိုက်ရင် တော်တော်လေး စိတ်သက်သာရသွားတယ်
ကောင်းတယ်ဟုတ်
ခင်တဲ့
seesein

ကိုအောင်(ပျူနိုင်ငံ) said...

ပထမမန့်ထားတယ်ဗျ ဘယ်လို့ မပေါ်လဲ မသိ
ဘူး၊ စိတ်မညစ်ပါနဲ့ဗျာ ဒီလိုပဲ ပျောက်တတ်
ပါတယ်၊ ကျနော် စုံထောက် လုပ်ပေးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးထုပ်လေးတစ်လုံးကိုတောင် ဒီလောက်ခင်တွယ်နေတယ်ဆိုရင်
လူတစ်ယောက်သာဖြစ်နေခဲ့ရင်ဆိုပြီး
အတွေးတွေ ပွားလိုက်မိတယ်...
သံယောဇဉ်ဆိုတဲ့အရာဟာ သက်ရှိအပေါ်မှာဘဲဖြစ်ဖြစ်၊ သက်မဲ့အပေါ်မှာဘဲဖြစ်ဖြစ် တွယ်မိရင် တကယ်ဖြတ်ဖို့ခက်တယ်နော်။
ဦးထုပ်လေးက သက်သေဘဲမဟုတ်လား မမေ။

Anonymous said...

မေဓာဝီ

Silent Reader တစ်ယောက်ပါ ။ ကိုယ်ကတော့ ချစ်သူက ထားခဲ့ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ပါ ။ ဦးထုပ်လေးလိုမတော်တဆပျောက် သွားခဲ့တာမဟုတ်ဘူး ။ ကိုယ်အမလှမ်းမမီတဲ့ မြန်မာပြည်မှာ ချစ်သူအသစ်ရသွားခဲ့တာ။ အဲဒီဆူးကို နှုတ်ပစ်ခဲ့ပါတယ် ဒါပေမဲ့ အခုထိ နာကျင်စွာသတိရနေ တုန်းပါဘဲ ။

Heartmuseum said...

ဟင်းချက် ကောင်းတဲ့သူများ ဘာချက်ချက်
စားလို့ ကောင်းနေတာပဲ.....
ဟုတ်တယ်.... တခါတလေ...
ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့ အရာတခု ရုတ်တရက် ပျောက်ဆုံး သွားတဲ့အခါ.....
ရင်ထဲမှာ ယူကြုံးမရနဲ့ နှမျောတသ ရတယ်။
ကိုယ်တိုင် ပင်ပန်းဆင်းရဲခံပြီး အမြတ်တနိုးနဲ့ အချိန်ပေးထိုးထားတဲ့ ဦးထုတ်လေးဟာ... ဆောင်းတာ ကြာလာတော့လဲ အဖော်တယောက်လို ဖြစ်လာ သံယောဇဉ် တွယ်လာ တော့တာပေါ့....
ကျွန်တော်လဲ မြန်မာပြည်က ယူလာတဲ့ ခေါက်ပိုက်ဆံအိတ်လေး Date အောက်နေပြီ။ ဘယ်သူပြောပြော၊ ဘယ်လောက် နွမ်းနွမ်း အခုထိ အမြတ်တနိုး ကိုင်တုန်းပဲ..... ဒါတောင် ကိုယ်တိုင် လုပ်ထားတာ မဟုတ်.... တယောက်သောသူ ပေးထားတာ... :P

Harry said...

အောင်မယ်လေးလေး ... အသစ်တလုံး ဝယ်ပေးပါ့မယ်ဗျ ...

~ဏီလင်းညို~ said...

ဦးထုပ်လေးအကြောင်းရေးထားတာ.......စိတ်မကောင်းစရာလေး....။
ဟုတ်တယ်နော် မမေ.....၊ ကိုယ်တိုင်ဖန်တီးထားတာလေးဆိုတော့ သံယောဇဉ်ဖြစ်နေမှာပါပဲဗျာ......။
(အပေါ်က အစ်ကိုတစ်ယောက်ပြောသွားသလို ပိုက်ဆံအိတ်ဆိုလို့.......အနော်ခုထိသုံးနေတဲ့ ပိုက်ဆံအိတ်လေးတောင်သတိရသွားတယ်....။ ၁၉၉၇ ခုနှစ်ထဲက ကိုင်လာတာခုထိပဲ......။ ခေါက်တဲ့ အလယ်ပိုင်းက ပြဲနေပြီ....၊ ဇစ်လည်းသိပ်မကောင်းတော့ဘူး....။ တစ်ယောက်သောသူပေးထားတာမဟုတ်ပေမယ့် ကိုယ့်လုပ်အားခနဲ့ အရင်ဆုံးဝယ်ဖြစ်ခဲ့တဲ့ ပစ္စည်းလေးမို့.....၊ နောက်ပြီးကျွန်တော်အလုပ်သွားတိုင်း....၊ ကျောင်းသွားတိုင်း အမြဲလိုက်နေကျ ပစ္စည်းလေးမို့လေ.....။ ကိုင်နေတာ ခုထိပါပဲ.....၊ အဲ့ဒီတုန်းက ၀ယ်တာ...၂၅၀၀ကျပ်လားတောင်မသိဘူးရယ်....း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Just want to comment said...

Nothing can be last forever. You can make it new one or perhaps it will be forgotten. Don't make it deep inside, but don't lost the present.

မောင်မျိုး said...

အစပိုင်းကိုဖတ်ပြီး အချစ်ဇတ်လမ်း ခပ်ဆွေး၂ တစ်ပုဒ်ပေါ့ ဖတ်နေရင်း အဆုံးသတ်ကျတော့ ပြုံးစိစိဖြစ်သွားတယ် ဟုတ်ကဲ့ တွေ့ရင် တကယ်အကြောင်းကြားမယ်နော့် မုန့်တော့ ၀ယ်ကျွေးမယ်မှတ်လား ???

တောက်ပကြယ်စင် said...

အစားထိုးလို့ မရနိုင်တဲ့ အရာတွေလည်း အများကြီးရှိတယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ...

Nyi Linn Thit said...

ထူးတော့ ထူးဆန်းတယ်နော် မမေ...၊ အခုလေးတင်ပဲ ဆင်းတယ်၊ ချက်ချင်း ပြန်တက်ရှာတော့ မရှိတော့ဘူး ဆိုတော့ ဒီလမ်းကြောင်း တိုတိုလေးမှာ ဘယ်လိုများ ပျောက်သွားလဲ-လို့ စဉ်းစားနေတာ..၊ ထိုင်ခုံအနားက တစ်ယောက်ယောက်က ယူရင်ယူ၊ ဒါမှမဟုတ် ရထားအောက် ရောက်မှ ဦးထုပ်က မြေပေါ်ကို ပြုတ်ကျ၊ အဲဒီလိုများ ဖြစ်မလား မသိဘူး၊ မမေက ဂန္ဒီကြီးထက် စာရင်တော့ တော်ပါသေးတယ်၊ ခမျာမှာ ရထားပေါ် အတက် ဖိနပ်တဖက် ကျွတ်ကျခဲ့လို့ တွေ့တဲ့သူ စီးပါစေ ဆိုပြီး နောက်တစ်ဖက်ပါ ပစ်ချပေးခဲ့တယ် မဟုတ်လား၊ အခုကတော့ လူတိုင်းမှာ ခေါင်းတစ်လုံးပဲ ရှိလို့ မမေက ဂန္ဒီ့လို ပူစရာ မလိုတော့ဘူး၊း) ဒါနဲ့ စကားမစပ် နောက်ဆုံးတင်ထားတဲ့ 'ပိုင်ရှင်မဲ့ ဦးထုပ်လေး အကြောင်း' ဖတ်နေရင်းနဲ့ ဒီလင့်ခ်ကို တွေ့လို့ နှိပ်လိုက်တာ..၊ စာမျက်နှာလေးက အသစ်ပွင့်လာလို့ အဆင်ပြေပြေနဲ့ ဆက်ဖတ်နေတာ...။း))