Friday, June 24, 2011

သူနှင့် ရွေးချယ်ခွင့် ...

ရွေးချယ်ခွင့်ကို အများ နှစ်သက်ကြလိမ့်မည်။ ရွေးချယ်ခွင့်ရှိသော ဘ၀သည် ရွေးချယ်ခွင့် မရှိသော ဘ၀ထက် ပိုပြီး သက်သောင့်သက်သာ ရှိနိုင်သည်မို့ ကိုယ်တိုင်လည်း ရွေးချယ်ခွင့်ကို မက်မောခဲ့သည်၊ တောင့်တခဲ့သည်။

ရွေးချယ်ခွင့်မရှိဘဲ ရုတ်တရက် တွန်းပို့ခံလိုက်ရသလို ရောက်လာသည့် လမ်းတခုမှာ စိတ်ကျဉ်းကျပ်စွာ လျှောက်နေရင်း ရွေးချယ်ခွင့်သာရခဲ့လျှင် … ဟု မျှော်လင့်တကြီး တမ်းတမိသည်။ တပါးသူတွေ လွတ်လပ်စွာ စိတ်လက်ပေါ့ပါးစွာ ရွေးချယ်နေကြသည်ကို မြင်တိုင်း အားကျစိတ်ဖြင့် ကြည့်ရင်းက ကိုယ့်ဘ၀ကိုယ် သိမ်ငယ်မိပြန်သည်။

နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ရွေးချယ်စရာမရှိ မငြင်းဆန်သာဘဲ ပြုမူဆောင်ရွက်နေရတာတွေ များလာတော့ ဘ၀က မွန်းကျပ်၍လာ၏။ တကယ်တမ်း ရွေးချယ်ခွင့်ရှိမည်ဆိုပါက သူ ဘာကို ရွေးခဲ့မှာလဲ။ ထိုသို့ ရွေးခဲ့သည့်အတွက် နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ဘာတွေများ ဖြစ်လာမှာလဲ။ ဖြစ်လာမည့် အကောင်း အဆိုး အကျိုး အပြစ်ဟာ သူတယောက်ထဲနှင့် ဆိုင်မလား၊ အများနှင့် ဆိုင်မလား … လေးလေးနက်နက် မစဉ်းစားခဲ့မိ။

ရွေးချယ်ခွင့်တိုင်းအတွက် ရွေးချယ်မှုများသည် လက်တွေ့မှာ လွယ်ကူပါသလား။
***
သူငယ်စဉ်က အတော်လေး ကြေးများ (ဂျီးများ) သည်၊ အ၀တ်အစားကို မကြိုက်လျှင် လုံးဝမ၀တ်၊ ကြိုက်သည့် အင်္ကျီလေးကိုသာ ထပ်ခါတလဲလဲ ဒါဝတ်ဘိုင် လုပ်ပြီး ၀တ်နေတတ်သည့် လူစားမျိုး။ အမေက သူ့အတွက် အ၀တ်အစား ဆင်ရတာ တော်တော်လေး စိတ်ညစ်ခဲ့ရသည်။ သူကလည်း အမေ၀ယ်ပေးသည့် အင်္ကျီများကို စိတ်တိုင်းမကျ၊ ဈေးတွင် ကိုယ်တိုင် ရွေးချယ်၍ ၀ယ်ချင်ခဲ့သည်။ ဤသို့ဖြင့် တခါတော့ အဒေါ်တွေက ဗိုလ်ချုပ်ဈေးကို ခေါ်သွားပြီး နှစ်သက်ရာ အင်္ကျီကို ရွေးဝယ်ခိုင်း၏။ ဆိုင်ခန်းမှာ ချိတ်ဆွဲထားသော အဆင်စုံ အရောင်စုံ အင်္ကျီများကို ကြည့်ပြီး သူ ဘာကို ရွေးချယ်ရမလဲ မဆုံးဖြတ်နိုင်။ အ၀ါလေးလည်း လှသလို၊ ပန်းရောင်လေးလည်း ကောင်းသလို၊ အနီလေးလည်း ကြိုက်သလို … ဇဝေဇ၀ါ ဖြစ်နေခဲ့သည်။ နောက်ဆုံး တထည်ကို မဖြစ်မနေ ယူခဲ့လိုက်သော်လည်း အိမ်ရောက်၍ ၀တ်ကြည့်သည့်အခါ သိပ်မကြိုက်တော့၊ ကျန်ခဲ့သည့် အင်္ကျီလေး ယူခဲ့လိုက်ရ ကောင်းသားဟု နောင်တရမိပြန်သည်။

ဤကား အများထဲက တခုရွေးရခြင်း … ။
အကယ်၍ နှစ်ခုထဲကတခု ရွေးရတော့မည် ဆိုပါစို့။ ဥပမာ မုန့်နှစ်ခုထဲက တခုကို ရွေးရမည်ဆိုလျှင် လူ့သဘာာဝအရ ကိုယ်ကြိုက်သည့်မုန့် (ပိုကောင်းမည် ထင်သည့်မုန့်) ကို မြန်မြန်ဆန်ဆန် ရွေးလိုက်မိတတ်သည်။ လက်တွေ့ လောကထဲမှာ မုန့်ထက် အရေးကြီးသည့် အရာမျိုးကို ရွေးရမည့် အခြေအနေ ကြုံလာပြီး ကိုယ့်ကို ဦးစားပေးကာ အရင်ရွေးခွင့် ပေးလာသည့် အခါမျိုး၌ မစဉ်းစားဘဲ အမြန် မရွေးချယ်နိုင်တော့ပါ။ ကိုယ်ရွေးလိုက်ပြီး ကျန်တာကိုမှ တခြားတယောက်က ရမည်ဆိုလျှင် ကိုယ့်ရွေးချယ်မှုသည် စောစောက အင်္ကျီရွေးသလို ကိုယ်တယောက်ထဲနှင့်သာ မသက်ဆိုင်တော့။ ကိုယ့်ရွေးချယ်မှု၏ အကျိုးဆက်က တဘက်လူကိုပါ သက်ရောက်နိုင်ပြီ။ ကိုယ့်ရွေးချယ်မှုနှင့် ပတ်သက်သမျှသည် ကိုယ့်တာဝန် ဖြစ်သွားပြီ။

ထို့ပြင် ကိုယ့်ရွေးချယ်မှုနှင့် တပါတည်း ပါသွားနိုင်သည်က ကိုယ့်အတ္တ၊ ကိုယ့်စရိုက်၊ ပြီးတော့ သိတတ်မှု၊ ငဲ့ညှာမှု၊ နားလည်မှု။ ထိုအခါ ကိုယ်က ကိုယ်နှစ်သက်ရာ၊ ကိုယ့်အတွက် အဆင်ပြေရာကို ရွေးလိုက်မိပြီဆိုလျှင် ကိုယ့်အတ္တကို ရှေ့တန်းတင်သူ ဖြစ်သွားပြီ။ ကိုယ်ရသည့် ရွေးချယ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး ကိုယ့်အတွက်ကိုယ် အသုံးချသူ ဖြစ်သွားပြီ။ ကောင်းပါအုံးမလား … ကိုယ့်စိတ်ဓာတ်။

ကိုယ်က သူတပါးကို ဦးစားပေးသည့် အနေဖြင့် ကိုယ်မနှစ်သက်သည့် အရာ၊ မကောင်းသည့်အရာ၊ ညံ့သည့်အရာကို ရွေးချယ်လိုက်ပြီ ဆိုပါတော့။ ထိုသို့ဆိုလျှင် ကိုယ်က ဦးဆုံးရသည့် ရွေးချယ်ခွင့်ကို ကောင်းစွာ အသုံးမချတတ်သူ၊ ကိုယ့်ရထိုက်သည့် အခွင့်အရေးကို လက်လွတ်ခံသူ ဟူ၍ အများအမြင်မှာ အသုံးမကျသူ တယောက်ဖြစ်ရပေဦးမည်။

ထိုသို့ဆိုလျှင် … ရွေးချယ်ခွင့်တိုင်းသည် ဘ၀မှာ သက်သောင့်သက်သာ ရှိပါရဲ့လား … ။
***
ရွေးချယ်ခွင့်နှင့် ပတ်သက်၍ စိတ်ကသိကအောက် ဖြစ်ရသည်က လတ်တလော ဖြေဆိုပြီးခဲ့သည့် စာမေးပွဲတွင်ဖြစ်သည်။ သင်ယူရသည့် ဘာသာရပ် ၁၄ ဘာသာအနက် ၆ ဘာသာ၏ မေးခွန်းပုံစံက မေးသည့်ပုစ္ဆာတိုင်း အကုန်ဖြေရသည်၊ ရွေးချယ်ခွင့်မရှိ။ နောက် ၅ ဘာသာ၏ မေးခွန်းများကတော့ ၃ ပုဒ်ထဲမှာ ၂ ပုဒ်ရွေးချယ်ခွင့်ရှိ၏။ သူအပါအ၀င် ကျောင်းသားအများစုက ရွေးချယ်ရသည့် မေးခွန်းပုံစံကိုသာ သဘောကျသည်၊ ထိုမေးခွန်းပုံစံမျိုးကိုသာ ဖြေဆိုလိုသည်။ ထိုသို့ ရွေးချယ်ခွင့်ရမှလည်း စာဖြေသူများအဖို့ အသက်ရှူချောင်မည်ဟု ထင်မိကြသည်။

သို့သော် … အထင်နှင့်အမြင် ပါစင်အောင် လွဲခဲ့ပါသည်။

လောလောဆယ် ဖြေဆိုခဲ့သည့် ၄ ဘာသာအနက် ၃ ဘာသာက ရွေးချယ်ခွင့်ရှိသော မေးခွန်းပုံစံ ဖြစ်သည်။ ထိုဘာသာရပ်တို့၏ ထုံးစံအတိုင်း မေးခွန်းများက အလွန်ရှည်လျား၏။ တချို့ပေပါတွင် မေးခွန်းတပုဒ်ထဲကိုက အေဖိုး ၃ မျက်နှာလောက် ရှည်သည်။ အနည်းဆုံးကတော့ အေဖိုး တမျက်နှာ။ မေးခွန်းထဲမှာ scenario တွေ case တွေကို ခင်းကျင်းပြထားသည်မို့ ထိုမျှလောက် ရှည်လျားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း စာမေးပွဲ ဖြေဆိုချိန် ၃ နာရီအပြင် မေးခွန်းဖတ်ချိန် ၁၅ မိနစ် သပ်သပ် ပေးထား၏။

စာမေးပွဲခန်းထဲ၌ မေးခွန်းဖတ်ချိန် ၁၅ မိနစ်တွင် ကိုယ်ပိုင်နိုင်သည့် ပုစ္ဆာကို မြန်မြန်ဆန်ဆန် မရွေးချယ်နိုင်ဘဲ မေးခွန်းတွေဖတ်လိုက် ဒီတပုဒ် ဖြေရကောင်းနိုး၊ ဟိုတပုဒ် ဖြေရကောင်းနိုး ဒွိဟစိတ်များဖြင့် ဝေခွဲမရဖြစ်နေပြီး အချိန်တွေ အတော်လင့်ကုန်သည်မို့ စိတ်ဒုံးဒုံးချကာ အမြန်ဆုံးဖြတ်၍ ဖြေလိုက်ရသည်။ ထိုသို့ဖြစ်လာတော့ ရွေးချယ်ခွင့်ကို မနှစ်မြို့ချင်တော့။ စာမေးပွဲခန်းမှအထွက် သူငယ်ချင်းများအားလုံး တညီတညွတ်ထဲ ပြောဖြစ်ကြသည်ကား …

“ဒါမေး ဒါဖြေဆိုတာ အကောင်းဆုံးပဲ၊ ရွေးနေရတာ အချိန်ကုန်တယ် …” ဟူသတတ်။

ရွေးချယ်ခွင့်ဟူသည် ဒွိဟစိတ်အား ပံ့ပိုးနေသည်လား … ။
***
ဦးနှောက်၏ စေခိုင်းချက်နှင့် နှလုံးသားအလိုဆန္ဒ ထိုနှစ်ခုကြားထဲ ဝေခွဲမရသည့် စိတ်ဖြင့် သောကတွေ ဖြစ်ခဲ့ဖူးသည်။ ကိုယ့်ရွေးချယ်မှုသည် ကိုယ်တယောက်ထဲအတွက် မဟုတ်၊ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်း၊ ကိုယ်နှင့် ကိုယ့်ပတ်ဝန်းကျင် … သင့်တော်၏ မတော်၏ … ။ ခက်ခဲလွန်းသည့် ရွေးချယ်ခွင့်… ။

ဘာကို ရွေးရမလဲ …
သူ … မဆုံးဖြတ်နိုင်၊ မဆုံးဖြတ်ရဲ၊ မဆုံးဖြတ်ဝံ့၊ မဆုံးဖြတ်ရက်၊ မဆုံးဖြတ်တတ်ခဲ့။
ထိုသို့သော ရွေးချယ်ခွင့်မျိုးကတော့ သူ့အတွက် နာကျင်စွာ ကြေကွဲရတတ်သည်မို့ မလိုလားဆုံး၊ မတောင့်တဆုံး ရွေးချယ်ခွင့်မျိုးပင်။

ရွေးချယ်ခွင့်တွေမှာ နာကျင်မှုများ လိုက်ပါလာနိုင်သလား … ။
***
တကယ်တော့ ရွေးချယ်ခွင့်ဟူသည် ကိုယ့်ကို စမ်းသပ်ခြင်းပါလားဟု သူကတွေးမိသည်။ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် အရည်အချင်း၊ ရွေးချယ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို ခံနိုင်ရည်ရှိမရှိ၊ ထိုအကျိုးဆက်များအပေါ် မိမိ၏ တုန့်ပြန်ချက် စသည်တို့ကို စမ်းသပ်နေသည့်နှယ်။

မည်သို့ပင်ဖြစ်စေ …
ရွေးချယ်ခွင့် တစုံတရာ ရခဲ့မည် ဆိုပါလျှင် …
နာကျင်ခြင်းများ ကင်းဝေးသော …
ဒွိဟစိတ်များ အလျဉ်းမရှိသော …
မည်သူ့ကိုမှ မထိခိုက်စေသော …
နောင်တများနှင့် ကြေကွဲမှုများ မဖြစ်စေနိုင်သော …
ရွေးချယ်ခွင့်မျိုးကိုသာ တမ်းတချင်ပါတော့သည်။
***
မေဓာဝီ

၂၄၊ ၆၊ ၂၀၁၁
၁၄း၅၃ နာရီ

9 comments:

မအိမ်သူ said...

မမေရေ တခါတလေမှာ ရွေးချယ်ခွင့်ရှိတာဟာ ကောင်းသလို တခါတလေတော့လည်း ရွေးချယ်ခွင့်မရှိတာက ကောင်းနေပြန်ရော… ဒါပေမယ့်လည်း ရွေးချယ်ခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လက်ခံရရှိတဲ့အရာကို တန်ဖိုးထားတတ်တဲ့စိတ်လေးရှိဖို့ဘဲ အရေးကြီးတယ်လို့ ထင်မိပါတယ်ရှင်။

မြစ်ကျိုးအင်း said...

ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံ
မှတ်သားခဲ့တဲ့ သင်ခန်းစာ
စာနာတတ်တဲ့ စိတ်နဲ့ ရွေးချယ်ရင် ဘဝခရီးမှာ အမှားတွေ အများကြီး ကြုံမယ်မထင်ပါဘူး။
ရွေးချယ်မှုတိုင်းမှာ တာဝန်ယူမှုက တွဲလျက်ပါပဲ။

ညီလင်းသစ် said...

ရွေးချယ်ခွင့် ရပါလျက်နဲ့ ကိုယ်မရွေးလိုက်တဲ့ဟာရဲ့ သူတပါးအပေါ် အကျိုးသက်ရောက်မှုကိုပါ ထည့်ပြီး စဉ်းစားထားတာလေးက မျှတမှု ရှိလှပါတယ် မမေဓာဝီ ရေ..၊ အရွေးမှားတာဟာ ရွေးချယ်ခွင့် မရတာထက် စာရင်တော့ တော်ပါသေးတယ်လို့ ယေဘုယျအနေနဲ့ ပြောတတ်ကြပေမယ့် အခုလို စာမေးပွဲမေးခွန်း ဥပမာတွေအရ ပြန်ပြီး စဉ်းစားစရာ ဖြစ်ရပြန်ရော..၊ တခါတခါတော့ ဘဝမှာ နောက်ပြန်ဆုတ်စရာ ဖောင်မရှိ တော့လို့ မိုက်မိုက်ကန်းကန်း ရင်းပြီး ရလိုက်တဲ့ နောင်ရိုး အောင်ပွဲတွေကပဲ နှစ်လိုဖွယ်ရာ ကောင်းချင်ကောင်းနေမယ် ထင်ပါရဲ့ဗျာ...။

နေ၀သန် said...

အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်းဆိုတာထက် အရွေးမတော်ရင် တစ်ဘ၀စာ ပျက်တတ်တယ်ဗျ..... ကျွန်တော်လည်း အရွေးအတော်ညံ့တယ်... ရွေးလိုက်ပြီးမှ စိတ်တိုင်းကျတာ နည်းတယ်.... တစ်ဘ၀လုံအတွက် အရေးကြီးတဲ့ဟာမှာ မမှားဖို့ အတော်သတိထားရမယ်... :D

ခင်မင်လျက်
နေ၀ဿန်

seesein said...

လူ့စိတ်သဘာဝက မရွေးရရင် ရွေးချင်တယ် ရွေးရတော့လည်း မရွေးချင်ပြန် ခက်ပါတယ်လေ
အခုတော့ ရွေးလွန်းလို့ မရဘူးဖြစ်နေတယ် ကြီးမေရေ
အဟက်....
ကြီးမေရေ ဂျီးမများတဲ့ကလေးက ဗိုက်ဝသတဲ့ဗျာ
(နောက်စ်)
ခင်မင်တဲ့
seesein

တောက်ပကြယ်စင် said...

ကိုရင်ဘ၀တုန်းက ရဟန်းဒကာမက တစ်ခုခုဝယ်ပေးရင် ဟိုဝါမကြိုက်၊ ဒီဟာ မနှစ်သက်တာနဲ့ ဖြစ်ခဲ့ဖူးတယ်။ အဲဒီအတွက် ကိုယ်လည်းစိတ်ပင်ပန်းသလို သူများလည်း စိတ်ဆင်းရဲရတယ်။ မမေပြောသလိုပါပဲ

မည်သို့ပင်ဖြစ်စေ …
ရွေးချယ်ခွင့် တစုံတရာ ရခဲ့မည် ဆိုပါလျှင် …
နာကျင်ခြင်းများ ကင်းဝေးသော …
ဒွိဟစိတ်များ အလျဉ်းမရှိသော …
မည်သူ့ကိုမှ မထိခိုက်စေသော …
နောင်တများနှင့် ကြေကွဲမှုများ မဖြစ်စေနိုင်သော …
ရွေးချယ်ခွင့်မျိုးကိုသာ တမ်းတချင်ပါတော့သည်။
လို့ပဲ ပြောလိုက်ချင်တယ်။

မမေလည်း ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

SHWE ZIN U said...

မမေဓါဝီ ရေ

ရွေးချယ်ခွင့် ရှိတဲ့ လူသားဖြစ်ရတာ ကံကောင်းပါတယ် ရွေးချယ်ခွင့် များလေ လူ့အဆင့်အတန်းမြင့် လာလေဘဲလေ

အပေါ်က စစ ကတော့ ဘာတွေရွေးနေတယ် မသိဘူး မမေဓါ ကိုပါ အဖော်စပ်နေပြီထင်တယ်

ညိမ်းနိုင် said...

ကျွန်တော့်ဘဝမှာ အရေးဟဲ့အကြောင်းဟဲ့ဆိုရင် ရွေးချယ်
စရာက အမြဲလိုလို ၂ခုထဲကတစ်ခုဖြစ်နေတတ်တယ်...။
ရွေးလိုက်တိုင်းလည်း ခုထိ ကိုယ့်ဘာသာ မှန်တယ်လို့
မထင်မိသေးဘူးဗျ...။ဒါပေမယ့် ကိုယ်ရွေးချယ်မှုအပေါ်
တော့ ကျေနပ်စိတ်လေးကလည်းရှိနေပြန်ရော...။
ဒီနိုင်ငံမှာ သင်တန်းစာမေးပွဲတစ်ခုဖြေရတော့ မေးခွန်းပုံစံ
က multiple choice ဗျ...၊ရွေးရတာတွေက ဖြစ်နိုင်ချေတွေ
ချည်း...၊ဆိုတော့ ရွေးရင်း၊ရွေးရင်း ကိုယ်သိတာကိုပဲချဖြေ
ချင်စိတ်တွေပေါက်လာရော...။ဆိုလိုတာက တစ်ခါတစ်လေ
ရွေးချယ်စရာမရှိပဲ တစ်ကြောင်းတည်းသောလမ်းကမှ ပို
အဆင်ပြေသလားလို့ပါ...။ရွေးချယ်စရာတွေရှိလာတော့
လည်း ရွေးရတာပေါ့ဗျာ....ဟုတ်ဘူးလား...:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

အရင်တုန်းကတော့ ရွေးချယ်ခွင့်တွေကြား ဗျာများခဲ့ဖုးပါရဲ့...
အလုပ်အကိုင်၊ စာမေးပွဲ၊ အခွင့်အလမ်း၊ သင်တန်း၊ လစာ နေထိုင်စရာနေရာ စသဖြင့် ရွေးစရာအမျိုးမျိုးကြား ယောက်ယက်ခတ်လို့ပေါ့ မမေရေ..
ခုချိန်မှာတော့ ဘာကိုမှ ရွေးချယ်ဖို့မလို၊ ရွေးစရာလည်း မရှိတော့တဲ့ အေးချမ်းတိတ်ဆိတ်တဲ့ တစ်နေရာမှာ လမ်းတစ်ခုတည်းကို လျှောက်လို့ပါဘဲ။ ဒီတော့လည်း တစ်ခါတစ်လေတော့ ရွေးချယ်ခွင့်ရှိတဲ့ဘဝကို ပြန်သတိရနေသလိုလို...........