Wednesday, January 26, 2011

ဖျားတဲ့ည ...

"ဖျားတဲ့ည"

မူးဝေခေါင်းကိုက်
မိုက်ခနဲဖြစ်
တဆစ်ဆစ်နာ
ခန္ဓာတခုလုံး
အသုံးမကျ
ဖျားတဲ့ ည ...

ထထိုင်မရ
အိပ်မရဘဲ
ဝမ်းထဲမှာဟာ
ရေဆာသလို
အာခေါင်ခြောက်ကပ်
ပါးစပ်ကွဲရှ
ဖျား တဲ့ ည ။

***

ညနေစောင်းက မိုးစက်မှုန်မှုန်လေးတွေ အောက်မှာ ထီးမပါဘဲ အပြင်သွားခဲ့မိတယ်။ အသွား အပြန် မိနစ် ၄၀ ခရီးကို လမ်းလျှောက်ရတယ်။ လေ အရမ်းတိုက်လို့ စိမ့်နေအောင် အေးတယ်။ ပြန်ရောက်ပြီး ခဏတဖြုတ်နား၊ ညစာစားဖို့ပြင် ... ဦးရီးတော်နဲ့ အတူစား၊ ဦးရီးတော် နောက်တနေ့ ထမင်းဘူး ထည့်ပေးဖို့ ထမင်းကြော်နေတုန်း ကိုယ်လက်တွေ မအီမသာ ဖြစ်လာတယ်။ အားလုံးပြီးလို့ ပန်းကန်ခွက်ယောက်တွေ ဆေးကြောနေရင်း လူက ချမ်းစိမ့်စိမ့်၊ ခေါင်းထဲ ကကိုက်သလို အဆစ်အမြစ်တွေ ကိုက်သလို ... နေလို့မကောင်းတော့ဘူး။ မျက်လုံးတွေ ပူလာတယ်။ နှာခေါင်းတွေ ပိတ်လာတယ်။ မဖျားပါစေနဲ့ ... ဖျားမှာ ကြောက်တယ်။ ဖျားရင် တယောက်ထဲ ... သြော် ... ဟုတ်ပါတယ် ဦးရီးတော်က ဆရာဝန်ပါပဲ။ ဒါပေမဲ့ ဖျားရင်တော့ တကယ်ပဲ တယောက်ထဲ မဟုတ်လား။

အိပ်ရာထဲ အမြန်ဝင်ပြီး စောင်ခြုံရင်း စိတ်ပြောင်းသွားအောင် ဒေါင်းလုတ်ယူထားတဲ့ စာတအုပ်ဖတ်တယ် .... စာလုံးတွေက နီးသွားလိုက် ... ဝေးသွားလိုက် ... တနာရီ ... နှစ်နာရီ ... မသက်သာပါဘူး။ ပထမပိုင်းအပြီး ခဏနားတယ်၊ မျက်လုံးလဲ မခံနိုင်တော့ ခေါင်းလဲ မခံနိုင်တော့ဘူး။ ခေါင်းထဲမှာ တူနဲ့ထုနေသလို ... ဆေးကလဲ အနားမှာမရှိဘူး။ ဘယ်မှာရှိလဲ ဆိုတာလဲ မသိဘူး။ ကိုယ့်ဘာသာ သောက်နေကျ ဆေးက ကုန်နေပြီ။ ဦးရီးတော်ကိုလဲ နေမကောင်းတာ မပြောချင်။ .............. မျက်ရည်ပူတွေ ကျလာတယ်၊ နှာခေါင်းပိတ်နေလို့ အသက်ကို ပါးစပ်ကနေ ရှူနေရတယ်၊ အာခေါင်တွေ ခြောက်တယ်၊ ရေက အနားမှာမရှိဘူး။ ရင်ပူလာတယ် ... လျှာတွေ ထူလာတယ်၊ ဘာလုပ်ရမလဲ။ ကုန်သွားတဲ့ လိမ္မော်ရောင် ပီကေခွံလေးက လက်တကမ်းမှာ ... ရနံ့ချိုချိုလေး မွှေးနေတုန်းပဲ။ ဒါပေမဲ့ အခွံသက်သက် ... ။

အပြာရောင်ဖုန်းလေးထဲမှာ ... "ဖျားနေပြီ "... လို့ စာလုံးလေး ၃ လုံး ရိုက်ထည့်လိုက်တယ်။ ဘယ်သူ့ကိုပြောဖို့လဲ ... ဘယ်သူ့ဆီ ပို့ရမှာလဲ ... ပို့ရင်ရော ... အကြောင်းထူးမှာလား ... မသိပါဘူး ... တကယ်ပဲ မသိပါဘူး။ မသိရက်နဲ့ ခလုတ်အစိမ်းလေးကို နှိပ်လိုက်မိတယ်။ တခါတလေတော့လဲ လစ်လျူရှုခံရတာ ခါးတယ်။ မျက်ရည်တွေက ပူတယ်၊ ခဏနေတော့ အေးတယ်၊ ဘေးစောင်း အိပ်နေတော့ ပါးပေါ်မစီးဘူး၊ မျက်လုံးထောင့်စွန်းကနေ ခေါင်းအုံးထဲ စိမ့်ဝင်သွားတယ်။ လက်တော့ပ်ပေါ်က ခလုတ်တွေကို လက်နဲ့စမ်းပြီး ဒီစာကို ရိုက်တယ်၊ မျက်စိကို လိုအပ်မှ ဖွင့်ကြည့်တယ်။ မျက်စိတွေက ဝေ နေတယ် ၀ါး နေတယ်။ စိတ်တွေက ထွေနေတယ် ပြားနေတယ် ။ ဝေေ၀၀ါးဝါး ထွေထွေပြားပြားနဲ့ တယောက်ထဲ အခန်းကျဉ်းလေးထဲမှာ ... ။

ဖျားပြီဆိုတိုင်း ငယ်ငယ်က ရေးခဲ့တဲ့ ကဗျာ တပုဒ်ကို သတိရမိတယ်။ ငယ်ငယ်က ... ဟုတ်တယ် ... ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ... ။ ညတညပေါ့။ ပြန်တွေးကြည့်ရင်တော့ မနေ့တနေ့ကလိုပဲ။ အဲဒီညကလဲ ဖျားတယ်။

ဖျားတဲ့ညမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာကို ဖျားတဲ့ညမှာ ပြန်တွေးမိတယ်။ သိပ်မမှတ်မိတော့လို့ ပြန်ရွတ်ကြည့် ... တခေါက် ... နှစ်ခေါက် ... တိုတိုလေးပါ ... တဖြည်းဖြည်း မှတ်မိလာတယ်။ ပြန်မမေ့ခင် အမြန်ချရေးလိုက်တယ်။ အပေါ်ဆုံးက ကဗျာလေးပေါ့။ ငယ်တုန်းက ရေးခဲ့တာမို့ ရယ်စရာကောင်းနေမလား ... မသိ။ ကိုယ်တိုင်တော့ မရယ်နိုင်၊ ပါးစပ်ဟပြီး အသက်ကို ရှူနေရတယ်။ ဖျားရတာ .......... မောတယ်။

အနှစ် ၂၀ က ဖျားတဲ့ည နဲ့ အခု ဖျားတဲ့ည ဘာကွာလဲ ... တွေးကြည့်တော့ အနီးအဝေး ကွာနေတယ်။ လက်ရှိ လက်မဲ့ ကွာနေတယ် ... ။ ဟုတ်တယ် ... ချစ်ခင်သူတွေနဲ့ အဝေးမှာ နွေးထွေးတဲ့ မေတ္တာတရားတွေ ကင်းမဲ့လို့ ... ဒီည ... ကျမ ဖျားနေတယ်။
***
MDW
26.01.2011
22:59

30 comments:

အိမ့်ချမ်းမြေ့ said...

မမေ..

အဲ့ဒါဘဲလေ..
နိုင်ငံဂျားမှာ ဖျားရင် တစ်ယောက်တည်းအထီးကျန်လုံးလီးဖြစ်ရတာ..
ပြောရင်းနဲ့ ..ကိုယ့်ကိုကိုယ်တောင် စိတ်တိုရသည်..ဟိ။

မလေးလည်း ခုတစ်လော ကိုယ်လက်မအီမသာဖြစ်၊ ဟိုညက သံပုရာသီး တစ်လုံးကို ကျောခုံးအောက်ဖိအိပ်၊ တစ်ညလုံး ကိုက်ခဲနေမကောင်း အိပ်က မရတာနဲ့ ထထိုင်ပြီး
ဟိုဖိတ်စာတင်မိတာ..

မမေက ဖျားရင် ချစ်စရာ ကဗျာထွက်သေးတယ်..

မလေးနေမကောင်းရင် ငါးကြင်းဆီနှင့်ကြော်သော မင်္ဂလာဖိတ်စာမျိုးတွေ ထွက်တော့ တာပါပဲ..

မကြာခင် အမြန်နေကောင်းပါစေနော်...

Anonymous said...

ခဏခဏဖျားတာ... ခည်းမ လိုနေလို့..အမ။

နေကောင်းအောင်နေပါ..နွေးနွေးထွေးထွေးနေပါ..ခွေးကျောင်းသူကြီး..အဲ..ခွေးထိန်းသူကြီး ..အဲ့နေ့ကဖျားသွားတာမဟုတ်လား..ဟင်..။

ဆေးသောက်ပီးနှပ်ပါ။
ကျနော်တို့များနှပ်ချင်တိုင်းမနှပ်ရဘူး..အမရာ..

ညီမ

Anonymous said...

What a coincident, MaMayDarWii, that my first comment to your blog unfortunately found you under the weather literally! No more snow yet it has been still cold , damp and windy; perfect conditions for cold and flu. And going out without headwear and proper wrapping up is a recipe for disaster! Drink lots of fluid (water), take paracetamol (2 tablets 500mg every 4 hours) and rest in bed is most doctors’ instruction. I would add to listen to your selected sayadaws’ ‘paritta'(11 suttas) chanting while having some Yoedayar spicy noodle soup also helps. Wishing you for the fast recovery.
As for your poem, well, what can I say? You are one of a very few prolific writers on blogs and always deliver the quality stuff. Thanks.

Soe Mya Nandar Thet Lwin (Borros Roxo) said...

I'm here with you, You are not alone, Though you're far away. :))

Please look after yourself. Get well soon.

with BIG Hugs!!!

Nandar

ချစ်ကြည်အေး said...

ညီမမေ....ဖျားနေတယ်...လား၊ ဂရုစိုက်ပါ။ ဆေးခန်းသွားသင့်ရင် သွား၊ အစာ ပျော့ပျော့စား...နားလိုက် နော်....

Anonymous said...

ကြီးမေ
ဓါတ်ကြီးလေးပါး ဖောက်ပြန်ငြားက
ဤခန္ဓာပေါ် မနားမရပ် ခြားမပြတ်
ရှုမှတ်ပွားများ
တိုးပွားဥာဏ်စဉ် နိဗ္ဗာန်ခွင် ပြေးဝင် ဆိုက်ရောက်
ပေါ်ရိုး ဆင်းရဲ လွှမ်းမိုးပယ်ပါ
လမ်းဆုံးမရောက် တောက်လျှောက်ရှုပွားပါလေ။

တစ်ယောက်ထဲ လျှောက်လည်းမတွေးနဲ့
(မ)မေဓါလည်း လျှောက်လို့တွေးတော့
ဂယောက်ဂယက် ဖြစ်တတ်သည်။
တစ်ယောက်ထဲ အားစိုက်ရှုမှတ်
မေဓါရှုတော့ စိတ်ငြိမ်းအေးသည်။

ခင်မင်တဲ့
seesein

mi mi said...

Hope you will feel much better when you wake up in the morning. I can totally understand how much it sucks to be alone and not well..

Please be strong and you will be alright very soon....

သိင်္ဂါကျော် said...

take care...

နေ၀သန် said...

ကောင်းကောင်းအနားယူနော်..ပို့စ်မတင်နဲ့..း)))


ခင်မင်လျက်
နေ၀သန်

မိုးယံ said...

မြန်မြန် နေကောင်းလာပါစေ

Anonymous said...

:D ကျွန်တော်လဲ ဖျားနေတယ်။ ကံကောင်းတာက ဘေးမှာ အမေရှိတယ်။ :P
ကလေးတုန်းက ရေးပေမယ့် ကလေးမဆန် ပါဘူး။ ရယ်စရာလဲ မကောင်းပါဘူးဗျာ။ ကဗျာလေးက လှကလှနဲ့ ကောင်းပါတယ်။ မျက်စိထဲကို ဖျားနေတဲ့ပုံ အကွက်လိုက် အကွင်းလိုက် မြင်ရတယ်။

Anonymous said...

ဖျားတဲ့ည ဆိုလို့ အောင်ရင့်သီချင်းကို သွားသတိရမိနေတယ်။ ချစ်တဲ့ မိသားစုနဲ့အဝေးမှာ ဖျားနာရရင် ပိုအားငယ်ရတာ ကိုယ်ချင်းစာတယ် အမရေ။ မြန်မြန်နေကောင်းပါစေ နော်။ ဥုံဖွး)

Anonymous said...

wishing you getting better soon both physically and mentally... :)

yours friend

မေဓာဝီ said...

အိပ်ရာက နိုးလာတော့ ကွန်မန့်လေးတွေ မြင်ရတာ တ၀က်လောက် သက်သာသွားသလိုပါပဲ။
ဆုတောင်းပေးကြသူများ အားပေးကြသူများ အကြံဉာဏ်ပေးကြသူများ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

ညီလင်းသစ် said...

ဒီရာသီက တုပ်ကွေးရာသီဆိုတော့ တော်တော်များများ ဖျားနေကြတယ်..၊ ခံရခက်တာတော့ အမှန်ပါပဲ..၊

ဒါပေမယ့် ဖျားတာဟာလည်း လူပီသခြင်း တရပ်ပါပဲ၊ အမြန်ဆုံး နေကောင်းပါစေဗျာ....။

SHWE ZIN U said...

အမြန်နေကောင်းပါစေကြောင်းဆုတောင်းပါတယ် မမေ ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင် said...

နေမကောင်းဖြစ်တဲ့ အချိန်မှာ အကောင်းဆုံးက
Mr.Bean ဇာတ်လမ်းတွဲတွေ ကြည့်တာ ကောင်း
မယ်ထင်တယ်ဗျ၊ ကြည့်လို့ မနိုင်ရင်လည်း
ဟာသဇာတ်လမ်း အသံတွေကို နားထောင်သင့်
တယ်၊ အထီးကျန်ဆန်တာ မဟုတ်ပါဘူးဗျာ၊
တစ်သီးပုဂ္ဂလဆန်စွာ နေတတ်တဲ့
လူ့အဖွဲ့အစည်းထဲ ရောက်နေတာ ဖြစ်မှာပါ၊
မြန်မြန်နေကောင်းပါစေ မမေဓါဝီ။

sosegado said...

လွန်ခဲ့သော အနှစ်၂၀ က ကဗျာကို ပြန်မှတ်မိတာ တော်တော်တော်တာပဲ၊
တစ်ယောက်ထဲ သူစိမ်းတွေကြားဖျားတုန်းက သီချင်းတွေနားထောင်လိုက်အိပ်လိုက်နဲ့ အဖျားကြအောင် စောင့်ခဲ့ဖူးတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တိုက်ဆိုင်လိုက်တာ
ဒီမှာလည်း နေမကောင်းဖြစ်ပြီး ခေါင်းကိုက်တာ ခေါင်းကို မထူနိုင်ဘူး
ခုမှ နည်းနည်းသက်သာလို့ စာလိုက်ဖတ်တော့ မမေ နေမကောင်းတာ သိရတယ်..
တစ်ယောက်တည်း ရှိတဲ့ခါ ဖျားရင် သိပ်အားငယ်တာဘဲ။
အိမ်ကိုပြေးပြီး ပြန်ချင်တယ်..
မိဘတွေစိတ်ပူမှာ စိုးလို့သာ ဘာမှ မပြောတာ။
သိရင်တော့ သူတို့လည်း ပြေးလာချင်ကြမှာပါဘဲလေ။
မမေ အမြန်နေကောင်းသက်သာပါစေနော်.
အားမငယ်နဲ့ ဘလော့ပေါ်က မိတ်ဆွေတွေ အများကြီးပါ။
မမေအတွက် ဆုတောင်းပေးနေကြပါတယ်နော်။

လရိပ်အိမ် said...

နေမြန်မြန်ကောင်းပါစေ
ကဗျာလေးကြိုက်တယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကရေးခဲ့သလို ခုလဲ ဖျားတဲ့ည ကို ကဗျာ အသစ်ထပ်ရေးပါ။

သားသားသန့် said...

မမမေမေ
သားသားဆုတောင်းပေးနေပါတယ်..
အားမငယ်ပါနဲ့ အမြန်နေကောင်းမှာပါ...
ဒီလိုပါပဲ ဘ၀ဆိုတာ....
ဟူးးးးးးးးးးးးးး........
သားလဲစာဆက်ရိုက်ဖို့ အားမရှိတော့
လို့ ဒီလောက်ပဲနော်....:(

သစ်နက်ဆူး said...

ညီမမေ..
ကဗျာလေးက ငယ်တုန်းကဆိုပေမယ့်
ကောင်းတာဘဲ..။
ကျနော်တော့ အကြံတခုရသွားပြီ။
ကိုယ်ဖျားလို့  ဆရာဝန်ဆီသွားရင်..
သူမေးတဲ့ အခါ..ဘာမှ ပြောပြမနေတော့ဘူး..
ညီမမေ ကဗျာလေးထုတ်ပေးလိုက်မှာ...
ကဗျာဖတ်ပြီးရင်တော့ ဆရာဝန်သဘောပေါက်ပေါ့...ဟုတ်း)
စကားမစပ်..
ကျနော်ငယ်တုန်းက နေမကောင်းဖြစ်ပြီး အိပ်ယာထဲမှာတစ်ယောက်ထဲနေရရင်
ဆရာမကြည်အေးရဲ့ ကဗျာလေးက အလိုလိုခေါင်းထဲရောက်လာတာ..။

ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ယာတွေလဲ ကြေမွတွန့် လိပ်
သိတ်စိတ်ညစ်တယ်....။

မြစ်ကျိုးအင်း said...

နေမကောင်းရင် အားငယ်တတ်ကြတာ သဘာဝတခုလိုဖြစ်နေပေမယ့် အားငယ်နေရုံနဲ့ သက်သာမှာမှ မဟုတ်တာ။ ပိုပြီးလက်တွေ့ကျတဲ့ ထိရောက်တဲ့ ဆေးဝါး သောက်ပြီး နွေးနွေးထွေးထွေး အနားယူပါ။
မကြာခင် သက်သာပျောက်ကင်းသွားလိမ့်မယ်။
အားမငယ်နဲ့နော်။ မမြင်ရတဲ့ ခင်မင်သူတွေ ရှိတယ်လေ။

pandora said...

"အပြာရောင်ဖုန်းလေးထဲမှာ ... "ဖျားနေပြီ "... လို့ စာလုံးလေး ၃ လုံး ရိုက်ထည့်လိုက်တယ်။ ဘယ်သူ့ကိုပြောဖို့လဲ ... ဘယ်သူ့ဆီ ပို့ရမှာလဲ ... ပို့ရင်ရော ... အကြောင်းထူးမှာလား ... မသိပါဘူး ... တကယ်ပဲ မသိပါဘူး။ ......."

အဝေးရောက်နေချိန် တစ်ယောက်တည်း နေထိုင်မကောင်း ဖြစ်တဲ့အခါ ခံစားရတဲ့ ခံစားချက်ကို တကယ်ပဲ ကိုယ်ချင်းစာမိပါတယ် မမေ ရေ..။
အားတင်းပြီး အခုလို အင်တာနက်ဝင် စာလေးတစ်လုံးနှစ်လုံးတင်လိုက်ပါ။ မမေကို ချစ်ခင်သူတွေ ရဲ့နွေးထွေးတဲ့ အားပေးမှုရှိနေပါတယ်။

Anonymous said...

May
Take care.U r not alone,among ur blogger bros n sis (blog reader like me 2).Get well soon.
with mitta
Gyidaw

Anonymous said...

ဘလော့ရှင်လေး မမေ... မြန်မြန် နေကောင်းလာပါစေလို့ အဝေးက ဆုတောင်းနေပါတယ်...

မိုးစက်

ညိမ်းနိုင် said...

ပုံမှန်အချိန်တွေမှာထက် ဖျားနေချိန်မှာ အရမ်းအထီးကျန်
တယ်...။ကျွန်တော်ဆို မြန်မာပြည်မှာကတည်းက၊ငယ်
ငယ်ကတည်းက ဖျားပြီဆို အထီးကျန်ခံစားမှုတွေ ဝင်လာ
ရော....။ကိုယ်ချင်းစာပါတယ်...။အဝေးကနေ အားပေး၊
ခင်မင်နေသူတွေရှိပါတယ်...။အမြန်ဆုံးသက်သာပျောက်
ကင်းပါစေ.....။

Anonymous said...

ကျမ်းမာရေးဂရုစိုက် ။ အသက်က ငယ်တော့တာ မဟုတ်ဘူး။ :P

ကလူသစ်

nYi ThU E@in said...

စိတ်ဖျားဖျားရင် >>>?

သူကြီးမင်း (တုံးဖလား) said...

အခုလောက်ဆိုရင်တော့ အဖျားပျောက်လောက်ပြီ ထင်ပါရဲ့။ မပျောက်သေးရင်လဲ ပျောက်ပါစေ။

အဖျားပျောက်စေခြင်းအကျိုးငှါ လက်ဆောင်ကဗျာလေး ပေးလိုက်သည်။

မူးဝေမောဟိုက်
လှိုက်ကနဲဖြစ်
တစ်လှစ်လှစ်ဆာ
ဟာတာတာမို့
ရှိတာမျိုချ
စားတဲ့ည။

နှစ်လွန်စားစာ
ဖြစ်သော်ပါလဲ
ဝမ်းထဲပူလောင်
အာခေါင်ခြောက်ကပ်
ဗိုက်ချပ်ချပ်မို့
ငတ်ငတ် မျိုချ
စားတဲ့ည။းဝ

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)