Tuesday, January 04, 2011

လွတ်လပ်ခြင်းမှ ... လွတ်မြောက်ခြင်းသို့ ...

(၁) စိတ်ကူး


ကောင်းကင်ယံထက်
ပျံသန်းနေတဲ့ ငှက်ငယ်ကို
လွတ်လပ်တယ် ဆိုမလား … ။

ရေပြင်တလွှား
ကူးခတ်ပျော်ပါး ရွှေငါးတွေ
လွတ်လပ်နေတာလား … ။ 


လမ်းပေါ်မှာလျှောက်ပြေး

ကလေးလေးတွေဘဝ
လွတ်လပ်နေကြသလား … ။ 
*** 
(၂) လက်တွေ့


 မာယာကို မမြင်
အစာကို မင်တော့
မုဆိုးရဲ့ ကျော့ကွင်း
သက်ဆင်းမိပြန်ခဲ့
အိုဘယ့် ငှက်သူငယ် … ။

မှန်အိမ်ကို တန်ဆာဆင်
ပင်လယ်ပြင်ပမာထင်လျက်
ကူးခတ်ရင်း ပျော်ပါး
ကျွေးသမျှစား ထားသလိုနေ
အချိန်တန်တော့ သေခဲ့
အိုဘယ့် ရွှေငါးငယ် …. ။


အပြေးမတတ်လို့ ထမင်းငတ်တဲ့အခါ
မတ်တပ်ရပ်ကာ လမ်းမှာငိုရှိုက်
အမေက မရိုက်ပေမဲ့
လောကရဲ့ ရိုက်တဲ့ဒဏ်
ကြံ့ကြံ့ခံနိုင်ပါ့မလား …
အို … ကလေးများရယ် … ။

 ***
(၃) အတွေး
လွတ်လပ်ခြင်း အစစ်
ဘယ်လိုမှ ဖြစ်မှာလဲ???

လွတ်လပ်သူ ဆိုသည်များ
ဘယ်သူတွေများလဲ???

လွတ်လပ်သည့်အရေး …
ဘယ်သူက ပေးမှာလဲ???
ရှာဖွေရင်း ပျောက်ဆုံး
ဘ၀နိဂုံးချုပ်လုချိန်ထိ
လွတ်လပ်သည့်အရသာ
“ငါ” ကိုယ်တိုင် မသိခဲ့ …
ဒီလိုနဲ့ … ... ... ... ...
***
(၄) အမြင် 

လွတ်လပ်ခြင်းရဲ့ နောက်ကွယ်
အန္တရာယ်တွေမြင်ခဲ့။

လွတ်လပ်မှု အတုအယောင်
ဟန်ဆောင်မှုတွေ တွေ့ခဲ့။

လွတ်လပ်ပါလျက်နဲ့
လက်လွတ်နေခဲ့ရ
အပြစ်မဲ့ ဘ၀များ
မြင်ပါများတဲ့အခါ
လွတ်လပ်ခြင်းကို မရှာလိုတော့ … ။
***
(၅) တောင်းဆု 

မရေရာတဲ့ လေဟာနယ်ထဲ
ပျံသန်းဆဲ အတောင်ကျိုး
ငှက်မျိုးလည်း မဖြစ်လို။

ဝဲသြဃ ဂယက်ထဲမှာ
လူးလာကူးခတ် ရုန်းထွက်မရ
ငါးဘ၀ မရောက်လို။

လောကဓံကြောင့်
လောက-ဒဏ် ခံစား
လူသားလည်း မဖြစ်လို။

အို … ရှင်တော်ဗုဒ္ဓ
သံသရာ ၀ဋ်ဒုက္ခမှ
လွတ်မြောက်ပါစေကြောင်း
ဆုမွန်တောင်းလျက်
ကောင်းသည့်အလုပ်
ဟုတ်သည့်အကြံ
မှန်သည့်တရား
သစ္စာလေးပါးကို
နားလည်အောင် ကြိုးကုတ်
အားထုတ်နိုင်ရပါစေသား
ရှင်တော် မြတ်ဘုရား … ။ … ။
 ***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၀၉
၂၂း၁၀ နာရီ
(လွန်ခဲ့တဲ့ ၂ နှစ် လွတ်လပ်ရေးနေ့က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ၊ တနေရာမှာ တင်ခဲ့ဖူးပေမဲ့ ဘလော့မှာ မတင်ရသေးလို့ ပြန်တင်လိုက်ပါတယ်။ ဖတ်ဖူးသူများအတွက် အဟောင်း ... မဖတ်ရသေးသူများအတွက်တော့ အသစ်ပေါ့။)

13 comments:

rose said...

အစ်မမေဓာဝီရဲ့ ကဗျာလေး လာဖတ်ပါတယ်။ ကြိုက်၏။ ဒီ အပိုဒ်လေးကို အနှစ်သက်ဆုံး "လောကဓံကြောင့်
လောက-ဒဏ် ခံစား
လူသားလည်း မဖြစ်လို"

ရို့စ်လည်း အဲဒီလို အမြဲ တွေးတတ်တယ်။ ဘာမှကို မဖြစ်ချင်ဘူး။ နတ္ထိ။ အချို့က ပြောကြတယ် လိပ်ပြာလေး ဖြစ်ချင်တယ်၊ ငှက်ကလေး ဖြစ်ချင်တယ် စသဖြင့်ပေါ့။ ကိုယ်ကတော့ ဘာကို ဘာမှကို မဖြစ်ချင်တာ။ လွတ်မြောက်ချင်တယ်။ လူလည်း မဖြစ်ချင်ဘူး။ ရို့စ် စိတ်ကူး အတွေးတွေနဲ့ တထပ်တည်းမို့ နှစ်သက်မိတယ်။

မောင်မျိုး said...

အတွေးတွေ အများကြီးပေးတဲ့ ကဗျာလေးပဲ ။

လွတ်လပ်တယ်ဆိုတာ ချိုသလား ငန်သလား တစ်ခါလောက်တော့ မိသားစု စုံညီ ထမင်းလက်စုံစားသလို မြည်းစမ်းကြည့်ချင်စမ်းပါဘိဗျာ။

သားသားသန့် said...

အရင်ဆုံးလာဖတ်ပြီး..အရင်ဆုံးကွန်းမန့်
ရေးသွားပါတယ် မမမေရေ...
သဘောကျပါတယ်...မဖတ်ဖူးတော့
သားသားအတွက်အသစ်ပါပဲ...
(အပြေးမတတ်လို့ ထမင်းငတ်တဲ့အခါ
မတ်တပ်ရပ်ကာ လမ်းမှာငိုရှိုက်
အမေက မရိုက်ပေမဲ့
လောကရဲ့ ရိုက်တဲ့ဒဏ်
ကြံ့ကြံ့ခံနိုင်ပါ့မလား …
အို … ကလေးများရယ် … ။)
ဆိုတာကိုအကြိုက်ဆုံးပါပဲ..
ရင်ထဲထိ နင့်ခနဲနေအောင်
ခံစားစေနိုင်တဲ့အရေးအသားပါပဲ...
အားပေးလျှက်
မမမေမေရဲ့ သားသားသန့်

SHWE ZIN U said...

လွတ်လပ်ရေး နေ့ ကို မေ့နေလို့ မမေဓါ ရေ
တူသွားပြီ တူသွားပြီ တနေရာတော့


မမေ ကဗျာထဲက လို လွတ်မြောက်ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

လွတ်လပ်ရေးဆိုတာ ဘယ်လို ရှင်းပြရမလဲဆိုတဲ့
အခြေအနေကို ရောက်နေတယ်လို့ ထင်တာပဲ၊
မမေဓါဝီရဲ့ ကဗျာက အတွေး ကောင်းပါတယ်။

သားသားသန့် said...

အရင်ဆုံးထင်တာ သားသားရှေ့မှာ၂ယောက်တောင်..
:(((((((
delete လုပ်ခိုင်းလိုက်ရမကောင်းဖြစ်တော့မယ်..
:P..
ဝမ်းနည်းသွားပြီ အရင်ဆုံးမဟုတ်လို့..
မမမေရဲ့သားသားသန့်

မောင်လေး said...

လူသားဘဝကို ခုထိ မြတ်နိုးတွယ်တာလို့ကောင်းဆဲဗျ..။
မမေဓာဝီ လွတ်မြောက်ပါစေကြောင်း....

ချော(အစိမ်းရောင်လွင်ပြင်) said...

လွတ်လပ်ခြင်းရဲ့ အဓိပ္ပါယ်ဖွင့် ဆိုပုံလေးကြိုက်တယ်.. စစ်မှန်တဲ့လွတ်လပ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိသလိုလိုနဲ့ မမေရဲ့ ကဗျာလေးဖတ်တော့မှ ဆိုလိုရင်းကို သဘောပေါက်မိတယ်.. ကဗျာလေးက တကယ်ကို ကောင်းတယ်.. အဓိပ္ပါယ်တွေ ပြည့်ဝလေးနက်နေတဲ့ ကဗျာလေးပါဘဲ။

အင်္ဂါဟူး said...

ကဗျာသစ်လေးဖတ်သွားတယ်..

သံသရာဝဲသြဃမှ အမြန်ဆုံးလွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်ပါစေခင်ဗျာ.

Anonymous said...

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်
သံသရာက လွတ်မြောက်ဖို့
မှန်မှန်ကျင့်ကြံနိုင်ပါစေလို့
ထပ်လောင်းဆုတောင်းပေးသွားပါသည်
ခင်မင်စွာဖြင့်
seesein

TNS said...

ညီမရေ
ကဗျာရဲ့ နောက်ဆုံးပိုဒ်...ဖြစ်တဲ့ 

အို … ရှင်တော်ဗုဒ္ဓ
သံသရာ ၀ဋ်ဒုက္ခမှ
လွတ်မြောက်ပါစေကြောင်း
ဆုမွန်တောင်းလျက်
ကောင်းသည့်အလုပ်
ဟုတ်သည့်အကြံ
မှန်သည့်တရား
သစ္စာလေးပါးကို
နားလည်အောင် ကြိုးကုတ်
အားထုတ်နိုင်ရပါစေသား
ရှင်တော် မြတ်ဘုရား … ။ … ။ ဆိုတဲ့ 
အဲဒီကဗျာစာသားလေးကြောင့်..
ကိုယ့်ထက်ငယ်ပေမယ့်
လေးစားစိတ်ဖြစ်မိပါတယ်လို့ ပြောပါရစေ..။

ကိုကိုမောင်(ပန်းရနံ့) said...

မအားမလပ်၊ အနားကပ်ပြီး၊ ထပ်ထပ်ကာမေး၊ လွတ်လပ်ရေးသည်၊ ဘယ်ဆီစွဲ၍ဖြစ်သနည်း။

မအားမလပ်၊ အနားကပ်ပြီး၊ ထပ်ထပ်ကာတွေး၊ လွတ်လပ်ရေးသည်၊ ကိုယ့်ဆီစွဲ၍ဖြစ်သတည်း။

ကိလေသာမြူ၊ ထိုအပူကို၊ ယူကာငြိမ်းပေး၊ လွတ်လပ်ရေးကို၊ ဘယ်လိုရှာ၍ ရမည်နည်း။

ကိလေသာမြူ၊ ထိုအပူကို၊ ယူကာငြိမ်းပေး၊ လွတ်လပ်ရေးကို၊ ကိုယ်မှာရှာ၍ ရသတည်း။

လန်ဒန်ကိုလာ၊ ဖော်သဟာနှင့်၊ မေဓာရှင်မ၊
ပျိုအလှသည်၊ ဘ၀ငြိမ်းအေး၊ လွတ်လပ်ရေးတွက်၊
ခရီးဆက်ဖို့လာသလော။ ?????


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

သံသရာက မလွတ်ခင် ကိုယ့်နိင်ငံ လွတ်လပ်တာ အနှောင်အဖွဲ့ကင်းတာ တန်းတူရည်တူရှိတာတွေကို မြင်သွားချင်သေးတယ်။