Sunday, January 09, 2011

လွတ်လပ်ရေး ခရီး

လန်ဒန်က မောင်ဝမ်းကွဲတွေ လာခေါ်လို့ ၄-ရက်နေ့ (လွတ်လပ်ရေးနေ့) နေ့လည်ခင်းမှာ မေဓာဝီတယောက် ဦးရီးတော်ကို ထားခဲ့ပြီး လွတ်လွတ်လပ်လပ်ကြီး ခရီးထွက်ခဲ့တယ်။ လူကြီးသူမတွေ မပါဘဲ သွားရတဲ့ခရီးက အင်မတန် ပျော်စရာကောင်းတာကလား။ တားမယ့်သူမပါ၊ ဟန့်မယ့်သူမရှိ၊ သတိအနေအထားကြီးနဲ့ နေနေရတဲ့ အခြေအနေက ခဏတဖြုတ် လွတ်လပ်ရေး ရခဲ့တဲ့ ခရီးတခုမို့ လွတ်လပ်ရေး ခရီးလို့ ခေါင်းစဉ်တပ်လိုက်တာပါ။ မောင်ဝမ်းကွဲဆိုတာကလဲ အသက်အားဖြင့် လပိုင်းလောက်သာ ကွာပြီး ငယ်ငယ်ကတည်းက အတူ ကစားဖော်၊ တက္ကသိုလ်ရောက်တော့လဲ မေဂျာတူ၊ ကျူရှင်တူမို့ တွေ့တုန်းတွေ့ခိုက် စကားလက်ဆုံ ပြောမကုန်ကြဘူး။

ကျမက ဂရင်းနစ်ခ်ျ (Greenwich) ကို သွားချင်တယ် ပြောထားဖူးလို့ နောက်တနေ့မှာ မနက်စာ စားပြီးတာနဲ့ လိုက်ပို့ပေးကြတယ်။ ရာသီဥတု အခြေအနေကတော့ မိုးတဖွဲဖွဲ ကျလို့ပါပဲ။ မိုးလေကင်းစင်ချိန်ကို စောင့်ရင် သွားရတော့မှာ မဟုတ်လို့ မိုးဖွဲတွေကြားမှာပဲ လန်ဒန်မြို့ရဲ့ အရှေ့တောင်ဘက်က ဂရင်းနစ်ဒေသကို ရောက်ခဲ့တယ်။


မှိုင်းမှုန်ပြာဝေ၊ ဂရင်းနစ်မြေ ...
အရင်ဆုံး Royal Observatory Greenwich ဆိုတဲ့ နက္ခတ်တာရာ ပြခန်းလေးထဲ ၀င်ကြည့်ကြတယ်။


နက္ခတ်တာရာ၊ ဂြိုလ်ကမ္ဘာကြား၊ ထိုလူသားလျှင်၊ အမှုန်အမွှားမျှသာပင် ...

နှစ်ပေါင်း ၄၅၀၀ သန်း သက်တမ်းရှိတဲ့ ကျောက်တုံး။ (ကျောက်တော့ မဟုတ်ပါဘူး သံလိုပဲ တော်တော်မာတယ်)

နှစ်ပေါင်းများစွာ၊ သက်ရှည်ကြာလဲ၊ သေချာထိမ်းသိမ်းထားကြသည်...

0 နာရီ 0 မိနစ် 0 စက္ကန့် စတဲ့ နေရာ။ အဲဒီမျဉ်းကြောင်းကြီးပေါ့။ ရန်ကုန် ပါတဲ့နေရာကို သေချာ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ မရဘူး ကိုယ့်ဒေသမှ ကိုယ်ပဲ၊ ဒေသစွဲက ခပ်ကြီးကြီးရယ်။


နာရီအစ၊ သုညသတ်မှတ်၊ ထိုမျဉ်းဖြတ်ရာ ...

မိုးရွာနေတာတောင် လူတွေရှုပ်နေလို့ ဓာတ်ပုံကို မနည်း လုပြီး ရိုက်ခဲ့ရတယ်။

ရိုက်မယ်ပြင်ထား၊ ကားရားခွရပ်၊ ထိုမျဉ်းဖြတ်ကို ...

မိုးရွာနေလို့ Greenwich park ကို လမ်းလျှောက် မဖြတ်ခဲ့တော့ဘူး။ အဆောက်အဦလေးကို နှုတ်ဆက်ပြီး ကားနဲ့ပဲ ပတ်ခဲ့တော့တယ်။ ဗိုက်ကလဲ ဆာနေပြီလေ။

ဝမ်းဗိုက်ရယ်ဆာ၊ ဟာတာတာမို့၊ တာ့တာလုပ်၍ ပြန်ခဲ့သည် ...
***
ဗြိတိသျှပြတိုက်ကိုအသွား လမ်းမှာ လန်ဒန်တက္ကသိုလ်ကို ဖြတ်တော့ SOAS ကျောင်းဆောင်ကို တွေ့တယ်၊ မြန်မာပြည်က နာမည်ကြီး ပုဂ္ဂိုလ်တွေ တက်တဲ့ ကျောင်းမို့ အမှတ်တရ ဓာတ်ပုံ ရိုက်လိုက်တာ ဘယ်သူလဲ မသိဘူး စပ်ဖြီးဖြီးနဲ့ ရှေ့မှာ လာရပ်လို့ ပါသွားရော ... တတ်နိုင်ဘူး။ :)


လန်ဒန်ကျောင်းတော်၊ လှမ်းမျှော်၍ငေး၊ ခပ်ဝေးဝေးက ...
***
ရောက်ပါပြီ ဗြိတိသျှ ပြတိုက်။ ကြီးကျယ်ပါဘိ၊ ခမ်းနားပါဘိ၊ ၀င်ရောက် လေ့လာသူတွေလဲ ပေါများပါဘိ။
ပြတိုက်ပြခန်း၊ အံ့မခန်းပ၊ ဗြိတိသျှတို့ ထိမ်းသိမ်းသည် ...

များလွန်းလို့ စုံအောင် မကြည့်နိုင်ပါဘူး။ ခြေဦးတည့်ရာ လျှောက်ကြည့်ဖြစ်တယ်။ ဒါက မံမီတွေ ... ကြည့်လို့တော့ အလှသားပဲ။


နှစ်ပေါင်းကြာရှည်၊ ဆေးစီရင်ထား၊ မံမီများလည်း၊ လူများအလယ်၊ သနားဖွယ် ...
***
ဗြိတိသျှ ပြတိုက်ထဲမှာ စမ္ပါယ်နေရရှာတဲ့ မြန်မာပြည်က ဗုဒ္ဓ။


မြတ်စွာဗုဒ္ဓ၊ မြန်ပြည်မှခွဲ၊ ပြတိုက်ထဲမှာ၊ တပါးတည်းသာ နေရရှာ ...

ဗုဒ္ဓရဲ့ တဖက်တချက်မှာ ၁၉ ရာစုက မှန်စီရွှေချ ဆွမ်းအုပ်ကြီး၊


မန်းမြို့တော်မှ၊ ရွှေချမှန်စီ၊ ဤမည်ဆွမ်းအုပ်၊ ဗုဒ္ဓဘေးမှာ သူငုတ်တုတ် ...

ဘုရားလဲ ရှိခိုးဦးချသူ ဂါရ၀ပြုသူ မရှိတာမို့ မျက်နှာသိပ်မကောင်းရှာဘူး။


ပူဇော်သူရှား၊ မြတ်ဘုရားကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့ ခဲ့ပါသည် ...
***
အန်းကုံးကတော့ ပြုံးပြုံးပဲ ... လာရောက် လေ့လာသူတွေထဲမှာ တရုတ်လူမျိုးတွေက များတာကိုး။


ပြုံးတုံး ပြုံးတုံး၊ ဘိုးအန်းကုံးထံ၊ အန်ပေါင်းတောင်းချင်ပါသေးသည် ...
***
စာအုပ်တွေ ... စာအုပ်တွေ ... ဘာမှန်းညာမှန်း မသိပေမဲ့ သွားမော့ကြည့်ခဲ့သေးတယ်။


စာအုပ်မြင်ရင် သွားရည်ကျသော်ငြား အမှန်ကား မဖတ်တတ်ပါ ...

ညောင်းပြီ ... ကော်ဖီဆိုင် ထိုင်ကြစို့။

ကော်ဖီခါးခါး၊ သကြားမထည့်၊ ကိတ်တဖဲ့နဲ့၊ မြည်းခဲ့လေသော ထိုနေရာ ...

ဓာတ်ပုံဆရာ ဘယ်လောက်တော်လဲ ... လှတယ်မဟုတ်လား (ပြတိုက်ကြီးက)

နေ၀င်မိုးချုပ်၊ နှုတ်ဆက်လက်ပြ၊ ပြန်ပါရစေ၊ ပြတိုက်ရေ ...
***
ပြတိုက်ကအပြန် ရှော့ပင်းစင်တာ ၀င်ခဲ့သေးတယ်၊ ဘာမှတော့မ၀ယ်ပါဘူး၊ ဒီလိုပဲ ရောက်ဖူးတယ်ရှိအောင်ပေါ့၊ အိမ်ပြန်ရောက်တော့ ည ၁၀ နာရီကျော်ပြီ။ မောတယ် ... ညောင်းတယ် ... ဒါပေမဲ့ ပျော်တယ် ... ။ မမေ့နိုင်တဲ့ ဒီခရီးစဉ်လေးမှာ ပိုက်ဆံတပြားမှ ကုန်စရာမလိုဘဲ အားလုံးအဆင်ပြေအောင် မညည်းမညူလိုက်ပို့ကြသူများ၊ ကျွေးမွေးကြသူများ၊ လက်ဆောင်တွေ ပေးလိုက်ကြသူများ အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။
***
မေဓာဝီ
၉၊ ဇန်န၀ါရီ၊ ၂၀၁၁
၁၄း၀၀ နာရီ

9 comments:

မိုးယံ said...

ဘူလူမှန်းမတိတဲ့ ဦးလေးက တုံးခါတောင် ပါနေသလားလို့။

မောင်မျိုး said...

ကျနော်လည်း အစ်မ သွားတဲ့ခရီူသွားပုံတွေကြည့်သွားတယ်

လှမ်းမျှော်၍ငေး၊ ခပ်ဝေးဝေးကး)

ကိုအောင်(ပျူနိုင်ငံ) said...

ဇော်ဂျီနဲ့ ရေးတဲ့ လွတ်လပ်ရေးလား၊ ကုတ်ကုတ်
နဲ့ ရေးမယ့် လွတ်လပ်ရေးလား ... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြတိုက်ကြီးက ကြီးကျယ်ခမ်းနားပါပေ့
ဓာတ်ပုံတွေလှတယ် မမေရေ..
မှုန်မှိုင်းမှိုင်းလေးတွေက လွမ်းချင်စရာလေး..
ပြတိုက်ကြီးအထဲက မံမီတွေကြည့်ပြီး ကျောချမ်းတယ်..
အပြန်မှာ ပြတိုက်ကို မီးရောင်နဲ့ ရိုက်ထားတဲ့ ပုံလေးကလည်း လှတယ်..
ပြတိုက်ရှေ့က ရုပ်တုလေးက ပိုလှတယ်..း)

rose said...

မရောက်ဖူးတဲ့ နေရာက ဓာတ်ပုံလေးတွေ အတွက် အစ်မမေဓာဝီကို အလွန် ကျေးဇူးတင်၏။ ဓာတ်ပုံ caption တွေကိုလည်း ကြိုက်သည်။ ရို့စ် နေတဲ့ နိုင်ငံနဲ့ ယူကေ အနီးလေးပေမယ့် မရောက်ဖြစ်သေးဘူး။ သွားလည်ချင်လိုက်တာ။ တက္ကသိုလ် အရှေ့က ရယ်နေတဲ့ ပြုံးချိုချို မျက်နှာလေးက အစ်မမေဓာဝီလားပာင်။ လူကို ကလိ ကလိ ဖြစ်အောင် လုပ်တယ်။ ဘယ်သူမှန်းလည်း မပြောဘူး။

ရွှေရတုမှတ်တမ်း said...

နာမည်ကျော်ပြတိုက်ကြီးမို့..ရောက်ချင်ပါသေး

pandora said...

ဓါတ်ပုံတွေလည်းလှ ဗဟုသုတလည်းရ
ကျေးဇူးပဲ မမေ

မြစ်ကျိုးအင်း said...

မရောက်ဖူးသေးတဲ့နေရာတွေကို ဒီလို ဓါတ်ပုံလေးတွေ မြင်ရရင် သဘောကျမိတယ်။ မရောက်ဖူးသေးတာတောင် မြင်ဖူးထားတယ် ဆိုရင် မဆိုးဘူးလေ။
လွတ်လပ်ရေးပြီးတော့ အခုနေအိမ်အကျယ်ချုပ်ပဲပေါ့။

Anonymous said...

လည်ချင်တာ အားကျတယ်ဗျို့

ခင်မင်တဲ့
seesein