Wednesday, January 19, 2011

လမင်းရဲ့အဝေးမှာ …

လရောင်ဟာ သတ္တ၀ါတိုင်းကို အေးမြငြိမ်းချမ်းစေသတဲ့ … ။
နက်မှောင်တဲ့ ညရဲ့ ကောင်းကင်ယံမှာ ထွန်းလင်း ထိန်သာပြီး ကမ္ဘာလောကကို အေးချမ်းစွာ အလင်းရောင်ပေးတဲ့ လမင်းကို လူတိုင်း နှစ်သက်ကြတယ်၊ မြတ်နိုးကြတယ်။ ဒီလိုပါပဲ … တမ်းတလိုက်တိုင်း ကြည်နူး ချမ်းမြေ့မှုကို ဖြစ်စေတဲ့ လမင်းတစင်း ဘ၀မှာ ရှိခဲ့ပါတယ်။
***
သူ့ရဲ့ အရိပ်အောက်မှာ မှေးစက်ခဲ့ဖူးတယ်။
သူ့ရဲ့ ထွေးပွေ့မှုနဲ့ ကြည်နူးသာယာခဲ့ဖူးတယ်။
သူ့ရဲ့ နှစ်သိမ့်မှုနဲ့ နာကျင်ခြင်းတွေ ကင်းဝေးခဲ့တယ်။
သူ့ရဲ့ အရောင်အလင်းနဲ့ ကိုယ်ပါ ထိန်ထိန်လင်းခဲ့ရတယ်။
သူ့ရဲ့ ချိုသာစကားတွေနဲ့ နှလုံးသားတွေ ပျော့ပြောင်းခဲ့တယ်။

အားငယ်ချိန်မှာ အားပေး …
နွေးထွေးတဲ့ လက်တွေနဲ့ တွဲခေါ် …
အဖော်အဖြစ် အမြဲရှိနေပေးခဲ့သူ …
... ... ... ... ...
ကျမရဲ့ လမင်း
နှလုံးသားရဲ့ အလင်းရှင်
ကျမရဲ့ မိခင်
အမေ
*** ညဦးရဲ့ ကောင်းကင်ထက်မှာ လပြည့်ဝန်းက ရွှန်းရွှန်းပပ။ ကောင်းကင်က လင်းနေပေမဲ့ လမင်းလဲ သာနေပြီ။ နာကျင်နေတဲ့ နှလုံးသား၊ေ၀၀ါးနေတဲ့ မျက်လုံးအစုံနဲ့ ဟိုးအမြင့်က လပြည့်ဝန်းကို အားကိုးတကြီး မော့ကြည့်မိတယ်။ တည်ငြိမ်အေးချမ်းတဲ့ လမင်းကြီးက ကိုယ့်ကို ပြုံးပြနေသလား … ဒါမှမဟုတ် ကရုဏာသက်စွာ ကြည့်နေသလား … ခွန်အားတွေ ပေးလှည့်ပါ အမေ … ။

တဆစ်ဆစ်နာနေတဲ့ ရင်ထဲက စကားတွေ အများကြားအောင် မပြောပြချင်တော့ပါ … အမေ … ။ အမေ့လိုမျိုး အမြဲတမ်း ကိုယ့်ကို နားလည်ပေးနိုင်သူဆိုတာ လောကမှာ ခပ်ရှားရှား မဟုတ်လား။ ဘယ်လောက်ပဲ ကိုယ့်အပေါ် မေတ္တာထားနိုင်တဲ့ သူဖြစ်ဖြစ် မိခင်တယောက်ရဲ့ မေတ္တာမျိုးနဲ့ ဘယ်သူက ခွင့်လွှတ် နားလည် စာနာ ပေးနိုင်မှာတဲ့လဲ။ အမေ့ရဲ့ မေတ္တာ၊ အမေ့ရဲ့ အကြင်နာ၊ အမေ့ရဲ့ စေတနာ၊ အမေ့ရဲ့ ကရုဏာတွေ … အမေနဲ့ဝေးရာ ရောက်မှ ပိုပိုနားလည်ခဲ့မိတယ်။ အမေ ဆိုတာ … အားလုံးရဲ့ ရင်ထဲမှာ အမြဲလင်းနေတဲ့ လတစင်းပဲ မဟုတ်လား။

အဆိုးလောကဓံရဲ့ ရိုက်ခတ်မှုကြောင့် နှလုံးသားတွေ တစစီကွဲရှ နာကျင်ကြေမွခဲ့ရပြီ အမေ ... ။ အမေ့စကားကို နားမ၀င်၊ အမေ့ရင်ခွင်ကို ကျောခိုင်းရင်း အလင်းတုတွေ အောက်မှာ ယဉ်ပါးပျော်ရွှင်ခဲ့မိတယ်။ သတိရလို့ ကြည့်လိုက်မိတော့ တလောကလုံးက မှောင်မိုက် … လောကရဲ့ အမှောင်တိုက်ထဲမှာ တယောက်ထဲ … ။

ဘ၀တခုလုံး ပိန်းပိတ်အောင် အမှောင်ကျတော့မှ လရောင်ကို တမ်းတမိတဲ့ လူမိုက်တယောက်လို ခုချိန်မှ ငိုကြွေးနေလို့လဲ အပိုပဲ မဟုတ်လား အမေ … ။ ကြေကွဲစွာ ခံစားရင်း စီးဆင်းလာတဲ့ ဒီမျက်ရည်တွေကို အမေ့လို ဘယ်သူက တယုတယ သုတ်ပေးနိုင်မှာလဲ။ အငိုလွယ်သူတယောက်လို့ ဟောက်ဟောက်ဟမ်းဟမ်း ရယ်သွမ်းသွေး ခံရတဲ့အခါ ရင်နာရုံကလွဲပြီး ထပ်လဲ မငိုညည်းချင်တော့ပါဘူး။

တဖြည်းဖြည်း ပါးလျားလာတဲ့ ခံနိုင်ရည်အားတွေကြောင့် ကြင်နာစွာ ထွေးပွေ့မယ့် အမေ့ရင်ခွင်ကို တမ်းတမိတယ်။ ဘ၀ခရီးလမ်းတလျှောက် ဆူးတွေစူးလိုက် နွံနစ်လိုက်နဲ့ နာကျင်စွာ လဲကျတိုင်း ပြန်ထနိုင်ဖို့ ကမ်းလင့်လာမယ့် အမေ့လက်အစုံကိုလဲ မျှော်လင့်နေမိတယ်၊ ဘယ်လိုပဲ တမ်းတ မျှော်လင့်နေပေမဲ့ အမေက အနားမှာ မရှိတော့ပြီပဲ။
***
လမင်းနဲ့ မိုင်ပေါင်းများစွာ ဝေးပေမဲ့ လရောင်က ကိုယ့်ကို အလင်းပေးနိုင်သလို အမေနဲ့ အဝေးမှာ နေနေရပေမဲ့ အမေ့ဆုံးစကားတွေက ကိုယ့်အတွက် အလင်းရောင်လို လမ်းပြပေးနိုင်ခဲ့တယ်။

“သမီးကို အမေက စိတ်အပူဆုံး …”
အမေ့အသံမှာ ပူပန်မှုတွေ လွှမ်းနေတယ်။

“သမီး … လိမ်လိမ်မာမာနေပါ … မပေါင်းသင့်တဲ့ သူတွေကို ရှောင်နော် …”
မလိမ်မာတဲ့ သမီး၊ စိတ်ထင်ရာ လုပ်တတ်တဲ့ သမီးကို ခုချိန်ထိ အမေ စိုးရိမ်နေရတုန်း။

“တနေ့ တနေ့မှာ ကုသိုလ်ရရင်ရ၊ မရရင် ပညာရ၊ မရရင် ဥစ္စာရ … ဒါမှမဟုတ်ရင် တနေ့သာ ကုန်သွားမယ် ကိုယ့်အတွက် အကျိုးမရှိဘူး … ။ အဲဒီ ၃ ခုလုံး ရရင်တော့ အကောင်းဆုံးပေါ့၊ ၃ ခုလုံး မရရင်တောင် အနည်းဆုံး တခုလောက်ရအောင် လုပ်ရမယ် …”

ဒီနေ့ အမေနဲ့ skype မှာ စကားပြောရင်း အမေ့ဆုံးမစကားတွေကို ထပ်တလဲလဲ နားထောင်ပြီး အမေမသိအောင် တိတ်တိတ် မျက်ရည်ကျခဲ့မိတယ်။ အမေ စိတ်ပူရလွန်းလို့ ပင်ပန်းလှပြီ … အမေ့ကို နားစေချင်ပါပြီ … အမေ ဖြစ်စေချင်တာတွေ ဖြစ်မလာသေးတာ … အမေစိတ်ချမ်းသာအောင် တခုမှ လုပ်မပေးနိုင်သေးတာ ခွင့်လွှတ်ပါ အမေရယ် … ။
***
လရောင်က လောကကြီးတခုလုံးကို အေးမြစွာ ခြုံလွှမ်းထားတယ်။
အိပ်တန်းတက် ငှက်ကလေးတွေလဲ ကျီကျီကျာကျာ အော်မြည်ရင်း နားခိုရာဆီ ပျံသန်းနေကြပြီ။
လေပြေက အေးမြမြ ...
ထင်းရူးနံ့က မွှေးပျပျ ...
တစတစ မြင့်တက်သွားတဲ့ လမင်းကြီးကို မော့ကြည့်ရင်း သီချင်းတပုဒ်ကို ကြေကွဲစွာ ဆိုညည်းနေမိတယ် … ။ ဟိုးအဝေးကြီးက အမေ မကြားနိုင်ပေမဲ့ … နှလုံးသားနဲ့ နားဆင်ပါ အမေ … ။

***
အမေ … …
အမေဟာ လမင်းကြီးဆိုရင် …
အမေ့နဘေးက ကြယ်သေးသေးလေးပဲ ဖြစ်ဖြစ် ဖြစ်ခွင့်ရပါရစေ …
အမြဲတမ်း အမေ့အနားက မခွါရဘူး ဆိုရင်ပေါ့ … ။
***
မေဓာဝီ
၁၉၊ ၁၊ ၂၀၁၁
၁၃း၁၁ နာရီ

10 comments:

ကလူသစ် said...

ဒီလောက် စိတ်ပူနေ မှာနေရတာဆိုတော့ တော်တော်ဆိုးတဲ့ သဘောရှိတယ်။

Anonymous said...

ကြီးမေ
ရေရေလည်လည် ခိုက်သွားပြီဗျ
အမေ့ကို အခုတောင် တွေ့ချင်သွားပြီ
အမေ မသိအောင် တိတ်တိတ်လေး မျက်ရည်ကျလည်း အမေကတော့ သိမှာပါဗျာ
ကြီးမေ တစ်ယောက် လမင်းကြီးနားက ကြယ်လေးတပွင့် ဖြစ်ပါစေ။
ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
သားသမီး ဘယ်အရွယ်ရောက်ရောက် ပူပန်တတ်တဲ့ အမေတွေဟာ တကယ့်ကို လူတိုင်းအတွက် လမင်းကြီးတစ်စင်းလိုပါဘဲနော်
နီးနီးဝေးဝေး မေတ္တာနဲ့ ခြုံလွှမ်းတဲ့ အေးမြမှုကို ပေးနိုင်စွမ်းတယ်..
ကိုငှက်ကြီးရဲ့ သီချင်းသံက အဝေးက အမေကို သတိရမိစေတာ မျက်ရည်ဝဲမတတ်ပါဘဲ။
အမေတွေအားလုံး ကျန်းမာချမ်းသာပါစေ။

rose said...

အမေကို လမင်းကြီးနဲ့ တင်စားပြီး ဖွဲ့ဆိုထားတဲ့ စာပိုဒ်လေး လာရောက် ဖတ်ရှုပါတယ်။ ကြိုက်၏။ ဒီစာသားလေးက ရို့စ်လည်း မကြာခဏ စဉ်းစားမိတဲ့ အတိုင်း ထပ်တူ တူနေတယ် "ဘယ်လောက်ပဲ ကိုယ့်အပေါ် မေတ္တာထားနိုင်တဲ့ သူဖြစ်ဖြစ် မိခင်တယောက်ရဲ့ မေတ္တာမျိုးနဲ့ ဘယ်သူက ခွင့်လွှတ် နားလည် စာနာ ပေးနိုင်မှာတဲ့လဲ"

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ နိုင်ငံခြား ထွက်လာမှ မိဘတွေ
လည်း နားအေးပါးအေးနဲ့ ပို စိတ်ချမ်းသာတာ
ဖြစ်မယ် ... :P

နေ၀သန် said...

skype နဲ့ပြောနိုင်တယ်ဆိုတော့ အမေက ဘယ်နိုင်ငံမှာပါလိမ့်... :P.. လမင်းရဲ့ အရိပ်အောက်မှာ အေးချမ်းမှုလေး မြန်မြန်ပြန်ရပါစေဗျာ...

မောင်မျိုး said...

ကျနော်တို့ရဲ့ အေးချမ်းခြင်း လမင်းတွေ အစဉ်မြဲ ကျန်းမာပါစေဗျာ ကျနော်လည်း အမေ့ကို လွမ်းတယ် ။


ဒါနဲ့ ကျနော်ရေးတဲ့ နောက်ဆုံးပို့စ်က ပို့စ်သက်သက်ပါပဲ ကျနော့် အဖြစ်ပျက်မဟုတ်ဘူးးး)

sosegado said...

အမေရဲ့အမေတာ အနားရှိရင် တရားနဲ့ ဖြေခိုင်းလေမလား၊

Harry said...

“သမီး … လိမ်လိမ်မာမာနေပါ … မပေါင်းသင့်တဲ့ သူတွေကို ရှောင်နော် …”

ဟုတ်ပ .... ဟုတ်ပ ... ဟယ်ရီတို့လို လူတွေနဲ့ အပေါင်းအသင်းမလုပ်နဲ့ .... :D

Anonymous said...

သူစိမ်းတွေကြားမှာရောက်နေတာတောင် အတော်ကြာပြီနော်..။ ဒါနဲ့စကားမစပ်.. လမင်းကြီးဆီ မပြန်ဖြစ်သေးဘူးလား။ လမင်းကြီးနဲ့ကြယ်ကလေးတစ်စင်း အမြန်ဆုံးပြန်တွေ့ဆုံကြပါစေလို့ ဆုတောင်းပေးတယ်နော် :)