ဒီစနေ တနင်္ဂနွေ ပိတ်ရက်ကတော့ ကျမအတွက် အမှတ်တရပါပဲ။ မနေ့ည မီးထွန်းပွဲပြီးတော့ ဒီကနေ့ ဘာမင်ဂန်ကျောင်းမှာ ကထိန်ပွဲ ကျင်းပမှာမို့ ကျမတို့ တူဝရီး သွားကြတယ်။ ရာသီဥတုက အေးပေမဲ့ နေသာလို့ သာသာယာယာ ရှိနေတယ်။
ကျောင်းကန် ဘုရားရိပ်ကတော့ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ခိုဝင်သူတိုင်းကို ကြည်နူးချမ်းမြေ့မှုအတိ ပြည့်ဝစေတာပါပဲ။
ပဒေသာပင်မှာ ကိုယ်လှူမယ့် လှူဖွယ်ပစ္စည်းတွေ ချိတ်ကြ၊ သင်္ကန်းတွေမှာ အလှူရှင်နာမည်တွေ ကပ်ကြ စသဖြင့် လုပ်အားပေးခဲ့ကြတယ်။
မနက် ၁၀ နာရီခွဲ သံဃာတော်တွေ ဆွမ်းမဘုဉ်းပေးခင် ဘုရားအနေကဇာတင်၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတယ်။
စားစရာတွေကတော့ စုံလို့ပါပဲ။ အချိုပွဲအတွက် မုန့်မျိုးစုံ ပြင်ဆင်ထားတာပါ။
အသီးတွေကို ပန်းပွင့်ပုံလေးတွေဖော်ပြီး ပြင်ဆင်ပေးသူက ထိုင်းအမျိုးသားတဦးပါ။ သူ့ပြင်ဆင်မှု လက်ရာကို လူတကာ သဘောကျကြတော့ သူလည်း ပီတိတွေ ဖြစ်ပြီး ငါ ဒီနေ့ သိပ်ပျော်တာပဲလို့ တဖွဖွပြောနေလေရဲ့။
မြန်မာပြည်ပြန်စရာမလိုဘဲ မြန်မာမုန့်မျိုးစုံ မြန်မာ အစားအစာ လက်ရာမျိုးစုံ စားရတယ်။
သံဃာတော် စုစုပေါင်း ၈-ပါးပါ။ ကျောင်းက သံဃာ ၄-ပါးနဲ့ အာဂန္တု ၄-ပါး။ ဖိတ်စာထဲမှာ တိပိဋက ဆရာတော်လာမယ်လို့ ရေးထားပေမဲ့ မကြွလာနိုင်ခဲ့ဘူး။
Milton Keynes မဟာယာနကျောင်းမှ ဂျပန်မယ်သီလရှင်လေး၊ သဘောကောင်းပြီး ချစ်စရာသိပ်ကောင်းပါတယ်။
ဆရာတော်ဦးဥတ္တရဉာဏက ကထိန်သင်္ကန်းအကြောင်း ရှင်းပြပြီး ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးကိုလည်း ပြောပြပါတယ်။
ပရိသတ်တော်တော်များပါတယ်။ ဘုရားထဲမှာ အပြည့်နီးပါးပဲ။ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ အိန္ဒိယ အစုံလာကြတယ်။ အာဖရိကန်သူ တယောက်တောင် မြင်လိုက်သေးရဲ့။
သံဃာတော်တွေကို ကပ်လှူထားကြတဲ့ ကထိန်သင်္ကန်းတွေပါ။
အဖြူ အမည်း အညို အ၀ါ ဘာမှ မခွဲခြားဘဲ တသားထဲ အားလုံးအတူတူ ကုသိုလ်ပြုကြတဲ့ ဒီကနေ့ ကထိန်ပွဲလေးဟာ အောင်မြင်ပျော်ရွှင်စွာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ပြီးဆုံးခဲ့ပါတယ်။
***
မေဓာဝီ
၂၄၊ ၁၀၊ ၂၀၁၀
၂၂း၄၃ နာရီ




15 comments:
မေဓာရေ... တကယ်ကို ပျော်စရာကြီးပါလား။ မနေ့က သီတင်းကျွတ်မီးထွန်းပွဲ၊ ဒီနေ့ ကထိန်ဆိုတော့ မေဓာတို့တော့ နှစ်ရက်ဆက်တိုက် ကုသိုလ်တွေ တနင့်တပိုးကြီးရမှာသေချာတယ်။ အားကျလိုက်ပါဘိ။
ဒါနဲ့.. သံဃာတော်တွေကို ကပ်လှူဖို့ ပြင်ဆင်ထားတဲ့ မုန့်ပဲသွားရည်စာတွေက ဂွတ်ရှယ်တွေပါလား။ မေဓာလဲ ဘာတွေ ပါဝင်လှူဒါန်းခဲ့သေးလဲ။ မေဓာတို့က အဲဒီလိုမျိုးအလှူဆို နောက်မကျလောက်ဘူးနော်။
သာဓုခေါ်ပါတယ်ဗျာ။ သာဓု သာဓု သာဓု။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မမေ...
စားဖွယ်မုန့်တွေလှူထားတာ အားကြီးပဲနော်... အားရလိုက်တာ... အသီးလေးတွေ ပန်းဖော်ထားတာလဲလှလိုက်တာ...
ပျော်စရာကြီးနော်...
စုချစ်တို့တော့ ခုလာမယ့် တနင်္ဂနွေမှာ ကထိန်ရှိတယ်။ စနေမှာ လုပ်အားပေး ပြင်ဆင်ရေး...
း-)
အဟမ်း...............မနေ့က ရင်ပြည့်နေလို့ စားမကောင်းဘူး၊ အခု မေဓာ့ဓာတ်ပုံတွေမြင်ရမှ ပိုစားချင်လာသဗျား။
ညီမ မမေဓါ ရေ
သာဓု သာဓု ပါဗျာ အသီးတွေ ပုံဖော်ထားတာလည်း လှလိုက်တာ ရှမ်းပြည်မှာတော့ ဘုန်းကြီးကျောင်းမှာ အဲဒီအတိုင်း ဘဲ လှူကြတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အလှူက စည်လိုက်တာ မုန့်တွေကြည့်ပြီး
အလည်တောင် လာချင်တယ်း)
တော်တော် ပျော်စရာကောင်းမှာပဲ။ မုန့်တွေက အများကြီး ဆိုတော့လေ :)
ခုတလောဘုန်းကြီးကျောင်းပွဲတွေ ဆက်နေလို့ ဒေါ်လေးမေရေ့...
နောက်တခါ စားဖို့ပွဲကြုံရင်လက်တို့လိုက်ဦး
ကြီးမေ
သီတင်းကျွတ်ပြီး တန်ဆောင်မုန်းများ တန်းရောက်သွားတာလားလို့ သာဓုခေါ်ပါတယ် မုန့်တွေကလည်း အများကြီး စားချင်စရာ ပန်းပုံအသီးလေးတွေကလည်း လှထာ
ပျော်စရာကြီး ဘလော့ပေါ်ရောက်မှဘဲ ပျော်စရာတွေ့ရတော့တယ်
ခင်မင်စွာဖြင့်
seesein
ကျွန်တော်တို့အဖွဲ့ဘာမင်ဂန်ဘုရားလာဖူးရင်း
ကထိန်အလှူနဲ့ကြုံလို့ ထမင်းဝင်စားသွားသေးတယ်၊ ဖော်ရွေစွာဖြင့်
စားသွားပါအုန်းလို့ပြောနေတာ အစ်မလို့ထင်
တယ်၊ နောက်တပတ်တနင်္ဂံနွေ မန်ချက်စတာ
ကျောင်းမှာလဲ ကထိန်ပွဲရှိတယ်၊ ကြွခဲ့ပါလား။
မမေရေ့.....တစ်ကယ့်ကို ပျော်စရာကောင်းမယ့် ကုသိုလ်ဖြစ်တဲ့ပွဲတစ်ပွဲပါပဲနော်ဗျာ.......။
ပျော်စရာကြီး.....။
သာဓုပါခင်ဗျာ.......။
ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို
အယ် ပျော်စရာကြီးး)
အသီးအနှံတွေ အချိုပွဲတွေက သွားရေယိုချင်စရာကြီး
လှလည်းလှတယ်နော်
နိုင်ငံရပ်ခြားမှာ ဒီလို မြင်ရတာ ၀မ်းသာမိတယ်..
ကထိန်က စောသလိုဘဲ.. ခုမှ သီတင်းကျွတ်ပြီးတာနော်
ဘာဘဲဖြစ်ဖြစ် ပျော်စရာကောင်းတာတော့ သေချာတယ်နော်
သာဓု သုံးကြိမ်ခေါ်မိပါတယ်.... မမေ
ကြည်နူးချမ်းမြေ့စရာ အမှန်ပါဘဲ..။
သာဓု.. သာဓု.. သာဓု..
ကထိန်အလှူကို မြင်တွေ့ရတာ စိတ်ကြည်နူးချမ်းသာမိပါတယ်..
i also usually pay visits to your beautiful site.
i appreciate your creation.
say my words to Sayaday U Uttara and some of my friends....
thanks
ကြည်နူးစရာကောင်းလိုက်တာ ဘယ်နေရာရောက်ရောက် ကိုယ့်ဘာသာတရားနဲ့ မဝေးသွားပဲ ကုသိုလ်ပြုနိုင်တာကိုက မမေ ကုသိုလ်ထူးနေတာပဲဗျ ။
Post a Comment