Saturday, October 30, 2010

သရဲများနဲ့ ကျမ

ဒီအကြောင်းကို ရေးမယ်တွေးထားတာ ကြာပါပြီ။ ဒါပေမဲ့ မယုံသူတွေအတွက် လက်မခံနိုင်စရာများ ဖြစ်နေမလား စဉ်းစားမိလို့ မရေးသေးဘဲ တေးထားခဲ့တယ်။ ခုတော့ သရဲဇာတ်လမ်းတွေ ခေတ်စားနေတဲ့ အခါသမယမို့ ရေးဖို့ အားတက်လာတယ်။ ဘယ်အရာမဆို ကိုယ်တိုင်ကြုံမှ ယုံမယ်လို့ အပြောကြီးခဲ့ဖူးတဲ့ ကျမ ကိုယ်တိုင် ကြုံခဲ့ရတာလေးပါ။ သရဲများည အမှတ်တရ ခါတော်မီ ရာသီစာလေး ဆိုပါတော့ … ။
***
သင်္ချိုင်းရှေ့ကခြံ

ဇာတ်လမ်းမစခင် ကျမတို့ ခြံအကြောင်း နည်းနည်း အစပျိုးပါရစေ။ ကျမတို့ အိမ်က အရင်တုန်းက လူမျိုးခြားတဦးပိုင်တဲ့ အထည်စက်ရုံလို့ လူကြီးတွေ ပြောပြဖူးတယ်။ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အဲဒီစက်ရုံကြီးလဲ သိမ်းခံလိုက်ရသတဲ့။ နောက်ပိုင်း သိမ်းထားတဲ့ အိမ်တွေ ခြံတွေ အစိုးရက ပြန်ရောင်းတော့ အဘိုးက ၀ယ်ထားလိုက်ပြီး လူနေအိမ်အဖြစ် နေကြတာ ခုထိအောင်ပါပဲ။ စက်ရုံဝင်းဆိုတော့ ခြံက ကျယ်တယ်၊ သီးပင် စားပင်လဲ အစုံပဲ။ သရက်၊ ပိန္နဲ၊ သြဇာ၊ မာလကာ၊ တမာ၊ မန်ကျည်း ... အပင်ကြီးတွေ များတယ်။ ဒါပေမဲ့ ...
အဲဒီခြံနဲ့ မျက်နှာချင်းဆိုင်မှာ သင်္ချိုင်းကြီး တခုရှိတယ်။ တရုတ်လူမျိုးစု တခုရဲ့ သင်္ချိုင်းလို့ ထင်ပါတယ်။ သင်္ချိုင်းလို့သာဆိုတယ် ကျမ သိတတ်တဲ့ အရွယ်ကစလို့ သင်္ချိုင်း မဖျက်ခင် အချိန်ထိ အသုဘလာချတာ တခါမှ မတွေ့ဖူးပါဘူး။ တခါတလေ တစ္ဆေကြီးပွဲလို နေ့မျိုးမှာ သင်္ချိုင်းလာကန်တော့ကြတာ မြင်ဖူးပေမဲ့ အင်မတန် တွေ့ရခဲပါတယ်။ တရုတ်တွေက လူသေရင် ပစ္စည်းပစ္စယတွေ အုတ်ဂူထဲ ထည့်မြှုပ်တတ်တော့ တချို့က အုတ်ဂူတွေဖောက်ပြီး ပစ္စည်းရှာကြသတဲ့။ တခါတော့ အုတ်ဂူကို တူရွင်းချွန်နဲ့ ထိုးဖောက်နေတုန်း ရုတ်တရက် အမွှေးနံ့ ထောင်းထောင်းထလို့ ဖောက်သူတွေ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြတယ်။ နာနာဘာဝလား ဥစ္စာစောင့်လား ဘာလားပေါ့။ နောက်မှ မရဲတရဲ ပြန်သွားကြည့်တော့ အုတ်ဂူထဲ ထည့်ထားတဲ့ ရေမွှေးပုလင်းကြီးတလုံးကို တူရွင်းနဲ့ ထိုးမိလို့ ကွဲပြီး အမွှေးနံ့တွေ ထွက်လာတာတဲ့။ အဲဒီလို သင်္ချိုင်းဖောက်သူတွေက သေသူတွေရဲ့ လက်ဝတ် လက်စားတွေအပြင် ရွှေသွားတွေဘာတွေပါ ချွတ်ယူကြတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။

မွေးကတည်းက သင်္ချိုင်းရှေ့မှာမွေး၊ သင်္ချိုင်းရှေ့မှာကြီးခဲ့တော့ သင်္ချိုင်းဆိုတာကို ကြောက်ရကောင်းမှန်း မသိပါဘူး။ အိမ်ပေါ်ထပ်ဝရံတာကနေ သင်္ချိုင်းကို ကြည့်ရတဲ့ ရှုခင်းကို သိပ်သဘောကျတယ်။ သင်္ချိုင်းရဲ့ အလယ်မှာ သစ်ပင်ကြီး တပင်ရှိတယ်။ ကုက္ကိုပင်လို့ ထင်တာပဲ။ အဲဒီ အပင်ကြီးအောက်မှာတော့ အုတ်ဇရပ်ကလေးရှိတယ်။ ဆောင်းဦးဝင်စဆိုရင် ကလေးတွေက အုတ်ဂူတွေပေါ်မှာ စွန်လွှတ်ကြတယ်။ နွေဆို ရိုးတံကျိုးကျဲ သစ်ပင်ကြီးနဲ့ … စီစီရီရီ အုတ်ဂူကလေးတွေနဲ့ … ညိုညစ်ညစ် ဇရပ်ကလေးနဲ့ .. အပေါ်စီးက မြင်ရတဲ့ ရှုခင်းက အထီးကျန်စရာ။ မိုးရာသီဆိုရင်တော့ သင်္ချိုင်းမြေတခုလုံး ရှည်လျားလျား မြက်ရိုင်းတွေ … အုပ်အုပ်ပုံ့ပုံ့ ချုံပုတ်ငယ်လေးတွေ ဖုံးလွှမ်းလို့။ ရာသီတိုင်းရဲ့ သင်္ချိုင်းရှုခင်းဟာ ကျမအတွက်တော့ မရိုးနိုင်စရာပါပဲ။


နေကလဲ သင်္ချိုင်းဘက်ကထွက်တယ်။ လကလဲ သင်္ချိုင်းဘက်မှာ သာတယ်။ ရောင်စုံတိမ်တိုက်တွေရယ် … ပြာလွင်လွင် ကောင်းကင်ပြင်ကြီးရယ် … ပျံဝဲနေတဲ့ ကျေးငှက်တွေရယ် … အလေ့ကျပေါက်တဲ့ အရိုင်းပန်းပင်တွေရယ် … ရှိရှိသမျှ သဘာဝအလှတွေက အဲဒီသင်္ချိုင်းဘက်မှာ ရှိတယ်။ ကျမ ပျင်းပျင်းရှိရင် … ဒါမှမဟုတ် စိတ်တွေ မျောလွင့်ချင်ရင် အိမ်ရှေ့က သင်္ချိုင်းရှုခင်းကို တကူးတက ကြည့်နေကျပေါ့။
***
အိမ်ထဲက သရဲဇာတ်လမ်း တချို့

သင်္ချိုင်းရှေ့က အိမ်ဆိုတော့ သရဲတွေဘာတွေများ ရှိလေမလားလို့ သိတတ်စ (သရဲကို ကြောက်ရကောင်းမှန်း သိစ) အရွယ်မှာ တွေးခဲ့မိတယ်။ ငယ်ငယ်တုန်းက ကျမကို ထိမ်းတဲ့ အမကြီးက ကျမဆိုးရင် ခြောက်လေ့ရှိတာ …
“ကုလားသုံးယောက် မျက်စိခြောက်လုံး လာလိမ့်မယ် …” တဲ့။
သူအဲလိုပြောရင် ကျမမှာ ကြောက်လိုက်တာ ပျာလို့။ ဘယ်မှာနေရမှန်းမသိဘူး။ မျက်စိကို အတင်းမှိတ်ပြီး အိပ်ချင်ယောင် ဆောင်ရတယ်။ နည်းနည်းနားလည်တဲ့ အရွယ်ရောက်မှ သိတော့တယ်။ ကုလားသုံးယောက်ပါဆိုမှ မျက်စိခြောက်လုံးပေါ့ … ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး ခြောက်တယ်ဆို ကြောက်ထည့်လိုက်တာပဲ။

ကျောင်းတက်တော့ ပသျှူးခေါင်းပြတ်၊ ခြေကလိမ်မ၊ ကျောပေါက်ကြီး စသဖြင့် ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ သရဲပုံပြင်တွေ ကြားခဲ့ ကြောက်ခဲ့ဖူးတယ်။ အဲလိုနဲ့ ကိုယ့်အိမ်ထဲလဲ သရဲဇာတ်လမ်းတွေ လုပ်ကြံ ဖန်တီးလို ဖန်တီးပေါ့။ ကျမတို့ မမွေးခင် (မမှတ်မိခင်) အချိန်လောက်က အိမ်မှာ လက်တိုလက်တောင်း ကူပေးတဲ့ တိုင်းရင်းသူ ကလေးမလေး တယောက်ရှိတယ်တဲ့။ သူ့နာမည်က မို့ယူ ဆိုပဲ။ သူက နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားတော့ တခါတလေ သူနေခဲ့ဖူးတဲ့ အခန်းမှာ အရိပ်လိုဘာလို ရိုးတိုးရိပ်တိတ် မြင်ရတယ်လို့ အတူနေ အကိုဝမ်းကွဲတွေ ပြောကြတယ်။ သူနေခဲ့တဲ့ အခန်းကို နောက်ဆုံးခန်းလို့ ကျမတို့က ခေါ်ပါတယ်။ အိမ်ရဲ့ အစွန်ဆုံးအခန်း မီးရောင်မှိန်ပျပျနဲ့ ချောင်အကျဆုံး အခန်းလေးပေါ့။ အဲဒီအခန်းပြတင်းပေါက် သံတိုင်မှာ မို့ယူကို တွဲလောင်းလေး မြင်ရတယ် ဆိုတဲ့ ပါးစပ်ဇာတ်လမ်းမျိုး မောင်နှမတွေကြားမှာ မကြာခဏ ပြောလေ့ရှိတယ်။ တခါမှ မမြင်ဖူးလို့ ကျမကတော့ မယုံပါဘူး။

အဲဒီနောက်ဆုံးခန်းလေးမှာ ဧည့်သည်တွေလာရင်လဲ တည်းခိုနားနေလေ့ရှိတယ်။ တခါတော့ မုံရွာက အမျိုးတယောက် ဆေးလာကုတော့ ထုံးစံအတိုင်း အဲဒီအခန်းမှာ ထားတယ်။ နာမည်က ဒေါ်မြစိန်တဲ့ … အသက်ကြီးပါပြီ။ ဆေးလာကုပေမဲ့ ရောဂါကကျွမ်းနေတော့ သိပ်မကြာခင်မှာ ဆုံးသွားပါတယ်။ ဆေးရုံမှာ ဆုံးပေမဲ့ အသုဘကို အိမ်မှာပဲ လုပ်ရတာပေါ့။ သူဆုံးသွားတော့ နောက်ထပ် သရဲဇာတ်လမ်းတပုဒ် နောက်ဆုံးခန်းလေးမှာ တိုးလာတယ်။


အဲဒီအခန်းက ပြတင်းပေါက်မှန်တချပ်ကလဲ အက်နေတယ်၊ ခန်းဆီးကလဲ လူမနေတော့ ဖုန်တုန်တုန် မှုန်တုန်တုန်၊ လေတိုက်ရင် မှန်အက်နေတဲ့ နေရာက လေတိုးတော့ ခန်းဆီးက တလှုပ်လှုပ်နဲ့။ ညဘက်ဆိုရင် အပြင်က အပင်ကြီးတွေ လေတိုက်တိုင်း တယိမ်းယိမ်း လှုပ်ရမ်းနေတာကို ပြတင်းပေါက်ကတဆင့် မြင်ရတာ ၀ိညာဉ်လောကသားတွေ ကခုန်နေသလိုပဲ။ ကျမတို့တွေ အဲဒီနောက်ဆုံးခန်းကို မသွားရဲကြဘူး၊ မှန်ပြတင်းကို မကြည့်ရဲကြဘူး။ တယောက်ယောက်များ မတော်တဆ သွားမိရင် ((((မို့ယူလာပြီ)))) ((((ဒေါ်မြစိန်ကြီးးးးဟိုမှာ)))) … ဆိုပြီး သူ့ထက်ငါ ဦးအောင် ခြောက်ကြတော့တာပဲ။
***
အိမ်နားက သရဲတွေ

ကျမတို့က အိမ်ထဲမှာတွင် မကဘူး၊ အိမ်နားက သရဲတွေပါ အိမ်ထဲကို ခေါ်လာပြီး ဇာတ်လမ်း ဆင်တတ်ကြသေးတယ်။ ငယ်ငယ်က အစိမ်းသေ … ဆိုရင် ဘာကိုပြောမှန်းသာ မသိတာ အစိမ်းသေ သေတာလို့ ကြားရင် သရဲဖြစ်ပြီလို့ သတ်မှတ်လိုက်တော့တာပဲ။ အိမ်နားမှာ ဒေါ်စိမ်းရီ ဆိုတဲ့ အဒေါ်ကြီး အစိမ်းသေတော့ အဲဒီနားပတ်ဝန်းကျင်မှာ ခြောက်တယ်လို့ ပြောကြတယ်။ နာမည်ကလဲ “စိမ်း” ပါနေပြီး သေတာလဲ အစိမ်းသေဆိုတော့ ခြောက်လို့ကောင်း ကြောက်လို့ကောင်းပေါ့။


နောက်ပြီး ကျမတို့ အိမ်နီးနားချင်း အဒေါ်ကြီးတယောက် ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့ဖူးတယ်။ သူရောဂါ ဝေဒနာခံစားနေရတာ မခံနိုင်လို့ အဆုံးစီရင်လိုက်တာတဲ့။ အဲဒီအဒေါ်ကြီးကလဲ ကျမတို့ တအိမ်လုံးနဲ့ သိပ်ရင်းနှီးပါတယ်။ အိမ်မှာလုပ်တဲ့ အလှူအတန်းဆို သူက ရှေ့ဆုံးက လာကူလေ့ရှိတယ်။ တခြားမြို့မှာ အလှူသွားလုပ်ရင်တောင် သူက လိုက်ပြီး ကူလုပ်ပေးသေးတာ။ သူသေသွားတော့ ရေတွင်းနားမှာ အသံကြားရသလိုလို သူ့အိမ်ပတ်ဝန်းကျင်မှာ ရိုးတိုးရိပ်တိတ် မြင်ရတွေ့ရသလိုလို ပြောကြတယ်။ ကိုယ်တိုင် တခါမှ မကြုံဖူးပေမဲ့ သူအိမ်နားက ဖြတ်သွားရင် အသည်းတထိတ်ထိတ်နဲ့ ဘုရားစာဆိုပြီး ဖြတ်ကြရတယ်။ သူသေသွားပြီးနောက်ပိုင်း သူ့နာမည်ကိုလဲ အိမ်မှာ ခြောက်ရမယ့် စာရင်းထဲ ထည့်လိုက်ကြပြန်တယ်။

ဒီလိုနဲ့ အိမ်နားမှာ လူတယောက်သေတိုင်း ကျမတို့ မောင်နှမတွေအတွက် ခြောက်ရမယ့် (ကြောက်ရမယ့်) စာရင်းထဲ နာမည်တိုးတိုးလာ တော့တာပဲ။
***
အဖေပြောပြတဲ့ သရဲဇာတ်လမ်းတချို့

အဖေပြောပြတဲ့ သရဲရာဇ၀င်တွေကိုတော့ ငယ်ငယ်က တော်တော်လေး ကျောချမ်းစွာ နားထောင်ခဲ့ဖူးတာပါ။ အဖေနေခဲ့တဲ့ အိမ်က အခုပြောနေတဲ့ ခြံနဲ့ လမ်းကျဉ်းကလေးပဲ ခြားတယ်။ အိမ်က သုံးထပ်၊ အပေါ်ဆုံးထပ်က အခန်းလေးကို အဖေက ကိုယ်ပိုင် လိုင်ဘရီကလေး လုပ်ထားတယ်၊ စာဖတ်ရင်း အိပ်ချင် အိပ်လို့ရအောင် ကုတင်တလုံးလဲ ရှိတယ်။ တညမှာ အာဂန္တု ဘုန်းကြီးတပါး ကြွလာတော့ အဖေက အဲဒီအခန်းမှာ ပေးသိပ်တာ ဘုန်းကြီးခမျာ တညလုံး မကျိန်းလိုက်ရရှာဘူးတဲ့။ သူ့ကို အိပ်မရအောင် အမျိုးမျိုး လုပ်တယ်ဆိုပဲ။ အိပ်ရာပေါ်က ဆွဲချလိုချ အသံအမျိုးမျိုးနဲ့ နှောက်ယှက်လို နှောက်ယှက်နဲ့ … မေတ္တာပို့လဲမရ၊ ပရိတ်ရွတ်လဲ မရ … နောက်ဆုံးတော့ ဘုန်းကြီးအိပ်ရာမှာ ကန့်လန့်ဖြတ်ကြီး လာအိပ်တာနဲ့ ဘုန်းကြီးက ကိုယ်ရုံသင်္ကန်းနဲ့ ရိုက်လိုက်တာ နှစ်ပိုင်းပြတ်သွားသတဲ့။ ဘုန်းကြီးလဲ နောက်တည ဆက်မနေတော့ဘဲ တခြားကြွသွားတယ်လို့ ပြောပါတယ်။


အဲဒီအိမ်မှာပဲ အဖေ့ဦးလေးရဲ့ ဇနီးတယောက်ဟာ မီးဖွားရင်း ကွယ်လွန်ခဲ့ဖူးတယ်။ ခေတ်ဆန်ဆန် ခပ်ချောချော ကပြားမလေး နာမည်က ဘာဘရာတဲ့။ သူကွယ်လွန်ပြီးနောက်ပိုင်း အဲဒီအိမ်က လှေခါးမှာ မိန်းမတယောက်ကို ညဘက်တွေ တွေ့ရတတ်တယ်လို့ ပြောကြတယ်။ ဆံပင်ဖါးလျားချပြီး အသားရောင်က ဆနွင်းလို ၀ါဝါနဲ့ လှေခါးမှာထိုင်နေတတ်တယ်။ တခါတလေ စန္ဒယားက လူမရှိဘဲ အလိုအလျောက် အသံတွေထွက် နေတယ်တဲ့။ အားလုံးကတော့ အဲဒါ ဘာဘရာ ခြောက်တာလို့ ပြောကြတာပဲ။
***
သင်္ချိုင်းနားမှာ သရဲဇာတ်လမ်းတွေနဲ့ ယဉ်ပါးပြီး ကြောက်တခါ လန့်တလှည့် နေလာလိုက်တာ တော်တော်လေး အရွယ်ရောက်သည်ထိ သရဲနဲ့ တခါမှ မကြုံဖူး မဆုံဖူးပါဘူး။ ဆိုတော့ကာ … ယုံလဲ မယုံခဲ့ဘူးပေါ့။

ဒါဟာ လူတွေ စိတ်ခြောက်ခြားတာ နေမှာပါ … တစ္ဆေသရဲဆိုတာ လူထက် နိမ့်ပါးတဲ့ သတ္တ၀ါတွေပဲ … လူအနားကို မကပ်နိုင်ပါဘူး … လို့ အယုံအကြည် ကင်းမဲ့ခဲ့တယ်။ ဒါပေမဲ့ တခါတော့ မယုံချင်လို့မရဘဲ ယုံလိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကိုယ်တိုင် ကိုယ်ကျ ကြုံခဲ့ရပါတယ်။
အဲဒါကတော့ … … ... ... ...

(နက်ဖြန် ဆက်ရန် … )

မှတ်ချက်။ ။ ပုံတွေကို တွေ့ကရာနေရာက ကြုံသလို ယူထားပါသည်။ နေရာအတိအကျ မမှတ်မိတော့ပါ။ ပိုင်ရှင်ရှိက လာရောက်ကန့်ကွက်နိုင်ပါသည်။

21 comments:

Harry said...

မကြောက်ဘူးကွ ....

ZT said...

အဟမ်း။ ဇာတ်လမ်းတောင် မစရသေးဘူး။ ပထမပိုင်းက ပြီးသွားပြီ။ :P

Soe Mya Nandar Thet Lwin (Borros Roxo) said...

သရဲမကြောက်ဘူး။ လူပဲကြောက်တယ်။ အဟုတ်။

သရဲက ကိုယ့်ကို အန္တရာယ် မပြုနိုင်ပဲ လူက တကယ် အန္တရာယ်ပြုနိုင်လို့။

Happy Halloween!!

နန္ဒာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်းဟင်း
ဘယ်တော့များ သရဲအစစ်နဲ့တွေ့မလဲ တွေ့မလဲနဲ့ ဖတ်သွားတာ လက်စသပ်တော့ Halloween ကို ကြိုဆိုလိုက်တာကိုးးးးးးးးး
ကြောက်ဖို့ပြင်ဆင်ပြီး ဖတ်လာတာ
ကြောက်တောင် မကြောက်လိုက်ရတော့ မတန်ဘူး ဖြစ်သွားတယ်.. နောက်တစ်ခါ တကယ့်သရဲအစစ်အကြောင်း ကိုယ်တွေ့ကို ရေးပြီး အကြွေးပြန်ဆပ်ပါ မမေ..း))

ရွှေရတုမှတ်တမ်း said...

အပျိုတော်ထွက်နေတာမပြီးနိုင်လွန်းတာနဲ့...
ကမဲ့ သရဲလဲ ဘယ်ရောက်သွားသလဲ မသိဘူး..

ကိုကိုမောင်(ပန်းရနံ့) said...

မေဓာရယ်... ဆန့်တငင်ငင်ကြီးဖြစ်အောင်လုပ်ရက်တယ်။ တစ်ခါထဲ ရေးလိုက်ရင် ပြီးရော။း))

လမ်းကြုံရင်တောင် မေဓာတို့အိမ်ကို အလည်မလာရဲလောက်အောင် ဖြစ်နေပြီ။ သရဲခြောက်တဲ့ အိမ်ကြီး ဖြစ်နေလို့။

မနက်ဖန်ဆက်မှာဆိုတော့ ထပ်မျှော်လိုက်ဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ကြီးမေရေ
စည်းစိမ်လည်း သရဲမကြောက်တတ်ဘူး
သရဲမြင်ဘူးလားမေးတော့လည်း မမြင်ဘူးကြဘူး ကြောက်လားမေးတော့ ကြောက်တယ်ဆိုကြတယ် မမြင်ဘူးဘဲနဲ့ ကြောက်ကြတာဆိုတော့ တော်တော်ကို သြဇာကြီးမားတဲ့ကောင်တွေနော မမြင်ဘူးဘဲနဲ့တော့ ကြောက်ပေါင်ဗျာ မြင်နေရတဲ့ သရဲထက်ဆိုးတဲ့ကောင်တွေတော့ ကြောက်စ် ခါတော်မှီ ဗျူး ခါတော်မှီ ရာသီစာတွေနဲ့ အဆင်ကိုပြေလို့ စည်းစိမ်တော့ ရာသီစာ ပုရစ်ကြော်တွေ တ၀ကြီးထိုင်လွေးပြီး သရဲဇာတ်လမ်းကို ဆက်မျှော်နေပါကြောင်း
ကြီးမေ မြန်မြန်နော်
ခင်မင်တဲ့
seesein

Heartmuseum said...

ကတောက်....
ကောင်းခန်း ရောက်မှ မီးပျက်သွားတယ်။

Anonymous said...

အမ..ဖတ်လို့ကောင်းလိုက်တာ။
အဲလိုလေးတွေ များများရေးပါ။

ညီမ

Anonymous said...

မမေ ရေ

သရဲပါရဂူ ကိုကြီးကျောက် စိတ်ဆိုးသွားပြီ မခြောက်နိုင်လို့ ကျနော် ကတော့မျှော်နေပြီ မနက်ဖြန် ဆိုတာ ဖတ်ချင်လှပြီဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မျိုး said...

သူများတွေရှေ့ကျရင် မကြောက်သလိုလိုနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ နောက်တော့တစ်ယောက်တည်း ဖြစ်တဲ့ အခါကျ စောင် ခေါင်းမြီးခြုံပြီး အတင်းအိပ်ရတယ်း) စိတ်ဝင်စားစရာတွေပဲ စောင့်ဖတ်နေမယ် အစ်မရေ့ ။

မောင်လေး said...

ကောင်းခန်းရောက်မှ နက်ဖြန်မှ တဲ့...။
စိတ်ဝင်စားတယ်ဗျို့...ဒါမျိုးဆို...။

khin oo may said...

စိတ်ဝင်စားစရာဘဲ တော်ပါသေးရဲ့.နေ့လည် သုံးနာရီလာဖတ်မိပေလို့။
ကောင်းခန်းမှာရပ်လို့သတ်ချင်သည်။

Sint said...

I am not scared but I hear them before (many times). I didn't realized it at the time. :-(

သံလွင် HeRo said...

ကြောက်တယ်........ဗြဲ

Sunny said...

“ကျမ ပျင်းပျင်းရှိရင် … ဒါမှမဟုတ် စိတ်တွေ မျောလွင့်ချင်ရင် အိမ်ရှေ့က သင်္ချိုင်းရှုခင်းကို တကူးတက ကြည့်နေကျပေါ့။” အစ်မမို့ မကြောက်မရွံ့ ကြည့်ရဲတယ်.. သရဲ ဆို အသံကြားရုံနဲ့တောင် ကြောက်တာ.. အခုလည်း နေ့လည်လာဖတ်မိလို့တော်ပါသေးရဲ့ ..

မြစ်ကျိုးအင်း said...

စောင်ခေါင်းမြီးခြုံဖတ်တာ ချွေးပဲ ထွက်သွားတယ် သရဲ တောင် မကြုံလိုက်ရဘူး။
မနက်ဖြန်မှ တခါ ခေါင်းမြီးခြုံရအုံးမယ်။

Ko Boyz said...

ကြောက်ကြောက်နဲ့ လာဖတ်သွားတယ်။
ဆက်ပါဦး...။

ကိုအောင်(ပျူနိုင်ငံ) said...

ဆက်ရန်ကို မြန်မြန်လုပ်ပါ ကြီးဒေါ် :P

သက်ဝေ said...

မေ...
ခေါင်းစဉ်တွေ့ပြီး ပထမဆုံးစာပိုဒ်လေးပဲ ဖတ်ပြီး တိတ်တိတ်လေး လှည့်ပြန်သွားတယ်... နောက်တပတ်လောက်မှ သေသေချာချာ လာဖတ်ပါရစေ... အခုရက်တွေမှာ တယောက်ထဲဖြစ်နေလို့ မဖတ်သွားသေးဘူးနော်...
မီးမီး ကြောက် ကြောက်...း))

Anonymous said...

အမ်မလေးဗျ
ဟီး... ဖတ်ရင်းတောင်ကြေည့်မြောက်ကြည့် နောက်ကြည့်နဲ့ လန့်လာတယ်
ဟီး ဗန္ဓုလသွေးနှစ်ပုလင်းပါတဲ့ သတ္တိခဲမို့ပါး)

မောင်ဘကြိုင်