Saturday, October 16, 2010

ဇာတ်သိမ်း


ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့တယ် ... ။

ကံကြမ္မာဆိုတာ
ဒဏ်ရာရသူကိုမှ မျက်နှာသာမပေး
သက်ညှာဖို့ ဝေးစွ
ဖေးလည်း မဖေးမခဲ့ပါဘူး။

လရိပ်မှာ ခိုဝင်
ကြယ်စင်ကိုရေတွက်
အအိပ်ခက်လို့ အိပ်ပျက်ခဲ့ရ
ညနက်နက်တွေဟာ
အိပ်မက်မှ မဟုတ်ခဲ့တာ။

အဲဒီတုန်းက …
ကြည်နူးခဲ့တယ် … ရည်စူးခဲ့တယ် …
သဘောချင်းထပ် … မနောချင်းဟပ်ခဲ့ကြတယ် …
စကားတွေကြွယ် … တရားတွေဖလှယ်ခဲ့ကြတယ် …။

ဒီလိုနဲ့ …
နှလုံးသားကို ဆစ်ထု
သမုဒယ သံယောဇဉ်
တပင်ပြီး တပင် ပတ်ရစ်
ချစ်ခြင်းမေတ္တာ ဖြစ်တည်လာခဲ့ကြတယ် … ။

တကယ်တမ်းက …
ဆက်စပ်ခွင့်မရ ဘ၀နှစ်ခုဆိုတာ
နှစ်ဦးသားသိသိနဲ့ ဆူးများငြိတွယ်ခဲ့မိတယ် … ။

စူးတဲ့ ဆူးကို ဆူးနဲ့ထွင်ရင်း
ရင်ခွင် တခုလုံးလည်း ကြေမွ
ထပ်ခါ ထပ်ခါ ဒဏ်ရာရတော့
ခံသာပါ့မလားကွယ်။

နားလည်ပါလေ …
ရှောင်မရတဲ့ အပြစ်တွေ ပြုရင်း
နောင်တနဲ့ မညစ်ပေစေချင်တော့လို့ပါ
ဒါဟာ … အချစ် နေ၀င်သွားတာ မဟုတ်ပါဘူး …။

အခုဘ၀မှာ …
သမုဒယတဏှာကို ပယ်သတ်ဖို့
ဖြတ်ရခက်တဲ့ နွယ်လဲ မတွယ်ချင် …
နုတ်ရခက်တဲ့နွံလည်း မကျွံချင်တော့ပါ …။

ဒါကြောင့် …
အမုန်းတရားမှန်သမျှ ဝေးကွာငြိမ်းစေဖို့
နှလုံးသားဆန္ဒကို ဘေးခွါတိမ်းလို့
ကိုယ့်ဇာတ် ကိုယ်သာ သိမ်းလိုက်ပါတယ်။
.... .... .... .... .... ....
.... .... .... .... .... ....
.... .... .... .... .... ....
ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ ...
ကိုယ်သာလျှင် အပြစ်ရှိပါစေကွယ် ... ။

***

မေဓာဝီ
၁၆၊ အောက်တိုဘာ၊ ၂၀၁၀
၂၁း၀၀ နာရီ

15 comments:

Heartmuseum said...

ကဗျာဖတ်ရင်းးးးးး အတိတ်ကို လွမ်းသွားတယ်ဗျာ....

Anonymous said...

ကြီးမေရေ ကဗျာလေး ခံစားသွားပါကြောင်း
အချစ်နေ၀င်သွားလဲ အချစ်အာရုံက လာအုံးမှာဘဲလေနော ကြီးမေ
ကိုယ့်မီးကိုယ်မွေးပြီး ကိုယ်ထမင်းကိုယ်ချက်စားတာဘဲသိပါတယ် အပြစ်ရှိမရှိတော့ သိဘူးရယ် ပြောစရာဆိုလေး
ဝတာလေးတစ်ခုပါ
ဝမ်းရေးကြောင့် လွမ်းရေးခက်နေတာ ကြာပြီကြီးမေရေ
ခင်တဲ့
seesein

ကိုကိုမောင်(ပန်းရနံ့) said...

အလွမ်းဇာတ်...
အကြမ်းဇာတ်..
အမှန်းဇာတ်တွေကို
တစ်ခန်းရပ်ပစ်လိုက်တော့မှာလား။

ဇာတ်အစ
ဇာတ်အလယ်
ဇာတ်အသိမ်း
ခပ်စိမ်းစိမ်းကြီးဆိုတော့လဲ
ခပ်ရှိန်းရှိန်းကြီးဖြစ်မနေဘူးလား။

မေဓာရေ..
ဝေဒနာတွေက
သေရာပါမသွားပါဘူး
စေလိုရာစေတော့ဆိုပြီး
ဖြေဆည်ရာ အေးအရိပ်မှာ
ချွေးသိပ်ဖြေပါလေတော့။

ကျနော်ကတော့..

တစ်ရေးအိပ်လိုက်ဦးမယ်။း))

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

လွမ်းစရာလေး အမ။ ဒီဘ၀မဆုံနိုင်ရင် နောက်ဘ၀တွေမှာ ဆုံနိုင်ကြပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
ကိုယ့်မီးကိုယ်မွေးမိတဲ့ အဖြစ်တွေကြောင့်ဘဲ
ကိုယ်တိုင် ပြန်လောင်ကျွမ်းခံနေရတဲ့ အဖြစ်တွေ ရှိနေခဲ့တယ်...
အလောင်မခံချင်ပေမဲ့ မီးကို မွေးခဲ့မိတာကိုး
မမေပြောသလို ကိုယ့်အပြစ်နဲ့ ကိုယ်ဘဲပေါ့။

SHWE ZIN U said...

မမေဓါ ရေ

ဇာတ်သိမ်း ဆိုတော့ အဲ ငါလည်း အစ မဖတ်လိုက်ရပါလား ဆိုပြီး အမြန်ပြေးလာဖတ်တယ် ကဗျာလေး က လှလိုက်တာ သိပ်တော်တာဘဲ မမေ က

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ကိုယ်မွှေးခဲ့တာ မီး ဆိုတာ သေချာရင်တော့လည်း ဇာတ်သိမ်းရမှာပေါ့။ ဘဝဆိုတာ ရည်ရွယ်သလိုမှ မဖြစ်တာလေ။

မောင်လေး said...

မမေ...တည့်တည့် ကြီးကိုမှန်ပါတယ်ခင်ဗျ

Harry said...

ကျွံနေရင် နှုတ်ရခက်မယ် စူးဝင်တဲ့မြား ...
နွံပေရင် လှုပ်ရခက်မယ် ကူးချင်တဲ့ငါး ...
(ကိုနေဝင်း - မကူးနဲ့ငါး)

ကိုအောင်(ပျူနိုင်ငံ) said...

လှပပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဇာတ်သိမ်းမျိုး
ပဲ ဖြစ်ပါစေဗျာ။

ရွှေရတုမှတ်တမ်း said...

ကိုယ့်ထင်း ကိုယ်ရှာ
ကိုယ့်ဖိုခနောက် ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ...
ကိုယ်သာလျှင် ထမင်းချက်မိပါတယ်ကွယ်...။

မြတ်နိုး said...

ကိုယ့်ထမင်း ကိုယ်ရှာစား
ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ့်သဘော ကိုယ်ဆောင်
ကိုယ့်သာလျှင် ကိုယ့်ဘ၀ရဲ့ပဲ့ကိုင်ပါပဲကွယ်...

sosegado said...

နှလုံးသားဆန္ဒကို ပစ်ပြီးဇာတ်သိမ်းတိုင်း
အပစ်ရှိတယ်လို့ မယူဆသင့်ဘူး
ဇာတ်သိမ်းသွားပြီလို့လည်း မယူဆသင့်ဘူး
ဆက်ရန်ရှိဦးမှာပဲ အသက်ရှင်နေသရွေ့။

pandora said...

မီးဆိုတာ အလင်းရောင်
မီးဆိုတာ စွမ်းအင်
မီးဆိုတာ အပူ

လောင်စာရှိလို့ တောက်လောင်တတ်တာ သဘာဝမဟုတ်လား။

ကျွမ်းလောင်ချုပ်ငြိမ်းသွားခဲ့ပေမယ့်လည်း စွမ်းအင်တွေပေး အလင်းရောင်ထွန်းညှိခဲ့တဲ့ တောက်ပခဲ့ချိန်ကို အေးချမ်းစွာ သတိရနေနိုင်ပါသေးတယ်။

မောင်မျိုး said...

ဟုတ်ပါ့ဗျာ နောက်ဆုံးတော့ ပြသနာတစ်ခုရဲ့ ဇစ်မြစ်ကိုတွေးကြည့်လိုက်တိုင်း ကိုယ့်မှာသာ အပြစ်ရှိတာပါပဲလေ ။