Sunday, October 10, 2010

၁၀ - သုံးခု အကျိုးပြု

နစ်နေရင် ဆယ်
ညစ်နေရင် ပယ်
တဆယ်သုံးခု
အကျိုးပြု စေရမယ် ...။
***
ဒီကနေ့ ၁၀ ရက် ၁၀ လ ၂၀၁၀ ဆိုတော့ (၁၀၊ ၁၀၊ ၁၀) ၁၀ သုံးခု ဆုံတဲ့နေ့ (၀ါ) စုံတဲ့နေ့ မို့ ထူးခြားတယ် ဆိုရမယ်။ မြန်မာ့သမိုင်းမှာတော့ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်မှာ ဂငယ်သုံးခု ဥသျှစ်ထု ဆိုတဲ့ တဘောင် ပေါ်ပြီး အင်းဝပြည်ကြီး ပျက်စီးခဲ့ရဖူးသတဲ့။ အခု ခရစ်နှစ် ၁၀ သုံးခု ဆုံတဲ့နေ့မှာရော … ဘာတဘောင်များ ရှိမလဲ မသိဘူးလို့ တွေးမိရင်း ကိုယ်သိထားတဲ့ ၁၀-ပါး အစုတွေ လျှောက်စဉ်းစားမိတယ်။ ပါရမီ ၁၀-ပါး၊ မင်းကျင့်တရား ၁၀-ပါး၊ ကိလေသာ ၁၀-ပါး၊ ဉာဏ်စဉ် ၁၀-ပါး၊ ဒုစရိုက် ၁၀-ပါး၊ သုစရိုက် ၁၀-ပါး စသဖြင့်ပေါ့။ ၁၀ သုံးခုဆုံတဲ့ နေ့မှာတော့ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေသာ ဖြစ်စေချင်ပါတယ်။ ဒါကြောင့် စဉ်းစားမိတဲ့ ၁၀-ပါး အစု များစွာထဲကမှ ကောင်းတဲ့ ၁၀-ပါး သုံးခုကို ထုတ်ယူပြီး ၁၀ သုံးခု ဆုံတဲ့နေ့မှာ ကောင်းကျိုးပြုစေဖို့ "၁၀ သုံးခု အကျိုးပြု" လို့ ကိုယ့်ဟာကိုယ်ပဲ တဘောင်လုပ်ကာ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
***
(၁) ပုညကြိယာဝတ္ထု ၁၀-ပါး
(ဧကန်ပြုထိုက်သော ကုသိုလ် တရားများ)

၁။ ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း)
၂။ သီလ (ကိုယ်နှုတ် စောင့်ထိန်းခြင်း)
၃။ ဘာဝနာ (ကမ္မဋ္ဌာန်းဘာဝနာ ပွါးများခြင်း)
၎။ အပစာယန (ရိုသေထိုက်သူကိုရိုသေခြင်း)
၅။ ဝေယျာဝစ္စ (ရတနာသုံးပါး၊ သက်ကြီး ၀ါကြီး၊ မိဘ၊ ဆရာသမားတို့ကိစ္စများ ဆောင်ရွက်ပေးခြင်း)
၆။ ပတ္တိဒါန (မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတပါးအား အမျှပေးဝေခြင်း)
၇။ ပတ္တာနုမောဒနာ (သူတပါး၏ ကုသိုလ်ကောင်းမှုကို ကောင်းချီးနုမော် သာဓုခေါ်ခြင်း)
၈။ ဓမ္မဿဝန (သူတော်ကောင်းတရား နာကြားခြင်း)
၉။ ဓမ္မဒေသနာ (သူတော်ကောင်းတရား ဟောကြားရခြင်း)
၁၀။ ဒိဋ္ဌိဇုကမ္မ (ဖြောင့်မတ်သောအယူရှိခြင်း)
***
(၂) သုစရိုက်တရား ၁၀-ပါး
ကာယ သုစရိုက် ၃-ပါး-
၁။ ပါဏာတိပါတာ ဝေရာမဏိ (သတ္တ၀ါတို့၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း)
၂။ အဒိန္နဒါနာ ဝေရာမဏိ (သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရာမဏိ (ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း)

ဝစီ သုစရိုက် ၄-ပါး
၎။ မုသာဝါဒါ ဝေရာမဏိ (မှန်သောစကားကို ပြောဆိုခြင်း)
၅။ ပိသုဏ၀ါစာ ဝေရာမဏိ (ညီညွတ်စေလိုသောစိတ်ဖြင့် ပြောဆိုခြင်း)
၆။ ဖရုသ၀ါစာ ဝေရာမဏိ (နူးညံ့ချိုသာသော စကားကို ပြောဆိုခြင်း)
၇။ သမ္ဖပ္ပလာပါ ဝေရာမဏိ (အကျိုးရှိသော စကားကို ပြောဆိုခြင်း)

မနော သုစရိုက် ၃-ပါး
၈။ အနဘိဇ္ဈာ (သူတပါးပစ္စည်းကို ရယူလိုစိတ် မရှိခြင်း)
၉။ အဗျာပါဒ (သူတပါးကို ဖျက်ဆီးလိုစိတ် မရှိခြင်း)
၁၀။ သမ္မာဒိဋ္ဌိ (မှန်သော အယူဝါဒရှိခြင်း)
***
(၃) ပါရမီ ၁၀-ပါး
၁။ ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း)
၂။ သီလ (ကိုယ် နှုတ် စောင့်ထိန်းခြင်း)
၃။ နေက္ခမ္မ (ကိလေသာတောမှ ထွက်ခြင်း)
၎။ ပညာ (အကြောင်းအကျိုး ဆင်ခြင် ထိုးထွင်းသိခြင်း)
၅။ ၀ီရိယ (အားစိုက် ကြိုးစား လုံ့လရှိခြင်း)
၆။ ခန္တီ (သည်းခံခြင်း)
၇။ သစ္စာ (ဖြောင့်မတ် မှန်ကန်ခြင်း)
၈။ အဓိဋ္ဌာန် (ပြတ်သားသောဆန္ဒဖြင့် အဓိဋ္ဌာန်တည်ဆောက်ခြင်း)
၉။ မေတ္တာ (စင်ကြယ်သော ချစ်ခြင်း)
၁၀။ ဥပေက္ခာ (လစ်လျူရှုခြင်း)
***
အကျိုးပြုမယ့် ၁၀ သုံးခု ကတော့ ဒီမျှပါပဲ။
၁၀ သုံးခု ဆုံတဲ့နေ့မှ စလို့ လူတွေအားလုံး အကျိုးပြုမယ့် ၁၀ သုံးခုကို ကျင့်သုံးကြရင်း လောကကြီးတခုလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာများဖြင့်သာ ပြည့်ဝစေပါကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

မေတ္တာဖြင့် ...
မေဓာဝီ
၁၀၊ ၁၀၊ ၁၀
ည ၁၀ နာရီ ၁၀ မိနစ်
***
မင်းကျင့်တရား (၁၀) ပါးကို ဒီနေရာမှာ တင်ဖူးပါတယ်။

20 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာဖတ်သွားပါတယ် မမေဓါဝီ။

မသိသေးတာတွေ သိရလို့ ကျေးဇူးတင်တယ် ပြောပါရစေ။

မမေဓါဝီလည်း အစစအရာရာမှာ အဆင်ပြေအောင်မြင်ပြီး ပျော်ရွှင်နိုင်ပါစေ။

ခင်မင်လေးစားလျှက်
နန္ဒာ

သူကြီးမင်း (တုံးဖလား) said...

၁၀ သုံးခု အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အများတကာက ကိုယ်ပိုင်စိတ်ကူး စိတ်သန်းတွေနဲ့ ၁၀၊၁၀၊၁၀ ကို ပုံဖော်နေကြစဉ်မှာ မေဓာက ဗုဒ္ဓတရားတော်တွေနဲ့ သီကုံးလိုက်တော့ တကယ်ကို အဓိပ္ပါယ်ရှိသွားပါတယ်။ တော်လိုက်တာ။ မိဘနှစ်ပါးက မွေးရကျိုးနပ်တဲ့ သမီးကောင်းရတနာလေးတစ်ပါးပါဘဲ။ ကုသိုလ်နှင့် လွှမ်းထုံနေသူအတွက် ကုသိုလ်တရားတွေကိုဘဲ သတိရတတ်စမြဲမို့ ဗုဒ္ဓတရားတော်တွေကို သတိရပေးလို့ မေဓာကို အရမ်းချီးကျူးမိပါတယ်။
ကိုယ်စိတ်နှစ်ပါး ကြည်နူးအေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

မမေဓါဝီ ရေ

အားလုံး အတွက် အကျိုးပြုပါစေ

ကိုကိုမောင် ပြောတာတွေကို လည်း ထောက်ခံသွားပါတယ်

ပျော်ရွှင် အဆင်ပြေပါစေ

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

အကျိုးပြုမယ့် ၁၀ သုံးခုကိုသေချာမှတ်သားသွားပါတယ်.
သဒ္ဓါလည်းပြည့်စုံနိုင်အောင်ကြိုးစားနေထိုင်သွားပါ့မယ်.။
လောကကြီးတခုလုံးလည်း ၁၀သုံးခုလုံးအပြည့်နဲ့
အေးချမ်းသာယာလှပပါစေ..။

ခင်မင်စွာ
သဒ္ဓါ

နေ့အိပ်မက် said...

ဆယ်ရက်ဆယ်လဆယ်ခုနှစ်မှာ စာအသစ်ချိန်ပြီးတင်တာ သိပ်မတွေ့ရဘူး။ မမက ညဆယ်နာရီဆယ်မိနစ်၊ နေ့အိပ်မက်က မနက်ဆယ်နာရီ ဆယ်မိနစ်။ လုပ်မရလို့ အချိန်စောင့်ပြီး တင်ထားရတာ။ ဆယ်ပါးစုတွေကိုလည်း ဖတ်သွားပါတယ်မမ။

နေ့အိပ်မက် said...

"schedule လုပ်မရလို့" လို့ရေးတာမမ :)

ရွှေရတုမှတ်တမ်း said...

မင်္ဂလာကိုကြီးကျောက်ကလဲ..ဒေါ်လေးမေ ရဲ့ စာကို မင်္ဂလာရှိစွာဖတ်သွားပါတယ်၊
ခုခေတ်ကလေးတွေမပြောနဲ့ ဘကျောက်တောင်..ပုညကရိယာ၊သုစရိုက်တရား၊ ပါရမီ ၁၀ ပါးတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး

စုချစ် said...

ကျေးဇူးမမေရေ....
၁၀-၁၀-၁၀ အမှတ်တရ မှတ်သားသွားပါတယ်နော်...
း-)

Anonymous said...

ဆည်တော်ကြီးရော ဆည်တော်လေးရော ရေလွတ်နေလို့
မန်းမှာတော့ နစ်နေလို့ လိုက်ဆယ်နေရတယ်
ညစ်တာကိုကတော့ လွန်ရောဗျာ ဒါကြောင့် ပယ်တယ်ဗျာ

ခင်မင်စွာဖြင့်
seesein

ကိုအောင် said...

တစ်ဆယ် သုံးခုကို ဖတ်သွားပါတယ် မမေရေ။

:P said...

စာတွေကူးယူပြီး အောက်က ရေးသူ မမေဓာဝီနာမည်နဲ့ print ထုတ်ထားချင်ပါတယ်.. ။

Anonymous said...

မနေ့က ၁၀အတွဲလေးတစ်ခု တွေးမိတယ်။
“သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ, သမ္မာဉာဏံ, သမ္မာဝိမုတ္တိ”
အဲဒီမှာ ဥပမာပေးထားတာလေးက လှတယ်။ အာရုဏ်အတက်ဟာ နေထွက်ခြင်းရဲ့ ရှေ့ပြေးနိမိတ်ဖြစ်သလို သမ္မာဒိဋ္ဌိဟာ ကုသိုလ်တရားတို့ရဲ့ ရှေ့ပြေးနိမိတ်တဲ့။ ရှေ့ဆုံး (၁)က အမှန်အကန်ဆိုတော့ နောက်ဆုံး (၁၀)လဲ အမှန်အကန်ပေါ့ဗျာ။

*** ၁၀ သုံးခု ကောင်းကျိုးပြုပါစေကြောင်း…။

မိုးယံ said...

မင်းကျင့်တရား ဆယ်ပါလေး မေ့နေလို့ ပြန်လာရှာတာ
မတွေ့တော့ စိတ်မကောင်းဘူး။ ဒုစရိုက်ဆယ်ပါးတော့ သိနေပါသေးတယ် ။ ပြောင်းပြန်လုပ်ရင် သုစရိုက် ဆယ်ပါး ဖြစ်တယ်ဆိုတော့ အဲဒီ နှစ်ခု ကောင်းကောင်း မှတ်မိတယ်။ (ကျင့်မကျင့်တော့ မေ့သွားတယ်။ ပြောပြဘူး)

sosegado said...

၁၀ ၁၀ ၁၀ တကယ်အတွေးကောင်းလေးပါပဲ၊
မြန်မာလို့ ပြန်ပေးထားတဲ့ အတွက်လည်းကျေးဇူးပါပဲ၊
တောင်မြို့ဆရာတော် ပြောသလို တရားတွေကို မြန်မာလိုမှ ကောင်းတယ်၊

ညိမ်းနိုင် said...

အမှန်တကယ် ကျင့်ကြံလိုက်နာသင့်တဲ့ ၁၀ပါးစု သုံးစုပါပဲ
ခင်ဗျ...။(သင့်တဲ့ လို့ရေးထားပါတယ်၊ကျင့်ကြံနေတယ်လို့
ရေးထားပါဘူးခင်ဗျား..:D )

Ko Min Htet said...

ဆင်အကောင်ရေများတဲ့ ဘုရင်တွေက သူတို့ကိုယ်သူတို့ “ဆင်များရှင် သခင်” ဆိုပဲ မေဓာရဲ့။ အဟဲ ကျနော်မျိုးကတော့ မေဓာကို နာမည်တစ်ခုပေးလိုက်မယ် ”ဆယ်များရှင် သခင်မ” လို့။

မြစ်ကျိုးအင်း said...

အခုမှပဲ ပြည့်ပြည့်စုံစုံကို သေသေချာချာ သိတော့တယ်။
ပါဋ္ဌိလိုတော့ မှတ်မိဖို့ မလွယ်ပေမယ့် မြန်မာလို ပြန်ရေးထားတော့ ဖတ်ဖို့မှတ်ဖို့ လွယ်သွားတယ်။

Crystal said...

ခရီးက ပြန်ရောက်လို့ အခုမှ လာဖတ်ရတယ်ရှင်၊ အဖိုးတန် အသိတွေတိုးလို့ ကျေးဇူးနော်။

Anonymous said...

အကျိုးပြု ၁၀ သုံးခု ကို တကျော့ပြန်ဖတ်သွားပါတယ် ကြီးမေရေ
အသစ်မတင်လဲ အဟောင်းကို ထပ်ခါထပ်ခါ ဖတ်သွားပါတယ်
မရိုးနိုင်တဲ့စာတွေအတွက်ကျေးဇူးပါ
တပုဒ်ဆို ဆိုသလောက် တန်ဖိုးရှိပါပေ့ဗျာ
လူသားအားလုံး လိုက်နာကျင့်သုံးနိုင်ပါစေ သတည်း။
အစဉ်ကျေးဇူးတင် လေးစားစွာဖြင့်
seesein

Unknown said...

ကျေဇူးပါတင်​မိပါတယ်​ ခင်​ဗျာ ။
သာဓုသာဓု သာဓု