Thursday, September 30, 2010

ခရမ်းပြာ အကိုကြီးထံမှ ကဗျာ ၂ ပုဒ်

ကျမက ကဗျာတွေကို ချစ်တယ်၊ ကဗျာတွေ ဖတ်ရတာ နှစ်သက်တယ်၊ ကဗျာရေးဖွဲ့ရတာ ပျော်တယ်၊ ကဗျာရေးသူတွေနဲ့ ခင်မင်သိကျွမ်းရတာလဲ ၀မ်းမြောက်တယ်။ ခင်မင်ရာ ခင်မင်ကြောင်း ဘလော့တွေမှာ တခါတလေ ကဗျာနဲ့ ကွန်မန့်ပေးလေ့ရှိသလို ကိုယ့်ဆီမှာလဲ ကဗျာလေးတွေရေးပြီး ကွန်မန့်လာပေးကြရင် သိပ်ဝမ်းသာတာပဲ။ ကိုယ့်အတွက် တကူးတက ရည်ရွယ်ပြီး ကဗျာလက်ဆောင် ပေးလာရင်တော့ တခြားလက်ဆောင်တွေ ရတာထက် ပိုပြီး ကြည်နူး ကျေနပ်လို့ မဆုံးတော့ဘူး။

တမြန်မနေ့တုန်းက ကျမမေးလ်ထဲ ကဗျာဖွဲ့ထားတဲ့ စာလေး ၂ စောင် ရောက်လာပါတယ်။ ပို့သူကို ကြည့်လိုက်တော့ ခရမ်းပြာနှမအတွက် အမြဲ လွမ်းနာကျနေတတ်တဲ့ အကိုကြီး ကိုဟယ်ရီ ပါပဲ။ ကိုဟယ်ရီနဲ့ ခင်မင်ရင်းနှီးခဲ့တာ ဟိုးအရင် ကိုပြူးကျယ်သို့ ပေးစာများ ဆိုပြီး ရှေးကဗျာတွေ အကြောင်း တင်ခါစလောက်ကတည်းကပါ။ မြန်မာကဗျာတွေကို ချစ်မြတ်နိုးသူချင်း သိကျွမ်းရင်းနှီးခဲ့ကြပြီး သူ့ကဗျာ ကိုယ့်ကဗျာ ပေးဖတ် ဝေဖန်ဖြစ်ခဲ့ကြတယ်။ ကိုဟယ်ရီက မြန်မာကဗျာ စည်းမျဉ်း စည်းကမ်းနဲ့ ပတ်သက်ပြီး အတော်လေး ကျမ်းကျေသလို ကျမရေးတဲ့ ကဗျာတွေထဲမှာ မှားတာရှိရင်လဲ အမြဲထောက်ပြ ပြင်ဆင်ပေးတတ်သူပါ။ သူက ကျမဆီကို ကဗျာ ၂ ပုဒ် မေးလ်နဲ့ ပို့ပေးလာပါတယ်။ တပုဒ်က အဖြည့်ခံရတုအတွက် အဖြည့်ရတု တပိုဒ်နဲ့ နောက်တပုဒ်ကတော့ … အင်း … ဖတ်သာကြည့်ကြပါတော့ ... ။
***
အဖြည့်ခံရတုနှစ်ပိုဒ်ကို ဒီနေရာမှာ တင်ဖူးပါတယ်။ ၂၀၀၇ ဇူလိုင်တုန်းကဆိုတော့ ၃ နှစ်တောင် ကျော်ပြီပေါ့။ မူလရေးသူရဲ့ အဖြည့်ခံရတုကို ကျမဖြည့်ရေးခဲ့တဲ့ အပိုဒ်မှာ အချီပိုဒ်က ကာရန်နည်းနည်း လွဲနေတာကြောင့် (၃ နှစ် ကျော်မှ) ကိုဟယ်ရီက လာထပ်ဖြည့်ပေးပါတယ်။ မူလရေးသူရဲ့ ပထမ ၂ ပိုဒ်၊ ကျမဖြည့်ထားတဲ့ အပိုဒ်၊ ကိုဟယ်ရီ ဖြည့်စွက်တဲ့ အပိုဒ် အားလုံးကို ပြန်တင်ထားလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
(၁) ကျိုးမျှော်ကာရည်၊ သည်လိုစကား၊ ပြောပါငြားက၊ သည်ကားဖြစ်ရာ၊ သိနေပါလျှက်၊ သက်သက်တမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်မဲ့စွာ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ အခြားသူငှာ၊ ဂုဏ်သိက္ခာကို၊ ထိုသို့ညှိုးနွမ်း၊ ဖြစ်စေစမ်းဟု၊ စိတ်ကြမ်းရန်ငြိုး၊ အမျိုးမျိုးပြင်၊ ဖြူစင်သူများ၊ အထင်မှားအောင်၊ မီးလောင်လေပင့်၊ မြေခွေးကျင့်နှင့်၊ မသင့်ကြိုးပမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုသင့်မဆိုသင့်။ ။

(၂) နှိုးဆော်ပါသည်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ ဤကားသစ္စာ၊ ဖြစ်တည်ရာဟု၊ သူငှာအများ၊ သုတပွားအောင်၊ စကားချိုသာ၊ ပညာပြည့်ဝ၊ နှလုံးလှဖြင့်၊ ထောက်ပြဝေဖန်၊ အကြံဥာဏ်ကို၊ ညွှန်းဆိုသူအား၊ လိုလားခြိမ့်စွာ၊ ဖိတ်ခေါ်ကာလျှင်၊ အမြင်ဖလှယ်၊ ခင်တွယ်စိတ်ထား၊ မိတ်ဝတ္တရားနှင့်၊ စကားစစ်ပြင်၊ အခြေတင်ကို၊ အစဉ်ကြိုးပမ်း၊ ထိုနည်းလမ်းအား၊ လက်ကမ်းကြိုသင့်မကြိုသင့်။ (Philtre)

(၃) သို့သော် ငါသည်၊ ရွယ်ရည်စိတ်မှာ၊ စေတနာဖြင့်၊ သေချာထောက်ထား၊ မှန်မြင်အားကို၊ ပြောကြားဆိုလည်း၊ မလိုသူငါ၊ မုဒိတာမဖက်၊ ဣဿာစွက်လျက်၊ မုန်းဖက်ရန်လို၊ ဒေါသပိုကြ၊ “ငါကပညာ၊ တတ်သည်မာန”၊ ထောင်လွှားကြလျက်၊ အပြစ်စွက်၏၊ ပြောမိစကား၊ ရေးမိမှားက၊ တောင်းပန်ခကာ၊ မေတ္တာမပျက်၊ သစ္စာနက်ဖြင့်၊ ရန်ဖက်မသမ်း၊ အမှန်လမ်းကို၊ ဆက်လှမ်းလိုလင့် … မလိုလင့် … ။ … ။ (မေဓာဝီ)

(၄) မျိုးနော်ကွာသည်၊ လမ်းနှစ်လီတွင်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ စကားချိုချို၊ ညွန်းဆိုသူအား၊ လိုလားဖိတ်ခေါ်၊ အဖော်ကောင်းဖြစ်၊ စကားစစ်ပြင်၊ ခြေတင်ဆွေးနွေး၊ နွေးထွေးရည်မှန်း၊ ဤနည်းလမ်းအား၊ လက်ကမ်းကြိုဆို၊ သင့်ရာဆိုပါ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ တပါးသိက္ခာ၊ ညှိုးနွမ်းပါစေ၊ စိတ်မှာတမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်ကင်းလျက်၊ အဖျက်စိတ်ထား၊ ထင်မှားကုန်းတိုက်၊ မြေခွေးမိုက်သို့၊ စိုက်စိုက်စိတ်ကြမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုမှ၊ သင့်မည်ပလေ၊ နှုတ်စချိုသာ၊ စေတနာဖြင့်၊ သေချာတိကျ၊ ညွှန်ပြလက်ကမ်း၊ ဤနည်းလမ်းကို၊ တက်လှမ်းလိုသင့် မလိုသင့်။ (ကိုဟယ်ရီ)
***
ကိုဟယ်ရီရဲ့ ဖြည့်စွက်ရတု ကဗျာအတွက် ကျေးဇူးတင်ပါတယ်။ နောက်ကဗျာတပုဒ်ကတော့ တလောက ဆယ်စောင်တွဲထဲက ကောက်နုတ်ပြီး တင်ခဲ့ဖူးတဲ့ ဖိုးသူတော်ဦးနုရဲ့ စကားပုံတွေ ကို အတုယူရေးထားတဲ့ “မသူတော် ဟယ်ရီရဲ့ စကားပုံများ” ပါ … တဲ့။ ကျမပြောတာ မဟုတ်ဘူးနော် … သူ့ဟာသူ နာမည်ပေးထားတာပါ။ သူရေးထားတာ ဖတ်ရင်းနဲ့ ကျမမှာ ရယ်လိုက်ရတာ။ ကိုယ့်ကို နှိပ်ကွပ်ထားမှန်း သိသိနဲ့ ဖတ်လို့လဲ ကောင်းပါရဲ့ … ၊ များသောအားဖြင့် အလွမ်းကဗျာတွေချည်း သီဖွဲ့တတ်တဲ့ ကိုဟယ်ရီက ခုလို ရယ်စရာကဗျာလေး ရေးလာတော့ လူမသိ သူမသိ မေးလ်ထဲမှာပဲ ပျောက်ပျက်မသွားရလေအောင် အမှတ်တရ အနေနဲ့ ဘလော့မှာ တင်ဖို့ ခွင့်တောင်းပြီးသကာလ … ဖော်ပြလိုက်ပါတယ်။ မသူတော် ဟယ်ရီရဲ့ စကားပုံများတဲ့ … မှတ်သားစရာမို့ ဖတ်ကြားနာကြပါစို့လား … ။
***
မသူတော် ဟယ်ရီ စကားပုံများ

မြန်လယ်တလည်၊ ဉာဏ်ကြွယ်စီသည်၊ ဟယ်ရီကျွန်ုပ်၊ နားမရှိဗလာ၊ နားမခံသာအောင်၊ လင်္ကာစုတ်ဖြင့်၊ အာပုတ်ငိုပြ၊ စကားပုံမဟုတ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ရောက်အောင်ပို့ခဲ့မည်။

၁။ တွေးမိတွေးရာ ရေးမိရေးရာ မရေးပါနှင့်၊ ကြွေးရှိမပေးသာ ပြေးမိပြေးရာ မပြေးပါနှင့်။
တွေးမိတွေးရာ ရေးမိရေးရာ ရေးက အမြဲတမ်းကြံဆရမည်။ ကြွေးရှိမပေးသာ ပြေးမိပြေးရာပြေးက ရဲအဖမ်းခံကြရမည်။

၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။
ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။

၃။ ဒေဝါလီလည်း မခံနှင့်၊ မေဓာဝီလည်း မကြံနှင့်။
ဒေဝါလီခံက မွဲနစ်၍ လူဖြစ်ရှုံးတတ်သည်။ မေဓာဝီကြံက အမြဲမချစ်၍ သူပစ်မုန်းတတ်သည်။

၎။ သေရွာဆီကိုလည်း မသွားချင်နှင့်၊ မေဓာဝီလိုလည်း စကားမထွင်သင့်။
သေရွာဆီကိုသွားချင်က နတ်ရွာမရောက်လျှင် ခက်လိမ့်မည်။ မေဓာဝီလိုစကားထွင်က ပြဿနာပေါက် အစဉ် တက်လိမ့်မည်။

၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ)
ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)

သံသရာလောက၊ နှစ်ဝအကျိုး၊ ဆိုးများစေမည်၊ ကြံရွယ်ရည်လျက်၊ ဟယ်ရီမည်ခေါ်၊ ငါမသူတော်လျှင်၊ နာအော်ဖွယ်ရာ၊ ကုန်းတိုက်စာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
မသူတော်ဟယ်ရီ စကားပုံ ပြီး၏။
***
အဲဒါပါပဲ … ဘလော့ဖတ်သူများကတော့ မသူတော်ဟယ်ရီရဲ့ စကားပုံများကို နှစ်သက် သဘောကျကြမယ် ထင်ပါရဲ့။ မေဓာဝီကတော့ သူလုပ်တာနဲ့ ဒုက္ခရောက်ပါပြီ။ သူပြောတာ မယုံကြပါနဲ့ နော်း)))
မည်သို့ပင် ဖြစ်စေပေါ့လေ … မအားလပ်လို့ စာမရေးဖြစ်တဲ့ နေ့တွေမှာ “လွမ်းကာ ငိုညည်းတတ်တဲ့ ခရမ်းပြာ အကိုကြီး” ကိုဟယ်ရီရဲ့ နှစ်သက်စဖွယ် ကဗျာ နှစ်ပုဒ်နဲ့ ပို့စ်တခုတင်လိုက်ရပါကြောင်း … ။
***
မေဓာဝီ
၃၀၊ စက်တင်ဘာ၊ ၂၀၁၀
၂၃း၂၅ နာရီ

16 comments:

မြတ်နိုး said...

ဟီးးးးး....မသူတော်ဟယ်ရီစာကိုတော့ ကြိုက်သဗျာ
လန်းတယ်...။
ရီရတယ်..။

မြတ်နိုး said...

သေပါပီဆိုပီးလဲမအော်နှင့်။ မေဓာဝီလိုလည်း ပုန်းချင်ယောင်မဆောင်နှင့်။
သေပါပီအော်က ယောင်္ကျားကို မိန်းမကရိုက်နေသည်ဟု ၀ိုင်းအုံစပ်စုကြပေမည်။ မေဓာဝီလို ပုန်းချင်ယောင်ဆောင်ပါကလဲ ဂျီပုန်းစာရင်းဝင်တတ်သည်။


မြတ်နိုး

မြတ်နိုး said...

ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ
သတ်လို့မသေ မူးရင်းသေမည် နေပြည်တော်ဆီ ရဲရဲချီ

ကျေပါပီလည်း မအော်နှင့်။ မေဓာဝီလည်း အမျိုးမတော်နှင့်။
ကျေပါပီအော်က အများက ကျေနပ်စွာထောက်ခံနေလိမ့်မည်ဟု ယူကြပေလိမ့်မည်။ မေဓာဝီကို အမျိုးတော်ပါကလည်း ဘလော့ပေါ်တွင် အတင်းတပ်ပေလိမ့်မည်။

မြတ်နိုး said...

မေဓာဝီ- သေပါပီ (အမလေးတော်.. မြည်သံစွဲအလင်္ကာ)

ဟီး..အမရေ..ကန်တော့.. လစ်ပီ။ စတာ အတည်မယူနဲ့နော်.။

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရင်း ချီးကျူး၊
ချီးကျူးရင်းဖတ်။

ပြီးတော့..

ရယ်ပြီးဖတ်၊
ဖတ်ပြီးရယ်
မျက်စိအတော်ကျယ်သွားခဲ့တယ်။

အပေါ်က မြတ်နိုးကလဲ ကွန်မင့်တွေ ဘုံးဘလအောပေးထားလေတော့ မေဓာ့ဝီပို့စ်ကလေး အလှများနှင့်စုဝေးနေဦးမှာ မြင်ယောင်မိသေးပါတယ်။ :D :D :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Maung Myo said...

ကိုဟယ်ရီ ရဲ့ ကဗျာစပ်ပုံက ကာရန်လေးတွေနဲ့ ချစ်စရာကောင်းပါ့

““ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။””း) သဘောတကျ ဖတ်သွားတယ် ဘာပဲဖြစ်ဖြစ် ချစ်စရာ့ စကားလက်ဆောင် ကဗျာလက်ဆောင်လေးရတာ ကျေနပ်စရာ

မင်္ဂလာပါ ဆရာလေး မေဓာဝီ :P

မိုးယံ said...

ဖိုးသူတော်ဦးမင်း ရှိရင် မသူတော် ဟယ်ရီကို ဦးချလောက်တယ် ။ ကောင်းလိုက်တဲ့ ကဗျာ ဖတ်ရင်းရယ် ရယ်ရင်းဖတ်။

Anonymous said...

ဖတ်လိုက်ရတာ ကောင်းလိုက်တာ ရီလိုက်ရတာ မမေဓါဝီ ရေ

၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ)
ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)
ဒါကိုတော့ အကြိုက်ဆုံးဘဲ မစားဘဲ မနေနိုင်လို့

မမေဓါ နဲ့ မသူတော် သူတော် ကို ကျေးဇူးပါ

ရွှေစင်ဦး

သက်ဝေ said...

မေ...
ပျော်စရာ ရယ်စရာ ပြီးတော့ ချစ်စရာ ကာရန်လေးတွေနဲ့နော်...
ငတ်လို့မနေ စားရင်းသေမည်
ပန်းကန်ပြားဆီ ရဲရဲချီ... တဲ့...
ကိုယ့်ကိုများ စောင်းပြောနေရော့သလားလို့ တွေးမိတယ်... ဟီးဟီး

Mhu Darye said...

၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။
ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။ တဲ့
ဤမှ အစပြု၍ မြုံစိမြုံစိ ပြုံးမိ၏ :P

@မြတ်နိုး@
မေဓာဝီ- သေပါပီ (အမလေးတော်.. မြည်သံစွဲအလင်္ကာ)

ဟီး..အမရေ..ကန်တော့.. လစ်ပီ။ စတာ အတည်မယူနဲ့နော်.။
ဟိဟိဟိဟိ ;))))

ကိုအောင် said...

အားရင် သရဲအကြောင်း ရေးပါအုံး၊ ရေးမယ်ဆို ...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေဓာဝီရဲ့
စာစီထားတဲ့ ကဗျာတွေကို
ကြည်မြပီသတဲ့ စိတ်စဉ်နဲ့
ဘ၀င်မှာဟပ်အောင်
အစဉ်မပြတ်
အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုသွားပါကြောင်းရှင်။

ကိုအောင် said...

ကဗျာတွေ လာဖတ်တယ် မမေဓါဝီ၊ ပထမ ကော်မန့် ရေးသေးတယ် မပေါ်ဘူးထင်လို့
ထပ်မန့်တာ။

မေဓာဝီ said...

မသူတော် ဟယ်ရီရဲ့ စကားပုံများကို နှစ်သက် အားပေးကြတာ ကျေးဇူးပါရှင်။

ကိုအောင်ရေ ... ကျမ တနေ့လုံး မအားလို့ အွန်လိုင်းမတက်နိုင်တာနဲ့ ကွန်မန့်ကိုခုမှ တင်လိုက်ရတာပါ။ ဆောရီးနော်။ ရာသီစာ သရဲ အကြောင်း ရေးအုံးမယ်လေ ... မကြာမီ လာမည် မျှော် ... :)

မြစ်ကျိုးအင်း said...

အဲဒီလို စကားပုံလေးတွေကို သဘောကျလို့ ရယ်စရာမဂ္ဂဇင်းမှာ ရှာ ဖတ်ဖြစ်တယ်။
အငြိမ့် ၂ မှာတောင်ထည့်ရေးဖူးသေးတယ်။
သေသေချာချာ အချိန်ယူစဉ်းစားရေးရမှန်း သိလို့ သဘောကျ နှစ်သက်ပါတယ်။

Anonymous said...

ကြီးမေရေ
စကားပုံလေးတွေအခုမှ ဘဲ ဖတ်ဖြစ်တယ် တော်ကြတယ်ဗျာ လေးစားလျှက်
seesein