Thursday, April 10, 2008

ရွေးကောက်ပွဲ

ဒီခေါင်းစဉ်ကို ချရင်းနေရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံမောင်ဝရဲ့ "ရွေးကောက်ပွဲ" ကို သွားသတိရမိတယ်။ အခုရေးမယ့် ရွေးကောက်ပွဲက ရွေးကောက်ပွဲတော့ ရွေးကောက်ပွဲပါပဲ ... ဒါပေမဲ့ သိပ္ပံမောင်ဝရဲ့ ရွေးကောက်ပွဲနဲ့တော့ ကွာခြားပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ရွေးကောက်ပွဲ ဆိုပါတော့ ... ။
ဖတ်ကြည့်ကြပါဦး ... ။
***
ရွေးကောက်ပွဲ
ဒီကနေ့ ထမင်းစားမယ်ဆိုပြီး ချက်ထားတဲ့ ထမင်းအိုးကလေးကို အဖုံးလှပ်ကြည့်လိုက်တော့ ထမင်းဖြူဖြူလေးတွေထဲမှာ စပါးလုံး တလုံးကို တွေ့လိုက်ရလို့ အံ့သြသွားမိတယ်။ ထမင်းထဲ စပါးလုံးပါတာ အထူးအဆန်းလုပ်ပြီး ရေးရကောင်းလား အပြစ်မတင်လိုက်ပါနဲ့။ ဒီကို ရောက်ကတည်းက ထမင်းထဲ စပါးလုံး တခါမှ မမြင်ဖူးလို့ပါ။

ဒီကို ရောက်ခါစ အရင်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေစဉ်တုန်းက ကျောင်းကကျွေးတဲ့ ထမင်းတွေ သိပ်စားလို့ မရပါဘူး။ ချက်တာက မနပ်တနပ်၊ မာတာတာနဲ့ တခါတလေကျ ဆန်ကွဲလို ဆန်အကျိုး သေးသေးလေးတွေ ချက်ကျွေးသေးတယ်။ အမေရေ ... ဘိလပ်ရောက်မှ ဆန်ကွဲ စားနေရပါပြီလို့ စိတ်ထဲ ကျိတ် ငိုချင်းချမိသေး။ သူတို့ကတော့ အားရပါးရ စားနေကြတာပဲ။ ကျမကတော့ သူတို့ ထမင်း စားမရတာနဲ့ ထမင်းကို ရှောင်ပြီး တခြားဟာတွေပဲ ရွေးစားခဲ့ရပါတယ်။ အဲ ... မသိခင်က စားမိတုန်းကလည်း အဲဒီ ထမင်းတွေထဲ စပါးလုံး မမြင်မိပါဘူး။

အခု ဦးရီးတော်အိမ်ရောက်တော့ ဦးရီးတော်က ဘတ်စမာတီ ဆန်ပဲ စားတာမို့ ကျမအတွက် စားရတာ အဆင်ပြေလှပါတယ်။ အိမ်မှာ ၀ယ်ထားတဲ့ ဘတ်စမာတီဆန်က ချက်လိုက်ရင် မွှေးပြီး စားလို့လည်း အင်မတန် ကောင်းတယ်။ ၂၀ ကီလိုဂရမ် ပါတဲ့ ဆန်တအိတ်ကို ၁၆ ကျပ် ၁၇-ကျပ် ပေးရတော့ ဈေးကတော့ သိပ်မနည်းလှဘူး ဆိုရမလားပဲ။ ဒါတောင် ကျမရောက်ခါစက တအိတ်ကို ၁၂-ကျပ်ကနေ ၁၇-ကျပ်ထိ ဈေးတက်သွားတာပါ။ ဈေးမနည်းသလို ဆန်ကလည်း ကောင်းပြီး သန့်ရှင်းတာမို့ စားပျော်ပါတယ်။ ကျမ ယောက်ဖ (အမယောက်ျားကို ခဲအို မခေါ်ချင်လို့ ယောက်ဖလို့ နောက်ပြီး ခေါ်တာပါ) ထမင်းချက်တယ်ဆိုရင် ဆန်ကို ရေနဲ့တောင် ဆေးမနေဘဲ တခါထဲ အိုးထဲထည့် ပြီးမှ ရေကလေးစွက်ပြီး ချက်လိုက်တာပဲ။ ကျမကတော့ ဗမာပြည်က ထုံးစံအတိုင်း ရေ ၂-ထပ် ၃-ထပ် လောက် ဆေးလိုက်ရမှ ကျေနပ်တာမို့ မချက်ခင် အရင် ဆေးလေ့ရှိပါတယ်။

ပြောချင်တာက ... ဒီက ဆန်တွေက သန့်ရှင်းပြီး အမှိုက်သရိုက်၊ ဖွဲ ဆန်ကွဲ၊ စပါးလုံး ကင်းတယ် ဆိုတာကိုပါ။ အဲ ... အဲဒီလို သန့်ရှင်းတယ်လို့ ယူဆထားတဲ့ ဆန်ထဲ အခုမှ မကြုံစဖူး စပါးလုံးတွေ့တော့ တော်တော်လေး အံ့သြမိသလို ဒီစပါးလုံးလေး တလုံးကို ကြည့်ရင်း ငယ်ငယ်တုန်းက စားခဲ့ဖူးတဲ့ "ပြည်သူ့ဆိုင်ဆန် " ကို ပြန်လည် သတိရမိပါတယ်။

ပြည်သူ့ဆိုင်ဆိုတာ အခုခေတ် ကလေးတွေတော့ သိချင်မှ သိပါလိမ့်မယ်။ ဆိုရှယ်လစ်ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သမ၀ါယမဆိုင်ကို ပြည်သူ့ဆိုင်လို့ အလွယ်ခေါ်ကြတာပါ။ ပြည်သူ့ဆိုင်ဆန် ဆိုတာကတော့ အဲဒီ သမ၀ါယမဆိုင်က ပေးတဲ့ ဆန်ပေါ့။ အိမ်ထောင်စု တစုမှာ ရှိတဲ့ လူအရေအတွက် အလိုက် ကိုယ်တာနဲ့ ဆန်ရပါတယ်။ ဆန်အမျိုးအစားကတော့ သိပ် မကောင်းလှပါဘူး။ အဲဒီတုန်းက အိမ်မှာ အိမ်ထောင်စုကများ လူဦးရေကများတော့ အဘိုးကလွဲရင် ကျန်တဲ့အိမ်သားတွေ အားလုံး ပြည်သူ့ဆိုင်ဆန်ပဲ စားကြရပါတယ်။

အဲဒီဆန်တွေဟာ အမျိုးအစားက ညံ့ရတဲ့အထဲ ဆန်ကွဲတွေ၊ ဖွဲတွေ၊ စပါးလုံးနဲ့ မြက်သီးတွေ အပြင် စက်ချေး၊ ကြွက်ချေး၊ တခါတလေ ပိုးဟပ်ချေးတောင် ရောနှောပြီး ပါလေ့ရှိတယ်။ စက်ချေးဆိုတာက ဆန်ကြိတ်တဲ့ ဆန်စက်က မသန့်ရှင်းလို့ စက်ဆီနဲ့ ချေးနဲ့ ရောနှောရာက ဖြစ်ပေါ်လာတဲ့ မဲမဲလုံးလုံး အခဲကလေးတွေပါ။ ထမင်းလုပ်ထဲ စက်ချေးခဲဝါးမိရင် ထမင်းစားကို ပျက်တော့တာပဲ။ ချက်ချင်း ထထွေး၊ ပလုပ်ကျင်းပစ်ရတယ်။ ကျမက အဲဒီလို စက်ချေးတို့ ဆံပင်ချည်တို့ စားသောက်နေရင်း တိုးတတ်တဲ့ အကုသလ၀ိပါက် ပါလာလို့ စက်ချေးခဲ ၀ါးခဲ့မိပေါင်း များပေါ့။ ခုထိတောင် စက်ချေးဆိုရင် ပါးစပ်ထဲ သူ့အနံ့ အရသာ ပြန် မှတ်မိနေပါသေးတယ်။

အဲဒီလို အလွန်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆိုင်ဆန်ကို စားခဲ့ရတဲ့ဘ၀ဟာ မမေ့နိုင်စရာပါပဲ။ ကျမကို ငယ်ငယ်တုန်းက ထိမ်းခဲ့တဲ့ ကရင်အမကြီးက တပတ်တခါ ပြည်သူ့ဆိုင်သွားပြီး ဆန်သွားထုတ်ရပါတယ်။ သူဆန်ထုတ်ပြီး ပြန်လာရင် ဆန်တွေကို ပြာတီး၊ ဆန်ကွဲခုပ်၊ စပါးလုံး ရွေးရတော့တာပါပဲ။ ကျမတို့ ကျောင်းပိတ်တဲ့ ရက်နဲ့ ကြုံရင် လူကြီးတွေက ကျမတို့ကိုပါ စပါးလုံးရွေးခိုင်းလို့ စကောတချပ်မှာ ၂-ယောက် ၃-ယောက် ၀ိုင်းပြီး စပါးလုံး ရွေးကြရတယ်။ တခါတလေလည်း ရွေးရင်းနဲ့ ဆော့ကြပြုကြနဲ့ပေါ့။ တခါတလေတော့လည်း မလုပ်ချင် လုပ်ချင်နဲ့ လုပ်ရတာမို့ အိပ်ငိုက်လိုက် သန်းဝေလိုက်နဲ့။

အိမ်နောက်ဖေးက သစ်သား ကွပ်ပစ်လေးပေါ် ၀ိုင်းဖွဲ့ပြီး စပါးလုံးရွေးနေကြတဲ့ ကျမတို့အနား ဖြတ်သွားတဲ့ လူကြီးတွေက
"ကလေးတွေ ရွေးကောက်ပွဲ လုပ်နေကြတယ်ဟေ့" ဆိုပြီး နောက်ပြောင် ကျီစယ်သွားလေ့ရှိကြတယ်။ ဒီလိုနဲ့ နောက်ပိုင်း ကျမတို့ စပါးလုံးရွေးကြရင် "ရွေးကောက်ပွဲ" လုပ်တယ်လို့ပဲ သုံးနှုန်းဖြစ်ကြပါတယ်။ တချို့နိုင်ငံတွေ ၄-နှစ်တခါ ရွေးကောက်ပွဲ လုပ်ပေမဲ့ ကျမတို့ကတော့ ခပ်တည်တည်နဲ့ တပတ်တခါကို ရွေးကောက်ပွဲ လုပ်ကြတာပေါ့။ အဲ ... ချွင်းချက် အနေနဲ့ အနှစ် ၂၀ နီးပါးနေမှ တကြိမ် လုပ်တဲ့ နိုင်ငံလည်း ရှိသေးရဲ့။ ... အဲဒါတော့ ထားပါတော့။ ထည့်မပြောတော့ပါဘူး။

ကျမတို့ရဲ့ ရွေးကောက်ပွဲကတော့ လုပ်ချင်လို့ လုပ်ကြရတာ မဟုတ်ပါဘူး။ လူကြီးတွေက ခိုင်းလို့ ခပ်ပျင်းပျင်းနဲ့ လုပ်ကြရတာပါ။ တခါတလေတော့လည်း ဆော့ချင်လို့ စာမကျက်ချင်လို့ လုပ်တဲ့အခါလည်း ရှိတာပေါ့။ အဲ ... ကျမတို့ ရွေးကောက်ပွဲကြီးကို စိတ်မပါ လက်မပါ လုပ်ကြတဲ့အခါ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်မလာတော့ပါဘူး။ စပါးလုံးတွေ၊ စက်ချေးတွေ အကုန် မပြောင်တော့ အဲဒီဆန်ကို ချက်တဲ့ ထမင်းဟာလည်း စားလို့ ဘယ်ကောင်းနိုင်ပါတော့မလဲ။

အခုအချိန်မှာ ကျမစဉ်းစားကြည့်မိပါတယ်။
ငယ်ငယ်တုန်းက ရွေးကောက်ပွဲဟာ လူကြီး မိဘတွေ ခိုင်းလို့ မလွှဲသာ မရှောင်သာ လုပ်ခဲ့ရတာ၊ စိတ်ထဲမှာလည်း သူတို့အတွက် လုပ်ပေးရတယ်လို့ပဲ ထင်ခဲ့မိတယ်။ တကယ်တမ်း ဒီဆန်ကို ချက်တဲ့ထမင်းကို ဘယ်သူတွေ စားကြသလဲဆိုရင် ရွေးကောက်ပွဲလုပ်သူ ကျမတို့ အပါအ၀င် တအိမ်သားလုံး စားကြရတာပါပဲ။ ဒီရွေးကောက်ပွဲဟာ သန့်ရှင်းစင်ကြယ်မှ စိတ်ပါ လက်ပါနဲ့ မှန်မှန်ကန်ကန် လုပ်မှ ကိုယ်ကိုယ်တိုင်ရော အိမ်သူ အိမ်သား အများပါ စိတ်လက်ချမ်းသာစွာနဲ့ ထမင်းစားကြရမှာပါ။
မဟုတ်ရင်တော့ ... စပါးလုံးနဲ့တိုးလိုက်၊ မြက်သီးဝါးမိလိုက်၊ စက်ချေးခဲ ကိုက်မိလိုက်နဲ့ တအိမ်သားလုံး ထမင်းစား ပျက်ကြမှာ အသေအချာပါပဲ။ မသန့်ရှင်းတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်ဆိုပါတော့ ... ။

အင်း ... ကျမလည်း ထမင်းအိုးထဲ စပါးလုံး တလုံးတွေ့ရာက တွေးမိတွေးရာတွေ လျှောက်တွေးနေမိတာ ထမင်းတောင် ခုထိ မစားရသေးဘူး။ မြန်မြန်လေး စားလိုက်ဦးမှ ...။
***
မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၀၈
၁၂း၀၃ နာရီ
[ဒီစာကို ရေးပြီး တင်မယ်ကြံနေတုန်း မနေ့က သတင်းထဲမှာ ဆန်ဈေးတွေ တက်တယ်လို့ ကြေညာသွားတာ ကြားလိုက်ရတယ်။ နောက်ဆို ထမင်းလျော့စားပြီး ပေါင်မုန့်များများစားရ ကောင်းမလားဘဲ။ :)]

12 comments:

Anonymous said...

မိုက်တယ် အမရေ..
ညီမတို့ကတော့ ပြည်သူ့ဆိုင်ဆန်တော့ မသိဘူး။ ရုံးဆန်တွေတော့သိတယ်။
အဒေါ်ရောဂါကြောင့်ရောစားကြတာဆိုတော့ တခါတလေ အမဲစေ့ ဖြစ်ဖြစ် စပါးလုံးဖြစ်ဖြစ် တလုံးတလေ ပါရင်တောင် ညီမက အန်ထုတ်ပီး ဆက်ကို မစားနိုင်တော့ လို့ အိမ်က လူတွေက တော်တော် သတိထားပေးရတယ်။
အမ.. ရွေးကောက်ပွဲ .. မိုက်တယ်။ ခေါင်းစဉ်ရယ် စာသားရယ်။ ဟီး

ညီမ

တန်ခူး said...

ဒီအတွေး၊ ဒီအရေးတွေနဲ့ဝေးနေတာကြာပြီး အခုမှပြန်ဖတ်ရတော့ အရသာရှိလိုက်တာမေရယ်။ ပြည်သူ့ဆိုင်ခေတ် တို့လဲမှီတယ်။ အဲဒီတုန်းက လွတ်လပ်ရေးနေ့အားကစားပွဲဆို စပါးလုံးကောက်ပြိုင်ပွဲ(ရွေးကောက်ပွဲ)တောင်ပါသေးတယ်။

ညီလင်းသစ် said...

အခြေအနေရယ်၊ အချိန်အခါရယ်၊ ခေါင်းစဉ်ရယ်၊ တင်ပြ ပုံရယ်၊ စကားလုံးရွေးချယ်မှုရယ်...အားလုံးဟာ စပ်ဟပ် လွန်းလှချည်လား မမေဓာဝီရေ...။ အင်မတန်မှကို ရိုးစင်း ကောင်းမွန်တဲ့ စာတစ်ပုဒ်ပါပဲဗျာ။
ကျနော်တို့ညီအကိုလည်း ငယ်စဉ်က တစ်ပတ်တခါ ရွေး ကောက်ပွဲ ကျင်းပရလေ့ ရှိပါတယ်၊ ပြည်သူ့ဆိုင်ကဆန် တွေက ပြည်သူ့အတွက် တခါမှကောင်းကောင်းမွန်မွန် မရှိခဲ့လေတော့ ရွေးကောက်ပွဲတွေဟာ ဇယ်ဆက်နေခဲ့ တော့တာပေါ့လေ...။

မေဓာဝီ said...

ကျမဘာရေးရေး အမြဲအားပေးတဲ့ မခိုင်နဲ့ ညီမငယ် ဖြူကို ကျေးဇူးတင်ပါတယ်။ ခုထက်ထိ ခိုးကြောင်ခိုးဝှက် ဘလော့ရေးနေရတာမို့ တခြားဘလော့တွေလည်း မလည်နိုင်၊ မဖတ်နိုင်သလို ကိုယ့်ဆီလာလည်ပြီး ကွန်မန့်ရေးတဲ့သူတွေကိုတောင် ဧည့်ဝတ်မကျေနိုင်တာ စိတ်မကောင်းပါဘူး။ နောက်လည်း အမြဲ အားပေးကြပါဦးနော်။

Thet Htoo@Myat Lone said...

မမေဓာဝီ ပြောတာနဲ့ ဆန်နီတွေ ဘာတွေသာ မစီးနိုင်တာ။ အိမ်မှာ ဆန်နီ စပါးလုံးတွေပါတဲ့ ဆန်တွေတော့ စားနိုင်သားပဲလို့ ခဏခဏ ဟာသ လုပ်ပြီး ပြောခဲ့ဖူးတာ သတိရတယ်ခင်ဗျ။

Khin said...

good post

နတ္ထိ said...

သင်္ကြန်အကြို, နေလဲ ညိုပြီ, ငါ့ကို အိမ်ပြန်ခွင့်ပေးပါ...။

ကိုပေါ said...

ဖြစ်မှဖြစ်ရလေ။ သမဆိုင်က ဆန်ကိုများ စပါးလုံးနဲ့ စက်ချေး၊ ကြွက်ချေးတွေ သွားရွေးဖယ်နေတော့ ကြာမှာပေါ့ခင်ဗျာ။ အမှန်က ဆန်ကို ရွေးဖယ်လိုက်ရင် ပိုမမြန်ပေဘူးလား။
ဒီပို့စ်ကို ဖတ်ရတော့ အင်းစိန် တောင်သူကုန်းရပ်ကွက်က သမဆိုင်မှာ သွားတန်းစီရတာ သတိရသေးတော့။

Hteink Min said...

ဟားဟား။။ စပါးလုံးမရွေးရတာ ကြာပြီပေါ့ မမေ..တစ်ခါတစ်လေလည်း စပါးလုံးရွေးချင်ပါသေးတယ်.. ကြာပြီလေ မရွေးတာ.. ဒီတစ်ခါရွေးရင်တော့ စိတ်ပါလက်ပါနဲ့ သန့်သန့်ရှင်းရှင်းရွေးမှာပါ.. မရွေးတာလည်း ကြာပြီဆိုတော့.. ပြီးတော့ ကိုယ်တွေပဲ ပြန်စားမှာလေ.. သန့်သန့်လေးလုပ်တော့ စားတဲ့အခါ ဖြောင့်တာပေါ့နော်...

Anonymous said...

yup bread is also expensive though?

Unknown said...

Hi,
Your writing is very simple. I read all your opinions are very nature of thinking, we can re-imagine about Gunkiro flower with water festival. Good, good

PAUK said...

ဖတ်လို့ကောင်းလိုက်တာ..
ချောမွေ့နေတာပဲ..
မတန်ခူးကို ပို့စ်တိုင်းမှာတွေ့တယ်..