Monday, March 31, 2008

စာမေးပွဲ

"စာမေးပွဲ"...

ဒီခေါင်းစဉ်ကလေး ချရေးနေရင်းနဲ့ သွားသတိရမိတာက ကျမ ငယ်ငယ်တုန်းက မသင်ခဲ့ရပေမဲ့ ဖတ်ခဲ့ရဖူးတဲ့ ပင်ရင်း မြန်မာစကားပြေ လက်ရွေးစင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ထဲက "စာမေးပွဲ" ဆိုတဲ့ စာတပုဒ်ကိုပါ။ အဲဒီစာကို "ထွန်းကလေး" .... ဆိုပြီး အစပျိုးထားတယ်လို့ မှတ်မိနေပါတယ်။ မြင့်ကြီးက ထွန်းကလေး ဆီ ပေးတဲ့ ပေးစာတစောင်ပေါ့။ နောက်မှ သိရတာက အဲဒီ စာမေးပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာဟာ သိန်းဖေမြင့်ရဲ့" အရှေ့ကနေ၀န်း ထွက်သည့်ပမာ" ၀တ္ထုကြီးထဲက ကောက်နုတ်ဖော်ပြထားတယ် ဆိုတာပါပဲ။ အဲ ... အခု စာမေးပွဲ အကြောင်းရေးမလို့ ခေါင်းစဉ် တပ်ကာရှိသေး အဲဒီ ထွန်းကလေး နဲ့ မြင့်ကြီးကို ဘာရယ်မဟုတ်ဘူး သွားသတိရမိလို့ပါ။

ကျမရေးမယ့် စာမေးပွဲက သူတို့နဲ့ ဆိုင်လို့ရယ်တော့ မဟုတ်ပါဘူး။ ကျမရဲ့ စာမေးပွဲသာ ဆိုပါတော့ ... ။
***
တကယ်တမ်း စာမေးပွဲနဲ့ ကင်းကွာနေခဲ့တာ ၈ နှစ်လောက် ရှိနေပါပြီ။ ၂၀၀၀ ပြည့်နှစ်တုန်းက ဒီပလိုမာ စာမေးပွဲတခု ဖြေခဲ့ပြီးကတည်းက စာမေးပွဲဆိုတာ အိပ်မက်ထဲမှာကလွဲလို့ အပြင်မှာ တခါမှ မဖြေဖြစ်ခဲ့ပါဘူး။ အိပ်မက်ထဲမှာတော့ စာမေးပွဲဖြေရတယ်လို့ ခဏခဏ မက်တတ်ပါတယ်။ မက်တိုင်းလည်း ဘယ်တော့မှ အဆင်ပြေပြေရယ်လို့ မရှိပါဘူး။ ဒါပေမဲ့လည်း ကျမက စိတ်မပူပေါင်၊ တကယ့်လက်တွေ့မှာ စာမေးပွဲ ဖြေစရာ မလိုတော့ဘူးလို့ ကိုယ့်ကိုယ်ကို သတ်မှတ် ထားခဲ့တာကိုး။

အခုတော့ ... မထင်မှတ်ဘဲ စာမေးပွဲ ဖြေရပါပြီ။ ဒီရောက်ကတည်းက ဘယ်အရာမှ ကြိုတင် ခန့်မှန်း မျှော်လင့်ထားလို့ မရဘူးဆိုတာ တဖြည်းဖြည်း ပိုပို နားလည် လာခဲ့မိတယ်။ ဘာကြောင့်လဲဆိုတော့ ကျမသိထားတဲ့ စာမေးပွဲရက်က မတ်လ ၆-ရက် သို့မဟုတ် ဧပြီလ ၂၈-ရက်တဲ့။ အဲဒီတုန်းက ဖေဖော်ဝါရီ လလယ်လောက်ပဲ ရှိပါသေးတယ်။ ကျမက အဲဒီဘာသာကို ကျောင်းမတက်ဘဲ ကိုယ့်ဟာကိုယ် စာဖတ်ပြီး ဖြေမှာဆိုတော့ ပြဋ္ဌာန်းစာအုပ်တွေ ၀ယ်ဖို့ လိုပြန်ပါတယ်။ အဲဒီကတည်းက စပြီး အထစ်အငေါ့ကလေးနဲ့သိပ်ပြီး အဆင်မပြေခဲ့ပါဘူး။

ရှိသမျှ စာအုပ်ဆိုင်တွေ ခြေတိုအောင်လျှောက်ပြီး စာအုပ်လိုက်ဝယ် ပေမယ့် လိုတဲ့စာအုပ်ကမရှိ၊ သူတို့ကို မှာခိုင်းတော့လည်း တလကျော်လောက် ကြာမယ်တဲ့။ ဒါနဲ့ပဲ စာအုပ်ထုတ်တဲ့ဆီကို ကိုယ့်ဟာကိုယ် ဖုန်းဆက်ပြီး လှမ်းမှာတော့မှ နောက်ဆုံး တပတ်အကြာမှာ စာအုပ်တွေ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဖေဖော်ဝါရီ လကုန်လုပါပြီ။ မတ်လ ၆-ရက် စာမေးပွဲကို မမီနိုင်တော့ဘူးပေါ့။ ဧပြီ ၂၈-ရက်မှ ဖြေရမှာဆိုရင် ၂ လ နီးပါးလောက် လိုသေးတာပဲလို့ စိတ်ထဲ ခပ်ပေါ့ပေါ့ပဲ နေခဲ့တယ်။

ဒါပေမဲ့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘာသာရပ်၊ ဆရာသင်ပြမှု မရှိဘဲ ကိုယ့်ဟာကိုယ် ဖတ်ပြီး ဖြေရမယ့် ဘာသာရပ်ဆိုတော့ စိတ်ထဲတော့ ခပ်လေးလေးနဲ့ပါပဲ။ စိတ်သာလေးတာ စာလည်း သိပ်မကြည့်ဖြစ်ပါဘူး။ တပတ်မှ တခန်း၊ ၂-ခန်းလောက် အီလေးဆွဲပြီးကြည့်နေရင်း တအုပ်လုံးတော့ ဖတ်လို့ ပြီးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ (မတ်လ ၂၈-ရက်) ကမှ စာမေးပွဲဖြေရမယ့် ကျောင်းဆီ တခြားကိစ္စနဲ့ ရောက်သွားပြီး စကားစမြည်ပြောရင်းနဲ့ စာမေးပွဲ ရက် ပြောင်းသွားပြီဆိုတာ အထိတ်တလန့်နဲ့ သိလိုက်ရတယ်။

တကယ်ကို အထိတ်တလန့်ပါပဲ။ စာမေးပွဲက ဧပြီ အစား မတ်လ ၃၁-ရက် ဖြစ်သွားပြီတဲ့။ ဧပြီလမှာ ဘာစာမေးပွဲမှ မရှိတော့ဘူးဆိုပဲ။ အဲဒါမှ ဒုက္ခ။ တနင်္လာနေ့မှာ ဖြေရမှာကို သောကြာနေ့မှ သိရတဲ့အဖြစ်။ သူတို့တွေဆီမှာလည်း အဲဒီလို အပြောင်းအလဲတွေက ရှိသကိုးလို့ တွေးရင်းနဲ့ပဲ မထူးပါဘူးဆိုပြီး ဖြေဖို့ စာရင်းပေး၊ စာမေးပွဲကြေး သွင်းခဲ့လိုက်တော့တယ်။

သောကြာနေ့ ညနေ အိမ်ပြန်ရောက်တဲ့ အချိန်ကစပြီး ဘာမှ မလုပ်တော့ဘဲ အသည်းအသန် စာဖတ်ရတော့တာပဲ။ ခါတိုင်း စနေ၊ တနင်္ဂနွေ ပိတ်ရက်ကို ဟိုဟိုဒီဒီ လျှောက်သွားဖြစ်ပေမဲ့ ဒီတပတ်တော့ ဘယ်မှ မသွားဖြစ်တော့ဘူး။ မိုးလင်းက မိုးချုပ် တောက်လျှောက် စာကြည့်စားပွဲမှာ ထိုင်နေရတော့တယ်။ မလုပ်လို့လည်း မဖြစ်ဘူး။ ကျမက စာမေးပွဲကံ သိပ်မကောင်းတတ်ပါဘူး။ ကျမ အထက်က အမဆိုရင် စာမေးပွဲကံ အလွန်ကောင်း ... ဘာစာမေးပွဲ ဖြေဖြေ အောင်နေတော့တာပဲ။ မနာလိုစရာတောင် ကောင်းသေး။ ကျမကတော့ ငယ်ငယ်တုန်းက လပတ် စာမေးပွဲတွေလည်း ကျခဲ့ဖူးသလို အတန်းတင် စာမေးပွဲလည်း ကျခဲ့ဖူးသူဆိုတော့ ကိုယ့်အရည်အချင်း ကိုယ်သိပြီး အသည်းအသန်လုပ်နေရတာပါ။

၂-ရက်နဲ့ တည ဖတ်ထားတဲ့စာကို တနင်္လာမနက်မှာ ပြန်နွှေးတော့ ခေါင်းထဲ ဘာမှ မရှိသလို ဗလာကြီး ဖြစ်နေပါတယ်။ ဟန်ကိုယ့်ဖို့နဲ့ ခပ်တည်တည်သာနေနေရတယ်၊ လူက ထူထူပူပူ ဖြစ်နေပါပြီ။ ဦးရီးတော်ကတော့ မလောဖို့၊ မပြာဖို့၊ စိတ်အေးအေးနဲ့ ဖြေဖို့ အလုပ်သွားခါနီး မှာပြီး ထွက်သွားလေရဲ့။ ကျမလည်း ဘုရားကို တွင်တွင်ရှိခိုး၊ ဆရာသမား၊ မိဘဘိုးဘွားနဲ့တကွ ကျေးဇူးရှင်များကို စိတ်ကမှန်းပြီး ကန်တော့၊ အသက် တရက် တမနက် ကြီးသူ၊ ကာယကံ ၀စီကံ မနောကံနဲ့ ပြစ်မှားမိသူတွေကို ကန်တော့၊ ၀ှူး ... မလုပ်လို့ မဖြစ်ဘူး။ မတော်တဆ တခုခု ချွတ်ချော်သွားမှာ ကြောက်လို့ပါ။

စိတ်က လောပြီး စာမေးပွဲဖြေမယ့် စာဖြေဌာနကို ၁ နာရီ စောပြီး ရောက်သွားပါတယ်။ ကျောင်းသားနားနေခန်းမှာ ထိုင်ပြီး အတိုချုပ်ထုတ်ထားတဲ့ နုတ်စ်ကို ပြန်ဖတ်နေရင်း အချိန်ကပ်လာလေ ... စိတ်က လှုပ်ရှားလာလေပါပဲ။ ဖြေရမှာက ကွန်ပျူတာနဲ့ပါ။ ကွန်ပျူတာဘေ့စ် စာမေးပွဲကို ဗမာပြည်မှာတုန်းက မဖြေခဲ့ဖူးပေမဲ့ ကွန်ပျူတာဘေ့စ် တိုဖယ် စာမေးပွဲတွေ စမ်းသပ်လုပ်ကြတုန်းက စာမေးပွဲခန်း စောင့်ခဲ့ဖူးတဲ့ အတွေ့အကြုံကလေးရှိထားတာမို့ သိပ်တော့ စိမ်းမနေဘူးပေါ့။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကိုယ်က စောင့်သူ၊ အခုက တကယ် လက်တွေ့ ဖြေရမယ့်သူ ... ကွာတော့ ကွာတာပေါ့လေ။

၁၁း၃၀ နာရီ
စာမေးပွဲ စပါပြီ။ ကိုယ်ဖြေရမယ့် ကွန်ပျူတာကို ရွေးချယ်၊ ကိုယ့်ရဲ့ ရယ်ဂျစ်စတေးရှင်း နံပါတ်နဲ့ လော့အင် လုပ်ပြီး စာမေးပွဲ စည်းမျဉ်း စည်းကမ်းတွေ ဖတ် .... ပြီးတဲ့နောက် ....

၁) တွက်ရမယ့် ပုစ္ဆာ
စိတ်လှုပ်ရှားလွန်းလို့ပဲလား၊ မှတ်ဉာဏ် ကိုက တော်တော်လေး မကောင်းလို့ပဲလား ... ကျက်လာတဲ့ ဖော်မြူလာတွေ အကုန်မေ့ကုန်ပါတယ်။ တတ်သလောက် မှတ်သလောက် ရမ်းတုတ်ရင်း ... တပုဒ်ပြီး တပုဒ်သာ ဖြေနေခဲ့တယ် အားရတယ်လို့ မရှိပါဘူး။

ဒီလိုနဲ့ ............
... .... ...........
... .... ...........
... .... ...........
... .... ...........
အချိန်တွေက နောက်ပြန်သွားနေပါတယ်။
တပုဒ်ဖြေပြီးတိုင်း လက်ကျန် အချိန်ကို ပြန်ပြန် တွက်နေမိတာလည်း အချိန်ပုပ်တာပါပဲ။ အချိန်စေ့ဖို့ နာရီဝက် အလိုမှာ တယောက်က ပြီးလို့ ထွက်သွားပါတယ်။ မိနစ်၂၀-အလိုမှာ နောက်တယောက်က ထွက်သွားပြန်တယ်။ ဖြေဆိုသူက စုစုပေါင်းမှ ၃-ယောက်ထဲဆိုတော့ ကျမပဲ အတန်းထဲမှာ ကျန်ပါတော့တယ်။ ကျမနဲ့ စာမေးပွဲခန်း စောင့်တဲ့ ဆရာနဲ့ပေါ့။ ဒုတိယတယောက် ထွက်သွားတဲ့ မိနစ် ၂၀-အလိုမှာ ကျမက ပြီးဖို့ ၅-ပုဒ် ကျန်သေးတယ်။ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရပြီ။ ၇- မိနစ်လောက် အလိုမှာတော့ အပုဒ်တိုင်း ဖြေလို့ ပြီးသွားပြီး အစကနေ ပြန်စစ် လိုက်ပါတယ်။ နောက်ဆုံး ... အချိန်စေ့ဖို့၂၅-စက္တန့် အလိုကျမှ အားလုံးပြီးသွားပါတယ်။

ပြီးသွားပေမဲ့ သက်ပြင်းမချနိုင်သေးပါဘူး။ အမှတ်က တန်းထွက်မှာပါ။ အမှတ် ၁၀၀ မှာ အောင်မှတ်က ၅၅-မှတ်။ ကျမကို မိတ်ဆွေကြီး တယောက်က မေးပါတယ်။ အဲဒါ မအောင်ရင် ဘာဖြစ်မလဲ ... တဲ့။ မအောင်ရင် ပြန်ဖြေရမှာပေါ့လို့။ ပြောတော့ အလွယ်သား။ မအောင်ရင် ကျမ ရင်ဆိုင်ရမှာတွေက အများကြီးပါ။ ဒါကြောင့် ဘုရားစာပဲ ဖိရွတ်ရင်း အမှတ်ကို မ၀ံ့မရဲ ကြည့်လိုက်တော့ .... ။
........ ......... ..........
........ ......... ..........
........ ......... ..........
***
ဝှူး .....

သက်ပြင်း ကြီးကြီးတခုကို ကစဥ့်ကလျားနဲ့ ချလိုက် မိပါတော့တယ်။
***
မေဓာဝီ
၃၁၊ မတ်၊ ၂၀၀၈
၂၂း၂၅ နာရီ
(စာမေးပွဲတော့ တဘာသာ ပြီးသွားပါပြီ။ စာပြန်ရေးဖို့တော့ ကြိုးစားရပါဦးမယ်။ ကျမဘလော့ကိုလာလည်သူ၊ ဖတ်ရှုသူ၊ ကွန်မန့်ရေးသူ အပေါင်းကို ကျေးဇူးတင်ပါကြောင်း။ )

10 comments:

တန်ခူး said...

မေရေ...ရင်မောစရာပဲနော်။ စာမေးပွဲဆိုကြားလိုက်တာနဲ့ ကြောက်နေပြီ။ ကွန်ပြူတာနဲ့ဖြေရတာ စိတ်တည်ငြိမ်ဖို့တော့ လိုလိမ့်မယ်နော်။ မေပြန်ရေးပြတာဖတ်ပြီး မေအောင်ကိုအောင်လိမ့်မယ်ဆိုတာ သိနေတယ်။ စာတွေပြန်ရေးတော့မယ်ဆိုတာသိရလို့ တို့တွေပျော်နေပြီ။

တန်ခူး said...

မေရေ...ရင်မောစရာပဲနော်။ စာမေးပွဲဆိုကြားလိုက်တာနဲ့ ကြောက်နေပြီ။ ကွန်ပြူတာနဲ့ဖြေရတာ စိတ်တည်ငြိမ်ဖို့တော့ လိုလိမ့်မယ်နော်။ မေပြန်ရေးပြတာဖတ်ပြီး မေအောင်ကိုအောင်လိမ့်မယ်ဆိုတာ သိနေတယ်။ စာတွေပြန်ရေးတော့မယ်ဆိုတာသိရလို့ တို့တွေပျော်နေပြီ။

MelodyMon said...

မမေဒါဝီရေ - အမှတ်ကောင်းကောင်းနဲ့အောင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

Anonymous said...

Hay... ama!

whatever, u passed that exam.
It's ok.
:)
i'm happy to read ur post.
Good Luck for remaining exam!!!




nyima

May said...

congratulattions

အက္ခရ said...

မြန်မာအက္ခရာများ ပြောင်းလဲတော့မည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် မြန်မာစာပညာရှင်များ တက်သုတ်ရိုက် ဆောင်ရွက်နေရာ လာမည့် နှစ်သစ်ကူးအမှီ စီမံကိန်း ပြီးမြောက် အောင်မြင်ဖွယ်ရှိသည်ဟု
ခိုင်လုံသော သတင်းရပ်ကွက်မှ ဆို၏။ အသေးစိတ်ကို မသိရသေးသော်လည်းလက်ရှိ အသုံးပြုနေသော အက္ခရာများသည် သတင်းစီးမြောမှုကို တဖက်တလမ်းမှ အားပေးနေသည့်အတွက် ပြောင်းလဲရန်လိုအပ်နေသည်ဟုသာ ကြားသိရသည်။ လက်ရှိမြန်မာအက္ခရာများ အသုံးပြုနေသော မြန်မာဘလော့များအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ထိခိုက်ဖွယ်ရှိနိုင်သည်ဟု ကျွမ်းကျင်သူတို့ ဟောကိန်းထုတ်သည်။ အထူးသဖြင့် မြန်မာသတင်းများ အချိန်နှင့်တပြေးညီ ကမ္ဘာတလွှား ပျံ့နှံ့နေသည်ကို ပိတ်ဆို့ရန် နောက်ဆုံး ကြိုးပမ်းချက် တရပ်အနေနှင့် မြန်မာနိုင်ငံတော် သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးဆောင်ပုဒ် တစ်ခုဖြင့် အပြင်းအထန် ဆောက်ရွက်နေသည်။ ဆောင်ပုဒ်မှာ…
“မီဒီယာကို အက္ခရာဖြင့် တိုက်မည်” ဟူ၍ဖြစ်၏။

pandora said...

အောင်မြင်ပါစေ မမေရေ
ဘလော့ရေးဖို့လည်း အချိန်ကောင်းကောင်း ရနိုင်ပါစေ

Ko Paw said...

အောင်မလေးဗျာ။ ကိုယ်တိုင်ဖြေတဲ့ မမေဓါဝီတော့မသိ။ ဒီဘက်က ဖတ်ရတဲ့လူမှာလည်း ရင်တွေမော။ အဆုံးရောက်တော့မှ စာရေးဆရာနဲ့ ပြိုင်တူ ၀ှူးချလိုက်ရတယ်။ ဒါမျိုး ဖတ်ပါများရင် နှလုံးရောဂါရနိုင်တယ်။ ရေးတတ်ပါပေတယ်ဗျား။ နောက်ဘာသာတွေမှာလည်း အောင်မှတ်များများရပါစေခင်ဗျား။

Tom said...

Hi,a ma,blog ka ma so pa bu,a mya tan pat phyt tae.

မီးတောင် said...

ကျွန်မဆို စာရွက်နဲ့ဖြေရရင်ဒီလောက်ဟုတ်ဘူး ။ စာတွေရနေရင်တောင်မှ
ကွန်ပြူတာနဲ့ဖြေရပြီဆို ... အကုန်ဇောက်တိဇောက်ပြန်ပဲ .....
စာမေးပွဲခန်းထဲကထွက်လာရင် ဆံပင်တွေက မိုးကြိုးပစ်ထားတဲ့ အတိုင်းပဲ ... ။ (း

ဘာပဲဖြစ်ဖြစ်အောင်သွားတော့ နားအေးတာပေါ့ ။ စိတ်ပူစရာလိုတော့ဘူး ။း)