Thursday, March 01, 2007

အမြတ်နိုးဆုံးအရာကို စွန့်လွှတ်လိုက်ရသောအခါ …

ဒီနွေကို ရောက်ခါမှ …
သူနဲ့ ခွဲခွါရလေတော့တယ် … ။

***
တကယ်တော့ ဖြစ်နေတာက ကြာပါပြီ၊ ကျမ ကိုယ့်ကိုယ်ကို ဂရုမစိုက်လို့ပဲ ဆိုပါတော့ … ။
အစကတော့ အိပ်ရေးပျက်ခံလို့လား၊ ကွန်ပျူတာရှေ့ ထိုင်တာ များလို့ပဲလား လို့ ထင်နေခဲ့မိတာ။
ကြည့်ပါဦး … ဒီအသက် အရွယ်ကြီးရောက်ခါမှ မျက်နှာမှာ ၀က်ခြံတွေ ပေါက်ရတယ်လို့။ ပေါက်လဲ ပေါက်ပေါက် ပါပဲ … အရေပြားတထောက်ကို သိပ် ဂရုမစိုက်မိဘူး။ အချိန်တန် ပျောက်မယ်လို့ပဲ ပေါ့ပေါ့တန်တန် သဘောထားခဲ့မိတာ၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုပိုများလာတယ်။ ဒါလဲ တနေ့နေလို့ မှန်တခါ သေချာမကြည့်တဲ့ ကျမ မသိပါဘူး။ ကြည့်တဲ့အခါမှာလည်း မျက်စိက ခပ်မွဲမွဲမို့ မှန်ထဲက ကိုယ့်ရုပ်က ၀ိုးတ၀ါးပေါ့။

မနက်မိုးလင်းတာနဲ့ သနပ်ခါး ထူထူလိမ်း၊ ပါးကွက်နှစ်ဘက် ပါးမှာကွက်ပြီး သနပ်ခါးခြစ်တဲ့ brushလေးနဲ့ အစင်းအစင်း ထင်အောင်ခြစ်ပြီးတာနဲ့ ကျမရဲ့ တနေ့တာ ပြင်ဆင်မှုကိစ္စ ပြီးမြောက်သွားတော့တာပဲ။ ကိုယ့်ကိုယ်ကို မမြင်ပေမဲ့ ကျမမျက်နှာရဲ့ ပြောင်းလဲမှုကို ဘေးလူတွေကတော့ သတိထားမိကြပါတယ်။ အမေကလည်း ဘာလုပ် ညာလုပ် အကြံပေးတယ်။ ဟိုလူ ဒီလူ ကောင်းနိုးရာရာ ပြောကြတာတွေဟာလည်း ဒီဘက်နားက၀င် ဟိုဘက်နားက ပြန်ထွက်သွားပါရဲ့၊ ဟုတ်ဟုတ်ငြားငြား လုပ်မကြည့်ဖြစ်ပါဘူး။ စိတ်သိပ်မရှည်တာလဲ ပါသပေါ့။

ဒီလိုနဲ့ တဖြည်းဖြည်း အချိန်တွေသာ ကြာလာပါတယ်။ အနေအထိုင် အစားအသောက် ပုံစံလည်း မပြောင်းမိပါဘူး။ အရေပြားတွေလည်း တော်တော်လေး ပျက်စီးနေပါပြီ။ ဒီအချိန်ကျခါမှ မှန်ထဲကို အနီးကပ် ကြည့်လိုက်တော့ … ကိုယ့်ကိုယ်ကိုတောင် လန့်သွားပါရဲ့။ (လာမကြည့်ကြပါနဲ့ ..လောလောဆယ်)
နောက်ဆုံး စစ်ဆေးတွေ့ရှိချက်အရ သနပ်ခါးကြောင့် ဖြစ်တာလို့ ဆိုကြပါလေရော။ သနပ်ခါးနဲ့ မတည့်လို့ ဆိုပဲ။

ဟင် … ဘယ့်နှယ် … တသက်လုံးက မက်မက်မောမော လိမ်းလာတဲ့ သနပ်ခါးနဲ့ မတည့်စရာ အကြောင်း မရှိပါဘူး၊ မဖြစ်နိုင်တာ … လို့ စိတ်ထဲက စောဒက တက်မိပေမဲ့ လက်တွေ့မှာတော့ မငြင်းနိုင်ခဲ့ပါဘူး။
ဒီတော့လည်း အမြတ်နိုးဆုံးအရာကို ရင်နာနာနဲ့ စွန့်ခွါခဲ့ရပြီပေါ့။ မစွန့်ခွါလို့လည်း မရဘူးလေ … သူက ကိုယ့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ရက်တာကိုး။

“သြော် … ကိုယ်ချစ်သူ ..မြတ်နိုးသူတွေဟာလည်း တခါတရံမှာ ဒီလိုပဲ ဒုက္ခပေးတတ်ကြပါလား …” လို့ မချိတင်ကဲ တွေးနေမိတယ်။ ဒုက္ခပေးသူမို့သာ စွန့်လွှတ်လိုက်ရပေမဲ့ စိတ်ထဲကတော့ တယ် မကောင်းလှဘူး။ ကိုယ်က နှစ်သက် နေသေးတယ် မဟုတ်လား။

အခုဆို နွေရာသီ ရောက်လာပြီ။ သနပ်ခါးလေးနဲ့ အေးအေးလူလူ နေချင်ပေမဲ့ … မလိမ်းချင်တဲ့ ဆေးတွေကို အချိန်ပေးပြီး လိမ်းနေရသေးတယ်။ အရင်ကလို သနပ်ခါးကွက် ပါးမှာမကူနိုင်တော့ပါဘူး။ ၀မ်းနည်းစရာ ကောင်းလိုက်ပုံများ … ။

ကျမအရေပြားတွေက ပါးတယ်တဲ့ .. ။ ဆရာဝန်ကလည်း sensitive skin လို့ ဆိုတယ်။ တခုခုဆို ထိခိုက်လွယ် ပျက်စီးလွယ်သတဲ့။ ဒဏ်ရာ အနာတရဖြစ်ရင်လည်း ကျန်ခဲ့တဲ့ အမာရွတ်က တော်တော်နဲ့ မပျောက်ပါဘူး။ အဲဒီလို အရေပြားမျိုးပါ။ အသက်အရွယ် ကြီးပြင်းပြီး ဟိုမုန်းပြောင်းလဲ လာတဲ့ အခါမှာ ဟိုး ငယ်ငယ် ရှစ်တန်း ကျောင်းသူ အရွယ်လောက်တုန်းကလို ၀က်ခြံတွေ ပြန်ပေါက်လာတယ်။ ဒါကို သတိမထားဘဲ သနပ်ခါးချည်း ဆက်တိုက်လိမ်းတော့ ချွေးပေါက်တွေ ပိတ်ပြီး ဆတ်ဆတ်ထိ မခံတဲ့ အရေပြားက ခုလို ပိုမို ဆိုးဝါး လာတော့တာပေါ့။ ဆိုးဝါးလာတော့မှ ကုသမှုကို ခံယူမိတဲ့အတွက် ပျောက်ဖို့ကတော့ နှောင့်နှေးနေမှာပါပဲ။

ခုတော့ လိမ်းနေကျ သနပ်ခါးတုံးလေးလည်း အပွေးတွေခြောက် .. ကျောက်ပြင်ကလည်း မယ်တင်ရဲ့ ကျောက်ပြင်လို ဖုံတွေ တင်လို့ … ။ ကျောက်ပြင်နဲ့ သနပ်ခါးတုံးကိုကြည့်ပြီး ဝေးဝေးကသာ လွမ်းပါမည် … လို့ စိတ်ထဲက ပြောနေမိတယ်။ ခုချိန်မှာ မလိမ်းရဲ သေးပါဘူး။ ဒီသနပ်ခါးတုံးကြီး လက်ဆောင်ပေးတဲ့ သူငယ်ချင်းကို … နင့်သနပ်ခါးကြောင့် ငါဝက်ခြံပေါက်တာ … ငါ့ကို ဆေးဖိုး ပြန်လျော်ပေးလို့ ညစ်ကျယ်ကျယ် လေသံနဲ့ ရန်လုပ်လိုက်မိ ပါသေးတယ်။

တကယ်တော့ ကျမ အဲဒီလို မဖြစ်ချင်ပါဘူး။
အရေပြားပါးပြီး ထိခိုက်လွယ်သူ မဖြစ်ချင်ပါဘူး။ ပေပေ တေတေ နေလိုတဲ့ ကျမ စရိုက်က ကိုယ့်ကိုယ်ကို သိပ်ဂရုစိုက် မနေချင်လို့ပါ။ ခုတော့ မနက်လိမ်းဆေး ညလိမ်းဆေးတွေလိမ်း၊ မျက်နှာကို ဘယ်လိုသစ် … စတဲ့ ပညတ်ချက်တွေ ဘောင်တွေ အောက်မှာ မှားယွင်းမှု မရှိအောင် မနည်း ကြိုးစားနေရပါတယ်။ ဘယ်လောက်ထိများ ခံမလဲတော့ မပြောတတ်ဖူး။

လောလောဆယ်တော့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် … ကြုံလာသမျှ ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ အရေပြား ထူထူတွေ ပိုင်ဆိုင်ချင်လှပါဘိ ရယ်လို့ ကျမစိတ်ထဲ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
28.2.07
11:45 pm

4 comments:

Unknown said...

မပူပါနဲ့အစ်မရယ်။ကျွန်မလည်းဖြစ်ဖူးပါတယ်။နောက်ပိုင်းဝက်ခြံတွေပျောက်သွားရင် စနိုးလို့ခေါ် ရင်ရတဲ့အသားကိုအအေးမပတ်စေတဲ့ ကရမ် ခံပြီး သနပ်ခါးလိမ်းလို့ရပါတယ်။အဲဒီအခါကျမှအလွမ်းဖြေပေါ့နော်

Anonymous said...

do i need to install the font to read comment ?

Anonymous said...

sometime we have to stay away from the thing or person we love for our own good, at that time we have to feel unhappy or some kind of feeling but when the time comes we will regain good feeling but we have to take time for that.May you recover it soon... take care your health Ma May..

Anonymous said...

yah..same thing happens here.
the comment alphabets r disrupted..
cant read well...!!