Saturday, March 03, 2007

ရေချိုးခန်းအတွေး

ညက ကွန်ပျူတာရှေ့မှာ ထိုင်တာများသွားလို့လားမသိ၊ လူတကိုယ်လုံး ပူရှိန်းရှိန်းဖြစ်နေပါတယ်။ တကယ်တမ်း အခန်းထဲမှာက လေအေးစက် အရှိန်နဲ့ အေးနေပြီး ချွေးတောင်မထွက်ပါဘူး။ ဒါပေမဲ့ ကျမ မျက်လုံးတွေလည်းပူ .. မျက်နှာတွေလည်းပူ … ခေါင်းတွေလည်းပူ … ရင်တွေပါ ပူ … လို့။ ဒါနဲ့ပဲ ကွန်ပျူတာရှေ့က ခွါပြီး လမ်းလျှောက်ဖို့ ခြံထဲဆင်းခဲ့တယ်။

မှန်တံခါးကို ဖွင့်လိုက်တာနဲ့ အပြင်လေက အေးကနဲ တိုက်လိုက်လို့ ရုတ်တရက် လန်းဆန်းလို့ သွားတယ်။ ဒီနောက်မှာတော့ ညောင်းပြီး ချွေးစို့လာတဲ့ထိ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်ပါတယ်။
လပြည့်ညမို့ ညက လရောင်နဲ့လင်း လို့ …၊ ကံ့ကော်ပင်အောက်မို့ ကံ့ကော်ရနံ့ကလည်း သင်းလို့ …။ တချက် တချက် တိုက်ခတ်လာတဲ့ လေအေးလေး ကလည်း ညင်သာ ဖြည်းညင်းလို့ …။
လမ်းလျှောက်ရင်း လပြည့်ညရဲ့ ရသကို အားရအောင် ခံစားပြီး အိမ်ပေါ်ပြန်တက်ခဲ့တယ်။ ည ၁၁ နာရီ ထိုးနေပါပြီ။ မအိပ်ခင် ရေချိုးအုံးမှ …။
***
ရေချိုးဖို့ ရေချိုးခန်းဝင်တော့ အိမ်သားတွေတောင် အိပ်နေကြပါပြီ။
အရင်ကဆို ရေချိုးတဲ့အခါ များသောအားဖြင့်တော့ စိတ်လွတ်ကိုယ်လွတ် သီချင်းအော်ဆိုဖြစ်တယ်။ ရေချိုးခန်းဆိုတာ လုံနေတော့ ကိုယ့်အသံကလည်း ဟိန်းနေပြီး အသံ သိပ်မကောင်းရင်တောင် တော်တော်လေး ကောင်းနေသလိုလို စိတ်ထဲ ထင်မိပါရဲ့။ သီချင်းမဆိုဖြစ်တဲ့ အခါမျိုးမှာတော့ စာရေးဖို့ ကဗျာရေးဖို့ အတွေးတွေ ရောက်တတ်ရာရာ လျှောက်တွေးမိတယ်။ ဒီလိုနဲ့ ရေချိုးခန်းထဲမှာ သန္ဓေတည်ခဲ့တဲ့ ကဗျာတွေ စာတွေ တော်တော်များများ ရှိခဲ့ပါတယ်။ အလကားနေ အလကားတောင် ဟိုတွေးဒီတွေး တွေးတတ်တဲ့ကျမဟာ ရေချိုးရင်းလည်း အဲဒီလိုတွေ လျှောက်တွေးနေမိ တတ်တယ်။ တခါတလေ ရေဘယ်လို ချိုးပြီးသွားမှန်း မသိလောက်အောင် အတွေးတွေနောက် မျောပါသွားမိ တတ်သေးတယ်။

ဒီလိုနဲ့ ကျမစိတ်တွေ ပူလောင်ရှုပ်ထွေးနေတဲ့ နေ့တနေ့မှာတော့ ရေချိုးဖို့ ရေချိုးခန်းထဲ ရောက်နေပေမဲ့ သီချင်းလည်း မဆိုချင်ဘူး။ ဟိုဟိုဒီဒီ စာတွေ ကဗျာတွေလည်း မတွေးချင်ဘူး။ အေးအေးမြမြ တဖွားဖွားကျနေတဲ့ ရေတွေအောက်မှာ ရပ်နေရပေမဲ့ … ကျမ စိတ်တွေပူလောင်နေတယ်။ ကျမရဲ့ ရုပ်ခန္ဓာကိုယ်ကတော့ အေးကောင်း အေးနေပေမပေါ့။ စိတ်တွေကတော့ မအေးချမ်းနိုင်ပါဘူး။ ဘယ်လိုလုပ်ရပါ့ … ။

မျက်စိတွေကိုမှိတ်ပြီး စကြ၀ဠာကြီးကို အတွေးထဲကနေ မြင်ယောင် ကြည့်လိုက်မိတယ်။
မှောင်မဲ နေသလိုပဲ … ဒါပေမဲ့ အလင်းပြောက်ကလေးတွေ ရှိနေတယ်။ အနန္တစကြ၀ဠာက သတ္တ၀ါတွေကို စပြီး မေတ္တာပို့ကြည့် လိုက်တယ်။ ပြီးတော့ တဖြည်းဖြည်း ခြုံ့ခြုံ့လာလိုက်တာ … ဒီကမ္ဘာ၊ အာရှတိုက်၊ မြန်မာပြည်၊ ရန်ကုန်မြို့၊ နောက်ဆုံး ကိုယ့်ဝင်းခြံထဲ …။ အဲဒီလို အနုလုံ ပဋိလုံ မေတ္တာပို့နေလိုက်တယ်။ ပြီးတော့ အရပ် ဆယ်မျက်နှာ မေတ္တာပွားနည်း … ကျမစိတ်ထဲ မှတ်မိသမျှ မေတ္တာပွားနည်းတွေနဲ့ မေတ္တာတွေ ပွားနေရင်း တဖြည်းဖြည်း စိတ်က အေးချမ်းလာတယ်။ ခုနက ပူလောင်ရှုပ်ထွေးမှုတွေ ခဏ ဝေးသွားသလိုပဲ၊ တဒင်္ဂတော့ စိတ်ချမ်းသာမှုရခဲ့ပြီပေါ့။

အဲဒီနေ့ကစလို့ … ကျမ ရေချိုးတိုင်း ခြေထောက်ကို ရေစဖျန်းတာနဲ့ အရပ်ဆယ်မျက်နှာ မေတ္တာပွားဖြစ်တယ်။
မျက်နှာသစ်တဲ့အခါမှာလည်း ဒီလိုပါပဲ …။
ရေမချိုးခင် မျက်နှာသစ်သစ်၊ မနက်အိပ်ရာနိုးနိုးချင်း ပဲ သစ်သစ် .. မျက်နှာသစ်ပြီဆိုတာနဲ့ ဘုရားဂုဏ်တော်ကို ကျမ စိတ်ထဲကနေ ရွတ်ပါတယ်။ အချိန်ရလို့ မျက်နှာကြာကြာ သစ်ဖြစ်ရင် အခေါက်ရေများများ ပိုရွတ်ပွားမိပြီး ကမန်းကတန်း သစ်ရတဲ့နေ့မျိုးဆိုရင်တော့ ခေါက်ရေ ခပ်နည်းနည်းပေါ့။ အနည်းဆုံးတော့ တခေါက် ရွတ်ဖြစ်အောင် ရွတ်ပါတယ်။

နေ့စဉ် ကျမတို့ မျက်နှာပေါ် ခန္ဓာကိုယ်ပေါ် ပြင်ပက ချေးညှော်တွေ လာကပ်ပါတယ်။ ကိုယ်တွင်းက ချွေးတွေ အဆီတွေ ထွက်ပါတယ်။ ဒါတွေကို ကျမတို့က နေ့တိုင်း ဆေးကြော သန့်ရှင်းပေးကြပါတယ်။ ဒီလိုပါပဲ … ကျမတို့ စိတ်မှာလည်း ပြင်ပက ၀င်လာတဲ့ မကောင်းမှုအာရုံတွေကို ကိုယ်က ခံယူချက်ကောင်းကောင်း မထားနိုင်တဲ့အခါမှာ အညစ်အကြေးတွေ ဖြစ်သလို အကုသိုလ်တွေ အထပ်ထပ် ကပ်ငြိလာတတ်ပါတယ်။ ဒါကို ကျမတို့ နေ့စဉ် ဆေးကြောမိပါသလား … ။ သတိရောထားမိကြပါသလား … ။ စိတ်မှာ ကပ်တွယ်တဲ့ အညစ်အကြေးတွေကို ဘယ်လိုများ သန့်စင်ပေးကြမလဲ … ။

ပုတီးစိပ် မေတ္တာပို့ တရားထိုင် စတာတွေဟာ စိတ်ကို သန့်စင်အောင် ပြုခြင်းတွေပါပဲ။ ဒါပေမဲ့ ကျမတို့ အချိန်ပေးပြီး လုပ်မှရပါတယ်။ ကျမဆို တခါတလေ ပုတီးစိပ်ရင်း အိပ်ပျော်သွားတတ်ပါတယ်။ ဒါကြောင့် အချိန်ကုန်လည်း သက်သာတဲ့အပြင် ရုပ်ကို သန့်စင်ရင်း စိတ်ကိုပါ တပါတည်း သန့်စင်ပြီးသား ဖြစ်သွားအောင် ရေချိုးတဲ့အချိန်မှာ အဲဒီလို လုပ်တဲ့ အကျင့်လေး ပြုခဲ့မိတာပါပဲ။

အကျင့်ဖြစ်လာတဲ့အခါမှာ မျက်နှာကို ရေနဲ့ထိလိုက်မိတာနဲ့ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ .. လို့ ရွတ်မိလာပါတယ်။
ရေချိုးဖို့ ခြေထောက်ကို ရေနဲ့ထိလိုက်တာနဲ့ .. အရှေ့အရပ်၌ ရှိသော .. အားလုံးသော သတ္တ၀ါတွေလို့ စိတ်ညွတ် ရွတ်ဆို မိလာပါတယ်။ ဒီလိုလုပ်ခြင်းဖြင့်လည်း စိတ်ထဲမှာ လတ်တလော ငြိမ်းအေးမှု ခံစားရတယ်။ ဒါလောက်လေး လုပ်လိုက်ရုံနဲ့တော့ ကိုယ့်စိတ်ထဲက အညစ်အကြေးအားလုံး သန့်စင် သွားမယ်လို့ ကျမ မဆိုဝံ့ပါဘူး။ ထုနဲ့ ထည်နဲ့ ရှိနေတဲ့ ကိုယ့်သန္တာန်ထဲက အညစ်အကြေး ထုကြီးကို နည်းနည်းချင်း ခွါချနေတဲ့ သဘောပါ။ အညစ်အကြေးတွေ ပြန်တက်လာလိုက် ပြန်ခွါချလိုက်နဲ့ ဒီလိုပဲ လုပ်နေရဦးမှာပါပဲ။
***
ညက ရေချိုးခန်းထဲမှာ ရေချိုးရင်း မေတ္တာပို့အပြီး ဒီစာကိုရေးဖို့ စိတ်ကူးပေါ်လာမိပါတယ်။ ရေချိုးခန်းထဲတွေးမိလို့ ရေချိုးခန်းအတွေးလို့ ခေါင်းစဉ်တပ်လိုက်မိပါရဲ့။ ရေချိုးခန်းအတွေးဆိုတော့လည်း ခပ်အေးအေးပေါ့။
***
စိတ်အညစ်အကြေးများ သန့်ရှင်းစင်ကြယ်ရပါလို၏ … ။

မေတ္တာဖြင့်
မေဓာဝီ
3.3.07
1:45 pm

5 comments:

Anonymous said...

Ma May, today is holiday in Thailand as well, fullmoon day of Tabaung in myanmar but here it is called Ma Gha Puja day. Yesterday i could not come online but today i want to come online because i want to know what new post you would post in your blog on this religilos day .Every fullmoon day i know you post very preciou religious post. Now i take my thumb with me whether i go so that i can read your new post. In my thumb there is zawgyi one font. Thanks for your new post.. May you be happy as you wish in your life...With Metta

soe zeya said...

Blogger စာအုပ်ထုတ်ရအောင်

လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။

ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။

သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။

ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။

အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။

mg gyi said...

today you did not post a new post , right? i can't read it for there is no font in this center..anyway i came to your blog.

ကလိုစေးထူး said...

ကျနော် မြန်မာပြည်မှာတုန်းကတော့ ရေချိုးရင်းနဲ့ သီချင်းအော်ဆိုရတာကို အတော်အရသာတွေ့တယ်ဗျ။ ရေချိုးခန်းထဲမှာ ချိုးရတာတော့ မဟုတ်ပါဘူးဗျာ။ ဆင်းရဲသားတွေဆိုတော့ ဒီလိုပဲ အိမ်ထောင့်က ရေတွင်းထဲက ရေကိုငင်၊ စဥ့်အိုးကြီးထဲ ဖြည့်၊ တဗွမ်းဗွမ်းလောင်းချိုးပြီး အဆိုတော်လုပ်ရတာပဲ။ ကျနော်ကတော့ မှတ်မှတ်ရရ.. ရေချိုးရင်းနဲ့ ဘယ်သူ့ကိုမှ မေတ္တာမပို့ဘူးဖူးဗျ။ :D

Anonymous said...

Ma May
thks a lot.
May U b also peaceful.