Tuesday, March 06, 2007

တရေးနိုးအတွေး

မိုးလင်းတော့မယ်ထင်ပြီး ထလိုက်မိတယ်။
မှုန်ဝါးဝါး အလင်းရောင်နဲ့ နာရီကိုကြည့်တော့ မနက် ၃ နာရီ ကျော်ခါစ။
လူကလည်း လတ်လတ်ဆတ်ဆတ်ကြီးကို နိုးလာတာ၊ ချက်ချင်းလည်း ပြန်အိပ်လို့က မရ။

“တရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံ တသိန်းတန်” ဆိုတဲ့ စကားရှိပါတယ်။ ဒါကို ဖျက်ပြီး “တရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံ ပြန်အိပ်ရန်” လို့ နောက်ပြောင် ပြောလေ့ရှိကြတယ်။
ခုလို တရေးနိုးတဲ့အချိန်မှာ လူက လန်းဆန်း နေတတ်တယ်။ စိတ်ကူးတွေက သစ်လွင်နေတတ်တယ်။ ခေါင်းထဲမှာလည်း ရှင်းလင်းနေတဲ့အတွက် တနေ့လုံးက ရှုပ်ထွေးခဲ့တဲ့ ပြဿနာတွေဟာ တရေးနိုးမှာ အဖြေရှာလို့ ရကောင်း ရနိုင်တယ်။ အကြံကောင်း ဥာဏ်ကောင်းတွေ ထွက်လာနိုင်တယ်။ ဒါကြောင့်လည်း ပေါ်သည့်အကြံ တသိန်းတန် … လို့ ဆိုကြတယ် ထင်ပါရဲ့။

ကျမရဲ့ ဒီတရေးနိုးမှာတော့ ဟိုဟိုဒီဒီ လျှောက်တွေးရင်းနဲ့ တလောက တ၀က်တပျက် ရေးပြီး ပစ်ထားခဲ့မိတဲ့ ကဗျာ အပိုင်းအစလေး ခေါင်းထဲ ရောက်လာလို့ လိုက်ဖက်ညီမယ့် စကားလုံးလေးတွေ စဉ်းစားနေမိတယ်။ စဉ်းစားလို့သာ နေတာ ချမရေးမိရင် မနက်ကျ မေ့သွားဦးမှာပဲ။ ဒါကြောင့်လည်း အဖေ့ ဒေါ်လေး ကဗျာဆရာမ ဒေါ်ရီ (ငွေတာရီ) ဟာ ခေါင်းအုံးအောက်မှာ စာရွက်နဲ့ ခဲတံ အမြဲဆောင်ထား လေ့ရှိတယ်လို့ ဆိုပါတယ်။ တရေးနိုးလို့ အတွေးပေါ်လာရင် ကမန်းကတန်း ထပြီး ရေးမှတ်ထားလေ့ရှိတယ်လို့ အဖေ ပြောပြဖူးပါတယ်။ ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ ကျမကတော့ဖြင့် အတွေးကောင်းလေး တခုတလေ မတော်တဆ ရခဲ့ရင်တောင် အိပ်ရာထဲက ထပြီး မီးထဖွင့်ရမှာလည်းပျင်း၊ စာအုပ်ထဲ ချရေးရမှာလည်း ပျင်း၊ လှုပ်လိုက်ရင်တောင် အတွေးပျက်သွားမှာစိုးတဲ့ ပုံစံနဲ့ အိပ်ရာထဲ ငြိမ်ငြိမ်လေး တွေးနေရတာက ဇိမ်ရှိသေးတယ် ဆိုပြီး တွေးရင်းတွေးရင်းနဲ့ စိတ်ကူးထဲမှာတွင် ပျောက်ပျက်သွားတဲ့ အတွေးတွေ တပုံကြီးပေါ့။

စိတ်ကူးကောင်းလေးတွေဟာ နွေညမှာ တိုက်ခတ်တဲ့ လေညင်းလိုပဲ။ တချက်တချက် ရောက်လာလိုက်၊ နောက်တော့ ပျောက်သွားလိုက်။ ကိုယ်လိုချင်တဲ့အချိန်ဆို ရောက်မလာတတ်ဘူး၊ ကိုယ် မမျှော်လင့်ဘဲလည်း ရောက်လာတတ်တယ်။ ရောက်လာတဲ့အချိန် အမိအရ မခံစားလိုက်မိရင် သူက ကိုယ်နဲ့ဝေးဝေး ထွက်ပြေး သွားပြန်ရော။
***
စာတပုဒ်ကို ချရေးရတာ မြန်ပါတယ်။ ခုဆို ကွန်ပျူတာနဲ့ ရေးတာမို့ သာတောင်မြန်သေး။
ဒါဆို ဘာက ကြာတုန်း ဆိုတော့ …. အတွေးပါ။ စာရေးဖို့ အကြောင်းအရာ တခု ရပြီဆိုဦး၊ စိတ်ကူးထဲမှာ ဒီစာကို အရင် ရေးရပါတယ်။ ဘယ်လိုပုံစံနဲ့ ကိုယ့်စာကို တင်ပြမလဲ။ ကဗျာ ပုံစံလား၊ ဆောင်းပါးလား၊ အက်ဆေးလား၊ ၀တ္ထုလား။ တင်ပြမယ့် ပုံစံကို အရင် ရွေးရသေးတယ်။

ပုံစံရွေးတဲ့အခါမှာလည်း …. ကိုယ့်စာက အချက်အလက်ကို ဦးစားပေးမှာလား၊ အဖွဲ့အနွဲ့ကို ဦးစားပေးမှာလား၊ ကျစ်ကျစ်လစ်လစ် တိုတို ထိထိ ရေးမှာလား၊ စာပန်းချီ မှုန်းမှာလား၊ ဇာတ်လမ်း ဇာတ်ကွက် ဆင်ပြီးရေးမှာလား … အဲဒါပေါ်မူတည်ပြီး ကိုယ်ရေးမယ့် စာပုံစံကို ရွေးတာပါ။ ရွေးပြီးပြီဆိုတော့မှ ဘယ်လို နိဒါန်းပျိုးမလဲ၊ ဘယ်လို ဇာတ်အိမ်တည်မလဲ၊ ဘယ်လို နိဂုံးချုပ်မလဲ … ဆိုပြီး အကြမ်းဖျဉ်း စဉ်းစားရပြန်တယ်။ အဲဒါ ပြီးတော့မှ … အထဲမှာ ထည့်မယ့် အဆာပလာ ဘာညာသရကာတွေ စဉ်းစားရတယ်။

နောက်တခု စဉ်းစားရသေးတာက စာစကားနဲ့ ရေးမလား စကားပြောနဲ့ ရေးမလား … ဆိုတာ ပါပဲ။ စာစကား (၏-သည်) နဲ့ စကားပြော ရောရေးတာကို ကျမကတော့ လက်သင့်မခံချင်ပါဘူး။
ခုခေတ် စာရေးသူတွေ စာတပုဒ်ထဲမှာကိုပဲ “၏၊ သည်” နဲ့ ရေးလိုက်၊ “တယ်” နဲ့ ရေးလိုက် - အဲဒီလို ရေးနေကြတာ ဖတ်ရဖူးတယ်။ ကိုယ့်စာကိုယ် သေချာ ပြန်မဖတ်ကြလို့ များလားတော့ မသိပါဘူး။ ထားပါတော့။

ပြောချင်တာကတော့ အဲဒီလို အဆင်သင့် သေချာ တွေးတော ကြံစည်ထားပြီးသား ဆိုရင် စာတပုဒ်ကို ချရေးရတာ မြန်ပါတယ်။ ဒါကြောင့် စဉ်းစားတွေးတောတာက ကြာပြီး ချရေးရတာက မြန်တယ်လို့ ပြောခဲ့ရခြင်းပါ။
ကဗျာဆရာကြီးတယောက်က သူ့ကဗျာအတွက် စာလုံးတလုံးကို စဉ်းစားတာ နှစ်နဲ့ချီပြီး ကြာတယ်လို့ ပြောတာကို ဖတ်ခဲ့ရဖူးတယ်။ ကျမလည်း အက်ဆေးတပုဒ်ကို နှစ်နဲ့ချီပြီး ကြာအောင်ရေးခဲ့ဖူးတယ်။ (တကယ်တော့ ရေးနေရင်း ပျင်းလို့ ပစ်ထားမိတာ၊ သတိရမှ ပြန်ကောက်ရေးလို့ ပြီးသွားပါတယ်။ စရေးတဲ့အချိန်နဲ့ ပြီးတဲ့အချိန်ကြားထဲ ကြာချိန်က သိပ်တော့မရှိပါဘူး၊ ၁၀ နှစ်လောက်ပါပဲ ။)

ပါရမီ့ရှင်တွေ ဂျီးနီးယပ်စ် တွေကတော့ အဲဒီလောက် အားစိုက်စရာ မလိုလောက်ဘူး ထင်ပါရဲ့။ ကျမတို့လို ပါရမီကံမွဲ ဥာဏ်နုံ့နည်း သူတွေအဖို့မှာတော့ ကိုယ့်အတွေးနဲ့ကိုယ် စာတပုဒ်ရေးထုတ်ဖို့ လုံ့လ၀ီရိယ ကူမှ ဖြစ်မြောက်နိုင်ပါတယ်။

တခါတလေတော့လည်း ချက်ချင်းရလိုက်တဲ့ အကြောင်းအရာတခုကို ချက်ချင်းချရေးပြီး ရေးရင်းနဲ့မှ လိုသလို ပြုသွား ပြင်သွား ရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီတော့ ပုံသေသတ်မှတ်လို့တော့ မရပါဘူး။ သေချာတွေးတော အစီအစဉ်ဆွဲပြီး ချရေးပြီ ဆိုတော့မှ အတွေးအတိုင်း မဟုတ်ဘဲ ပြောင်းလိုက်ရတာ မျိုးတွေလည်း ရှိတတ်ပါ သေးတယ်။

အဲဒါကြောင့် ယေဘုယျ ပြောရရင်တော့ စာကောင်းတပုဒ်ကို အချိန်သတ်မှတ်ပြီးရေးလို့ မရပါဘူး။ မြန်ချင်ရင်လည်း နာရီပိုင်းနဲ့ ပြီးနိုင်သလို ကြာချင်ရင်လည်း နှစ်ရှည်လများ ကြာသွားနိုင်ပါတယ်။
အဓိက ကတော့ စိတ်ကူးပါပဲ။ စိတ်ကူးကလည်း ခေါင်းကြည်နေမှ စိတ်ရှင်းနေမှ အတွေးကောင်းကောင်း တွေးနိုင်မှာ ဆိုတော့ကာ … ခုလို တရေးနိုး အတွေးလေးတွေဟာ အဖိုးတန် အတွေးတွေ ဖြစ်လာနိုင်ပါတယ်။
***
ဒီလိုနဲ့ …. တရေးအနိုးမှာ တောင်တွေးမြောက်တွေး လျှောက်တွေးနေရင်း နာရီသံချောင်း ခေါက်သံကြားမှ သတိထားလိုက်မိတယ်။ လေးနာရီတောင် ခွဲပါပေါ့လား။ မဖြစ်ဘူး … ပြန်အိပ်ဦးမှပဲ။ မနက်ကျ မနိုးရင် ဒုက္ခ။
စိတ်ကူးထဲက ကဗျာတွေ စာတွေ ဝေးရာကို သွား …နောက်များမှ ပြန်ခေါ်တော့မယ်။ လောလောဆယ် ပြန်အိပ်ဖို့ ကြိုးစားရဦးမှာ။

အင်း …. ဒီစာကိုတော့ တရေးနိုးမှာ တွေးမိရာက ရေးဖြစ်တဲ့စာမို့ တရေးနိုးအတွေးလို့ လွယ်လွယ်ပဲ ခေါင်းစဉ် တပ်လိုက်ပါရဲ့။ တရေးနိုးအတွေးဆိုတော့လည်း ခပ်မှေးမှေးပေါ့။
***
မေဓာဝီ
6.3.07
00:55 am

4 comments:

ကလိုစေးထူး said...

တခါတရံကျတော့လဲ အသေအချာ အတွေးရတဲ့ အချိန်နဲ့ စာရေးနိုင်ဖို့ အခြေအနေပေးတဲ့ အချိန်ကလဲ ထပ်တူ မကျပြန်ဘူးဗျ။ ဥပမာ… လမ်းသွားနေရင်း ဟိုတွေးဒီတွေး၊ အလုပ်လုပ်နေရင်း ဟိုတွေးဒီတွေးနဲ့ စာရေးဖို့ အချက်အလက် တခုခုရမိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာက ချရေးဖို့ အခြေအနေမပေးဘူး။ အိမ်ပြန်ရောက်တော့ ရေးမယ်ကြံစည်ပြီး ကွန်ပြူတာရှေ့ထိုင်တော့ အဲဒီ အတွေးတွေက ၀ရမ်းပြေးပါလေရော။
အဲ..၊ တခါတခါကျတော့လဲ ရေးမယ့်စာရဲ့ ပထမဦးဆုံး ၀ါကျကို အဆင်ချောချော စရေးမိပြီဆိုတာနဲ့ နောက်ထပ် စာကြောင်းတွေက အစီအရီနဲ့ အဆင်ချောချော ထွက်လာပြန်လေရော။
မြန်မာစာရေးဟန်မှာ စကားပြောနဲ့ စကားပြေဟန် (၏၊သည်) တွဲမရေးရဆိုတာက စည်းကမ်းသတ်မှတ်ချက်ကြီးရယ်လို့တော့ မကြားဖူးပေမယ့် အဲဒါနှစ်ခုကို တွဲရေးလိုက်ရင် ဘာနဲ့တူသွားလဲဆိုတော့ ကောက်ညှင်းဆန်နဲ့ ရိုးရိုးဆန်ကို အိုးတခုတည်းမှာ ရောမွှေချက်လိုက်သလို ဖြစ်သွားတယ်လို့ ထင်မိတယ်။ နဂိုက သူ့ဘာသာသူ အရသာတမျိုးစီ ရှိနေတာကို ရောပစ်လိုက်တော့ အရသာမကောင်းတော့ဘူး။ ၀ါကျအဆုံးသတ် စာလုံး တချို့ ( …ပါ၊ ….ပြီ) ကိုတော့ နှစ်မျိုးလုံးမှာ အဆင်ပြေသလိုလို သုံးနိုင်တာရယ်နဲ့ ဖတ်ဖူးတဲ့ စာရေးဆရာကြီးတချို့ရဲ့ ရေးဟန်တွေကို သဘောကျလို့ ကျနော်လည်း တုပရေးသားဖူးတယ်။
ကောက်ညှင်းပေါင်းအတွေး ခပ်စေးစေး ပြီးတော့..
အခု တရေးနိုးအတွေး.. ခပ်မှေးမှေး တဲ့..
အင်း.. ဒီတော့ ကျနော်ကလဲ
ညနေခင်း မှတ်ချက် ခပ်သွက်သွက် ရေးလိုက်ပါတယ်ဗျို့။ :)

soe zeya said...

အားလုံးကို ခြုံပြောလို့ မရပါဘူး ၏ သည် နဲ့ ရေးမှ ကောင်တဲ့ ဟာမျိုးတွေရှိတယ် သူအားသာ ချက်နဲ့သူပေါ့။ နောက်တစ် ခုက တယ်တို့ သည်တို့ ရောမရေးရဘူးလို့ ပြောကြတယ်။ ဒါပေမယ့် တစ်ချို့အကြောင်း အရာတွေက ရောရေးရင်ပိုလှတယ်။
စည်းကမ်းဆိုတာ တစ်စုံတစ်ရာကို တိုးတက်စေဖို့ပါ။ ဒါပေမယ့် အဲဒီစည်းကမ်းက မလိုအပ်ပဲ နေရင် တိုးတက်အောင် လုပ်တာနဲ့ မတူပဲ မပျံ့ပွားအောင်လုပ် ထားသလိုဖြစ်နေတတ်ပါတယ်

ကလိုစေးထူး said...

ဟုတ်ပါတယ် ကိုစိုးဇေယျ
၏၊ သည် အဆုံးသတ်တွေကို အချက်အလက်ကို အားကိုးတဲ့ ဆောင်းပါးပုံစံတွေမှာ ရေးတာ ပိုလှပါတယ်။
တယ် အဆုံးသတ် စကားပြောဟန်တွေကိုတော့ အဖွဲ့အနွဲ့ ဦးစားပေးတဲ့ စာဟန်တွေမှာ ရေးတာ ပိုလှပါတယ်။
ကိုစိုးဇေယျပြောသလိုပဲ သူ့ဟန်နဲ့သူ စာတွေက လှနေတာကိုး။ ဒါပေမယ့်…
တပုဒ်တည်းမှာ ရောထွေးရေးပစ်လိုက်တော့ ကျနော်ပြောခဲ့သလိုပါပဲဗျာ။ ကောက်ညှင်းဆန်နဲ့ ထမင်းဆန် တအိုးတည်းမှာ ရောချက်သလို ဖြစ်သွားတယ်။ ဒါဟာ စည်းကမ်းကလနား သတ်မှတ်ချက်ဆိုတဲ့ ပုံသေခွက်အောက်မှာကြောင့်မဟုတ်ဘူးခင်ဗျ။ ခံစားမှု ရသ ဆိုတာကို အခြေခံပြီး ဖြစ်တာပါ။ ရောရေးရင် ပိုလှတဲ့ တချို့ အကြောင်းအရာလေးတွေကို ကျနော် တကယ်ပဲ ဖတ်ချင်ပါတယ်။ ပညာရပ်တခု တိုးတာပေါ့ခင်ဗျာ။

ကိုကိုမောင်(ပန်းရနံ့) said...

(ကလေးခိုးအမွေး)
ဖောင်းကားနေသည့် ဗိုက်ထဲက တရစ်ရစ်နာကျင်မှုကြောင့် နိုးထလာခဲ့သည်။ အစတည်ခဲ့သည့် နေ့ရက်တို့ကို လက်ချိုးရေတွက်ကြည့်လိုက်တော့ ၉လကျော် ၁၀လ ပြည့်ခါနီး။ ကလေးကလည်း ခပ်လှုပ်လှုပ်ဖြစ်နေပြီ။ ချက်ချင်းမွေးပစ်လိုက်လို့ကလည်း အဆင်မပြေသေး။

"ကလေးမွေးသော်၊ လင်မပေါ်။ မပေါ်သည့်လင်၊ မကြည့်ချင်" ဟု ဆိုရိုးစကားရှိခဲ့သည်။ သို့သော် ထိုဆိုရိုးစကားကို ဖျက်ပြီး "ကလေးမွေးသော်၊ လင်မပေါ်။ မပေါ်သည့်လင်၊ လွန်ချစ်ခင်" ဟု နောက်ပြောင် ပြောလေ့ရှိကြသည်။

ယခုလို ကလေးခိုးအမွေးမှာ......{လူက လန်းဆန်း နေတတ်သည်။ စိတ်ကူးတွေက သစ်လွင်နေတတ်သည်။ ခေါင်းထဲမှာလည်း ရှင်းလင်းနေသည့်အတွက် တနေ့လုံး ရှုပ်ထွေးခဲ့သည့် ပြဿနာတွေဟာ ကလေးခိုးအမွေးမှာ အဖြေရှာ၍ ရကောင်း ရနိုင်သည်။ အကြံကောင်း ဥာဏ်ကောင်းတွေ ထွက်လာနိုင်သည်။ ဒါကြောင့်လည်း "မပေါ်သည့်လင်၊ လွန်ချစ်ခင်" ဟု ဆိုခဲ့ကြဟန် တူပါသည်။}

အဟီးဟီး...
ချစ်လို့ စတာနော် မမေ။ ကြည့်မကောင်းဘူးထင်ရင် ပြန်ဖျက်လိုက်နော်။ စိတ်မဆိုးနဲ့။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)