Wednesday, March 07, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၈)

သို့
ကိုပြူးကျယ်

ကျမ နေမကောင်းလို့ ဒီနေ့အဖို့ ဒီပို့စ်ကို မတင်တော့ဘူးလို့ စဉ်းစားခဲ့မိပေမဲ့ … အပတ်စဉ် တင်နေကျ ပျက်ကွက်သွားမှာ စိုးတဲ့အတွက် ကြိုးစားပြီး တင်ပေးလိုက်ပါတယ်။
စာရိုက်တဲ့ နေရာမှာ မှားယွင်း ချွတ်ချော်မှုများ တွေ့ရှိခဲ့ရင်တော့ ကျမ အပြစ်လို့သာ ဆိုပါတော့ရှင်။
မျက်စိလည်းမကောင်း လက်လည်းညောင်းနေတာမို့ … အမှားအယွင်းပေါင်းများစွာ ပါလိမ့်လေမလား စိုးရိမ်လို့ပါ။
***
ဒီနေ့အတွက် ဖော်ပြဖို့ကျန်တာကတော့ လေးချိုးအခန်းရဲ့ နောက်ဆုံးဖြစ်တဲ့ သံချိုလေးချိုး အကြောင်းပဲ ဖြစ်ပါတယ်။
သံချိုလေးချိုးမှာ - အချိုး ၄-ချိုးထားရမယ်။
ပိုဒ်ရေအားဖြင့် - အချိုးတခုတခုမှာ အပိုဒ်ပေါင်းများစွာ လိုသလို ထားနိုင်တယ်။
အက္ခရာလုံးရေအားဖြင့် - တပိုဒ် တပိုဒ်မှာ လေးချိုးလတ်လိုပဲ အက္ခရာ ၅-လုံး၊ ၆-လုံး မျှကိုသာ ထားရမယ်။
ကာလပေါ် လေးချိုးလိုမျိုး လုံးရေမများစေရ၊ တွန့်ပိုဒ် ထပ်ပိုဒ်လည်း မများစေရပါဘူး .. တဲ့။

ကာရန်ကူးဆက်ပုံကတော့ -
အပိုဒ်တခုကို ရှေ့ထက်ဝက် နောက်ထက်ဝက် ခွဲပြီး ရှေ့ပိုဒ်ရဲ့ နောက်ထက်ဝက်နဲ့ နောက်ပိုဒ်ရဲ့ ရှေ့ထက်ဝက်ကို ပဓာနကာရန် တလုံး နှစ်လုံးမျှသာ ထပ်မိစေရမယ်။ ကျန်စည်းမျဉ်းအားလုံးကတော့ ကာလပေါ် လေးချိုးအတိုင်း ဖြစ်ပါသတဲ့။

နမူနာ သံချို လေးချိုး များကို ရှုကြပါဦးစို့။

“နွားကျောင်းသူဖွဲ့ သံချို”ရေးသူ- ရဝေထွန်း

တောင်ညိုစောင်းတွင်ဖြင့်၊ ရိပ်ကောင်းရာ အသာခိုလို့၊ နပြာ (နွားပြာ) ညို -ရွှေတရှဉ်းကိုလ၊ စိုလွင်လွင် ရှိုပြင် ကွင်းဆီ၌၊ စောင့်ရှောက်ရင်း ကျောင်းသူပျို။

အထက်ခေါင်းမှာတော့၊ တဘက်ပေါင်းပါလို့၊ လက်မောင်းတို အင်္ကျီညစ်ကယ်နှင့်၊ ဒူးဆစ်သာသာရှည်တဲ့၊ စုတ်ထမီ ချည်ဝတ်ကြမ်းမှာလ၊ စပ်အဖာ ထပ်ကာပြွမ်းရယ်နဲ့၊ ၀ါးခြမ်းကို နှင်တံကိုင်လို့၊ ခပ်ငိုင်ငိုင် သစ်ရိပ်အေးဆီက၊ နွားနှစ်ကောင် ညိုရွှေသွေးကိုကွယ် … ၊ ငေးရှုသလို။

မေ မပျင်းရော့ထင့်၊ နေမင်းရယ် ရှိန်ရှိန်ပူ၍၊ ညံဆူဆူ ခြူခလောက်တွေက၊ ဒိုးဒေါက် ချွင်ချွင်မြည်လျက်၊ တကျည်ကျည် ငှက်သံနှောတြ့ပြင်၊ ၀နေခွင် လေဆင်ရောလေတဲ့၊ မြှောင်ဆွယ်ဆွယ် တောင်ငယ်လျောတွေက၊ လောက၀ယ် ပျော်စရာလို့၊ တော်ကဗျာ ထင်တရေးငယ်နှင့်၊ နူးဘ၀င် မြူးရွှင်သေးရော့ထင့်၊ အေးလှသည့် ကျောင်းသူကို၊ စာဆိုက ခွန်းသံပျိုး။

“ထားမိမေခင်၊ နွားကြည့်နေစဉ်ပ၊ အားသည့် တနေခွင်မတော့၊ မေတခင် ပညာရအောင်လို့၊ စာစ စာတိုရှာ၍၊ သတင်းစာ မဂ္ဂဇင်းရယ်နှင့်၊ စာသွယ်သွယ် ဂျာနယ်အလင်းတွေတို့၊ မှတ်စရာ ဖတ်ရှာရင်းသာပ၊ မပျင်းအောင် နေစေချင်” လို့၊ စာဆိုရှင် နှုတ်က မေးလေတော့၊ ရှက်သွေးနီတျာတျာနှင့်၊ “ဖတ်စရာ စာမတတ်ပါ” တဲ့၊ သံဖြတ် တိုတိုနှင့်၊ တမေပျို အဖြေပေးတာမို့၊ စာဆိုမှာ ဗျာပိုငေးကာပ၊ မသက်သာ ဆက်ကာတွေးမိပေါ့၊ လူ့ခွင်ကို နုယဉ်ကျေးကာပ၊ မြန့်နယ်ကို ပြန့်ကျယ်မွှေးစေတဲ့၊ ဗမာပြေ စာပေရေးဟာက၊ သဘောဖြူ တောသူနဲ့ ဝေးရော့သလားကွယ်….၊ ကျေးလက်၌ ဆိုး။ … ။

***
ဗမာပြည်က ကျေးလက်နေ လူအများ စာပေနဲ့ကင်းဝေးပြီး စာပေမသင်ကြားရရှာတဲ့ အကြောင်း သိမ်သိမ်မွေ့မွေ့ ရေးဖွဲ့ထားတဲ့ သံချိုလေးချိုး တပုဒ်ပါပဲ။ ခုခေတ် ခုချိန်ခါမှာတော့ မြို့ပြနေသူတွေတောင် စာမသင်နိုင်တာ စာမဖတ်တတ်တာ … စာဆိုသူ ရဝေထွန်းသာ သိရင် “မြို့ပြ၌ ဆိုး ….” လို့များ နောက်ထပ် လေးချိုး တပုဒ် ထပ်ဖွဲ့လေဦးမလား စဉ်းစားမိပါတယ်။

နောက်ထပ် ဖော်ပြပေးချင်တာကတော့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ သံချိုလေးချိုးကဗျာများပါပဲ။ စကားလုံး အသုံးအနှုန်း၊ လုံးရေအထားအသိုတို့မှာ အလွန် မှတ်သား နည်းယူစရာကောင်းတဲ့ မန်လည်ကဗျာများ လို့ စာအုပ်မှာဖော်ပြထားပါတယ်။

မန်လည်ဆရာတော်ရဲ့ ဒီကဗျာတွေကို တင်ဖို့အတွက် ကျမ နည်းနည်း စဉ်းစားရပါသေးတယ်။ ဘာကြောင့်ဆိုတော့ မန်လည်ထုံးစံအတိုင်း အနည်းငယ် ကြမ်းတမ်းတဲ့ စကားလုံးတွေ ပါနေလို့ပါပဲ။ ဒါပေမဲ့ … ဒါတွေကို မဖော်ပြပြန်ရင်လည်း မပြည့်စုံမှာ စိုးတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ သည်းခံဖတ်ရှုကြပါလို့ပဲ …. ။
***
ကဗျာ့ပါရဂူဖြစ်တော်မူသော မာန်လည်ဆရာတော်ဘုရားကြီးရေးသော “ပဒုမောဝါဒ-သံချိုလေးချိုးများ”

(၁)
သူ မတို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့ရွှေလည် ရွှေစည်ကြီးပါဘဲ၊ တီးသမျှ ဖိမ့်ဖိမ့်တုန်။

သူမာလျှင်-မာစိန်ချောင်းသာပ၊ သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ်လှည့်တော့၊ စနစ်ကို ကုန်မလင်းသော်လဲ၊ အပြစ်ဆို ဂုဏ်သတင်းကိုလ၊ လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။

ဓာတ် မသိဟာမို့၊ ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊ ဟိုအောက်ခွင် ငစင်ရိုင်းငယ်နှင့်၊ ငသိုင်းတွေ အညာဆန်တို့ကို၊ တခါပြန် ဆန်မရွေ့ရအောင်၊ တံငါလန် ရွှေလည်ကွေ့တွင်ဖြင့်၊ ဘေးတွေ့စိမ့် တက်တက်ကုန်၊ မစုန်ရသည့်တိုင်း။

ရိုးသိသိ၊ ငါးပိ-ငါးချဉ် သိပ်ပါလို့၊ ထောင်ကြိတ်ချေ ကြေအောင် ညက်စေမှ၊ နောင်ဆက်ကာ အရေစစ်သည့်ပြင်၊ ခွေးဖင် ချေးပင်ဖြစ်ရမယ်၊ ငါးညစ် တလိုင်း။ … ။

(၂)
မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ န-ငယ် သတ်ရုံပဲ၊ နေရပ်ကွယ် မာန်ရွှေလည်နှင့်၊ မာန်နှစ်မည် မာန်စုံကွန့်၊ ဖူးအညွှန့် ခေါင်ကတင်။

သို့ကတဲ၊ လုပ်ဘဲ သမ္ပဇဉ်နှင့်၊ မာန်မယှဉ် ဥာဏ်ယဉ်အုပ်ပါလို့၊ ထိန်းချုပ်ကာ မာန်ကိုကင်းစေရ၊ ယင်းခုခေတ်တွင်။

တကယ်ဆို တကယ်လားပါတဲ့၊ အကျယ်ဆို ကျယ်မပွားပါဘု၊ မြတ်ဖျားရယ် စိန္တေယျာမှ၊ လူပြိတ္တာ ပူရာဏ တို့ကို၊ ယူမိစ္ဆာ သကာကျအောင်လို့၊ မီးရေပြ တန်ခိုးဆင်၊ အရိုးပင်လာကျမ်း။

ထို့တူသာ၊ ဆိုင်ဝံ့သူ ဆိုင်လာတော့၊ ပြိုင်လာလျှင် ကြာမနှေးစေနှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ကိုယ်တိုင်ယူမပ၊ နိုင်တဲ့သူ ယောက်ဖကြီးပါပဲ၊ ဇက်ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊ ရီးစုတ်ကြတမ်း။ … ။


(၃)
ပဒုမ၊ တုပကာ နင်မယောင်နှင့်၊ ဆင်ပြောင်ကို ခြင်ကောင်ဝါးသော်လဲ၊ ယားရုံမျှသာ။

ဥာဏ်အသက်ကိုလဲ၊ စံဖက်သော် သင်မလျော်ဘု၊ သင့်မယ်တော် ရှင်ဇလာနှင့် ၊ ခင်ဆရာ အိမ်ထောင်ကျလျှင်၊ ပဒုဆို မောင်ရွှေမ မှာ၊ သား ငယ်မျှသာ။

ပညာကို ယှဉ်ကာချင့်ရလျှင်၊ အခွင့်ငယ် အရာနှင့်၊ ယောဇနာ သမ္ဗန်မျိုးကိုလ၊ နည်းရိုးပင် ဘာမကျခင်က၊ မင်းရန်စ ငါ့ကိုရှာ၊ ငါဘာပြု ဖြုန်မတုန်း။

နှစ်ဖက်ကန်း၊ မျက်ခမ်း နေကိုပြိုင်သို့၊ ခွင်လုံးယိုင် မင်းစာမှားပြီမို့၊ အများလူ ပါယ်မကျစေနှင့်၊ သာအယာ ခွင့်ပြေကြအောင်ပ၊ ငါဆရာ မင့်ဘေဘကိုကွယ် ….. ဦးချလှဲ့အုန်း။ … ။
***
မန်လည်ဆရာတော်ရဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး နောက်ခံ ဇာတ်ကြောင်းလေးတွေ ရှိပါတယ်။ ဆရာတော် ခုလို ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ရေးဖွဲ့စပ်ဆိုခဲ့တာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဒီဇာတ်ကြောင်းလေး တွေနဲ့ပတ်သက်ပြီး နောက်များမှ ရေးပါဦးမယ်။ မန်လည်ဆရာတော်အကြောင်း သီးသန့် ရေးရင်လည်း ခုလို အပိုင်းပေါင်းများစွာ ဖြစ်သွားနိုင်လောက်ပါရဲ့။ ဒီနေ့တော့ ဒါလောက်နဲ့သာ ကျေနပ်ကြပါဦးလို့ … ။
***
မေတ္တာဖြင့်

မေဓာဝီ
7.3.07
00:10 am

2 comments:

mg gyi said...

Oh.. it is good news for us, you are thinking to post about Man Le Sayadaw. Ma May, if you want to post about Man Le Sayadaw, you should read his famous book, "Ma Gha De Wa Lankar".and you can get its commentary written by Asin zawana (Mya ze dee) and u ma haw tha pan di ta, published by parami sarpay, i think, in Kabar aye. we are long for your posts.. May you be well. and may your blog also be long life with colorful thoughts..

Yan said...

Ma May, I like this article. I'm also crazy for writing poems. Thanks for sharing your knowledge. I really appreicate it.