Saturday, March 17, 2007

အသုံးမကျသော … သူ

ပညာရပ်တခုကို သင်ယူခဲ့ပြီး လက်တွေ့ အသုံးမချနိုင်ပါက မိမိ သင်ယူခဲ့သော ပညာရပ်သည် မည်မျှပင် လေးနက် အဖိုးတန်စေကာမူ မိမိလက်ထဲမှာတော့ တန်ဖိုးမရှိ အချည်းနှီးသာလျှင်တည်း။
ထိုနည်းတူ … အသုံးဝင်သော အရာတခုကို အသုံးမပြုဘဲ ပစ်ထားပါက … အသုံးမကျသော အရာ ဖြစ်သွားနိုင်ပါသည်။

သူသည် … အသုံးဝင်သူ တယောက်လား … အသုံးမကျသူလေလား …
သူ့ကိုယ်သူပင် သံသယဖြစ်နေမိတော့၏။
***
ဒီအလုပ် စလုပ်ခါစကတည်းက သူ့ကို ခင်မင်သူတွေက သတိပေးခဲ့ကြသည်။
“သတိထားနော် … သူတို့က နင့်ကို အသုံးချသွားကြမှာ … အဲဒီ အသိုင်းအ၀ိုင်းက ခပ်ရှုပ်ရှုပ်”
“အသုံးချတယ်ဆိုတာ … အသုံးကျတဲ့သူကိုသာ အသုံးချလို့ရတာပေါ့၊ ငါက အသုံးကျနေလို့ ငါ့ကို အသုံးချကြတာ … ပိုတောင် ဂုဏ်ယူစရာကောင်းသေးတယ်… ငါ အသုံးမကျတဲ့သူ တယောက်ဆိုရင် ငါ့ကိုဘယ်သူက အသုံးချကြမှာလဲ”

အဲဒီလို သူ့ကိုယ်သူ ကြံဖန် ဂုဏ်ယူပြီး ယုံကြည်ချက်အတွက် လမ်းဆက်လျှောက်နေခဲ့သည်။
ဘယ်သူတွေ ဘယ်လိုပြောပြော ဒီအလုပ်လုပ်ရခြင်း၌ သူပျော်မွေ့သည်။ တက်ကြွနေသော သူ့စိတ်ဓာတ်နှင့် ယုံကြည်ချက်တို့ကလည်း သူ၏ ခြေလှမ်းများအတွက် ခွန်အားများသဖွယ် ထောက်ပံ့ပေးနေသည်။ တကယ်တမ်း ကြည့်လိုက်လျှင်တော့ သူ့နောက်မှာ ဘာမှ မရှိ။

အားနာခြင်း၊ ယုံလွယ်ခြင်း၊ တောင်းဆိုလာသည့် အကူအညီများကို မငြင်းဆန်လိုခြင်းများက သူ့အတွက် အခက်အခဲများ ကြုံလာရန် ဖန်လာလေသလား မပြောတတ်။ တော်ရုံတန်ရုံ အခက်အခဲများအတွက်တော့ သူဟာ လဲကျသွားလိုက် ကိုယ့်ကိုယ်ကို အားပေးရင်း ပြန်ထူမတ်လိုက် ဖြင့်သာ ကျော်လွှားခဲ့ရသည်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ဘေးလူများ၏ အမနာပ ပြောစကားတွေကို များသောအားဖြင့် လစ်လျူရှုခဲ့သည်။

တဖြည်းဖြည်း ဒီလုပ်ငန်းတွင် ကိုယ်ရော စိတ်ပါ နစ်ဝင်လာသောအခါ …
လုပ်ငန်းတွင်း၏ ရှုပ်ထွေးမှုများ၊ ကိုယ်ကျိုးအတွက်သာ ကြည့်၍ တပါးသူကို မငဲ့ကွက်သည့် လုပ်ဆောင်မှုများ၊ လူတချို့၏ မလိုတမျိုး လိုတမျိုး ဆက်ဆံမှုများ၊ လက်တွေ့လုပ်ဆောင်သူနှင့် စေခိုင်းသူတို့အကြား သံသယကြီးထွားမှုများ၊ မလိုလားအပ်သည့် ပဋိပက္ခများ ….
ဒါတွေကို အမြဲလိုလို ရင်ဆိုင်ရလေသောအခါ …. သူ လစ်လျူရှု၍ မရတော့။
အထက်လူနှင့် အောက်လူတွေအကြား သူ့လို စေတနာ့ဝန်ထမ်းသမားက မနေတတ် မထိုင်တတ် ကြားညပ်ခဲ့ရလေပြီတည့်။

“အစကတည်းက ပြောသားပဲ … ခုတော့ ပဲလှော်ကြား ညပ်တဲ့ ဆားလို ဖြစ်ပြီမဟုတ်လား”
တချို့က သူ့ကိုယ်စား ဒေါမနဿပွား၍ ပြောကြသည်။
ထိုအခါ သူ့ကိုယ်သူ ပြန်စဉ်းစားမိသည်။ တကယ်ပဲ ပဲလှော်ကြားက ဆားဖြစ်နေပြီလား။

ပဲလှော်ကြားက ဆား ဆိုရင်တောင် သူကျေနပ်နိုင်ပါသေးသည်။ ပဲလှော်စားတဲ့အခါ ဒီဆားလေး ငန်မြမြ အရသာ မပါလျှင် မပြည့်စုံပေဘူး မဟုတ်လား။
တကယ်တမ်း သူဟာ ပဲလှော်ကြားက ဆားတပွင့်တော့မဟုတ်နိုင်ပါချေ။
ဖြစ်နိုင်တာကတော့ ဆူးကြားထဲက ဘူးခါးသီးများလား လို့ တွေးမိပါ၏။
ဒီအသီးကြီးထွားဖို့ မြေသြဇာတွေ သဘာဝနေရောင်ခြည်တွေက ထောက်ပံ့ပေးသော်ငြား တဖက်တချက်စီမှ ဆူးတွေ ၀ိုင်းရံထားတာကြောင့် အသီးက မကြီးထွားနိုင်။ ကြီးထွားခဲ့ရင်တောင် ဒဏ်ရာ ဒဏ်ချက်ပေါင်း များစွာနှင့်။

မြေသြဇာနှင့် တူသော သူ၏ စိတ်ဓာတ်နှင့် ယုံကြည်ချက်၊ နေရောင်ခြည်နှင့်တူသော သူ၏ မျှော်လင့်ချက် … ဒါတွေက မည်သို့ပင် အားကောင်းစေကာမူ … သူ့အတွက် ယုံကြည်ချက်အတိုင်း လုပ်ဆောင်ရန် …မျှော်လင့်ချက် များစွာ ထားရှိရန် … မလွယ်ကူတော့ပြီ။
သူ့ယုံကြည်ချက်တွေ ရင့်သန်လာလေ … သူ့လုပ်ဆောင်ချက်တွေ များပြားလာလေ … ဒဏ်ရာများဖြင့် ပို၍ ပို၍ နာကျင်လာလေသာလျှင် ဖြစ်မည်ဟု တွေးမိလာသည်။ ဒီလို ဒဏ်ရာများဖြင့် ဘူးခါးသီးတလုံးက ဘယ်နေရာမှာ အသုံးဝင်အုံးမှာလဲ … ။ ဘာများ အသုံးကျအုံးမှာလဲ … ။
***
လွှင့်ပစ်လိုက်ကြပါတော့ … ဟို အဝေးကို … ။
လူမသိ သူမသိ တနေရာမှာ ငြိမ်သက်စွာ နားနေရင်း …. ငိုချင်လည်း ငိုနေမည်။
ဒါမှမဟုတ် သီချင်းဆိုချင်လည်း ဆိုနေမည်။
ဒါမှမဟုတ် သဘာဝတရား၏ လှပမှု အကျည်းတန်မှုများကို ငေးမောကာ ကြည့်ချင်လည်း ကြည့်နေမည်။
ဒါမှမဟုတ် အိပ်ရေးဝသည်ထိ နှစ်ခြိုက်စွာ တရေးလောက် အိပ်ချင်လည်း အိပ်နေမည်။
သေချာတာကတော့ သူ အိပ်မက် မက်တော့မှာ မဟုတ်ပါ။
***
နောက်ဆုံးမတော့ အသုံးမ၀င်သော … အသုံးမကျသော … နလပိန်းတုံး တယောက်အဖြစ် ရှင်သန်ရတာ အေးချမ်းသလို အရှိသားဟု …. သူ့ကိုယ်သူ ဖြေသိမ့်ကာပင် တွေးနေမိပါတော့၏။
***
မေဓာဝီ

၁၃၆၈ ခုနှစ်၊ တပေါင်းလကွယ်နေ့
မွန်းတည့် ၁၂ နာရီ

1 comment:

ကလိုစေးထူး said...

အသုံးချတယ်ဆိုတာ … အသုံးကျတဲ့သူကိုသာ အသုံးချလို့ရတာပေါ့၊ ငါက အသုံးကျနေလို့ ငါ့ကို အသုံးချကြတာ … ပိုတောင် ဂုဏ်ယူစရာကောင်းသေးတယ်… ငါ အသုံးမကျတဲ့သူ တယောက်ဆိုရင် ငါ့ကိုဘယ်သူက အသုံးချကြမှာလဲ”

ကျနော် အဲဒါကို နည်းနည်း ဆွေးနွေးချင်တယ်။ အသုံးကျတဲ့လူကို အသုံးချသူက ဘယ်သူ့အတွက် အသုံးချနေလဲ၊ သူ့တယောက်တည်းအတွက်လား အများအကျိုးအတွက်လား ဆိုတာက ထည့်စဉ်းစားသင့်သေးတဲ့ အချက်ပါ။ အများအကျိုးအတွက် အသုံးကျတဲ့ လူတယောက်က အများအကျိုး ရည်ရွယ် လုပ်ဆောင်ပေးနေတာကို တစုံတယောက်က သူ့အကျိုးအလို့ငှာ (အလွဲသုံးစား) အသုံးချနေရင် ဒါဟာ ဂုဏ်ယူစရာ မကောင်းပါဘူး။

ယုံကြည်ချက်အတွက် မိမိလျှောက်နေတဲ့ လမ်းကို မမှိတ်မသုန် ဆက်လျှောက်နေတာကိုတော့ တကယ်ပဲ လေးစားပါတယ်။ ယုံကြည်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါစေ..အမ။ အသုံးမကျသော..သူ ဆိုတာ လောကမှာ မရှိပါဘူး။ တခုပဲ။ အများအကျိုးအတွက် အသုံးကျတော့ ပိုကောင်းတာပေါ့။ ဒီပို့စ်ကို ဖတ်ရတာ စိတ်ဓာတ်ကျနေတဲ့ လူတယောက်ကို တွေ့လိုက်ရသလိုပါပဲ။ အားလျော့နေပြီလားဗျ..။