Thursday, March 22, 2007

တပတ်အတွင်း မြင်ရ ကြားရလေသမျှ ...

ခုတလော ကြားရတဲ့ သတင်းတွေက ဆိုးတာတွေလည်း ရှိသလို ကောင်းတာတွေလည်း ရှိနေပါရဲ့။
အင်းလေ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးပဲ မဟုတ်လား။ ဒါများ အဆန်းလုပ်ပြီး ပြောနေရသေးသလားနော်။

ဘာပဲဖြစ်ဖြစ် …ပြောတော့ပြောချင်ပါသေးတယ် … ။
မြန်မာပြည်က ၂စောင်တည်းသော သတင်းစာနဲ့ ဂျာနယ်တချို့ကို သပိတ်မှောက်ဖို့ တိုက်တွန်းလွှာတွေ တွေ့နေရပေမယ့် သတင်းစာက ဒီလအတွက် ငွေချေထားပြီးသား ဖြစ်တာကတကြောင်း၊ သာရေး နာရေး စီးပွါးရေး ကြော်ငြာတွေ မဖြစ်မနေ ဖတ်ဖို့ရှိတာက တကြောင်းကြောင့် ဆက်ယူနေရလိမ့် အုံးမယ် ထင်ပါတယ်။
ဒါကလည်း အစိုးရရဲ့ အားသာချက် တခုပဲ ဆိုပါတော့။ သတင်းစာနဲ့ ရုပ်မြင်သံကြားလို မီဒီယာကို ကိုင်ထားမှတော့ ၀ါဒဖြန့်ရေးအတွက် အထိရောက်ဆုံး လက်နက်တခုပေါ့။ ထားပါတော့။

ပြည်တွင်းဖြစ် သတင်းစာတွေကို ဖတ်တဲ့အခါ နောက်ဆုံးစာမျက်နှာ (ကျောဖုံးအတွင်း) က စလှန်ဖတ်တယ်လို့ ရယ်စရာအဖြစ် ပြောလေ့ရှိကြပေမဲ့ … အဲဒါ တကယ်ပါပဲ။ ထုံးစံလိုဖြစ်နေတော့ တခါတလေများ နိုင်ငံတကာက သတင်းစာ ဖတ်ဖြစ်ရင်တောင် နောက်ဆုံးစာမျက်နှာက စလှန်နေမိတတ်တာ။ အကျင့်ဆိုတာက ရုတ်တရက် ဖျောက်မရဘူးကိုး။

နောက်ဆုံးစာမျက်နှာက စလှန်မိပေမဲ့ တခါတလေကျ ခေါင်းကြီးသတင်းတွေမှာ … တခါတလေ ဆောင်းပါးတွေမှာ စာလုံးမဲကြီးတွေ ထင်းနေအောင်ရေး ကောက်စာ (catch phrase)တွေ ပြူးနေအောင် ရေးထားလို့ ဘာများလဲ ယောင်ယမ်း ဖတ်ကြည့်မိပါတယ်။ အဲဒီလို ဖတ်မိပြီးရင် လူက နင်တင်တင် ဆို့တို့တို့ ခံစားလိုက်ရသလိုပဲ။ ဘာပြောလို့ ပြောရမှန်းတောင် မသိလောက်အောင် ဖြစ်ရတယ်။ အရေးအသားကောင်းလွန်း ထိမိလွန်းလို့ရယ်ပါ။ နောက်ဆုံးတော့ ဟိုတလောက ရေးခဲ့ဖူးတဲ့ “ဟာသအတွေး ဟာသအမြင်” ပို့စ် လိုပဲ အရာရာကို ဟာသအမြင်နဲ့သာ မြင်တွေးကြည့်ရှု ခံစားတာ အကောင်းဆုံးလို့ ကိုယ့်စိတ်ကို ဖြေရတယ်။ ဖြေသော်လည်း မပြေပါဘူး။

ဟိုနေ့က ဖတ်လိုက်ရတဲ့ ဆောင်းပါးခေါင်းစဉ်က ဘာတဲ့ .. “ရာဇ၀င် လူဆိုး” ဆိုပဲ။ ဒီဆောင်းပါးရေးသူက ဟိုတလောကတုန်းကလည်း စာရေးဆရာဆိုတာ ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ဆိုပြီး ရေးသေးတယ်။ သူ့ကိုယ်သူ စာရေးဆရာတဲ့။ စာရေးဆရာဆိုတာ ဒီလိုမျိုးတွေ ရေးသလား။ ကျမဖြင့် အံ့သြလွန်းလို့ပါ။ ကိုယ့်သိက္ခာကိုယ် မထိမ်းချင်ရင်တောင် ကိုယ့်ကလောင်ရဲ့ သိက္ခာကိုတော့ ကိုယ်ထိမ်းသင့်တယ် ထင်တာပဲ။ ဒါမျိုးကလောင် ခေတ်အဆက်ဆက်မှာ ကလောင်သက် ရှည်ပါ့မလား … ကျမ စဉ်းစားနေမိတယ်။

သူက ရာဇ၀င်လူဆိုး စွပ်စွဲ သတ်မှတ်တဲ့သူကို နေတာဂျီ ဆူဘတ်ချန်ဒရာဘို့စ် ဖောင်ဒေးရှင်းကနေ ၂၀၀၇ ခုနှစ် အတွက် ဆုချီးမြှင့် လိုက်တယ်တဲ့။ အဲဒီသတင်းကြားတော့ ၀မ်းသာလိုက်တာ။ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းက ပစ်ပယ်ထားတဲ့ သူတယောက်ကို ခုလို တခြားနိုင်ငံတွေက (ကမ္ဘာက) အသိအမှတ် ပြုကြတာဟာ ၀မ်းမြောက်စရာပါ။ ဂုဏ်ယူစရာပါ။ မုဒိတာပွားစရာပါ။
“သင်၏ မြွက်ဆိုချက်များသည် သင် ရဲရင့်စွာ ကိုယ်စားပြုနေသည့် အမှန်တရားကို ဖော်ကျူးပါသည်။ ဖိနှိပ်မှုနှောင်ကြိုးသည် သင့်တွင် လောင်မြိုက်နေသော မီးလျှံအား မဖုံးလွှမ်းနိုင်ပါ”
ဆိုတဲ့ စာသားကို ဆုချီးမြှင့်လွှာမှာ ဖော်ပြထားပါသတဲ့။
ဖတ်ပြီး ကျေနပ်လိုက်တာ … ၊ အမှန်တရားကို မြွက်ဟတဲ့အတွက် အမှန်တရားကို ဖော်ကျူးတဲ့အတွက် ဥာဏ်နုံ့နဲသူ လူတစုရဲ့ တားဆီး ပိတ်လှောင် ကြဉ်ဖယ်ခြင်းခံနေရပေမဲ့ ကျန်တဲ့သူ တကမ္ဘာလုံးကတော့ဖြင့် တလေးတစား အသိအမှတ် ပြုကြတာပါပဲ။

အင်း … ဒီလိုနဲ့ ပညာရေးသတင်း ဖတ်မိပြန်ပါတယ်။ မြန်မာပြည်မှာ ပညာရေးအဆင့်အတန်း မြင့်မားဖို့ ဘယ်သို့ ဘယ်ပုံ စီမံ ဆောင်ရွက်နေတယ်ပေါ့။ တကယ်ပဲလား တော့မသိပါဘူး၊ သာဓု တကြိမ်လောက်တော့ စိတ်ထဲက ကျိတ်ပြီး ခေါ်မိတယ်။ နောက်နှစ်ကြိမ်ကို ခဏလေး တေးထားအုံးမှ။

အဲ …ပြောလို့မှ မဆုံးသေး၊ သတင်းတပုဒ် ထပ်တွေ့ပြန်ပြီ။ ဒီမျက်လုံးကလဲ။
အမေရိကန်စင်တာမှာ သင်တန်းတက်နေကြသူ လူငယ်တွေထဲက တချို့ကို ခေါ်ယူစစ်ဆေးတယ်ဆိုပါလား။
အလို … ဒုက္ခ … ဒုက္ခ။ ဒီလိုသာဖြင့် လွတ်လပ်စွာ ပညာသင်ကြားရေးဆိုတာ … ဘယ်လိုပါလိမ့်။ အင်း … ခေါ်ယူစစ်ဆေးရခြင်းရဲ့ အကြောင်းပြချက်ကတော့ ရှိလိမ့်မယ်ထင်တာပါပဲ။ အဲဒီလိုပဲ ဘာကိစ္စမဆို ကြံဖန် အကြောင်းပြ နေကြမဟုတ်လား။ ဒါလဲ ထားပါတော့ … ။

ခုတလော ကြက်သားဈေးတွေလည်း ထိုးကျနေသတဲ့။ အရင်က ကြက်သားကို အနားမကပ်နိုင်တဲ့ သူတွေအတွက် ၀မ်းသာစရာပေါ့။ အဲ …. ၀မ်းမသာနဲ့အုံး … ဘာလို့ကျတာတုန်း … အကြောင်းမဲ့မှ မဟုတ်ဘဲနဲ့။ ရန်ကုန်တိုင်းက ကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်တဲ့ H5N1 ဗိုင်းရပ်စ်ပိုး တွေ့လို့ပေပဲ။ ဒါကြောင့် ကြက်သားဈေးတွေ ထိုးကျပြီး ငါးနဲ့ တခြားအသားတွေ ဈေးတက်တာ။ ကျမတို့ကတော့ ဟိုအရင်နှစ် ဒီရောဂါတွေ စဖြစ်ကတည်းက ကြက်သားကို ဝေရာမဏိထားတာ ဆိုတော့ ထူးပြီး ရှောင်စရာ မလိုပေါင်။

ဘယ်လိုပဲ ဗိုင်းရပ်စ်ပိုး တွေ့တယ် ဆိုပြီး ပြောပြော၊ ကြက်တွေငှက်တွေ သေကြေတယ်ပြောပြော သူ့ဟာသူ အပူရှပ်လို့ သေတာ၊ အစားမဆင်ခြင်လို့သေတာပါ၊ တုပ်ကွေးရောဂါ နဲ့ သေတာ တကောင်မှ မပါဘူးဆိုပဲ။ ပြောသာပြောတယ် … ကျမတို့အိမ်နား ညည လော်စပီကာကြီးနဲ့ လိုက်အော် နေတာကတော့ …. မီးသတိပေး နှိုးဆော်ချက်ပြီးရင် ကြက်ငှက်တုပ်ကွေး သတိပေးကြေညာချက်ပေါ့။ ခိုစာ မကျွေးဖို့ ဆိုတာတောင် ပါလိုက်သေးတယ်။ အိမ်နားက လမ်းကလေးထဲမှာ ခိုစာရောင်းတဲ့ အဖွားကြီးတော့ ဒုက္ခပါပဲ၊ သူ့နားမှာလည်း ခိုတွေက တ၀ဲဝဲ … ။ မင်းသိင်္ခလိုပဲ သဗ္ဗေသတ္တာ ကမ္မဿကာ လို့ သဘောထားလိုက်တာပဲ အေးပါတယ်။

လျှပ်စစ်မီး … အင်း .. အဲဒါနဲ့ ပတ်သက်လို့ မရေးချင်တော့ပါဘူး။ ရေးလဲ ထူးမှာမှမဟုတ်ဘဲ။ နွေရာသီမှာ မီးပျက်မယ်၊ မီးလောင်မယ် … နွေနဲ့မီး - မီးနဲ့နွေ .. ခွဲခြားလို့မှ မရတာ။ နောက် ၃-၄ နှစ်ကြာရင်တော့ ထူးခြားမယ် တဲ့ …စောင့်ကြည့်ရသေးတာပ။ စောစောက စာရေးဆရာ အမည်ခံ ဆောင်းပါးရှင်ကြီးက ဥာဏ်အမြော်အမြင် ကြီးစွာ ရေးခဲ့ပါသေးတယ်။ ကုန်ဈေးနှုန်းကျချင်သလား လျှပ်စစ်မီးမှန်ချင်သလား ဆိုတဲ့ ဆောင်းပါးထဲမှာပေါ့။ လေအေးစက်ဖွင့်သူတွေကို ဒဏ်တပ်ရမယ်ဆိုလားပဲ … ။

ဒါပေါ့ ..ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ တခုတော့ရှိတယ်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတဲ့ စကားလို …ရှေ့က ဦးစီး ဦးဆောင်ပြုတဲ့ ခေါင်းဆောင်ကြီးတွေ အရင်လုပ်ပြရင် ကျမတို့လို ပြည်သူလူထုကလည်း လုပ်ရပေမပေါ့။ ခေါင်းဆောင်ကြီးတွေ စံမြန်းတဲ့ ဂေဟာက လေအေးစက်တွေ အကုန်ဖြုတ်၊ ဘုရင်ခေတ်ကလို ယပ်တော်သွင်း တယောက် ခန့်ထားပြီး မျက်နှာကြက်မှာ အ၀တ်နဲ့လုပ်တဲ့ ကြိုးဆွဲယပ်တခုထားပြီး ယပ်တော်သွင်းစေ လို့ လုပ်မယ်ဆိုလည်း ရတာပဲ မဟုတ်လား။ ဘုရင်ခေတ်ကို ပြန်အသက်သွင်းချင်တယ် ဆိုရင်ဖြင့် ဒါမျိုးလည်း လုပ်သင့်လုပ်ရမှာပဲပေါ့နော်။ ကျမတို့လို ပြည်သူလူထု ဆင်းရဲသားတစုကတော့ ယပ်တော်သွင်း မခန့်ထားနိုင်တဲ့အတွက် နှီးယပ်တောင်လေး ကိုယ့်လက်နဲ့ကိုယ်သာ တဖျပ်ဖျပ် ခပ်ရမှာပ။ ယပ်တောင်လုပ်ရောင်းတဲ့ သူတွေအတွက်တော့ ၀မ်းမြောက်စရာပဲပေါ့။

နောက်သတင်းတပုဒ်ကတော့ ခေါင်းဆောင်တဦး နေထိုင်မကောင်းလို့ တိုင်းတပါးမှာ ဆေးကုသမှု ခံယူနေတယ်ဆိုတဲ့ သတင်းပါ။ ဒါလဲ မုဒိတာ ပွားစရာပေပဲ … အဲ .. အဲ …နေထိုင်မကောင်းတာကို ၀မ်းမြောက်တာတော့ မဟုတ်ရပေါင်ရှင်။ နေမကောင်းတာကို ငွေကြေးအကုန်အကျခံပြီး ဆေးကုသ နိုင်တဲ့အတွက် ၀မ်းမြောက်ရကြောင်းပါ။ ဘာကြောင့်ဆိုတော့ ကျမတို့တိုင်းပြည်မယ် နေထိုင်မကောင်းတာကို ဆေးမကုသနိုင်လို့ ဆုံးရှုံးရတဲ့ အသက်ပေါင်းများစွာ ရှိပေတယ် မဟုတ်လား။ ခုလို ခေတ်မီ ဆေးဝါးတွေနဲ့ ကုသနိုင်ခြင်းဟာလည်း မုဒိတာ ပွားစရာပေပဲ။ နေကောင်းပါစေ … ကျန်းမာပါစေ … သက်ဇိုဝ်း ရှည်ပါစေ လို့ ဆုတောင်းလိုက်ပါရဲ့ ... ။

စကားမစပ် … ကျမရေးတာ သေချာလည်း ဖတ်ကြပါနော် .. ။ တချို့ မြန်မာဘလော့ဂါတွေထဲ စာဖတ်ရှန်းသူတွေ ပါလို့ သတိပေးရတာပါ၊ ကျမစာတွေဖတ်သာ ဖတ်တာ ကျမကို အထီးမှန်း အမမှန်း မသိဘူးလို့ ပြောတာ ကြုံဖူးလို့ပါ။ အံ့ အံ့ပါရဲ့။ ဟိုးအစထဲက ဓာတ်ပုံတွေ ဘာတွေတင်ပြီး ကျမကျမ နဲ့သုံးနှုံးလာခဲ့တာ ။ မေဓာဝီကို အထီးမှတ်လို့ ဆိုတော့ ဘာပြောရမှန်းတောင် မသိဘူး။ ထားပါတော့ … အခု သေချာဖတ်ပါဆိုတာက … ကျမ ရေးတဲ့ အသုံးအနှုံးနဲ့ ပတ်သက်လို့ပါ။ ကျမက သက်ဇိုဝ်း လို့ ရေးထားတာနော်၊ သက်ဆိုး မဟုတ်ပါဘူး။ လူကြီးကို ဒီလို ပြောပါ့မလား။ ရိုသေ ထိုက်သူ ကို ကျမက ရိုသေပါတယ် နော်။ တော်ကြာ ကျမ အသုံးမှားတယ်ထင်ပြီး မေဓာဝီကို ဖမ်းပါလားလို့ အမနာပ ပြောကြရင် ဒုက္ခ။ ကျမက ကြောက်တတ်တယ်ရှင့်။

တကယ်တော့ “သက်ဆိုးရှည်တယ်” ဆိုတဲ့ ဝေါဟာရ စကားက အမှားကြာလို့ မှန်သယောင်ယောင် ဖြစ်သွားတာ။ အမှန်မယ် “သက်ဇိုဝ်း” ဖြစ်ပါသတဲ့။ အသက်ဇီဝ ကို ဆိုလိုခြင်းပါ။ အရပ်ထဲ လမ်းထဲက ဆိုးသွမ်းတဲ့သူ တယောက်ယောက် နေမကောင်း ထိုင်မသာဖြစ် ရောဂါဝေဒနာ ခံစား၊ သေတော့မလားရယ်လို့ ထင်နေကြပေမဲ့ သေလည်း မသေနိုင် ပြန်ကောင်းသွားပြန်တဲ့အခါ ဒီလူ့နှယ် သက်ဆိုးရှည်လိုက်တာ လို့ သုံးနှုံးကြတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် .. ဒါသည်လဲ အမှားကြာလို့ အမှန်ဖြစ်ရာက တိုးသွားတဲ့ ဝေါဟာရ အသစ်တခုပေပဲပေါ့။ အခု ကျမသုံးတာကတော့ သက်ဆိုး မဟုတ်ဘူးနော်။

အဲ …နောက်ဆုံးသတင်းကတော့ ဖတ်ရတာမဟုတ်ဘူး။ ကြားရတဲ့ သတင်းတခုပါ။
အဖေ့ရဲ့ အလုပ်သမားတယောက်ပေါ့။ လွန်ခဲ့တဲ့ လေးငါးရက်ကပဲ သူ့ကို လုပ်ခရှင်းပေးလိုက်တော့ အိမ်ပြန်သွားပါသတဲ့။ အိမ်မရောက်ခင်မှာ အရက်ဆိုင်ဝင်ပြီး တခွက် တဖလား ၀င်မော့တယ်၊ ပြီးတော့ အိမ်အတွက် ဟင်းစားဝယ်ချင်တာနဲ့ ညဈေးကလေးကို ၀င်ပြီး ငါးဝယ်ပါတယ်။ ငါးဝယ်ပြီးပြန်ထွက်လာတော့ ရဲက “ဟေ့ကောင် လာအုံး … မင်းလက်ထဲက ဘာတုန်း ပြစမ်း”
“ငါး .. ပါ”
“ပေးစမ်း”
ဆိုပြီး ငါးထုတ်ကို ဆွဲယူသွားတယ်။ ပြီးတော့
“မင်း အရက်သောက်ထားတယ် မဟုတ်လား” လို့ ဆက်မေးတယ်။ ဒီရဲက လူလည်ပဲ၊ အရက်နံ့ရမှတော့ အရက်သောက်ထားလို့ပေါ့။
“ဟုတ်ကဲ့”
“အေး … စခန်းကိုလိုက်ခဲ့”
ဒီလိုနဲ့ အဲဒီအလုပ်သမားခမျာ အူကြောင်ကြောင်နဲ့ ရဲစခန်း ရောက်သွားပါရောလား။ နောက်ဆုံးတော့ ၀ယ်ထားတဲ့ ငါးလည်းသိမ်း၊ ပါတဲ့ ပိုက်ဆံလည်းယူ၊ လူလည်း ဖမ်းခံလိုက်ရပါသတဲ့။ လုပ်အားတောင် ပေးခဲ့ရသေးတယ်ဆိုလား။ ၄ ရက်တိတိ အချုပ်ထဲမှာ နေခဲ့ရတယ် လို့ ဆိုပါတယ်။

ဒီလူကြီး အလုပ်ကို မလာတော့ အဖေကလည်း သူ့စောင့်နေရင် အလုပ်နှောင့်နှေးမှာမို့ နောက်တယောက် အမြန်ရှာပြီး အစားထိုးလိုက်ရတာပေါ့။ ဒီတော့ သူ့မယ် .. လုပ်အားခလဲ ဆုံး၊ အချုပ်လဲခံရ၊ အလုပ်လဲပြုတ် တဲ့ ဘ၀ရောက်တော့တာပါပဲ။ အင်းလေ … သူကလည်း သူပဲ … အရက်သောက်ထားတာကိုး … ရဲက မျက်စိနောက်လို့ လားမှ မသိတာ လို့ ကြံဖန် တွေးကြည့်မိတယ်။ တယောက်ကတော့ ပြောတယ် … ဒါက အရက်နဲ့ မဆိုင်ပါဘူး၊ ပါစင်နယ်လတီနဲ့လည်း ဆိုင်တယ် တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပ။ စုတ်တီးစုတ်ပြတ် ၀တ်စားဆင်ယင်ပြီး ရုပ်ရည် မတင့်တယ်သူတယောက် အရက်သောက်မယ်ဆို သတိသာထားလို့ လက်တို့လိုက်ကြပါအုံး။ မဟုတ်ရင် နေရင်း ထိုင်ရင်း အချုပ်ခန်းထဲ ရောက်နေမှဖြင့် … ။

အင်း …. ကျမလည်း တနေ့တနေ့ ဘာတွေ နားထောင်မိ ဖတ်မိနေလဲ မသိပါဘူး။
လူက ရယ်ရမလို ငိုရမလို …
မုဒိတာပွားရမလိုလို ကရုဏာထားရမလိုလို …
အို …ဗြဟ္မစိုရ်တရားဆိုတာ ကိုယ်နဲ့ လားလားမှ မထိုက်တန်တာ။
တော်ပြီ … မျက်စိမှိတ် နားပိတ်ပြီး အိပ်နေတော့တာပဲ ကောင်းလေမလား။
***
မေဓာဝီ
22.3.07
10:50 am

6 comments:

Anonymous said...

သတင်းလေးတစ်ပုဒ်လောက်တော့ထပ်ဖြည့်ပါရစေအုံး
ဟိုတနေ့က စင်ကာပူက အစိုးရ သတင်းစာထဲမှာ
စင်ကာပူကမြန်မာပြည်သားများ လှုပ်ရှားမှုသတင်း
မျက်နှာဖုံးဆောင်းပါးအဖြစ် ပါလာတယ်တွေ့ ရပါတယ်
ဂုဏ်ယူမယ်ဆိုရင်တော့ ကြံဖန်ဂုဏ်ယူစရာပေါ့လေ
အမိမြေမှာ စီးပွားရေးမကောင်းလို့ဘဲဖြစ်ဖြစ်၊ခက်ခဲလို့ဘဲဖြစ်ဖြစ်
အမျိုးမျိုးသောအကြောင်းများကြောင့်လာရောက်အလုပ်လုပ်နေသူများထံမှ
လခ၏ ၁၀ % ကို ဆေးဖိုးပေး အဲလေ အခွန်ပေးရပါတဲ့အကြောင်းကိုရေးသားထားတာပါ
စင်ကာပူအစိုးရကိုလဲအခွန်ပေးရသေးတော့အခွန်နှစ်ထပ်ကွမ်းဖြစ်ကုန်တာပေါ့
အဲဒါကို မစ္စတာအောင် (သတင်းစာထဲကအတိုင်းဖော်ပြလိုက်တာ) ခေါင်းဆောင်တဲ့လူတချို့
ကအခွန်မဆောင်ရရေးကြိုးပမ်းနေကြကြောင်းပါ ပါတယ်။

Yan said...

ဟားဟား မမေကတော့ တော်တော်ကို ရေးတတ်တယ်ဗျာ..အသောအနှော၊ ရသစုံပါပေတယ်.. မမေစာအုပ်ထုတ်လို့ကတော့ ကျွန်တော်အရင်ဆုံး ၀ယ်ဖတ်မယ်ဗျို့…

generation96 said...

ကောင်းတယ်ဗျာ မမေဓာ။

mmblogbook2 said...

Hi, Ma May Dar Wii,
We are trying to publish myanmar blogger book and we also launch a blog to accept manuscripts from the members.
On that blog, we would like to describe some of your manuscripts and other famous bloggers who are good at writing.
Will you allow us to do so, Ma May Dar Wii?
Please let me know.

http://mmblogbook2.blogspot.com

Anonymous said...

မမေ.. ဒီပို့စ်ဒ်လေးအရမ်းကောင်းတာပဲ ။ အရမ်းထိတယ် ။ ဖတ်ရင်း ပြုံးမိတယ် ။

မေဓာဝီ said...

ကွန်မန့်များအတွက် ကျေးဇူးတင်ပါတယ်။
Anonymous … သတင်းထပ်ဖြည့်ပေးတာ ကျေးဇူးပါရှင်။
ကိုရန်အောင်၊ gen’96 နဲ့ ဂျစ်တူး တို့ အားပေးတဲ့အတွက် ၀မ်းသာပါတယ်။
mmblogbook … ဘလော့စာအုပ် ထုတ်ဖို့ တက်တက်ကြွကြွ လုပ်နေကြတာ တွေ့ရလို့ ၀မ်းမြောက်ပါတယ်။ စာအုပ်ထဲ ထည့်ဖို့ဆိုရင် ကျမရဲ့ စာတွေက ပြန်ပြင်မှ ရလောက်မယ်ရှင့်။ ဘလော့ပေါ်မှာ နေ့စဉ် တင်ရတဲ့အတွက် ကမန်းကတန်း ရေးထားတာတွေက များနေလို့ပါ။ အဲဒါနဲ့ပတ်သက်ပြီး ကျမ သိချင်တာလေးတွေကို ဘယ်လို မေးရမလဲ ဆိုတာလဲ သိပါရစေရှင်။