Friday, November 29, 2013

~ ရွှေရတု အကြို ~

 နိုဝင်ဘာလဟာ အဖေနဲ့ အမေရဲ့ အမှတ်တရတွေ ပြည့်လွှမ်းနေတဲ့ လတလပေါ့။ အမေတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်ဟာ ဒီနိုဝင်ဘာမှာ ၄၉ နှစ်ပြည့်ပြီလေ။ တချို့သောသူတွေက အမှတ်တရ နေ့ လ ရက်တွေကို ဂရုမစိုက်၊ စိတ်မဝင်စား၊ တန်ဖိုးမထားကြပေမဲ့ ကျမကတော့ တန်ဖိုးထားသင့်တယ်လို့ ထင်တာပါပဲ။   နှစ်ဦးသား လျှောက်လှမ်းနေကြတဲ့ ဘဝခရီးလမ်းမှာ တရက်ပြီးတရက် ကုန်ဆုံးသွားတဲ့ နေ့ရက် အချိန်တွေဟာ ... ချစ်ခြင်းတို့ရဲ့ ရာဇဝင်၊ သံယောဇဉ်တွေရဲ့ခိုင်မြဲခြင်း ... နားလည်ခြင်းတွေရဲ့ ခြေရာ ...  မေတ္တာတရားရဲ့ သင်္ကေတ ... ပြောမယ်ဆိုရင် ... နိဗ္ဗာန်ခရီးကို အတူသွားကြတဲ့ ပါရမီဖြည့်ဘက်တွေရဲ့ ခြေလှမ်းလေးတွေပဲ မဟုတ်လား ... ။ 
 
လှမ်းခဲ့ကြတဲ့ ခြေလှမ်းတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမြတ်နိုးခြင်း အပါအဝင် ...  ပျော်ရွှင် ကြည်နူးခြင်းတွေ ... ပူဆွေး ဝမ်းနည်းခြင်းတွေ ... နားလည်ခွင့်လွှတ်ခြင်းတွေ ...  စောင့်စည်း ထိမ်းသိမ်းခြင်းတွေ ... ... စတဲ့ စတဲ့ ခံစားချက်တွေ ရောယှက်နေမှာပါ။ ဒီလိုနဲ့ အချိန်လေးတွေ တစစ ကုန်ဆုံးရင်း ပြန်လှည့်ကြည့်ချိန်မှာ ၄၉ နှစ်ဆိုတဲ့ ခရီးကို မညည်းမညူ အတူ လက်တွဲလို့ ... ဘေးနားမှာတော့ အဖေနဲ့ အမေတို့ သိပ်ချစ်ရတဲ့ သား သမီးတွေနဲ့ပေါ့ ...။ :)

 အမေနဲ့ အဖေက ဘဝအဆက်ဆက် ရေစက်ဆုံခဲ့ကြတဲ့ ပါရမီ ဖြည့်ဘက်တွေ ဖြစ်မှာပါပဲ။ အဖေက အမေ့ကို သိပ်ချစ်သလို ... အမေကလဲ အဖေ့ကို အရာရာ နားလည်မှုနဲ့ ခွင့်လွှတ်ပြီး ချစ်နိုင်ခဲ့တယ်။ အဖေက အမေ့ရဲ့ တဦးတည်းသော ချစ်သူ ဖြစ်သလို အမေ့ဘဝတခုလုံးကိုလဲ အဖေနဲ့ သားသမီးတွေအတွက် မြှုပ်နှံခဲ့တယ်။ အမေ့မှာ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ ဆိုတာ မရှိသလောက်ပါပဲ။ အဖေ့သူငယ်ချင်းက အမေ့သူငယ်ချင်း၊ အဖေ့မိတ်ဆွေက အမေ့မိတ်ဆွေ ...။ သားသမီးတွေ ကြီးလာတော့ သားသမီးတွေရဲ့ မိတ်ဆွေက အမေ့ မိတ်ဆွေတွေ ဖြစ်သွားရော ... ။ တကယ်တမ်းကျတော့ ... အဖေရယ် သားသမီးတွေရယ်က အမေ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေပဲပေါ့။ 

အမေနဲ့ အဖေက စာပေ ဝါသနာပါတာချင်း တူတယ်၊ ကဗျာဝါသနာပါတဲ့ အမေ့ကြောင့် အဖေက ကဗျာတွေကို စနစ်တကျ လေ့လာပြီး ကဗျာပေါင်း များစွာ ရေးဖြစ်ခဲ့တယ်။ အဖေ့ကဗျာ တချို့ ဒီနေရာမှာ ရှိပါတယ်။ အမေသင်ပေးလို့ ဘုရားစာတွေ ရခဲ့တဲ့ အဖေက ဘာသာရေးကို စိတ်ပါဝင်စားစွာ သေချာလေ့လာ သင်ယူခဲ့ပြီး နောက်ဆုံး အဘိဓမ္မာ သင်တန်းဆရာ တယောက် ဖြစ်ခဲ့တယ်။  အဖေရဲ့ အောင်မြင်မှုတွေတိုင်းမှာ နောက်ကွယ်က အမေ့ရဲ့ ထောက်ပံ့မှု တွေ အမြဲ ပါခဲ့တယ်လို့ ဆိုရမှာပါပဲ။

အဖေနဲ့ အမေက သူတပါးကို ကူညီဖို့ ပေးကမ်းဖို့ ဒါနပြုဖို့ဆိုရင် စိတ်တူ ကိုယ်တူလဲ ဖြစ်ကြတယ်။ တယောက် လှူမယ့် အလှူကို တယောက်က မဟန့်ကြ မတားမြစ်ကြဘူး။ အဖေနဲ့ အမေ နှစ်ယောက်လုံး သူတပါးကို ကိုယ်ချင်းစာ စိတ်နဲ့ ကြင်နာသနား တတ်တာတွေ ... ကိုယ့်အပေါ် မကောင်းတဲ့သူ ကိုတောင် သည်းခံနိုင်လွန်းကြတာတွေ ... စိတ်ချင်းထပ်တူညီကြတာ များပါတယ်။ 

အခု မောင်လေးရှိရာ နိုင်ငံရပ်ခြားမှာ အမေနဲ့ အဖေ ရောက်နေကြတော့ မောင်လေးတို့ အလုပ်သွားရင် အမေနဲ့ အဖေ နှစ်ယောက်ထဲ ကူဖော်လောင်ဖက် ခြေဆုပ်လက်နယ် မရှိတဲ့အခါ တယောက် နေထိုင်မကောင်းရင် တယောက်က ပြုစုကြရတယ်။ အတူတူ ချက်ပြုတ် စားသောက်၊ အတူတူ လမ်းလျှောက်၊ အေးအတူ ပူအမျှ ဆိုတဲ့ စကားက အမေနဲ့ အဖေအတွက် ပိုပြီး အဓိပ္ပါယ် ရှိလာခဲ့တယ်။ 


လွန်ခဲ့တဲ့ ရက်ပိုင်းက အမေနဲ့အဖေက မောင်လေးတို့နဲ့အတူ Keywest ကို အလည်အပတ် သွားဖို့ စီစဉ်ကြတယ်။ ကျမက "ဟန်းနီးမွန်းလား အမေ" လို့ နောက်တော့ အမေက "ဟုတ်တယ် ၄၉ ကြိမ်မြောက် ဟန်းနီးမွန်း" ... တဲ့။ "အမေတို့ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့နော် ... လက်ချင်းတွဲပြီးရိုက်" ... လို့ ကျမက မှာရင်း ... "အင်း ... သမီးမပြောလဲ အမေတို့က လက်တွဲထားမှာပါပဲ" ... လို့  ဆက်ပြီး နောက်ဖြစ်တယ်။ အဖေနဲ့ အမေ လက်ချင်းတွဲထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရတာ ကျမ စိတ်ထဲ ပီတိ ဖြစ်မိလို့ပါ ... ။

ပြီးခဲ့တဲ့ ဝါဆိုလပြည့်ကျော် တရက် အဖေ့မွေးနေ့ တုန်းက ကျမက အမှတ်တရ စာရေးမယ်စိတ်ကူးနဲ့ အဖေ့ကို မေးခဲ့ဖူးတယ်၊ အဖေ့ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တဲ့ မွေးနေ့တခု အကြောင်း ပြောပြပါ ... ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ... အဖေ အသက် ၁၈ နှစ်ပြည့် မွေးနေ့ အကြောင်းလေး ပြောပြတယ်။ အဖေတို့ သူငယ်ချင်းတစု ပဲခူးကို ဝါဆိုပန်းခူးထွက်ရင်း အပြန်မှာ ကားအက်ဆီးဒင့် ဖြစ်သတဲ့။ ကားမောင်းသူက အဖေပေါ့။ (အဲဒီအကြောင်းက အဖေခဏခဏ ပြန်ပြောပြလို့ သိနေပြီးသားပါပဲ။) 

ကားမောင်းတဲ့ အဖေက ကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရပေမဲ့ သူငယ်ချင်းတွေထဲမှာ သွေးထွက်သံယို ဖြစ်တဲ့သူတွေ ပါတော့ အဖေက ကူညီရင်း အဖေ့ အင်္ကျီမှာလဲ သွေးတွေရွှဲလို့တဲ့။ အဲဒီအချိန်မှာ အဖေ့အမေ (ဖွားဖွား) က အဖေ့မွေးနေ့အတွက် အဖေကြိုက်တဲ့ မုန့်ဟင်းခါးတွေ ချက်နေခဲ့တယ်။ ဖိနပ်မပါ ဘာမပါ သွေးသံတရဲရဲ အိမ်ပြန် ရောက်လာတဲ့ အဖေ့ကို  သေပြီး သရဲလာခြောက်တယ်လို့ ဖွားဖွားက ထင်နေသေးတာ ဆိုပဲ။ အဖေ့ သတင်းကို အိမ်နီးနားချင်း ဖြစ်တဲ့ အမေက သူငယ်ချင်းတွေကတဆင့် ကြားသွားတယ်။ အဲဒီညနေ အဖေ တကိုယ်လုံး နာကျင် ကိုက်ခဲလို့ အိပ်ရာပေါ်မှာ နားနေတုန်း အမေ့ဆီက သတင်းမေးတဲ့ စာလေးတစောင် ရောက် လာတယ်တဲ့။ အမေ့ဆီက ရတဲ့ ပထမဆုံး စာလေးပေါ့ ... ။

အဲဒီအချိန်တုန်းက အဖေနဲ့ အမေက ချစ်သူတွေ မဖြစ်သေးပါဘူး။ အဖေက ကမ်းလှမ်းထားတုန်းပဲ ရှိသေးတာ။ အဖေ့ ကားအက်ဆီးဒင့် သတင်းကြားတော့ အမေက သတင်းမေးရောက်လာပြီး နောက်မှာမှ ချစ်သူတွေ ဖြစ်သွားကြတာလို့ ဆိုပါတယ်။ ခုဆိုရင် နှစ်ပေါင်း ၅၀ ရှိပြီပေါ့ ... လို့ အဖေ ပြောပြတာကို နားထောင်ရင်း romantic story လေး တပုဒ်လိုပဲ မျက်စိထဲမှာ မြင်ယောင် ပုံဖော်နေမိတယ်။ နှစ်ပေါင်း ၅၀ က မွေးနေ့လေးတခုကို အဖေ ခုထိ သတိတရ ရှိနေတုန်းပဲ ... ။ အဖေက အမှတ်တရ ပုံရိပ်ကလေးတွေကို ဘယ်တော့မှ မမေ့တတ်ပါဘူး။

အဲဒီမွေးနေ့လေးကနေ နောက်ထပ် တနှစ်ကျော်ကျော် အကြာမှာတော့ အဖေက အမေ့ဘဝတခုလုံးကို အပိုင်သိမ်းပိုက် သွားခဲ့တာပေါ့။ နောက်နှစ်ဆို အမေနဲ့အဖေရဲ့ မင်္ဂလာ ရွှေရတု နှစ် ၅၀ ပြည့်ပါမယ်။ ရွှေရတု မင်္ဂလာပွဲကို အမေနဲ့ အဖေ ဖူးစာဆုံခဲ့တဲ့ ... အမေနဲ့ အဖေ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့  ... အမေနဲ့ အဖေ သားသမီးတွေ ပွါးစည်းခဲ့တဲ့ ... ကျမတို့တွေ ကြီးပြင်းခဲ့တဲ့ ...  ဒီခြံထဲမှာပဲ သားသမီးတွေ အားလုံးနဲ့အတူ ပြုလုပ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ 

ကျမကတော့ ... အဖေနဲ့ အမေရယ် ... ကျမတို့ မောင်နှမတတွေရယ် ... အားလုံး အတူတူ ပြန်ဆုံနိုင်မယ့် ရွှေရတု မင်္ဂလာ နှစ်ပတ်လည်ကို ခုကတည်းက မျှော်လင့်ရင်း ကြိုတင်ကြည်နူး နေမိပါတော့တယ်။ 
***
အဖေနဲ့ အမေရဲ့ ၄၉ နှစ်မြောက် မင်္ဂလာ အမှတ်တရ ...

မေဓာဝီ
၂၉၊ နိုဝင်ဘာ၊ ၂၀၁၃
၁၁း၂၈နာရီ (မြန်မာစံတော်ချိန်)
***
ရေးခဲ့ဖူးသော အမှတ်တရများ

8 comments:

ညီလင်းသစ် said...

အတူလျှောက်လှမ်းခဲ့တာ ၄၉ နှစ်တောင်မှ ရှိခဲ့ပြီလား၊ နည်းတဲ့နှစ်တွေ မဟုတ်ဘူးနော်..၊ တစ်ယောက်အပေါ် တစ်ယောက် နားလည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်းတွေ မပါဘဲနဲ့တော့ ဒီလိုနှစ်တွေ ရှိလာနိုင်မှာ မဟုတ်ပါဘူး...၊

မမေရဲ့ မိဘနှစ်ပါးစလုံးက ပုံတိုင်းမှာ ပြုံးရယ်ပြီး စိတ်ချမ်းသာနေကြပုံရတာ ကြည်နူးစရာ...၊ ဘောင်းဘီတိုနဲ့ဝတ်ထားတဲ့ အဖေ့ပုံက လူငယ်လေး တစ်ယောက်လို လန်းဆန်းလို့..၊ အမေ့ပုံကို ကြည့်ရင်း ‘ဦးဝဏ္ဏနဲ့ စကားပြောနေတယ်’ ဆိုတာကို ပြန်တွေးမိပြီး ပြုံးမိသေးတယ်၊ မမေရဲ့ မိဘနှစ်ပါးစလုံး သက်ရှည်ကျန်းမာပြီး ရွှေရတု မင်္ဂလာနှစ်ပတ်လည်ကို သားသမီးတွေနဲ့အတူ နောင်နှစ်မှာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့လည်း ဆုမွန်ခြွေအပ် ပါတယ်ဗျာ...။

San Htun said...

မမေ အဖေနဲ့ အဖေ လက်တွဲထားတဲ့ ဓာတ်ပုံလေးတွေက မြင်ရတာ စိတ်ချမ်းသာစရာ...ပျော်နေတဲ့ပုံလေးတွေမြင်တော့ အပျော်တွေတောင် ကူးလာတယ်...ရွှေရတုမင်္ဂလာကို ရည်စူးထားတဲ့အတိုင်း မိသားစုတွေ စုံစုံညီညီနဲ့  ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ..

မောင်မျိုး said...

ကြည်နူးစရာလေးး)))



ဘဘကြီးက စတိုင်လ်အပြည်နဲ့ အစ်မက အမေနဲ့ပိုတူတယ်နော် ။

ကိုကိုမောင်(ပန်းရနံ့) said...

မိဘနှစ်ပါးကတော့ နှစ် ၅၀ ရွှေရတုခေတ်ကိုတောင် ရောက်လုပြီ။း)

Sint Si said...

Happy anniversary to your parent and many more!!

တန်ခူး said...

Happy Anniversary Uncle and Aunty! မေ့ ဖေနဲ့ မေကို အားကျလိုက်တာ... တွဲလက်လေးတွေခိုင်မြဲလွန်းတဲ့ သူတို့ မျက်နှာလေးက အပြုံးလေးတွေ ခုထိနုပျိုတုန်း

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကြည်နှုးအားကျစရာ

ဘုန်းဘုန်းတောက် said...

လူတိုင်းမှာ မတူညီတဲ့ မေ့လို့မရတဲ့ အမှတ်တရလေးတွေ ရှိတတ်ကြတယ်နော်။

ဘုန်းတောက်ဆို သီဟိုဠ်မှာနေတုန်းက ဆိုင်ကယ်အက်ဆီဒင့်ဖြစ်ခဲ့ဖူးတာလေးကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း Occasionally ပြန်မြင်နေမိတတ်တယ်။