.
ဒီကနေ့ ကျမတို့ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာနားက ပန်းတပွင့်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို သွားဖို့ မနက် ၈ နာရီသာသာမှာ အိမ်ကနေ ထွက်ခဲ့ကြတယ်။ အိမ်ကအထွက်မှာ မိုးလေကင်းစင်ပြီး ရာသီဥတုက သာသာယာယာပါပဲ။ ပန်းတပွင့်တောင်နဲ့ ပတ်သက်လို့ တခါတုန်းက ဒီနေရာ မှာ ရေးခဲ့ဖူးပါတယ်။ ပန်းတပွင့်တောင် သွားတဲ့လမ်းက မိုးတွင်းဆို သိပ်မကောင်းတတ်လို့ မသွားခင် မနေ့ညက ဖုန်းလှမ်းဆက်ပြီး မေးရသေးတယ်။
ဒီကနေ့ ကျမတို့ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာနားက ပန်းတပွင့်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို သွားဖို့ မနက် ၈ နာရီသာသာမှာ အိမ်ကနေ ထွက်ခဲ့ကြတယ်။ အိမ်ကအထွက်မှာ မိုးလေကင်းစင်ပြီး ရာသီဥတုက သာသာယာယာပါပဲ။ ပန်းတပွင့်တောင်နဲ့ ပတ်သက်လို့ တခါတုန်းက ဒီနေရာ မှာ ရေးခဲ့ဖူးပါတယ်။ ပန်းတပွင့်တောင် သွားတဲ့လမ်းက မိုးတွင်းဆို သိပ်မကောင်းတတ်လို့ မသွားခင် မနေ့ညက ဖုန်းလှမ်းဆက်ပြီး မေးရသေးတယ်။
“ဆရာတော် လမ်းတွေ ပြင်ထားပါတယ်၊ လာခဲ့ပါ …” ဆိုပြီး နယ်ခံလူတယောက်က ပြောတယ်။
အဲဒီ ခရီးစဉ်လေးကို သွားရခြင်း အကြောင်းကတော့ ကျမတို့ ကျောင်းက ကလေးတွေနဲ့ အတူတူ Charity trip မသွားခင် လမ်းကြောင်းအရင် သွားကြည့်ကြတာပါ။
***
Charity Trip
Charity trip ထွက်ဖို့ စိတ်ကူးကတော့ ကျမ အမကြီးရဲ့ စိတ်ကူးနဲ့ အစီအစဉ်ပါပဲ။ ကျောင်းက ကလေးတွေဟာ တတ်နိုင်တဲ့ မိဘတွေက မွေးဖွားကြီးပြင်းလာသူတွေပီပီ ဘဝအကြောင်းကို သိပ်နားမလည်ကြပါဘူး။ ထမင်းပွဲ ရှေ့ရောက်စားသောက်နေထိုင် ကြီးပြင်းလာကြသူတွေဖြစ်ပြီး မိဘနဲ့ ဆရာတွေကို နွဲ့ဆိုးဆိုးဖို့၊ ဆော့ ကစားဖို့ လောက်သာ သိကြပါတယ်။ Charity trip သွားမယ့်အကြောင်းနဲ့ ပတ်သက်ပြီး သူတို့ကို ခုလို ပြောခဲ့တယ်။
“ဘဝတွေက တယောက်နဲ့ တယောက် မတူကြဘူး၊ သားတို့ သမီးတို့ ခုလို ပြည့်ပြည့်စုံစုံ နေထိုင် စားသောက်နိုင်တယ်၊ အပူအပင်မရှိ ကျောင်းတက်နိုင်ကြပေမယ့် ကိုယ့်လို မပြည့်စုံတဲ့သူတွေ အများကြီး ရှိသေးတယ်၊ သူတို့တွေကို စာနာ နားလည်ပြီး တတ်နိုင်သလောက် ကူညီပေးရမယ် …
“သားတို့ သမီးတို့ အိမ်မှာ ပိုလျှံနေတဲ့ ပစ္စည်းလေးတွေ၊ ကိုယ်နဲ့ မတော်တော့တဲ့ အဝတ်အစား အသုံးအဆောင် လေးတွေ၊ မသုံးတော့တဲ့ ဖတ်စာအုပ်နဲ့ တခြား စာအုပ်စာတမ်းလေးတွေ ကိုယ့်လို မဝယ်နိုင် မသုံးနိုင်တဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို ပြန်ပြီး အလှူဒါနပြုနိုင်ဖို့ charity trip လေးတခု ထွက်ကြဖို့ စီစဉ်ထားတယ်”
ပြီးခဲ့တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ Charity trip အတွက် ကလေးတွေကို တရားဝင် ကြေငြာခဲ့ပြီး လှူချင်တဲ့ ပစ္စည်းလေးတွေကို နည်းနည်းချင်း ကျောင်းမှာ စုဆောင်းထားဖို့ donation box လေးတွေ အတန်းအလိုက် ထားပေးထားပါတယ်။ လှူချင်တဲ့ စိတ်ကလေးနဲ့ နေ့စဉ် ကုသိုလ်စိတ်လေးတွေ ဖြစ်စေဖို့ ဆိုပြီး ခုလို စီစဉ်ပေးခဲ့တာပါ။ တချို့တွေလဲ အင်္ကျီအဝတ်အစား၊ စာအုပ်စာတမ်း၊ အသုံးအဆောင်နဲ့ ကစားစရာတွေ တခါထဲ အများကြီး ယူလာကြတယ်။ တချို့တွေကလဲ သွားခါနီးမှ ယူလာတော့မယ်၊ သားတို့မှာ လှူစရာတွေ ကားတစီးတိုက်လောက်ရှိတယ် … လို့ ပြောတယ်။
တချို့မိဘတွေကလဲ ဝမ်းသာစွာနဲ့ …
“ကျမတို့ မဝတ်တော့တဲ့ အင်္ကျီတွေ ဘယ်သူ့ပေးရမှန်း မသိဘူးဖြစ်နေတာ … အခုလို လှူရမယ်ဆိုတော့ ဝမ်းသာလိုက်တာ … ဆရာမတို့သွားရင် ကျမတို့လဲ လိုက်ချင်ပါတယ်” လို့ ပြောကြတယ်။
ပထမဆုံး အကြိမ်အဖြစ် Charity trip ကို ပန်းတပွင့်တောင်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို သွားဖို့ စီစဉ်ထားပါတယ်။ ပန်းတပွင့်တောင် သွားတဲ့လမ်းက လမ်းကြမ်းတာမို့ မိုးလေကင်းစင်တဲ့ သီတင်းကျွတ် ကျော်မှ သွားဖို့ပါပဲ။ ဒါပေမဲ့ မိဘတွေနဲ့ ကျောင်းသားတွေက ခဏခဏ မေးကြလွန်းတော့ လမ်းသာရင် သွားမယ်ဆိုပြီး လမ်းကြောင်းကြည့်ဖို့ ထွက်ခဲ့ကြတယ်။
***
ပန်းတပွင့်တောင် နဲ့ ခရီးလမ်းကြမ်း
ပန်းတပွင့်တောင် သွားလမ်းအဝင် ဆိုင်းဘုတ် |
မနက်ခင်းက မိုးလေ ကင်းစင်ပေမယ့် တဖြည်းဖြည်း မိုးသားတိမ်လိပ်တွေနဲ့ ကောင်းကင်ကြီးက ညို့မှိုင်းလို့ လာတယ်။ မှော်ဘီက လေထီးတပ် ကျော်ပြီး ဓမ္မဒူတ အရှင်ဆေကိန္ဒ ကျောင်းကို လွန်သွားပြီးတဲ့အခါ ပစ်တိုင်းထောင်ပုံနဲ့ ပန်းတပွင့်တောင် ဆိုင်းဘုတ်ကို မြင်ကြရပါတယ်။ လမ်းကလဲ တဖြည်းဖြည်းနဲ့ ဆိုးလာတာကြောင့် ဘီးလှိမ့်ရုံ လောက်ပဲ မောင်းလို့ရပါတယ်။
ရေခံသူ ရေချိုးသူ ... |
လမ်းဘေး ဝဲယာမှာ စိုက်ခင်းပျိုးခင်းတွေ ရှိသလို တဲအိမ်သေးသေးလေးတွေ၊ ဆော့ကစားနေတဲ့ ကလေးငယ်လေးတွေ ကားလမ်းဘေးမှာ ကားတွေ ဖြတ်သွားတိုင်း တာ့တာ ပြနေကြတဲ့ ကလေးလေးတွေကို တွေ့ရတယ်။ မြို့ပြရဲ့ မွန်းကျပ်မှုက လွန်မြောက်ပြီး ကျေးလက်ရဲ့ စိမ်းလန်းခြင်းတွေနဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်ပေမဲ့ နွမ်းပါးတဲ့ ဘဝလေးတွေကို မြင်ရတဲ့ မြင်ကွင်းက စိတ်ကို မွန်းကျပ်ဆို့နင့်စေပြန်တယ်။
လမ်းနံဘေးက တဲအိမ်လေး ... |
စပါးတခင်းနဲ့ ကျွဲနှစ်ရှဉ်း |
ဒီလို စိမ်းစိမ်းစိုစို ရှုခင်းလေး မြင်ရတော့လဲ စိတ်ထဲ လန်းဆန်းမိပါတယ်။ ဒီလိုရှုခင်းမျိုးနဲ့ ကင်းဝေးခဲ့တာ အတော်ကြာမှကိုး ... ။
ဒီလိုလမ်းတွေလဲ ဖြတ်သန်းခဲ့ရတယ် ... |
တော်တော် ဆိုးတဲ့ လမ်းတွေပါ။ ကျမတို့က ကားလေးနဲ့ သွားတာမို့ ဗွက်နစ်မှာစိုးပြီး တထိတ်ထိတ် ဘုရားတ- သွားရတယ်။ ဆိုင်ကယ်သမားတွေကတော့ ဖြတ်သန်းသွားလာ နေကြတာပဲ။
မရုန်းနိုင်တဲ့အဆုံး ... |
ရွှံ့ဗွက်တွေကြားမှာ ကားလေးကို တဘီးချင်း လှိမ့်သွားရင်းနဲ့ ငရုတ်ကောင်းချောင်း ဆိုတဲ့ တနေရာအရောက် ဆက်သွားလို့ မရတော့ပါဘူး။ တော်တော်ဆိုးတဲ့ ဗွက်လွင်ပြင်က ဆီးကြိုနေပါတယ်။ အဲဒီနားက ဆိုင်ကယ် ကယ်ရီတွေက ကားလေးသွားလို့ မရကြောင်း၊ သွားချင်ရင် ကားကို ဒီမှာရပ်ထားပြီး ဆိုင်ကယ်နဲ့ သွားမှ ရမှာ ဖြစ်ကြောင်း ပြောပြီး ကားကို အတင်းရပ်ခိုင်းတယ်။ ကျမတို့လည်း ဆရာတော်ဆီ ဖုန်းလှမ်းဆက်ပြီး ရှေ့ဆက်မသွားကြတော့ဘဲ ပြန်လှည့်ခဲ့ကြပါတယ်။ ဆိုင်ကယ်တွေနဲ့တော့ မသွားချင်ဘူးလေ ... ။
***
ဆရာလေးကြည်ဖြူ ကျောင်း
.
ကားပြန်ကွေ့ပြီး မကြာခင်မှာပဲ လမ်းခုလတ် တနေရာက ဗွက်အိုင်တခုနားရောက်တော့ ကားအဲကွန်းကိုပိတ်၊ မှန်ကိုဖွင့်ပြီး ဖြည်းဖြည်းလေး မောင်းနေတုန်း စာအံသံကြားလို့ လှမ်းကြည့်လိုက်တော့ ... စာရွက်တွေ ပွစာကျဲအောင် ကပ်ထားတဲ့ တဲအိမ်သေးသေးလေး တလုံးကို မြင်လိုက်ရတယ်။ သေချာကြည့်လိုက်တဲ့အခါ ...
"ဆရာလေး ကြည်ဖြူ ကျောင်း"
ဆိုတဲ့ ဆိုင်းဘုတ် အစိမ်းလေးကို အံ့သြစဖွယ် တွေ့ပါတယ်။
အဲဒီ တဲအိမ် သေးသေးလေးဟာ စာသင်ကျောင်းလေး တကျောင်း ဖြစ်နေပြီး အဲဒီထဲကနေ စာအံသံတွေ တညံညံ ကြားရတယ်။ ပိုပြီး အံ့သြဖို့ ကောင်းတာက စာသင်ပေးနေတဲ့ အသံပိုင်ရှင် (အမျိုးသမီး) ရဲ့ အင်္ဂလိပ်စာ အသံထွက်ဟာ အတော်လေး ကောင်းနေလို့ပါပဲ ... ။ ဒါနဲ့ပဲ ကျမတို့ ကားကို လမ်းဘေးချရပ်ပြီး ကျောင်းလေးအနား သွားကြည့်တော့ သီလရှင် ဆရာလေးတပါးက ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးနေတာကို တွေ့ရတယ်။ ကျမတို့ ရောက်သွားချိန်မှာပဲ သင်ခန်းစာကို ခဏရပ်နားပြီး အားလုံးလက်အုပ်လေးတွေချီလို့ သြကာသ ကန်တော့ချိုးနဲ့ ဘုရားရှိခိုးနေကြပါတယ်။
သူတို့အားလုံး ဘုရားရှိခိုးချိန်ထိ ခဏစောင့်နေပြီးမှ ကျောင်းလေးထဲက ဆရာလေးကို လက်အုပ်ချီပြီး ကျမသိချင်တာလေးတွေ မေးမြန်းခဲ့တယ်။
ဆရာလေးကြည်ဖြူ လို့ အမည်ရတဲ့ ဆရာလေးရဲ့ဘွဲ့ ဒေါ်ဥတ္တရ ... ပါတဲ့။ ဒီနေရာမှာနေပြီး ဒီနားတဝိုက်က ကလေးတွေကို စာသင်ပေးနေတာ တနှစ်လောက် ရှိပြီလို့ ဆိုတယ်။
"ဆရာလေး ဒီနေရာကို ရောက်လာတော့ ဘုရားဖူးသွားတဲ့ ဖြတ်သွားဖြတ်လာ ကားတွေက ပစ်ချတဲ့ ပိုက်ဆံတွေ မုန့်တွေကို ကလေးတွေက လိုက်ကောက်နေတာ မြင်ရတဲ့အခါ စိတ်ထဲမှာ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ သူတို့လေးတွေကို စာလဲသင်ပေးတယ်၊ လိမ္မာရေးခြားရှိအောင် စိတ်ဓာတ်ရေးရာ မြင့်မားအောင် သင်ပေးတယ်"
"ပညာပဲသင်ပြီး ဘာသာရေး အခြေခံမသင်လို့လဲ မရဘူး၊ ပညာရေးမှာ ဘာသာရေးမပါရင် ပညာပဲတတ်ပြီး selfish ဖြစ်တတ်ကြတယ်။ ဒါကြောင့် သူတို့ကို ဘာသာရေး အခြေခံပါ သင်ပေးပါတယ်။"
"အဓိကကတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို သင်ပေးပါတယ်၊ မြန်မာစာဆိုရင် စာလုံးပေါင်း သတ်ပုံမှန်ရမယ်၊ လက်ရေးလက်သား သေသပ်ရမယ်၊ အဲဒီလို ဖြစ်အောင် သေချာ လေ့ကျင့်ပေးရတယ်။ စစချင်းတော့ မလွယ်ဘူး၊ အခုတော့ ကလေးတွေလဲ ဆရာလေး စေတနာကို နားလည်လာပြီး တော်တော်လေး အဆင်ပြေနေကြပါပြီ၊ ဒီကလေးတွေက လက်ရွေးစင် ကလေးတွေပေါ့။"
တနင်္ဂနွေနဲ့ ဥပုသ်နေ့တွေမှာ ကလေးတွေကို သင်ပေးပါတယ်။ သူငယ်တန်းကနေ ၇ တန်း ၈ တန်း ၉ တန်းလောက်ထိ ပါပါတယ်။ တချို့ကလဲ ခုထိ လမ်းမထွက်ပြီး တာ့တာကုမ္ပဏီ သွားနေကြတုန်းပါပဲ ..."
ကျမက ကလေးတယောက်ကို သမီး ဘယ်နှတန်းလဲ လို့ မေးတော့ ၄-တန်းလို့ ဖြေပါတယ်။ သူက ၃-တန်း၊ သူက သူငယ်တန်း ဆိုပြီး ကျန်ကလေးတွေနဲ့ ကျမကို မိတ်ဆက် ပေးနေသေးတယ်။ ဆရာလေးသင်နေတဲ့ ဝှိုက်ဘုတ်ကို ကြည့်တော့ Myself (ကျွန်ုပ်အကြောင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ စာကြောင်းတချို့ ရေးထားပြီး သင်လက်စကို တွေ့ရတယ်။ သီလရှင်ဝတ်စုံအနွမ်းလေးနဲ့ ဆရာလေးကြည်ဖြူရဲ့ တကိုယ်ရေ တဲကျောင်းကလေးဟာ အလွန်နွမ်းပါးလှပေမဲ့ ကလေးတွေတွေ အပေါ် ထားရှိတဲ့ ဆရာလေးရဲ့ စေတနာကတော့ သိပ်ကို မြင့်မြတ်လှပါတယ်။
"ဆရာ ဆရာမဆိုတာ စာတတ်ရုံ၊ စာသင်တတ်ရုံနဲ့ မပြီးဘူး၊ မျိုးချစ်စိတ်လဲ ရှိရမယ်။ ကိုယ့်အမျိုးကို ချစ်မှ ကိုယ့်အမျိုးကို စောင့်ရှောက်ချင်စိတ်ရှိမှ ကလေးတွေကိုလဲ စိတ်ဓာတ်ရေးရာပိုင်းပါ သွန်သင်ဆုံးမ ပေးနိုင်မှာ ... "
"သူတို့လေးတွေရဲ့ ဘဝတွေက သိပ်ကို ခါးသီးပါတယ်၊ ဒီလိုဘဝမျိုးတွေ ကြုံတွေ့လာရတော့လဲ အတ္တတွေက ပိုများလာကြတယ်၊ အတ္တတွေနည်းအောင် ပြုပြင်ပေးနေရတာပဲ ..."
"ဘဝခါးခါး အတ္တခါးခါး ကြားထဲမှ မျိုးဆက်သစ်ကလေးများ လန်းစေချင်ပါသည်" ... ဆိုတဲ့ စာတန်းကလေးကို ကျောင်းအပြင်ထရံမှာ ကပ်ထားတာ သတိထားခဲ့မိတယ်။
"ဆရာလေးက Golden Triangle ဘက်က ... ရှမ်းတရုတ် စပ်တယ်၊ ခရစ်ယာန်ကနေ သီတဂူဆရာတော်နဲ့ တွေ့ပြီး သီလရှင်ဖြစ်လာတာပါပဲ၊ အခု ကမ္ဘာအေးမှာ အဘိဓမ္မာ ဒီပလိုမာ သင်တန်း တက်နေပါတယ်။ မိသားစုလဲ မရှိတော့ဘူး၊ ဆရာလေးက တယောက်ထဲ သမားပါ၊ နောင်အနာဂတ် မျိုးဆက်ကလေးတွေ အတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးနေတာပဲ"
"မျိုးဆက်သစ် လူငယ်များသည် ဒို့များရဲ့ အနာဂတ်" လို့ ကျောင်းထရံမှာ စာတန်းကလေး ကပ်ထားတဲ့ ဆရာလေးရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ လုပ်ရပ်အပေါ် ကျမတို့ သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။ ကျမ အမကြီးက သဒ္ဓါပေါက်သွားပြီး ဆရာလေးရဲ့ ကျောင်းလေးအတွက် ငွေငါးသောင်းလှူပြီး ဆရာလေးအတွက် မျက်နှာသုတ်ပုဝါတထည် လှူဒါန်းခဲ့ပါတယ်။ ပြန်ခါနီး ကျမက နှုတ်ဆက်တော့ ကလေးတွေက အင်္ဂလိပ်လို ပြန်ပြီး နှုတ်ဆက်ကြတယ်။
ဒီလိုနဲ့ ကျမတို့ရဲ့ ပန်းတပွင့်တောင် ခရီးစဉ်လေးဟာ ပန်းတပွင့်တောင်ထိ မရောက်ခဲ့ပေမယ့် ဆရာလေးကြည်ဖြူနဲ့ ဆုံခဲ့ရတာမို့ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ နက်ဖြန်မနက် ကျမ ကလေးတွေကို စာသင်တဲ့အခါ ဆရာလေးကြည်ဖြူ ကျောင်းလေးအကြောင်း ပြောပြပြီး နောက်တခေါက် ဆရာလေးကြည်ဖြူ ကျောင်းကလေးဆီ သွားရင် ကျမကျောင်းသားတွေကို ခေါ်သွားဖို့ စိတ်ကူးနေမိပါတော့တယ်။
***မေဓာဝီ
၁၉၊ စက်တင်ဘာ၊ ၂၀၁၃
၂၂း၄၀ နာရီ
15 comments:
လေးစားဖို့ကောင်းလိုက်တာ ။
တကယ့်ကို အဖိုးတန်တဲ့ နှမ်းတစ်စေ့၊ ကြယ်တစ်ပွင့်၊ မှင်တစ်စက်ပဲ ။
ကောင်းမွန်တဲ့ ခရီးတခုပါပဲ
တခါတလေ အဲ့ဒီ မပြည့်နိုင်တဲ့ အိုးတွေဟာ များလွန်းလို့ ဘယ်လိုနည်းနဲ့ ဖြည့်ပေးရမလဲ ပူပင်ကြောင့်ကျမိတယ်။ အရင်တုန်းကလည်း တနိုင်ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးဖူးတယ်။ နောင်တချိန် အခွင့်သာတဲ့အခါ သစ်ပင်စိုက်သလို အဖူးအပွင့်လေးတွေ ပြုစုပျိုးထောင်ရတဲ့ အလုပ်မျိုးကို တစိုက်မတ်မတ် လုပ်သွားချင်ပါတယ်
ပန်းတစ်ပွင့်တောင် မရောက်ခဲ့ရပေမဲ့ ပညာဒါနဝေနေတဲ့ ဆရာလေးနဲ့ဆုံးခဲ့ရတာက အမြတ်ပါပဲ မမေရေ..။ ဖတ်ရင်း ကြည်နူးကြက်သီးထမိတယ်။ ဆရာလေးရဲ့ စိတ်အားထက်သန်မှု၊ ခံယူချက်တွေက အံ့နဘမ်းပါဘဲနော်။
မမေ ဘယ်ရောက်နေပြန်ပြီလဲ...ဟိုတစ်နေ့က အင်တာနက်ဂျာနယ်မှာ ဘလော့ဂါဒေးအကြောင်းရေးထားတဲ့ ဆောင်းပါးကိုဖတ်ကြည့်ရင်း မမေဓာဝီဆိုတဲ့နာမည်ပါလာတော့တောင် သတိရမိပါသဗျား...
အပြောပဲရှိပြီး အလုပ်နည်းနေကြတဲ့ ဒီတိုင်းပြည်ကြီးမှာ အသံတိတ်တိတ်ဆိပ်ဆိပ်နဲ့ ကိုယ့်လမ်းစဉ်ကို မယိမ်းမဖဉ်သွားနေတဲ့လူတွေ အများကြီးပါ မမေ...ကျွန်တော်တို့ ကြိုးစားဖို့ အများကြီးရှိနေပါသေးတယ်...ဒီလိုလူတွေဆီ အရောက်သွားခဲ့တာ ကျေနပ်ဂုဏ်ယူမိပါတယ်...
အောင်မြင်ပါစေ...
စိတ်ဝင်စားစရာ သာဓုခေါ်စရာ ပဲ မမေ
Very nice post. I simply stumbled upon your
blog and wished to say that I have truly enjoyed browsing your blog posts.
After all I willl be subscribing in you rss feed and I hope you write again very soon!
Heree is my homepage ... blogging make
မမေရေ... လေးစားကြည်နူးစရာကောင်းတဲ့ ပို့စ်လေးတခု လာ ဖတ် သွားတယ်နော် သာဓု သာဓု သာဓု ပါ ။
mie nge
ဆရာလေးကြည်ဖြူရဲ့  လုပ်ဆောင်ရပ်တွေက လေးစားချီးကျူးဖို့  ကောင်းလိုက်တာ..
လောက အတွက် အကျိုးရှိတဲ့ ... ကိုယ့် ဘက် က အပေးနိုင်ဆုံး ပေးဆပ်သူတွေ ...
ခရောင်းလမ်းမှာ အရောင်အဆင်းနှင့်ပြည့်စုံပြီး ရနံ့သင်းပျံ့တဲ့ ပန်းတွေကို ဆွတ်ခူးခဲ့တာပေါ့နော်။
ချမ်းမြေ့ပါစေ....
ဆုံစည်းဖို့ ဇာတာပါလာတော့လည်း ကား အဲကွန်းပိတ်၊ မှန်တံခါးကို ချထားတဲ့အချိန်နဲ့ ကလေးတွေ စာအံချိန်နဲ့ ကွက်တိဖြစ်သွားတော့ တာပဲ၊ မှန်တံခါးလည်း ပိတ်ထား၊ ကလေးတွေကလည်း တိတ်ဆိတ် နေကြမယ် ဆိုရင် အဖိုးတန်ကျောင်းကလေးနဲ့ တေ့လွဲ၊ လွဲချင် လွဲနေဦးမှာနော်...၊း)
ကျောင်းကလေးက ပိစိလေးပေမယ့် အထဲက ဆရာလေးရဲ့ မေတ္တာ၊ စေတနာ တွေကတော့ ကြီးမားလိုက်တာ..၊ ဟိတ်ကြီးဟန်ကြီးတွေ၊ အဆောင်အယောင်ကြီးတွေ တစ်စက်မှ မရှိဘဲ သူကျင်လည်ရာ ဝန်းကျင်လေးကို တတ်နိုင်သလောက် ထွန်းညှိပေးနေတဲ့ ဆရာလေးကြည်ဖြူကို လေးစားမိပါတယ်...၊ ကလေးတွေနဲ့ နောက်တစ်ခေါက် သွားဖြစ်အောင်သွားပြီး အဲဒီအကြောင်းကိုလည်း ဘလော့ဂ်မှာ ပြန်မျှဝေပါဦး မမေရေ..။
(ဒီရက်ပိုင်း တော်တော်လေးကို အလုပ်များနေလို့ အများကြီး နောက်ကျပြီးမှ ရောက်လာရတယ် မမေ...)
ထူးခြားလိုက်တာမေရေ. ဖတ်ရတာ ကြည်နူးစရာ. တကယ်လ်ုအပ်တဲ့ကလေးတွေကိုပညာအမွေပေးနေတဲ့ဆရာလေးစေတနာက ကြီးမြတ်လိုက်တာ
လောကကောင်းကျိုးကို ကိုယ်ကျိုးစွန့်ကြိုးပမ်းနေသူတစ်ဦးကိုလေးစား ကြည်ညိုမိပါတယ်..... ခရီးလမ်းကြမ်းပေမယ့် ကိုယ်ရလိုက်တဲ့ ကြည်နှုးပီတိတွေက အမောပြေပြီးနောက် သွားမယ့်ခရီးတွေအတွက် အားမာန်တွေဖြစ်စေလိမ့်မယ်လို့ ယုံကြည်မိပါတယ် အားလည်းပေးပါတယ်ဗျာ
လူမှုရေးဆိုတာ ခဏတစ်ဖြုတ်သာ လွယ်ပေမယ့် ရေရှည်လုပ်ဖို့ကျ တော်ရုံဇွဲမျိုးတော်ရုံစိတ်မျိုးနဲ့မရဘူး လုပ်နိုင်တဲ့သူတွေကိုလည်းလေးစားတယ် ။ ဆရာလေးကြည်ဖြူကျောင်းတဲ့ နာမည်လေးကတင် စေတနာတွေ ယိုစီးလာသလိုပဲ .။
ဒီပို့စ်လေး ဖတ်ထားဖြစ်လို့ ပန်းတစ်ပွင့်တောင်ဖက်သွားရင်း ဆရာလေးကြည်ဖြူကျောင်းကို ၀င်ရောက်လှုဒါန်းဖြစ်ခဲ့တယ်။
ကိုတိုး
Post a Comment