နေ့စဉ်နဲ့အမျှ ရထားကြီးစီးပြီး ခရီးသွားနေရတဲ့ ကျမ … ရထားပေါ်မှာ အဖြစ်အပျက် မျိုးစုံနဲ့ ကြုံရဆုံရတယ်။ မနက်စောစောဆိုရင် ရထားပဲ စီးစီး၊ ဘတ်စ်ကားပဲစီးစီး ထိုင်ခုံမှာ နေရာတကျ ထိုင်လိုက်တာနဲ့ နမောတဿ သုံးကြိမ်ဆိုပြီး ပရိတ်ကြီး ၁၁ သုတ်ကို သမန္တာ စက္က၀ါဠေသု က စလို့ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ အထိ အစအဆုံး ရွတ်ဖတ်သရဇ္ဈာယ် သွားလေ့ရှိပေမဲ့ အပြန်ဆိုရင်တော့ လူက ပင်ပန်းလွန်းနေပြီမို့ ဟိုဟိုဒီဒီ ငေးမောကာ ထွေရာလေးပါး အတွေးကစားရင်း စီးနင်းလိုက်ပါ လေ့ရှိတယ်။ ရထားပြတင်းပေါက်က မြင်ကွင်းကလဲ နေ့တိုင်းမြင်ရလွန်းလို့ အလွတ်ရနေပြီ။ ပုံစံမျိုးစုံ ရွေ့လျားပြောင်းလဲတတ်တဲ့ တိမ်တွေနဲ့ ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ သစ်ရွက်တွေက လွဲလို့ စိတ်ဝင်စားစရာ သိပ်မရှိဘူး။
အဲဒါကြောင့် တခါတလေ အလကားရတဲ့ သတင်းစာ တအုပ်ကို အစအဆုံး ဖင်ပြန်ခေါင်းပြန် (ဖတ်တာမဟုတ်) အရုပ်တွေ လှန်လှောကြည့်ပြီး စီးတတ်သလို တခါတလေ ဘာကိုမှ မကြည့်ဘဲ မျက်စိနှစ်လုံးကို အနားပေးပြီး စီးမိတယ်။ တခါတခါ ဖုန်းဆက်မယ့်လူရှိရင် နားကို အလုပ်ပေးတတ်ပြီး တခါတခါတော့လဲ တခရီးထဲ အတူသွားသူတွေကို မသိမသာ အကဲခတ်ရင်း သွားဖြစ်ပြန်တယ်။ ဒီလိုနဲ့ လူတွေရဲ့ စရိုက်အမျိုးမျိုးကို ရထားပေါ် ကားပေါ်ကနေ လေ့လာခွင့်ရခဲ့တယ် ဆိုပါတော့။
တချို့က စာကိုသဲကြီးမဲကြီး ဖတ်လို့ …
တချို့က အဖော်အပေါင်းနဲ့ စကားတင်းဆိုလို့ …
တချို့က အာဘောင် အာရင်းသန်သန်နဲ့ ခပ်ကျယ်ကျယ် ဖုန်းပြောလို့ …
တချို့က လက်ပ်တော့တလုံးနဲ့ တချောက်ချောက်ရိုက်လို့ …
တချို့က ဖုန်းမှာ မက်ဆေ့ခ်ျတွေရိုက်လို့ …
တချို့က နားထဲ နားကျပ်ကြီးထိုးပြီး လောကကြီးကို ဥပေက္ခာပြုလို့ …
တချို့က အလုပ်ထဲက မပြီးသေးတာတွေ ရထားပေါ်မှာ ဆက်လုပ်လို့ …
တချို့က သတင်းစာ မဂ္ဂဇင်းထဲက ပဟေဠိတွေ အဖြေညှိလို့ …
တချို့က နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျလို့ ...
ဒါ့အပြင် … ရထားပေါ်မှာ ဂျီကျတဲ့ကလေးနဲ့ ကြုံရတတ်သလို ဒေါသကြီးတဲ့ အမေနဲ့လဲ ဆုံရတတ်တယ်။ ကြွားလုံးထုတ်တတ်တဲ့ လူငယ်မျိုးနဲ့ တွေ့ရသလို ပဲကြွေးနေတဲ့ မိန်းမပျိုကိုလဲ မြင်ရတတ်တယ်။ ကြင်နာတတ်တဲ့ ဘိုးဘိုးဘွားဘွားနဲ့ အမေးအမြန်းထူတဲ့ ကလေးငယ်မျိုးလဲ ပါသပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေသာ ပြောင်းသွားမယ် ဒီလို မြင်ကွင်းမျိုးတွေကတော့ မပြောင်းမလဲ အမြဲကြုံတွေ့ရတတ်ပါတယ်။
တရက်တော့ မျက်နှာချင်းဆိုင် ၄ ခုံတွဲ ထိုင်ခုံရဲ့ ပြတင်းပေါက်ဘက်မှာ နေရာရလို့ ထိုင်ရင်း ရထားထွက်ဖို့ စောင့်နေတုန်း ရထားထွက်ဖို့ ၄၅ စက္ကန့်လောက်အလိုမှာ အီးခနဲ အာခေါင်ခြစ် အော်လိုက်သံနဲ့အတူ တီတီတီတီ ဆိုပြီး ရထားတံခါးပိတ်သံ ကြားလိုက်ရတယ်။ တယောက်ယောက်များ တံခါးညပ်တာလားလို့ လှမ်းကြည့်လိုက်တော့ ၁၂နှစ် ၁၃ နှစ်အရွယ် မိန်းကလေးတယောက် တဟင့်ဟင့်နဲ့ မျက်ရည်မထွက်ဘဲ ငိုနေတယ်။ ဖြစ်ပုံက ဒီလိုပါ။ ဒီကရထားတွေဟာ ထွက်ဖို့ သတ်မှတ်ချိန် မတိုင်ခင် စက္ကန့် ၄၀ အလိုမှာ တံခါးတွေ အားလုံး အလိုအလျောက် ပိတ်တယ်။ ပိတ်ပြီးတာနဲ့ အပြင်ဘက်က ရထားဝန်ထမ်း တယောက်က ခရာမှုတ်ပြီး ထွက်ဖို့ အချက်ပြတယ်။ ဒါက လုပ်ရိုးလုပ်စဉ် ဆိုပါတော့။ အဲဒီကလေးမလေးက မိသားစု ၃ ယောက်အတူ လာကြပြီး သူက အရင် ရထားထဲ လှမ်းဝင်လိုက်တဲ့အချိန်မှာ ရထားတံခါးကြီး ပိတ်သွားတော့ သူ့အမေနဲ့ ညီမက ရထား အပြင် ပလက်ဖောင်းပေါ်မှာ ကျန်ခဲ့ပါလေရော … ။ သူက အထဲကနေ ငိုနေသလို အပြင်မှာကျန်ခဲ့တဲ့ အမေကလဲ ပြာယာတွေ ခတ်နေပါတော့တယ်။
သူက ရထားပေါ်မှာ တရှုံ့ရှုံ့ငိုနေတော့ ဘေးနားမှာရှိတဲ့ အမျိုးသမီးကြီးတွေက ချော့မော့ရင်း ရထားမောင်းသူဆီ စကားပြောတဲ့ ခလုတ်လေးကတဆင့် ကလေးမလေး ဖြစ်ပုံပြောပြပြီး ရထားမထွက်သေးဖို့၊ တံခါးပြန်ဖွင့်ပေးဖို့ တောင်းဆိုကြတော့ ရထားကြီးလဲ မထွက်သေးဘဲ ရပ်နေပါတယ်။ ကျမက သူတို့နဲ့ မျက်နှာချင်းဆိုင်လို ဖြစ်နေတော့ ဖြစ်ပျက်သမျှတွေ အကုန်မြင်နေရတာပေါ့။ အဲဒီအချိန်မှာ ကျမရှေ့မှာ ထိုင်ပြီး တချိန်လုံး ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ လူငယ်တယောက်က သူ့နဘေးက လူကို လမ်းဖယ်ပေးဖို့ ခွင့်တောင်းရင်း ငိုနေတဲ့ ကလေးမလေးဆီ သူရဲကောင်း ဟန်ပန်မျိုးနဲ့ ရောက်သွားတယ်။
“ကျနော် ဘာများကူညီပေးရပါမလဲ”
အနားက အမျိုးသမီးတွေက … ကိစ္စမရှိဘူး၊ ငါတို့ ရထားမောင်းသူကို ပြောပြီးသွားပြီ၊ အဆင်ပြေသွားမှာပါ … ကျေးဇူးပဲ … စသဖြင့် ပြောလိုက်တော့ လူငယ်လဲ ခေါင်းတချက် ဆတ်ပြီး နေရာမှာ ပြန်လာထိုင်တယ်။ ၂ မိနစ် ၃ မိနစ်လောက် ကြာတဲ့အခါ တီတီတီတီ မြည်သံနဲ့အတူ ရထားတံခါးကြီး ပြန်ဖွင့်ပေးလိုက်တော့ ကလေးမလေးလဲ ၀မ်းသာအားရ ခုန်ဆင်းသွားလေရဲ့။
ဒီလိုနဲ့ ရထားကြီးလဲ တခါးပြန်ပိတ်ပြီး ပလက်ဖောင်းက စတင်ထွက်ခွါပါတော့တယ်။ ပုံမှန်ထွက်ချိန်ထက်တော့ နည်းနည်း နောက်ကျသွားတာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကလေးမလေးအတွက် ခုလို အဆင်ပြေအောင် လုပ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်စရာလို့ တွေးနေတုန်းမှာပဲ …
“ဟင် … ငါ့သမီးလေးရော … သမီး ဘယ်မှာလဲ” ဆိုပြီး အမျိုးသမီးတယောက် ကလေးငယ်တဦး လက်ဆွဲရင်း ကျမတို့ တွဲဆီ ရောက်လာပါလေရော။ ခုန ကလေးမလေးရဲ့ အမေပါ။ သူက ရထားတံခါးပြန်ဖွင့်ချိန်မှာ ရှေ့တွဲကနေ အပြေးအလွှား တက်လာပြီး သူ့သမီးကို လာရှာတာ။ သူ့သမီး တက်ခဲ့တဲ့ ဒီတွဲလဲ ရောက်ရော သူ့သမီးက အောက်ပြန်ဆင်းသွားပြီ။ သူက ရထားပေါ်မှာ၊ ရထားကြီးကလဲ ထွက်သွားပြီ။ ပလက်ဖောင်းပေါ် လှမ်းကြည့်လိုက်တော့ သူ့သမီးလေးက မျက်လုံးတွေနီရဲလို့ ငိုနေရင်း အမေကို လိုက်ရှာနေတယ်။ အမေခမျာလည်း ဒရိုင်ဘာကို စကားပြောတဲ့ ခလုတ်ကို နှိပ်ပြီး
“ရပ် ရပ် … ငါ့သမီးလေး အောက်ဆင်းသွားပြီ …” လို့ မရပ်မနားပြောနေပေမဲ့ ပလက်ဖောင်းက ခွါပြီးတဲ့ ရထားက ဘယ်လိုပြန်ရပ် ပေးတော့မှာလဲ … ။ ပြီးတော့ တခါလဲ မဟုတ်တော့ဘူးလေ။ ဒီတခါတော့ ကျမရှေ့က သူရဲကောင်းလဲ ဘာမှမတတ်နိုင်တော့လို့ ထင်ရဲ့ ဘာကူညီရမလဲ ထမေးတာ မတွေ့တော့ဘူး။ သြော် လွဲချင်တော့လဲ အဲဒီလို ကြံဖန်လွဲတာ။
***
တညနေ အလုပ်ကအပြန် ပင်ပန်းလွန်းလို့ ထောင့်ကျကျခုံမှာ ထိုင်ငိုက်နေတုန်း အသံကျယ်ကျယ်တခု နားထဲဝင်လာတယ်။ မြန်မာပြည်က ရထားတွေပေါ်မှာ လျက်ဆားရောင်းတဲ့ လေသံမျိုး။ အသံအောင်တယ်၊ ကျယ်တယ်၊ ဆွဲဆောင်မှု အပြည့်နဲ့။ ကျမလည်း စပ်စုချင်တဲ့ စိတ်နဲ့ လည်ပင်းဆန့် ကြည့်လိုက်တော့ လူလတ်ပိုင်း အင်္ဂလိပ်လူမျိုး (ဖြစ်ပုံရတဲ့) အမျိုးသားတယောက် အ၀တ်အစား သပ်သပ်ရပ်ရပ် သားသားနားနား ၀တ်ဆင်ထားပြီး ဘီးတပ်သေတ္တာတခုကို လက်ကဆွဲလို့ အလွန်အရေးကြီးတဲ့ ပုံစံမျိုးနဲ့ တစုံတရာကို ကျယ်ကျယ်လောင်လောင် ပြောရင်း အများရဲ့ အာရုံစူးစိုက်မှုကို ရယူနေပါတယ်။ သူပြောနေတဲ့ စကားတွေကို ဆီလျော်အောင် နားလည်သလို ရမ်းသမ်း ဘာသာပြန်ရရင်တော့ …
“ခရီးသွား လုပ်သားပြည်သူများခင်ဗျား … ကျနော် မန်ချက်စတာသွားမယ့် ခရီးသည် တယောက် ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပိုက်ဆံအိတ် မပါလာပါဘူး။ ဟုတ်ကဲ့ … ခင်ဗျာ ပိုက်ဆံ ၅ ပေါင်လောက် လိုနေလို့ အားလုံးက ၀ိုင်းဝန်းကူညီကြရင် ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား။ ဟုတ်ကဲ့ … ၅ ပေါင်ထဲပါ … မများပါဘူး။ အားလုံး ကူညီကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ၊ ဟုတ်ကဲ့ ဒီမှာ ငါးမူးရပါပြီ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ၄ ပေါင်ခွဲပဲ လိုပါတော့တယ်။ ဟော … တပေါင်ထပ်ရလို့ ၃ ပေါင်ခွဲ … ၃ ပေါင်ခွဲပဲ လိုပါတော့တယ်”
သူက ပြောရင်းနဲ့လျှောက်လာတာ ကျမထိုင်နေတဲ့ ဘက်ကို တဖြည်းဖြည်းနီးလာတာမို့ တပေါင်လောက် လှူလိုက်မယ် စိတ်ကူးနဲ့ ပိုက်ဆံအိတ်ရှိရာ စမ်းနေမိတယ်။
“ဟုတ်ကဲ့ ၃ ပေါင် … ကျေးဇူးတင်ပါတယ်၊ အဲ … နောက်ထပ် ၁ ပေါင်ရလို့ ၂ ပေါင် … ၂ ပေါင်ပဲ လိုပါတော့တယ် … ကျေးဇူးပါ ခင်ဗျာ။ ဒီမှာ နောက်ထပ် ၁ ပေါင် ခင်ဗျာ … ကျေးဇူးပါ ၁ ပေါင် … ကဲ … ၅ ပေါင် ပြည့်သွားပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ လိုလိုမယ်မယ် နောက်ထပ် ငါးမူးလောက် သနားကြပါအုံး ခင်ဗျား”
ဟိုလူဒီလူတွေ ၀ိုင်းဝန်းပေးလိုက်တာ ကျမဆီတောင် မရောက်သေးဘူး ၅ ပေါင် ပြည့်သွားတဲ့အပြင် လိုရမည်ရ ငါးမူးပါ အဆစ် ရလိုက်သေးတယ်။ သူလိုချင်တဲ့ ၅ ပေါင်ခွဲရတော့ ပြန်လှည့်သွားပါတယ်။ ခဏနေတော့ ရထားထွက်တယ်၊ ရထားက မန်ချက်စတာရထားပေမဲ့ သူပါလာသလား မပါလာသလား ကျမလဲ မသိဘူး။ တကယ်လိုတာလား ဘာလားလဲ မဝေခွဲတတ်ဘူး။ တချို့က ပြုံးနေတယ်၊ တချို့ကတော့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ တက်ခနစ်နဲ့ လူတွေရဲ့ သဒ္ဓါတရားကိုတော့ ကျမ အသိအမှတ် ပြုလိုက်မိပါတယ်။
***
ဒီနေ့ အိမ်အပြန် ထွက်ခါနီး ၂ မိနစ်နဲ့ စက္ကန့်အနည်းငယ်လိုတဲ့ ရထားပေါ် အပြေးအလွှားတက်တော့ ထိုင်ခုံ နေရာမရပါဘူး။ ကိစ္စမရှိပါဘူးလေ … မိနစ် နှစ်ဆယ် အစိတ်ပဲဆိုပြီး တံခါးပေါက်နားမှာ မတ်တပ်ရပ် စီးရင်း ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှု ပြုနေလိုက်တယ်။ ကျမရဲ့ မြင်ကွင်းထဲမှာ အသက် ၅၀ ကျော်လောက် အရွယ်ရှိတဲ့ အင်္ဂလိပ် အမျိုးသမီး တယောက်က တော်တော်လေး လှုပ်ရှားနေလို့ သတိထားမိသွားတယ်။ သူက အိတ်တွေဖွင့်လိုက် ပိတ်လိုက်လုပ်တယ်။ အချိုရည် တငုံ နှစ်ငုံ မော့သောက်တယ်၊ သူ့ဘေးနားက ခပ်ငယ်ငယ် ကောင်မလေးကိုလဲ မုန့်တွေပေးလိုက် ရေတွေပေးလိုက် လုပ်တယ်။ ၀တ်ထားတဲ့ အပေါ်အင်္ကျီကို ချွတ်တယ်၊ အတွင်းက အင်္ကျီကို ဆွဲချတယ်၊ အဲဒီ အတွင်းအင်္ကျီက လည်ခပ်ဟိုက်ဟိုက် စွပ်ကျယ်အနက်ရောင် ဆိုတော့ မျက်စိထဲ ထင်းခနဲ… အင်း … ရင်ထွားချီတဲ့ ခင်ထားရီတို့ အမျိုးပဲလို့ ကျမစိတ်ထဲ မှတ်ချက်ချမိသေး။
အဲဒီအချိန်မှာ ရထားလက်မှတ်စစ်က တရွေ့ရွေ့ လာရင်း လက်မှတ်တွေ လိုက်စစ်နေပါတယ်။ ဘူတာရုံမှာ လက်မှတ်မ၀ယ်ခဲ့သူတွေက ရထားပေါ်မှာဘဲ ၀ယ်ကြတယ်၊ လက်မှတ်ဝယ်ပြီးသား သူတွေကတော့ ရှိပြီးသား လက်မှတ်လေးတွေကို ထုတ်ပြရင် လက်မှတ်စစ်ကြီးက သူစစ်ပြီးကြောင်း ဘောပန်ကြီးနဲ့ ဂျစ်ခနဲ့ ခြစ်ထည့်လိုက်တာပဲ။ ဒီလိုနဲ့ ခုန အမျိုးသမီး ထိုင်တဲ့ခုံနား ရောက်ဖို့ နှစ်တန်းလောက် အလိုမှာ အမျိုးသမီးက မတ်တပ်ရပ်လိုက်ရင်း တင်ကလေး လိမ်ကျစ်လိမ်ကျစ်နဲ့ လက်မှတ်စစ်ကြီးရှိရာ သွားပြီး ခပ်လှမ်းလှမ်းကနေ လက်မှတ်ကလေး ထောင်ပြကာ …
“ဒီမှာရှင့် … ကျမ အိမ်သာသွားချင်လို့ … ကျမလက်မှတ်လေး လာပြတာပါ၊ ဒီမှာနော်…” လို့ ပြုံးချိုတဲ့ မျက်နှာပေးနဲ့ ပြောပြီးပြီးချင်း ချာခနဲလှည့်ကာ အိမ်သာဆီ ဦးတည်သွားတယ်။ လက်မှတ်စစ်ကြီးက တချက်မော့ကြည့် ခေါင်းညိတ်ပြပြီး သူစစ်ရမယ့် လက်မှတ်တွေကို ဆက်စစ်နေပါတယ်။ ဘယ်သူမှ မမြင်လိုက်တာကတော့ ဒီအမျိုးသမီးက အိမ်သာကို အသွား သူ့လက်မှတ်ကို သူ့မိတ်ဆွေ ခပ်ငယ်ငယ် ကောင်မလေးလက်ထဲ မသိမသာ ထည့်ခဲ့တာပါပဲ။ (ကျမကတော့ မြင်လိုက်တယ်)
လက်မှတ်စစ်ကြီး သူတို့ခုံနား ရောက်လာတော့ ကောင်မလေးက အဲဒီအမျိုးသမီး ပေးခဲ့တဲ့ လက်မှတ်ကိုပဲ ပြပြီး အခြစ်ခံတာ တွေ့ရတယ်။ လက်မှတ်စစ်ကြီးလဲ မရိပ်မိဘူး၊ ခုနက သူမှ မခြစ်လိုက်မိတာ။ တယောက်ပြီး တယောက် ဆက်စစ်ရင်း အိမ်သာကိုကျော် နောက်တွဲကို ကူးသွားမှ အိမ်သာထဲက ခင်ထားရီလဲ ရုပ်တည်နဲ့ ဟိုဒီကြည့်လို့ ပြန်ထွက်လာပြီး သူ့နေရာသူ ပြန်ထိုင်ပါတယ်။ ကောင်မလေးက ခြစ်ပြီးသား လက်မှတ်လေး သူ့ကိုပြန်လှမ်းပေးတာလဲ ကျမက မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ်။
တော်တော်ဆိုးတဲ့ ခင်ထားရီပါလားလို့ တွေးရင်း ကျမပြုံးမိတယ်။ နယ်ဘက်က တချို့ဘူတာတွေက အထွက်မှာ တယောက်ချင်း လက်မှတ်ပြစရာ မလိုဘူး၊ လက်မှတ်ထိုးထည့်ပြီးမှ ဖြတ်လို့ရတဲ့ အရံအတားတွေလဲ မရှိဘူး ဆိုတော့ ခုလို လူလည်ကျလို့ ရနေတာပေါ့လေ။ သူလိုလူတွေ ဘယ်လောက်များရှိမလဲ။
***
ဒီအဖြစ်အပျက်ကလေးတွေကတော့ နေ့စဉ်ကြုံတွေ့ခဲ့တဲ့ထဲက မှတ်မှတ်ရရ သတိထားဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေပါ။ နေ့စဉ်နဲ့အမျှ ခရီးသွားနေရတဲ့ ရထားကြီးပေါ်မှာ အဲဒီလို လူအမျိုးမျိုးနဲ့ ကြုံရ ဆုံရသလို ဘ၀ရထားကြီးပေါ်မှာ သံသရာ ခရီးသည်အဖြစ် လိုက်ပါလာတဲ့ ကျမတို့လဲ ဘ၀ပေါင်းစုံမှာ လူပေါင်းစုံနဲ့ ကြုံရမှာပါပဲ။ ကိုယ်က ပွဲကြည့်ပရိသတ် ဖြစ်တဲ့အခါ သူတို့ကိုကြည့်ပြီး ပြုံး ရယ် သနား ၀မ်းနည်း ကြေကွဲ စိတ်ပျက် ဒေါသ ... စသဖြင့် ဖြစ်နိုင်သလို ကိုယ်တိုင်ကရော ဘယ်လိုပုံစံနဲ့ ဒီရထားကြီးပေါ်မှာ စီးနင်းလိုက်ပါမှာလဲ လို့ တွေးမိတယ်။
လွဲချော်မှုတွေနဲ့လား …
တွေဝေမှုတွေနဲ့လား …
ကြောင့်ကျ ပူပန်မှုတွေနဲ့လား …
ဝမ်းနည်းခြင်းတွေနဲ့လား …
ဒါမှမဟုတ် …
မသိခြင်းတရားတွေ ဖုံးလွှမ်းလို့ ငိုက်မျည်းပြီး လိုက်လာမှာလား … ။
ရထားကြီးပေါ်မှာ ငြိမ်ငြိမ်လေး ရပ်နေပေမဲ့ အတွေးများစွာနဲ့ စိတ်တွေ လှုပ်ရှားလို့ နေတယ်။
ရထားကြီးကတော့ တဘူတာဝင် တဘူတာထွက် ဆက်လက် ခုတ်မောင်း နှင်လို့ကောင်းနေတုန်းပါပဲ၊ လမ်းဆုံးဘူတာ မရောက်မချင်းပေါ့ … ။
***
မေဓာဝီ
၆၊ စက်တင်ဘာ၊ ၂၀၁၁
၂၁း၂၃ နာရီ

22 comments:
ပြီးရင် "ဘတ်စ်ကားပေါ်မှာ"လေး လုပ်ပါဦး။ ဘိလပ်သူ ဘိလပ်သားတွေအကြောင်း သိရတာပေါ့။း((
ခင်မင်လျှက်
ရှည်လျှား ထွေပြား မနေမနား တသွားတဲ သွားနေတာ တယောက်ဆင်း တယောက်တက် .........
ခရီးပန်းတိုင် မရောက်မချင်း .....
လိုရာခရီးမရောက်နိုင်သေးသမျှတော့ ဆက်လက်ပြီးသွားနေရအုံးမှာဘဲ ကြီးမေရေ....
ခင်မင်တဲ့
seesein
ခင်ထားရီ နဲ့တကွ သူရဲ့ အမျိုးတွေ ရထားပေါ် ကားပေါ်မှာ တိုလီမိုလီ ရောင်းတာ ရွှေပြည်ထုံးစံဖြစ်နေပြီ
ကြီးမေရေ......
ခင်မင်တဲ့
seesein
ဘဝသံသရာရထားကြီးကို နေ့စဉ် မေဓာဝီတစ်ယောက် စီးရင်း သံဝေဂတွေရနေမယ်ထင်ပါတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမေဓါ ရေ
ဖတ်ချင်စရာ ဘဝသံသရာ ရထားကြီး ရဲ့ ဆွဲခေါ်မှု့ နောက်ကို ပါသွားလိုက်တာ ကိုယ်တိုင်တောင် မနဲ ရထားပေါ်က ပြန်ဆင်းခဲ့ရတယ်
ဒါပေမဲ့ ငယ်ငယ်က သီချင်းလေး တပုဒ် ကြားမိနေသလိုဘဲ
....ရထားထွက်ရန် ငါးမိနစ် အလို သံချောင်း အခေါက်မှာ စမိတဲ့ နှလုံးသား ဒီဇာတ်လမ်း ....
ဆိုတာလေး များရော ဖြစ်နိုင်မလားလို့
ခင်မင်တဲ့
ရွှေစင်ဦး
နေ့စဉ်ရထားကိုစီးရင်း သံသရာရထားကြီးကိုစီးနေလိုက်ရတာများ မမရယ် ..
အသက်တွေတောင်ကြီးကုန်ကြပြီး
သြော် သံသရာခရီးသွားတွေပဲလေ
အင်းးးးးးးးးးးးးးးး
တဖြေးဖြေးနဲ့တော့ နီးကပ်လာပြီပဲ....
လေးစားလျှက်
မဒိုးကန်
မမေရဲ့ ရထားပေါ်ကအကြောင်းလေးဖတ်ပြီး ဟိုးယခင် ကချင်ပြည်နယ်နဲ့ မန္တလေးပြေးဆွဲတဲ့ ရထားကို သတိရလိုက်မိတယ်
လူပေါင်းစုံသလို အဖြစ်အပျက်လည်း အစုံပါဘဲ။
မမေပိုစ့်ဖတ်ပြီး သံဝေဂ ရမိတာကတော့ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် ကောင်းသူရှိလို လိမ်ညာတတ်တဲ့ အချောင်လိုက်တဲ့သူတွေလည်း ရှိတတ်ကြတာ သိလိုက်ရတယ်။
မမေလည်း ဘတ်စ်ကား၊ ရထားပေါ်မှာ နေ့စဉ်အဆင်ပြေပါစေနော်။
ဟုတ်တယ်နော်..၊ ရထားပေါ်မှာ ကြည့်စရာ၊ တွေးစရာ၊ သံဝေဂ ရစရာတွေ အမြဲပဲ ကြုံရတယ်၊ ရထားဆိုတာ ဘီးတပ်ထားတဲ့ လောကအသေးစားလေး တစ်ခုပဲလို့ ပြောလို့ရလောက်အောင် အကြောင်းအရာ စုံလှတယ်..၊ ကလေးမလေးနဲ့ သူ့အမေရဲ့ အဖြစ်ကတော့ ဖြစ်မှဖြစ်ရလေ လို့ပဲ ဟင်းချရတော့မယ် ထင်ပါရဲ့၊ ကြံဖန် လွဲပုံများတော့...၊ မမေ အလုပ်များနေလို့ စာသိပ်မရေး နိုင်ပေမယ့် ရေးတဲ့အခါ ကျတော့လည်း အခုလို လမ်းပေါ်က တကယ့်အကြောင်း အရာတွေမို့ စိတ်ဝင်စားဖို့ ကောင်းတယ်..၊
ဘိလပ်အကြောင်းလေးတွေပေါ့... ဗဟုသုတရတယ်..း)))
ခင်မင်လျက်
နေ၀သန်
စိတ်ဝင်စားစရာ အပြည့်နဲ့ပါပဲ သီချင်းလေးတစ်ပုဒ်ရှိသလားလို့ သံသရာရထားဆိုလား ဘ၀ ရထားဆိုလား
ခင်ထားရီတို့ လုပ်ပုံလေးကပိုင်သဗျာ...၊ငါးပေါင်ဆရာလည်း
အတော်ဟန်ကျတာပဲ...ကျွန်တော်လည်း မြန်မာပြည်ပြန်မလို့ သိန်းငါးရာလောက် မပါစပါဆိုပြီး ကြံဦးမှ.....:)))
အဲ...နောက်ဆုံးအပိုဒ်လေးကတော့တွေးစရာလေး....
ဘဝရထားကြီးပေါ်မှာ ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ရွင်ရွင်
ကြီးသွားရတဲ့ဘယ လူတိုင်းရကြရင်ဖြင့် သိပ်ကောင်းမှာပဲ
ဗျနော်....၊ဒါပေမယ့်....ဒါပေမယ့်ပေါ့လေ.....:(
လူတွေစုံသလို စိတ်တွေလည်း စုံတာပါပဲ။
ဒီလို အဖြစ်မျိုးတွေက စိတ်ကူးရင်တောင် အကွက်စေ့ဖို့ မလွယ်ဘူးလေ။ သွားရင်းလာရင်း ဘဝတွေကြည့်ပြီး အပျင်းလည်းပြေ ကုန်ကြမ်းလည်းရတယ်သာမှတ်ပေါ့။
အမကြီး....
အဲဒီမှာလည်း ဒီလိုပါပဲလား.......
ရောက်တုံးရောက်ခိုက် ကဗျာလေးတွေမွှေပါရစေအုံးဗျာ။
Short documentary တစ်ခုကိုကြည့်လိုက်ရသလိုပါပဲ၊ ကွက်ကွက်ကွင်းကွင်း လူ့သဘာဝတွေကို တွေ့လိုက်ရပါသည်။
ကြီးမေရေ မင်္ဂလာပါ။ မရပ်မနား သံသရာခရီးသွားတွေပါလား။ ဖတ်လို့အလွန်ကောင်းပါတယ်။ ရွှေစင်ဦးပြောသလိုပဲ ရထားထဲ လိုက်ပါသွားသလား အောက်မေ့ရတယ်။ ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ။
ဘိလပ်ကလူတွေလည်း လူတွေပါပဲလားလို့ တွေးလိုက်မိတယ်...ကြားဖူးထားတာကတော့ဖြင့် အနောက်တိုင်းသားတွေဟာ ခရီးသွားရင် စာအုပ်တစ်အုပ်ဖွင့်ပြီး ဖတ်နေကြတာများတယ်ဆိုပေမယ့် ဒီပို့စ်ကိုဖတ်ပြီးမှပဲ သြော်...သူရို့မှာလည်း ကိုယ့်လိုလူတွေရှိသေးပါလားလို့ သိလိုက်ရတယ်...ကိုယ်နဲ့လက်လှမ်းမမီသေးတဲ့ လူမျိုးတွေရဲ့ အကျင့်လေးတွေ၊ လူနေမှုစံနစ်လေးတွေကို သိလိုက်ရတာမို့ ကျေးဇူးတတင်နဲ့ ဒီလိုပို့်စ်လေးတွေ ထပ်ရေးဖို့ တောင်းဆိုချင်ပေမယ့်လည်း အလုပ်များလို့ မအားတဲ့လူကို ဒုက္ခမပေးချင်တာကြောင့် ရေးချင်ရာသာ ရေးဖို့ ပြောရတော့မှာပဲ အစ်မရေ...
မေ ရေ ဖတ်လို့ ကောင်းလိုက်တာ... သမီးနဲ့ အမေ အလွဲဇာတ်လမ်းလေးက ဖတ်ရတာ စိတ်မကောင်းဖြစ်မိသလို ပြုံးလဲပြုံးမိတယ်... ပြီးတော့ ဒီနိုင်ငံမှာ ဖြူရင်ပြီးရော ကြီးကြီးငယ်ငယ် အခြောက်တိုက် အထင်ကြီးနေတဲ့သူတွေကို ခင်ထားရီကို မြင်စေချင်စမ်းတော့...အမလဲ အဲလိုပဲ... ရထားပေါ်ရောက်ရင် စိတ်ဝင်စားစရာတွေ ပြည့်နေတာ... ဘဝရထားလေးနဲ့ တွဲပြသွားတာလှတယ်
စာများများ ရေးနိုင်ပါစေ မေဒါဝီလေးရေ ။
အမြဲအားပေးနေပါတယ် ။
ကိုယ် နေ့စဉ် တွေ့မြင်နေတာလေးတွေကို အခြေခံပြီး တွေးမိတာလေးတွေကို မေ ရေးပြထားတာ သဘောကျလိုက်တာ... ဘဝရထားတွေပေါ်မှာ စီးနင်းလိုက်ပါလာသူတွေ... လူအမျိုးမျိုး စရိုက်အမျိုးမျိုး... စိတ်အထွေထွေ...
နောက်လည်း တွေ့တာလေးတွေ ရေးပါအုံး...
ရထားလိုက်စီးရင်း ဘိလပ်ပြည်က လူတွေအကြာင်း လာဖတ်သွားပါတယ်...အားရင် ပို့ စ်တွေ တင်ပါဦးနော်...
ရထားပေါ်က ဇာတ်လမ်းစုံကို စိတ်ဝင်စားတယ်မမေရေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူဆိုတာကတော့ ဘယ်တော့မှ ပြောင်းသွားမယ်မထင်ပါဘူး။ အကျင့်စုံ စရိုက်စုံ ကောင်းတဲ့မကောင်းတဲ့ စိတ်နေသဘောထား အပြုအမူ သဘာဝတွေအစုံကို အဲဒီလိုယာဉ်ရထားတွေစီးရင်း တစေ့တစောင်း လေ့လာရတာကို သိပ်သဘောကျတယ်။ လူတွေအကြောင်းကိုလဲ ပိုသိလာသလိုပဲ။ အဲဒီလိုပို့စ်မျိုးလေးတွေ အားတဲ့အခါ အချိန်ရတဲ့အခါမျိုးလေးတွေမှာ ဆက်ရေးပါအုံး။
ရေးထားတာ စိတ်ဝင်စားစရာလေး။ ဖတ်လို့သိပ်ကောင်းတာပဲ။ ရထားစီးရင်းလဲ ကုန်ကြမ်းတွေရတာပေါ့နော်။
Post a Comment