Tuesday, September 13, 2011

မှင်စာလေးကို ကြည့်ပေးပါ ...

တညနေခင်း ဦးရီးတော်နဲ့ကျမ အိမ်ရှေ့ပန်းပင်တွေကြားထဲ ပေါင်းနှုတ် အမှိုက်ကောက် လုပ်နေတုန်း အသက် ၅၀ အရွယ် ဘိလပ်သူ အမျိုးသမီးကြီးတယောက် နှုတ်ဆက်ရင်း အနားကို ရောက်လာပါတယ်။ သူ့ကိုယ်သူ မိတ်ဆက်ရင်း ကျမတို့ အိမ်နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်က ကွင်းပြင်ကြီးကိစ္စ ရောက်လာကြောင်း ပြောပြတယ်။

အဲဒီကွင်းပြင်ကြီးမှာ အရပ်ထဲကလူတွေ ခွေးလာလာ ကျောင်းကြလို့ ကျမတို့က အလွယ်တကူ ခွေးကွင်းလို့ ခေါ်ကြတယ်။ ခွေးကျောင်းတဲ့ ကွင်းဆိုပေမဲ့ ညစ်တီးညစ်ပတ် မလှမပ မဟုတ်ပါဘူး။ စိမ်းလန်းတဲ့ မြက်ခင်းပြင် ဖုံးလွှမ်းထားတဲ့ ကွင်းရဲ့ ဘေးပတ်လည်မှာ သစ်ပင်ကြီးတွေ အစီအရီနဲ့ … သစ်ပင်ကြီးတွေ သက်တမ်းကလည်း မရှိဘူးဆိုရင် အနှစ် လေးငါး ခြောက်ဆယ်တော့ ရှိလောက်ပြီ။ (ပုံမှာမြင်ရတဲ့ သစ်ပင်တန်းရဲ့ ဘယ်ဘက်က မြက်ခင်းပြင်ပါ)


ခွေးကွင်းက ပုံမှန်ဆိုရင် ခွေးကျောင်းတဲ့ သူတွေလောက်ပဲ လာတတ်ပေမဲ့ တနှစ်တကြိမ်လောက်တော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲလေးတွေ လာပြီး လုပ်လေ့ရှိတယ်။ ချားရဟတ်တွေ ကစားဝိုင်းလေးတွေ မုန့်ဆိုင်တွေ အဲဒီလောက်ပါပဲ။ အဲဒါကလွဲရင် ခွေးကွင်းမှာ ဘာလှုပ်ရှားမှုမှ မရှိဘူး။ ပြောရရင်တော့ အပိုသက်သက်လို ဖြစ်နေတာပေါ့။ ဒါပေမဲ့လည်း ကျမကတော့ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ သစ်ပင်တန်းနဲ့ မြက်ခင်းပြင်နဲ့ ဆိုတော့ စိမ်းစိမ်းစိုစို မျက်စိပသာဒရှိတာကြောင့် သဘောကျမိတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ အိမ်ကို ရပ်ကွက်ကောင်စီက စာတစောင် ရောက်လာတယ်။ အကြောင်းက ခွေးကွင်းနေရာမှာ ဘိုးလင်းကလပ် လုပ်ဖို့အစီအစဉ်ကို အရပ်သူ အရပ်သားတွေအနေနဲ့ သဘောတူ၏ မတူ၏ မေးမြန်းတဲ့ စာပါပဲ။ စာပါအကြောင်းအရာကို မှတ်မိသလောက် ပြောရရင်တော့ ဘိုးလင်းကလပ် လုပ်မယ်ဆိုရင် အရပ်သူ အရပ်သားတွေ အနေနဲ့ ဘယ်လိုတွေ အကျိုးအမြတ်ရရှိနိုင်မယ်၊ ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လိုတွေ ကောင်းမယ်၊ ကောင်စီကလဲ ၀င်ငွေတွေ ဘယ်လို တိုးပွါးနိုင်မယ်၊ အဲဒါဆိုရင် ရပ်ကွက်အတွက် ဘယ်လိုတွေ ထောက်ပံ့ပေးနိုင်မယ် စသဖြင့် ရွှန်းရွှန်းဝေအောင် ရေးထားပါတယ်။

ဦးရီးတော်ကတော့ အဲဒါမျိုးစာတွေဆိုရင် အရေးလုပ်ပြီး ပြန်လေ့မရှိတာနဲ့ ဒီတိုင်းပဲ ထားလိုက်တယ်။ ဒါပေမဲ့ ခွေးကွင်းဘေးနားက အိမ်တချို့ရဲ့ အုတ်တံတိုင်းမှာ … ဓာတ်တိုင်တွေမှာ ဘိုးလင်းကလပ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့စာတွေ ကပ်ထားတာ သွားရင်းလာရင်း ဖတ်ခဲ့ရတယ်။ နောက်တော့ ကျမလဲ အဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပြီး အထက်မှာ ပြောခဲ့သလို အမျိုးသမီးကြီး ရောက်လာတော့မှပဲ ပြန်သတိရမိပါတော့တယ်။

အဲဒီအမျိုးသမီးကြီးက ရပ်ကွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာရေးအတွက် ကောင်စီကလုပ်မယ့် ဘိုးလင်းကလပ် အစီအစဉ်ကို ဆန့်ကျင်ကာကွယ်ဖို့ တအိမ်တက်ဆင်း လက်မှတ်တွေ လိုက်ယူနေတာပါ။ ဦးရီးတော်လဲ လိုလိုလားလား လက်မှတ်ထိုး ပေးလိုက်သလို ဘေးအိမ်က ဦးလေးကြီးတွေလဲ အသီးသီး လက်မှတ်တွေ ထိုးပေးကြပါတယ်။

သူပြန်သွားတော့ အမှိုက်တွေ ဆက်ကောက်ရင်း ကျမတွေးနေမိတယ် … ။

ဒီခွေးကွင်းကြီးမှာ သဘာဝ အရင်းအမြစ်တွေ ဘယ်လောက်ရှိသလဲ …
ဒီခွေးကွင်းကြီးမှာ ရှေးဟောင်း အမွေအနှစ်တွေ ဘယ်လောက်ရှိသလဲ …
ဒီခွေးကွင်းကြီးဟာ ရာဇ၀င်မှာ ဘယ်လောက်တောင် မှတ်တမ်းတင်ခံခဲ့ရသလဲ …
ဒီခွေးကွင်းကြီးကို မှီခိုနေတဲ့ သတ္တ၀ါတွေ ဘယ်လောက်များများ ရှိသလဲ …
ဒီခွေးကွင်းကြီး မရှိတော့ရင် ပတ်ဝန်းကျင်ကြီး ဘယ်လို ထိခိုက် ပျက်စီးနိုင်သလဲ …
…………………………………………..
…………………………………………..
…………………………………………..
ဒီခွေးကွင်းကြီးကို ဘိုးလင်းကလပ် လုပ်မယ်ဆိုရင် စိမ်းလန်းတဲ့ မြက်ခင်းပြင်ကျယ်ကြီးလဲ ရှိတော့မှာ မဟုတ်ဘူး။ တချို့သစ်ပင်တွေကိုလဲ ခုတ်ပစ်ကြလိမ့်မယ်။ ကားအ၀င်အထွက် လူအ၀င်အထွက်တွေ ပိုများလာမယ်။ ဒါဟာ ရပ်ကွက်စည်ကားတာမို့ ကောင်းတယ်လို့ ပြောရင်ရပေမဲ့ လူရှုပ် လမ်းရှုပ် အမှိုက်ရှုပ်မယ့်အရေးကိုလဲ ထည့်စဉ်းစားရမယ်။ ရပ်ကွက်ထဲက ခွေးတွေ ကျောင်းစရာ နေရာမရှိတော့ လမ်းပေါ်ထွက် ကျောင်းကြရင် အညစ်အကြေးတွေ လမ်းပေါ်မှာ များပြားပြီး ရပ်ကွက်သန့်ရှင်းရေးကို ထိခိုက်စေမယ်။

စဉ်းစားရသမျှ ထိခိုက်နိုင်တာတွေ ကတော့ အဲဒီလောက်ပါပဲ။ ရပ်ကွက်ထဲက ဒီလိုခွေးကျောင်းတဲ့ ကွင်းမျိုးကို ဖျက်ဖို့တောင် တာဝန်ရှိတဲ့ ကောင်စီလူကြီးတွေက စာတတန် ပေတတန်နဲ့ အရပ်သားတွေကို အသိပေးတယ်၊ သဘောတူညီချက်ယူတယ်၊ သဘောမတူတဲ့သူတွေက လက်မှတ်ထိုးပြီး တားဆီးဖို့ ကြိုးစားကြတယ်။ ကျမတို့ တိုင်းပြည်ရဲ့ ရင်ဘတ်ထဲက မြစ်တစင်းကတော့ တာဝန်ရှိသူတွေရဲ့ ပစ်ပစ်ခါခါ ပြုခြင်းကို မရှုမလှ ခံနေရတယ် … သြော် … ကွာလိုက်တာ … ကွာလိုက်တာ လို့ မချိတင်ကဲ ညည်းတွားမိတယ်။

တကယ်တမ်းက ဘယ်သူမဆို ဘယ်အလုပ်မျိုးပဲလုပ်လုပ် ကိုယ့်လုပ်ရပ်ဟာ အများကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မလဲ ဘယ်လိုတွေ ထိခိုက်နစ်နာနိုင်မလဲ ဆိုတာ အလေးထားပြီး ကြည့်ကို ကြည့်သင့်တဲ့ ကိစ္စပါ။ ဒီနိုင်ငံတွေက စီးပွါးရေး လုပ်သူတွေဟာ environmental footprint, carbon footprint တွေကို တွက်ချက်ပြီး သူတို့ လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ကြတယ်။ အများပြည်သူကလဲ အဲဒီလို လုပ်ငန်းတွေနဲ့သာ ပိုပြီး ပတ်သက်ချင်ကြတယ်၊ ဥပမာ ပြောရရင် ပတ်ဝန်းကျင် ထိမ်းသိမ်းမှုမှာ တတ်အားသမျှ ပါဝင်တဲ့ လုပ်ငန်းတွေက အစားအသောက်/ အ၀တ်အထည်/ အသုံးအဆောင်တွေကိုသာ ပိုမိုဝယ်ယူ သုံးစွဲမယ် ဆိုတာမျိုးပေါ့။


ဒါကြောင့် ဘာပဲလုပ်လုပ် ELF (မှင်စာ) လို့ အတိုခေါက် ခေါ်တဲ့ Environment, Local people, Future ဆိုတဲ့ အချက် ၃ ချက်ကို ကြည့်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင် ထိခိုက်မယ်၊ ဒေသခံလူတွေ နစ်နာမယ်၊ အနာဂတ်မှာလဲ ကောင်းကျိုးထက် ဆိုးကျိုးကပိုများမယ်ဆိုရင် … ဒီလုပ်ရပ်ကို လုံးဝမလုပ်သင့်ဘူး၊ ဒါမှမဟုတ်လဲ အချိန်မလွန်ခင် ရပ်တန်းက ရပ်သင့်တယ် မဟုတ်လား။

သူများတကာ မှင်စာကို ကြည့်နေချိန်မှာ ကျမတို့ဆီက တာဝန်ရှိသူများကတော့ ဘာကိုကြည့်နေလဲ မသိပါဘူး။ မနေ့က ဖတ်လိုက်ရတဲ့ သတင်းမှာ “မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ … ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း” ဆိုတာ မြင်လိုက်တော့ စိတ်ထဲ အတော်လေး ကသိကအောက် ဖြစ်မိတယ်။ အခုလို တိုင်းပြည်နဲ့ချီပြီး ဆောင်ရွက်ရတဲ့ စီမံကိန်းမျိုးမှာ ပြည်သူလူထုရဲ့ အသံကို အလေးမထားဘဲ လုပ်ချင်ရာ လုပ်မယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စကြီးပါ။ ဒီစီမံကိန်းကြီးဟာ သန်း ၆၀ သော ပြည်သူလူထုရဲ့ အကျိုးကျေးဇူးအတွက် လို့လဲ ဆိုထားပါသေးတယ်။ ကျမကတော့ သန်း ၆၀ထဲက မြန်မာပြည်သူ တယောက်အနေနဲ့ အဲဒီစီမံကိန်းက ရလာမယ့် အကျိုးကျေးဇူးကို လုံးဝ မလိုချင်ပါဘူး။ ဒေသခံ လူပေါင်းများစွာ ဒုက္ခရောက်ပြီးမှ … သဘာဝ အရင်းအမြစ်တွေ ပျက်စီးစေပြီးမှ … ရာဇ၀င်တွေ ဖျောက်ဖျက် ရိုက်ချိုးခံရပြီးမှ ရရှိလာမယ့် အကျိုးတွေကို ဘယ်သူက စံစားချင်မှာလဲ။ မစံစားချင်ပါဘူး … မစံစားရက်ပါဘူး။

တကယ်လို့သာ … အဲဒီစီမံကိန်းကြီးပြီးလို့ (အလကား) ရရှိလာမယ့် စွမ်းအင် ၁၀% က တတိုင်းပြည်လုံး မျက်စိကျိန်းလောက်အောင် လျှပ်စစ်မီးတွေ ထိန်ထိန်လင်းစေမယ် ဆိုရင်တောင် ကျမကတော့ အမှောင်ထဲမှာသာ ငုတ်တုတ် ထိုင်နေချင်ပါတယ်။ အဲဒီကရမယ့် အမြတ်ဝေစုတွေ အခွန်ငွေတွေနဲ့ တတိုင်းပြည်လုံးကို ဟင်းကောင်း ကြွင်းကောင်းတွေနဲ့ ထမင်းအလကား ကျွေးမယ်ဆိုရင်တောင် ကျမကတော့ ဆားနဲ့ပဲ စားချင်ပါတယ်။

လောကမှာ …
ငွေကြေးထက်ပိုပြီး အရေးကြီးတာတွေ အများကြီး ရှိသေးတယ် …
ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာတွေ အများကြီး ရှိသေးတယ် …
ငွေတွေပုံပေးတောင်မှ ၀ယ်လို့မရတာတွေလဲ ရှိသေးတယ် … ။
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက် နောင်တတွေနဲ့ ကြေကွဲမှုတွေ မဖြစ်(စေ)ချင်ဘူးလေ … ။
***
မေဓာဝီ
၁၃၊ စက်တင်ဘာ၊ ၂၀၁၁
တော်သလင်းလပြည့်ကျော်တရက်
အင်္ဂါနေ့
၂၀း၅၃ နာရီ

21 comments:

Nyi Linn Thit said...

မှင်စာ (ELF) လေးတဲ့လား..၊ ကောင်းလိုက်တာ မမေရေ၊ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေ မှာတော့ လူတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ လုပ်တိုင်းလုပ်တိုင်း၊ မဖြစ်မနေ သဘောထားတောင်း၊ အသိပေးတာတွေ လုပ်ကြပါတယ်၊ ငါ တကော,ကော ခဲ့လို့ အမှားကြီး မှားခဲ့တဲ့ သင်ခန်းစာတွေ မြန်မာ့သမိုင်းမှာ တပုံကြီးပါပဲ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မှားရင်တော့ (ပြန်ပြင်ယူ နိုင်တယ် ဆိုဦးတော့) နှစ်တွေ အများကြီး ကြာပြီး အဲဒီ အတောအတွင်းမှာလဲ ELF ထဲက Local တွေက နင့်နေအောင် ပေးဆပ်ရမှာပါ၊ တာရှည်ခံ ဖွံ့ဖြိုးမှုဆီကို တတ်နိုင်သလောက် သွားရမယ့်အချိန်မှာ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် လုပ်ရပ်ကို ခေါင်းမာမာ နဲ့ ဆက်လုပ်တဲ့ ရလဒ်က အားလုံးအတွက် ကြေကွဲစရာတွေပဲ ဖြစ်မှာပါ..။

Anonymous said...

အမရေ..
ကျွန်မတို့ဆီနဲ့များ ကွာလိုက်တာနော်
...ပြည်သူတွေရဲ့ သဘောတူညီချက်ကို အရင်ယူသတဲ့...
ဒီမှာတော့ အဲဒီ ELF ကို concern ဖြစ်တဲ့လူတွေကို ရောဂါသည်တွေတဲ့...

seesein said...

ကြီးမေ
ငွေကြေးထက်ပိုပြီး အရေးကြီးတာတွေ အများကြီးရှိသေးတယ်.......
စိတ်ကူးးးးးးးးတူတယ်ဗျို့
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက် နောင်တတွေနဲ့ ကြေကွဲမှုတွေ တကယ်ကို မဖြစ်စေချင်တာပါ။


ခင်မင်တဲ့
စစ

Anonymous said...

မမေဓါ ရေ

သိတဲ့ အတိုင်း ကျွဲပါးစောင်းတီး
ဘဲ ဘာမှ ထူးမှာ မဟုတ်ဘူး

နှစ်၂ဝ ကျော်ကလို သွေးတွေ ဆူပွက်လာတယ် တွေးမိတိုင်း

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

သားတို့ရွာမှာတော့ ဂလိုပါပဲဗျာာာ
စနစ်ကောင်း လူကောင်း ခေါင်းဆောင်ကောင်း အတွေးကောင်း အမျှော်မြင်ကောင်းမရှိရှာဖူး
ဘဘာဝဓတ်ငွေ့တွေအကြီးကျယ်ထုတ်နေနဲ့ ကမ်းလွန်တွေနားက ရွာတွေမြို့တွေက ဖွဲမီးစက်အားကိုး ကိုယ်ထူကိုယ်ထရေအားလျှပ်စစ်အားကိုးနဲ့ အမှောင်ထုကို အံတုနေလေရဲ့ အကျိုးကျေးဇူးတွေခံစားရသူကတခြား ဆိုးကျိုးတွေကို ခါးစီးခံနေရသူတွေက ကျွန်တော်တို့ရွာသားတွေပေါ့


အဖိုးတန်မွေအနှစ်ကို မဖြုန်းတီးကောင်းပါဖူးဗျာာ

မောင်ဘကြိုင်

sosegado said...

ကလေးတွေက ပြောနေကြတယ် မ တွေကိုရွေးဘို့
မီးယူမလား၊ မြစ်ယူမလား
ကလေး တစ်ယောက်က ဖြေလိုက်တယ်
မိန်းမပဲ ယူမယ်တဲ့
ကလေး တစ်ယောက်က ပြန်ပြောလိုက်တယ်
ဟိုက မီးရော မြစ်ရော မိန်းမရော အကုန်ယူတာတဲ့……
ကဲ ဘာကျန်သေးသလဲ?

Angelhlaing(May everybody be happy and healthy! said...

ငွေကြေးထက် အရေးပါတယ်ဆိုတာ လက်ခံပေးကြတဲ့ သူတွေ နည်းသထက် နည်းလာသလို ပါပဲမမရေ ..:(

ထူးခြားတွေ့ကြုံ အဖုံဖုံ said...

လူ့တန်ဖိုးကို အရေးထား၊ အလေးထားတဲ့လူတွေဟာ အလုပ်တစ်ခု မလုပ်ခင်မှာ ပြည်သူတွေနဲ့ အရင်ဦးဆုံးဆွေးနွေးတိုင်ပင်ကြတယ်နော်။ ဘယ်လောက်ကောင်းလိုက်တဲ့ နည်းစနစ်လည်း ကြီးမေရေ။ လေးစားထိုက်၊ မြတ်နိုးထိုက်ပါပေတယ်။ ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ။

တောက်ပကြယ်စင် said...

ကြီးမေရေ စောစောတုန်းက အီးမေးလ်မှားသွားတယ်။ တောက်ပကြယ်စင်နော်။

MGTHANT said...

ခွေးကွင်းကိုတောင် မနာလိုဖြစ်ရတယ်... :(

ဟန်ကြည် said...

အစ်မမေရေ...
တကယ်တော့ ရွှေပြည်ကြီးဟာ ပဒေသရာဇ်စံနစ်ဆိုးရဲ့ အမွေတွေကို အခုအချိန်အထိ မတွန်းလှန်နိုင်သေးပဲကိုး...student centered education ကိုလည်း မကျင့်သုံးနိုင်သေးသလို citizen centered government ကိုလည်း အကောင်အထည်မဖော်နိုင်သေးတာက သက်သေပေါ့ဗျာ...

ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ဟာ နောက်လိုက်တွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်ခြင်းလို့ ဖွင့်ဆိုနိုင်ပေမယ့် အဲဒီကောင်းကျိုးကို သက်သေသာဓက ခိုင်ခိုင်လုံလုံနဲ့ အများနားလည်လက်ခံအောင် ရှင်းလင်းတင်ပြပြီး အများက ကျေနပ်သဘောတူမှ ဆောင်ရွက်ရမယ်ဆိုတဲ့ အခြေခံအချက်ကို ကလေးဘ၀ကတည်းက လူငယ်တွေကို ထည့်မပေးလိုက်နိုင်ရင်ဖြင့် နောင်လာမယ့် နှစ်ပေါင်းငါးဆယ်မှာ ရွှေပြည်ကြီးပါ မြေပုံပေါ်က ပျောက်ကိန်းမြင်နေမိပါရဲ့...ငါမှန်တယ်ထင်ရင် သေသေကျေကျေနောက်မဆုတ်ဘူးဆိုတဲ့ စိတ်ဓာတ်ဟာ တစ်ယောက်ထဲအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် အများကို ကိုယ်စားပြုရတဲ့ လူတစ်ယောက်အတွက်ကတော့ အမှားယွင်းဆုံး ခံယူချက်လို့ မြင်မိပါတယ်...

AH said...

ဒါလည်း ဟုတ်ပြန်တာဘဲ.....

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရေ...
ငွေလောက် ဘယ်အရာကမှ အရေးမကြီးဘူးလို့ထင်တဲ့သူတွေကတော့ သူတို့နဖူးမှာရွှေထွက်တယ်လို့ ကြားရင်တော့ တရုတ်ကိုရောင်းဦးမယ်ဆိုပါလား ။
ဒီတော့ ဘာပြောဦးမလဲ...
ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ အာဏာလေးလက်ထဲရှိတာနဲ့ သူတို့အဖိုးအဖွားပိုင်လို ရောင်းစားချင်နေကြတာ မရှက်တတ်တာအံ့သြမိတယ်။ ပြီးတော့လည်း ပြည်သူအတွက်ဆိုပြီး အသံကောင်းက ဟစ်သေးတယ်
ဘယ်သူမှ မယုံတာတော့ သေချာတယ်

မင်းဧရာ said...

အမကြီး.....
ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး
ဒါပေမယ့် မုန်တိုင်းဦး ကိုတော့မြင်မိသလိုပဲ။

ကိုကိုမောင်(ပန်းရနံ့) said...

ဒီဆောင်းပါလေးကို မြန်မာနိုင်ငံထုတ် ဂျာနယ်တစ်စောင်စောင်ထဲ ထည့်ပေးနိုင်ရင် ပိုကောင်းမယ်။

ခင်မင်လျှက်

ချယ်ရီမြေ said...

မမေဓာဝီပြောသလိုပါပဲ... ငွေထက်အရေးကြီးတဲ့အရာတွေ အများကြီးရှိတဲ့ထဲကနေ စာနာမှု၊ နားလည်မှု၊ အခွင့်အရေး၊ ရပိုင်ခွင့်စတဲ့အရာတွေသာ တန်းတူရခဲ့မယ်ဆိုရင်တော့ဖြင့်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မအိမ်သူ said...

အဲဒီကိစ္စနဲ့ပတ်သက်ရင် ရင်ထဲမှာပြောချင်တာတွေမဆံ့အောင်ရှိနေပြီး တကယ်ပြောမယ်ဆိုရင် နှုတ်ကစကားတွေက အမြဲလိုပျောက်ဆုံးနေတတ်တယ်။ ရင်နာတယ်ဆိုတာကလွဲပြီး ပြောစရာစကားမရှိတော့လောက်အောင် နှုတ်ဆွံ့နေမိတော့တယ်။ ဘယ်အရာမဆို ငွေနဲ့တန်ဖိုးဖြတ်ပြီး ငွေနဲ့ကြေးနဲ့စက်ပြီး ၀ယ်လို့မရနိုင်တဲ့အရာတွေကို တန်ဖိုးမထားတတ်ရင်... ... အကျိုးဆက်က နောင်တတို့ ကြေကွဲမှုတို့ဆိုတဲ့စကားလောက်နဲ့ကို ဘယ်လိုမှမထင်ဟပ်နိုင်အောင်ပါပဲ။

နန်း ရှင် said...
This comment has been removed by the author.
နန်း ရှင် said...
This comment has been removed by the author.
Anonymous said...

မမေ.. ဒီပို့စ်လေးအတွက် ကျေးဇူးလဲ အရမ်းတင်တယ်၊ မြန်မာပြည်သူတစ်ယောက်အနေနဲ့ မမေ တာဝန်ကျေလိုက်တာလို့လဲ တကယ်ကို ဂုဏ်ယူနေမိပါတယ်။ တကယ်တော့ အမိ ဧရာဝတီ အကြောင်း စကားတွေ ကျယ်လောင်ပြောနေချိန်မှာ မမေကို အရမ်းသတိရပြီး မမေ ဘလောက်ကို လာချောင်းကြည့်မိတယ်၊ ဘာပို့စ်မှ အသစ်မတွေ့လို့ အသာလေး ပြန်ခဲ့ပြီး.ခဏအကြာ.နောက်တစ်ခေါက်ပြန်ဝင်ပြီး comment လေးတစ်ခု ရေးထားပါတယ်၊ ပို့ခါနီးမှ.. မမေကို ဒုက္ခပေးသလို ဖြစ်မှာစိုးလို့ အဲဒီ ကွန်မန့်လေးကို (အကြံပေးတိုက်တွန်းတဲ့ မက်ဇေ့လေးကို )မပို့ခဲ့ပါ။ ဒီတစ်ခေါက်မမေ ဘလောက်ကို လာကြည့်တော့ "မှင်စာလေးကို ဖတ်ပါ" ဆိုတဲ့ခေါင်းစီးကိုကြည့်ပြီး ဟင် မမေတစ်ယောက် တဆေတွေအကြောင်း များနောက်တစ်ကြိမ်ရေးလေသလားလို့ တွေးပြီး တဆေကြောက်တက်တဲ့ ကျနော် မဖတ်ပဲ နေမလို့ပါ။ ဒါပေမဲ့ ဒီအချိန်မှာ တဆေအကြောင်းကို မမေ မရေးလောက်ဘူးလို့ ယုံကို ယုံနေတယ်။ ဒါကြောင့် သေချာဖတ်ကြည့်လိုက်တဲ့ အခါ..အမေ့အကြောင်း (ဧရာဝတီ) ရေးထားတာကို သိလိုက်တယ်။ တကယ်တော့ ဟိုးရက်တွေကထဲက ဧရာဝတီအကြောင်း စကားသံတွေကျယ်လောင်စွာ ပြောနေတုံးက မမေဆီကို မပို့ဖြစ်လိုက်တဲ့ ကျနော်ရေးထားတဲ့ မက်ဇေ့ကတော့...(မမေရေ... အမိဧရာဝတီအကြောင်း မမေ ဖတ်ဖူးခဲ့တဲ့ စာတွေထဲက ကောက်နှုတ်ပြီး.. ကဗျာ သို့မဟုတ် စာလေး တစ်ကြောင်းလောက် ရေးပြပေးပါ၊ ဖတ်ချင်လို့ ပါလို့.. ရေးထားတာပါ။... ခုတော့ မမေက အမိဧရာဝတီအတွက် တာဝန်ကျေသွားပါပြီ...အရမ်းကောင်းတဲ့ ပိုစ်လေးပါ.. ပြည်တွင်းဂျာနယ်တစ်ခုခုမှာ ဖေါ်ပြဘို့ မတိုက်တွန်းချင်ပေမဲ့.. ကျနော်သိတဲ့ မေးတွေဆီကိုတော့ မမေ ဖြန့်ဝေခွင့်ပေးပါလျှင် ၀မ်းသာရမှာပါ.. မြန်မာအားလုံး ဒီပို့စ်လေးကို ဒီအချိန်မှာ ဖတ်စေချင်လို့ပါ။ ကျနော်ပြောဘူးသလိုပေါ့ ကျနော်က မမေလို စာမရေးတက်ပေမဲ့ ခံစားတက်တယ်။ ပြီးတော့ တက်နိင်သလောက် မမေ လက်ရာလေးတွေကို ဖြန့်ချင်လို့ပါ..(မောင်ကြီး)

san htun said...

ကောင်းလိုက်တဲ့ ဆောင်းပါးလေး..တို့ ချစ်တဲ့ ဧရာဝတီ အသက်ရာကျော် ရှည်ပါစေလေို့  ဆုတောင်းရင်...