Saturday, October 02, 2010

တိပိဋကဓရ ဆရာတော် သိက္ခာထပ်ပွဲ

အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပညာတော်သင်လာရောက်ရင်း အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရမှာ ခေတ္တသီတင်းသုံးနေတဲ့ တိပိဋက ဆရာတော် ဦးဂန္ဓမာလာ လင်္ကာရရဲ့ သိက္ခာထပ်ပွဲကို ဒီနေ့ (၂၀၁၀၊ အောက်တိုဘာ ၂ ရက် စနေနေ့) ကျင်းပခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားတယ်လို့ ဆိုရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာတော်ရဲ့ သိက္ခာထပ်ပွဲကို သိမ်းမြစ်ထဲမှာ သဘောင်္ကို ရေသိမ်အဖြစ် သမုတ် သတ်မှတ် ကျင်းပခဲ့လို့ပါပဲ။ အောက်စ်ဖို့ဒ်မြို့အနီးက သိမ်းမြစ်ထဲမှာ ပြုလုပ်တဲ့ သိက္ခာထပ်ပွဲဟာ ဆရာတော်အတွက် အမှတ်တရ အဖြစ် သမိုင်းဝင်စေမဲ့ ပွဲတခုပဲ မဟုတ်လား။ ဒါ့ပြင် ဒီပွဲမှာ နိုင်ငံခြားသား တဦးလည်း ရဟန်းခံ ပဉ္ဇင်းတက်ပါသေးတယ်။ နိုင်ငံခြားသား ဦးပဉ္စင်းက သာသနာ့ဘောင်မှာ မပျော်ရင် ၃လ၊ ပျော်ရင် ရာသက်ပန် ၀တ်မယ်လို့ ဆိုပါတယ်။

ကျမမှာ ကံမကောင်းချင်တော့ ဒီလို ကြုံတောင့်ကြုံခဲ ပွဲကို လိုက်ပါဆင်နွှဲခွင့် မကြုံခဲ့ရပါဘူး။ စနေနေ့ပေမဲ့ သင်တန်းတခု တက်နေရတာကြောင့် အင်မတန် နွှဲချင်တဲ့ ဒီပွဲနဲ့ လွဲခဲ့ရပါတယ်။ ဒါပေမဲ့ စားသောက်ဖွယ်ရာများ တတပ်တအား ချက်ပြုတ်ပေးခဲ့တယ်၊ သိမ်ဆင်းလောင်းဖို့ ပစ္စည်းဝယ် ထည့်သိုထုတ်ပိုးနဲ့ မနေ့က တနေ့လုံး မအားရပါဘူး။ ကိုယ်မလိုက်ရပေမဲ့ ကိုယ့်ဒါနလဲ ပါဝင်တာမို့ ကုသိုလ်တော့ ရမှာပါပဲလို့ ဖြေသိမ့်ခဲ့ရပါတယ်။ ဒီပွဲကိုသွားနိုင်တဲ့ ကျမ အမကိုပဲ ကင်မရာလေးပေးပြီး ပုံလေးတွေရိုက်ပေးဖို့ တောင်းဆိုထားတာကြောင့် သူရိုက်ပေးတဲ့ ပုံလေးတွေကိုသာ ရသေ့စိတ်ဖြေ ကြည့်နေရပါတော့တယ်။ ဘလော့ဖတ်သူများလဲ ပုံတွေကြည့်ရှု မုဒိတာပွါးစေဖို့ ဝေမျှလိုက်ပါတယ်။
***

နိုင်ငံခြားသား ဦးပဉ္စင်း၊ တိပိဋကဆရာတော် ဦးဂန္ဓမာလာ လင်္ကာရ၊ အောက်စ်ဖို့ဒ်ဆရာတော် ဦးဓမ္မသာမိ

ဒီသင်္ဘောကြီး တူတူစီး

သိမ်းမြစ်ရိုးတလျှောက်

ရေသိမ်ထဲမှာ ကမ္မ၀ါ

သံဃာအများ ရွတ်ဖတ်ပွါး

သိမ်ဆင်း လောင်းလှူ ကုသိုလ်ယူ

ပြုံးပျော်ဆင်နွှဲ ထိုသည့်ပွဲ

ဆွမ်းမစားမီ ရွတ်ဖတ်သည်

ဤသည့်စားဖွယ် အမယ်မယ်

စားသောက်ဖွယ်ရာ အဖြာဖြာ

မြတ်သောသံဃာ စုံလင်စွာ

အလှူ့ရှင်များ မုဒိတာပွါး
***
ဆရာတော်က စာသင်ကြားမှု ပြီးဆုံးပြီမို့ ဒီဇင်ဘာလမှာ မြန်မာပြည်ကို ပြန်ကြွပါတော့မယ်။ ဆရာတော် မပြန်ခင် နှုတ်ဆက်ပွဲမှာ ထုတ်ဝေမယ့် စာအုပ်အတွက် ကျမက ကဗျာတပုဒ် ရေးထားပါတယ်။ ဆရာတော် ဘီဘီစီ မိုဘီဂျီနိုအစီအစဉ်မှာ ပြောကြားခဲ့တဲ့ အချက်အလက်တွေကို အခြေခံရေးဖွဲ့ခြင်း ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***

သိမှတ် လုံးစုံ၊ အဖုံဖုံလျှင်၊ အကုန်စင်သိ၊ ပညာရှိဖို့၊ တိပိဋက၊ မြတ်ဆန္ဒသန်၊ ရည်ရွယ်ကြံ၍၊ ဖန်ဖန်ကျိုးကုတ်၊ အားသွန်ထုတ်၏၊ ခက်သည့်ပုစ္ဆာ၊ မေ့လျော့ပါလည်း၊ ခါခါလေ့ကျက်၊ ဉာဏ်ရည်ထက်အောင်၊ စွမ်းဆောင်လုံ့လ၊ ၀ီရိယနှင့်၊ “ဓားမ-တိုပေ၊ ပြစ်ဆိုနေကာ၊ ဓားရှည်မျှော်မှန်း၊ မရော်ရမ်းနှင့်၊ ရှေ့လှမ်းတက်ခုတ်၊” ဤဆောင်ပုဒ်ထုံး၊ သွင်းနှလုံးဖြင့်၊ ကျင့်သုံးကြိုးစား၊ သင်ကြားလေသော်၊ သက်တော် သုံးဆယ်၊ ကျော်သည့်ရွယ်တွင်၊ အောင်မြင်ပန်းတိုင်၊ ဆွတ်လှမ်းနိုင်ဘိ၊ တိပိဋက၊ ဘွဲ့တော်ရသည်။ ။ စံပြအာဇာနည် တကား။

ပိဋကတ်သုံးပုံ၊ အာဂုံတတ်ကျွမ်း၊ မြတ်ရဟန်းလျှင်၊ ပင်ပန်းခံကာ၊ သာသနာကျိုး၊ ရွက်သယ်ပိုး၍၊ ကိုယ်ကျိုးမငဲ့၊ စွန့်လွှတ်ခဲ့ပြီး၊ မညည်းမညူ၊ တာဝန်ယူသည်၊ ရှင်လူအများ၊ ကောင်းစေအားတွက်၊ ကြိုးစားရွက်ဆောင်၊ မင်းကွန်းတောင်မှာ၊ ဓမ္မနာဒ၊ နာယကအဖြစ်၊ ဆောင်ရွက်လှစ်ကာ၊ သာသနာပြု၊ ရှေ့ရှုစီမံ၊ နိုင်ငံရပ်ခြား၊ ဟောကြားတလီ၊ တိုင်းပြည်အတွင်း၊ ဟောကြားရင်းဖြင့်၊ ထွန်းတင့်သာသနာ၊ စည်ပင်ဖြာအောင်၊ ရည်ကာကြိုးစား၊ ထင်ရှားထိုထို၊ ပုဂ္ဂိုလ်ကျော်စွ၊ ဘွဲ့နာမသည်။ ။ ဂန္ဓမာလာ မည်တကား။

နိပါတ်ထုံးပုံ၊
သုံးသပ်ခြုံကာ၊ ဥပမာတင်၊ ဟောခဲ့လျှင်မူ၊ အရှင်ပုဏ္ဏ၊ မြတ်လှမထေရ်၊ ဖြန့်ဝေသာသနာ၊ ပြုသောခါတွင်၊ ဆင်ခြင်နှလုံး၊ ပမာသုံး၍၊ “မိမိရှေ့မှာ၊ ဆိုဆဲလာလည်း၊ တော်ပါလေစွ၊ မရိုက်ကြသေး၊ ရိုက်နှက်ဘေးသင့်၊ ခဲဖြင့်မပေါက်၊ ခဲရောက်ပြန်ငြား၊ တုတ်ဓားလက်နက်၊ အသက်မသတ်၊ သတ်ဖြတ်ပြန်သော်၊ အရတော်စွ၊ အသုဘကမ္မဋ္ဌာန်း၊ စီးဖြန်းဖို့ရာ၊အကျိုးသာတည့်၊” နည်းနာယူတု၊ အမှုသာသနာ၊ ဆောင်ရွက်ရာတွင်၊ ရှုမြင်သည်းခံ၊ ဇွဲသန်လုံ့လ၊ အသုံးချသည်။ ။ ဓမ္မသာယာ စည်တကား။

***
မေဓာဝီ
၂၊ ၁၀၊ ၂၀၁၀
၂၃း၀၂ နာရီ
မှတ်ချက်။ ။ ကဗျာကို ဖတ်ရှု ပြင်ဆင်ပေးသော ကိုဟယ်ရီနှင့် အချက်အလက်များ မမှားယွင်းရအောင် ပြောပြပေးသော တုံးဖလား သူကြီး ကိုကိုမောင်တို့အား ကျေးဇူးအထူးတင်ပါကြောင်း။

6 comments:

ရွှေရတုမှတ်တမ်း said...

ဦးဇင်း နဲ့ ဘကျောက်နဲ့က တရပ်ထဲသား ဆရာ ၊တကာတွေ ဒေါ်လေးမေရဲ့..
ဘကျောက်နဲ့က ဘန်ကောက်မှာ လျှောက်လည်နေကြ..(ဘုန်းကြီးကိုတော့ မဟုတ်တဲ့နေရာတွေ ခေါ်မသွားပါဘူးနော်) ဒေါ်လေးမေရေးမှ သိက္ခာထပ်တဲ့အကြောင်းသိရတယ်..ဦးဇင်းဆီ e mail ပို့လိုက်ဦးမှ..

Anonymous said...

တော်သေးတာပေါ့ ကိုကြီးကျောက် မဟုတ်တဲ့ နေရာတွေ ခေါ်မသွားလို့

သာဓုပါ မမေဓါဝီ

ခင်မင်တဲ့
ရွှေစင်ဦး

sosegado said...

အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရ ကြုံရင်ဝင်ဖူးဦးမှာပဲ၊

သူကြီးမင်း (တုံးဖလား) said...

ကြည်နူးစရာကြီးနော်။ သိန်းမြစ်ထဲမှာ သိမ်ထပ်တယ်ဆိုတော့။ သီဟိုဠ်က ကလျာဏီမြစ်ထဲမှာ ရဟန်းခံခဲ့ကြတဲ့ ရှေးမြန်မာရဟန်းတော်များကို ပြေးသတိရမိလိုက်ပါရဲ့။ အခု သိမ်ထပ်ပွဲလဲ အဲဒီလို သမိုင်းဝင်တဲ့ ပွဲဖြစ်လာမှာ သေချာပါတယ်။

မမမေဓာရဲ့ ရတုပိုဒ်စုံက ဖတ်လို့လဲကောင်း အဓိပ္ပါယ်လဲပြည့်ဝ ရေးသားချက်ကလဲ ထိထိမိမိရှိတော့ အတုယူအားကျမိပါတယ်။

အမြဲတမ်းပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးယံ said...

သာဓု သာဓု သာဓု

မြစ်ကျိုးအင်း said...

နိင်ငံရပ်ခြားမှာ သာသနာ စည်ပင်တာတွေ မြင်ရတိုင်း လှိုက်လှိုက်လှဲလှဲ ကြည်နူးမိတယ်။